တိုက်ပွဲမဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့မယ့် အာဆီယံ အထူးသံရဲ့ မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှု

ဇူလိုင်လ ၂၉ ရက်နေ့မှာ အာဆီယံ အထူးသံရဲ မြန်မာ ခရီးစဥ်စ

ဓာတ်ပုံ ရင်းမြစ်, ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, ဇူလိုင်လ ၂၉ ရက်နေ့မှာ အာဆီယံ အထူးသံရဲ မြန်မာ ခရီးစဥ်စ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ စစ်ကောင်စီဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကပါ ဘီဘီစီကို အတည်ပြုပါတယ်။

လာမယ့် ဇူလိုင်လ ၁ ရက်နေ့ မှာ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ခန့်နဲ့ တွေဆုံဖို့ ရှိနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သိရပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ ထဲက ၇ ဖွဲ့ဟာ မြန်မာပြည်ကို အလုပ်သဘောခရီးရောက်နေတဲ့ အာဆီယံအထူးသံနဲ့ တွေ့ဆုံဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

အာဆီယံသံနဲ့တွေ့မယ် အဖွဲ့တွေဟာ ခုတော့ စစ်တပ်နဲ့ တင်းမာနေတဲ့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့တွေ ပါမလာလို့ ငြိမ်းချမ်းပြီးသားအဖွဲ့တွေနဲ့ပဲ ဆွေးနွေးကြမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ ပြောဆိုမှုတွေရှိနေပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းတုန်းက ကျင်းပခဲ့တဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, NCA EAOs

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းတုန်းက ကျင်းပခဲ့တဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲ

အာဆီယံသံနဲ့ တွေ့မယ့် လက်နက်ကိုင်အဖွဲ့တွေဟာ အာဆီယံ အထူးသံနဲ့ တစ်ဖွဲ့ချင်းတွေ့မှာမဟုတ်ဘဲ အပစ်ရပ် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်မှုအဖွဲ့ (PPST)အနေနဲ့တွေ့ဆုံမှာလို့ PPST ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို အတည်ပြုပါတယ်။

မြန်မာငြိမ်းချမ်းရေးမှာ ပါဝင်ခွင့်တောင်းထားတဲ့ အာဆီယံ အထူးသံဟာ တိုက်ပွဲမရှိတဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ တွေ့ဆုံဖို့ရှိတဲ့ အတွက်မြန်မာ့ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်မရှိဘူးလို့ ချင်းအမျိုးသားတပ်ဦး CNF က ပြောခွင့်ရသူ ဆလိုင်းထက်နီက ဘီဘီစီကို ပြောပါတယ်။

အာဆီယံ သံနဲ့တွေ့မယ့် အဲဒီ ၇ ဖွဲ့ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက CNFဟာ အပစ်ရပ်လက်မှက်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ပါပေမဲ့ စစ်ကောင်စီကို ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ခဲ့သလို ချင်းပြည်နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ခဲ့တဲ့ RCSS ဗိုလ်ချုပ်ကြီးယွက်ဆစ်

ဓာတ်ပုံ ရင်းမြစ်, THET AUNG

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ခဲ့တဲ့ RCSS ဗိုလ်ချုပ်ကြီးယွက်ဆစ်

''တွေ့ဖို့ ဖိတ်တာကတော့ တစ်ဖွဲ့ချင်းစီကို ဖိတ်တာပါ။ ဒါပေမဲ့ လောလောဆယ်မှာ PPST ၁၀ ဖွဲ့က ၇ ဖွဲ့ + ၃ ဖွဲ့ပုံစံဖြစ်နေတော့ PPST အနေနဲ့ စုပေါင်းတွေ့ဆုံမှုအဖြစ် အာဆီယံအထူးသံတမန်ကို တွေ့ကြမယ်လို့ သဘောတူထားကြတယ်။ အကြမ်းဖျင်းတော့ လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ တွေ့နိုင်မယ်လို့ သိရှိထားရတယ်'' လို့ PPST ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ နန်းယဥ်ယဥ်စိုးက ပြောပါတယ်။

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေနဲ့ အာဆီယံအထူးသံခန့်အပ်မှုကို ကြိုဆိုကြောင်းနဲ့ အထူးသံနဲ့ လက်တွဲလုပ်ဆောင်မယ့်အကြောင်း PPST က အစောပိုင်းကတည်းက ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

အာဆီယံ အထူးသံလာရောက်တာကို ကြိုဆိုပေမယ့် စစ်မက်ဖြစ်ပွားနေတဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဦးစားပေးတွေ့ဆုံသင့်တယ်လို့ လည်း CNF ချင်းအမျိုးသားတပ်ဦးက ဆလိုင်းထက်နီက ပြောပါတယ်။

အခုတစ်ကြိမ်ဟာ PPST နဲ့ အာဆီယံအထူးသံတို့ ပထမဆုံးတွေ့ဆုံမှု ဖြစ်လာမှာဖြစ်ပြီး အရပ်သားတွေကို အကာအကွယ်‌ပေး၊ စာနာမှုအကူအညီကိစ္စရပ်တွေ၊ ‌မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍဘယ်လို ပါဝင်မလဲ စတဲ့ အချက်တွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ PPST က ပြောပါတယ်။

အာဆီယံအထူးသံဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့တွေ့ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, POPULAR NEWS

ဓာတ်ပုံ ပုံစာ, အာဆီယံအထူးသံဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့တွေ့ဖို့ရှိ

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက ၇ ဖွဲ့ ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ အာဆီယံအထူးသံနဲ့တွေ့ဆုံမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒီအဖွဲ့တွေနဲ့ သာတွေ့ဆုံပြီး ပြန်သွားရင် မြန်မာငြိမ်းချမ်းရေးအတွက် အာဆီယံ သံရဲ့ ကြိုးပမ်းမှုဟာ လက်တွေ့အရာထင်မှာ မဟုတ်ဘူးလို့လည်း CNF ပြောခွင့်ရ ဆလိုင်းထက်နီကပြောပါတယ်။

အာဆီယံအထူးသံနဲ့ တွေ့ဆုံဖို့ရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အပစ်ရပ်အဖွဲ့တွေထဲမှာ ပါဝင်ပေမဲ့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ နဲ့ ကျောင်းသားတပ်မတော်(ABSDF)တို့ရဲ့ သဘောထားကိုတော့ မသိရှိရသေး ပါဘူး။

အာဆီယံအထူးသံရဲ့ ပထမဆုံးမြန်မာပြည်ခရီးစဥ်တုန်းကလည်း အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိခဲ့ပေမဲ့ ခရီးစဥ်မတိုင်ခင်မှာပဲ တွေ့ဆုံမှုအစီအစဥ် ပျက်သွားတယ်လို့ စစ်ကောင်စီဘက်က PPST ကို အကြောင်းပြန်ခဲ့ပါတယ်။

နေပြည်တော်ကိုရောက်လာတဲ့ ပြီးခဲ့တဲ့ မတ်လက ပထမဆုံးအကြိမ်ရောက်လာတဲ့ အာဆီယံအထူးကိုယ်စားလှယ်ပရတ်ဆော့ခွန်း

ဓာတ်ပုံ ရင်းမြစ်, POPULAR NEWS

ဓာတ်ပုံ ပုံစာ, နေပြည်တော်ကိုရောက်လာတဲ့ ပြီးခဲ့တဲ့ မတ်လက ပထမဆုံးအကြိမ်ရောက်လာတဲ့ အာဆီယံအထူးကိုယ်စားလှယ်ပရတ်ဆော့ခွန်း

အာဆီယံသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်းမှာ မြန်မာ ထိုင်းနယ်စပ် ဥကရစ်ထမှာ KNDO/KNLA တို့ပါတဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာ ၄ ရက်ခန့်ရှိပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်သုံးပြီး ပစ်ခတ်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံ အထူးသံ ပရက်ဆော့ခွန်းဟာ ဒီကနေ့မှာ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဝန်ကြီးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

အာဆီယံက မြန်မာ့အရေး အထူးသံတမန်ခန့်အပ်မှုအပိုင်းမှာ မြန်မာ့အရေးငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံခွင့်ရနိုင်ရေးလည်း ပါဝင်ပေမဲ့ စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်မရဘူးလို့ စစ်ကောင်စီဘက်က ပြောပါတယ်။