သွေးသောက်အဖွဲ့ ၊ မန္တလေး NLD ပါတီဝင်တွေ ဖမ်းပြီး အသတ်ခံရမှုနဲ့ နောက်ဆက်တွဲများ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က စပြီး ဖမ်းဆီး အသတ်ခံရတဲ့ NLD ပါတီဝင်တွေသတင်းက ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ လည်း နောက်ဆက်တွဲသတင်းတွေ ဆက်လက် ဖြစ်ပေါ်လာပါတယ်။
မန္တလေးနဲ့ မနီးမဝေး ပုသိမ်ကြီးမြို့နယ်က NLD ပါတီမြို့နယ်အလုပ်အမှုဆောင်တစ်ဦး ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းမှာ နေအိမ်မှာ အဖမ်းခံရသလို ပြီးခဲ့တဲ့ နှစ်ရက်က အဖမ်းခံရတဲ့ မဟာအောင်မြေက NLD ပါတီ အမတ်ရဲ့ အကို အလောင်းကို ဒီကနေ့ ၂၆ လမ်း ပေါ်က သင်္ဂဇာချောင်းအနီးမှာ ပြန်တွေ့ခဲ့တယ်လို့ မန္တလေးဒေသခံ NLD ပါတီဝင်တစ်ဦးကပြောပါတယ် ။
သူက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အဖမ်းခံရသူ ၅ ဦးထဲက နောက်ဆုံးပျောက်ပြီး ကျန်နေသူတစ်ဦးဖြစ်ပြီး ဒီကနေ့ အလောင်းကို ပြန်တွေ့ရတာဖြစ်ပါတယ်။
ဒီကနေ့ အလောင်း ပြန်တွေရသူဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တိုင်ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမတ် ကိုဇော်ဇော်အောင်ရဲ့ အစ်ကိုဖြစ်သူ ကိုဖုန်းမြင့်မိုး (ခ) ကိုမိုးကြီးဆိုသူရဲ့ ရုပ်အလောင်းဖြစ်တယ်လို့ မန္တလေးအခြေစိုက် သတင်းဌာနအချို့က ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
သွေးသောက်အဖွဲ့ အမည်နဲ့ တယ်လီဂရမ် အကောင့်မှာတော့ မန္တလေး မဟာအောင်မြေ NLD ပါတီကိုယ်စားလှယ် ဦးဇော်ဇော်အောင်ရဲ့ အကို ဖုန်းမြင့်မိုးကို ရှင်းပြီးလို့ ရေးတာတွေ့ရပါတယ်။
ကိုမိုးကြီးခေါ်ကိုဖုန်းမြင့်ကို မန္တလေးမြို့က ဘီယာဆိုင် တစ်ဆိုင်မှာ အရပ်ဝတ်နဲ့ လူတစ်ချို့က ဧပြီလ (၂၅) ရက် ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကြားသိရပြီး ဒီနေ့မနက်ပိုင်း မှာ အလောင်းတွေ့ရတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူ NLD ပါတီဝင် ကပြောပါတယ်။
မန္တလေးမြို့မှာ အခုရက်ပိုင်း ကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်တဲ့လုပ်ရပ်ဟာ ဒီရက်ပိုင်းထဲမှာ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာဖြစ်ပြီး တော့ NLD ပါတီဝင် (၅)ဦးထက်မနည်း သေဆုံးခဲ့ရပြီး အချို့သေဆုံးသူတွေကို သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲကတ်တွေ ချိတ်ဆွဲထားတာ တွေ့ရတယ်လို့ ဒေသခံတို့က ပြောဆိုကြပါတယ်။
ဧပြီ (၂၁)ရက်ကစကာ ထွက်ပေါ်လာတဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့တွေကို တန်ပြန်တိုက်ခိုက်မယ်ဆိုတဲ့ မန္တလေးအခြေစိုက်သွေးသောက်အဖွဲ့နဲ့ ပတ်သက်ပြီး "မသိဘူး"လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီရက်ပိုင်းအတွင်း လူထုစိတ်ဝင်စားမှုအမြင့်ဆုံးမှာရှိနေတဲ့ မန္တလေးအခြေစိုက်သွေးသောက်အဖွဲ့နဲ့ ရန်ကုန်အခြေစိုက် Yangon Castigate Squad (YCS) တို့ဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းက ထုတ်ပြန်ချက်တွေလို့ ယူဆလို့ရမယ့် ဖော်ပြချက်တွေကို တယ်လီဂရမ်ချန်နယ် (Telegram) ကနေတစ်ဆင့် ဧပြီ (၂၅)ရက်ကစကာ ဖော်ပြလာကြပါတယ်။
သွေးသောက်အဖွဲ့လို့ယူဆရတဲ့ Thwe Thout Group(သွေးသောက်များ) ချန်နယ်ကို ဧပြီ (၂၅)ရက်မှာ ပြုလုပ်ခဲ့ပြီး မနက်အစော (၂)နာရီ (၂၇)မိနစ်မှာ ပထမဆုံးဖော်ပြချက်ကို ထုတ်လွှင့်ခဲ့ပါတယ်။ ရန်ကုန်အဖွဲ့ လို့ ယူဆရတဲ့ Yangon Castigate Group - YCS ရဲ့ တယ်လီဂရမ်ချန်နယ်ကိုလည်း ဧပြီ(၂၅)ရက်မှာ စခဲ့ပြီး အဲ့ဒီည (၈)နာရီ (၃၁)မိနစ်မှာ ဖော်ပြမှုတွေလုပ်လာတာကို တွေ့မြင်ရပါတယ်။
NLD ပါတီဝင်တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ သတင်းမီဒီယာသမားတွေနဲ့ လူမှုပြစ်ဒဏ် (Social Punishment)လုပ်ဆောင်သူတွေအပြင် မိသားစုတွေနဲ့ ပိုင်ဆိုင်မှုပစ္စည်း၊ စီးပွားရေးလုပ်ငန်းတွေကို ဦးတည်မယ်လို့ ကြေညာထားတဲ့ ဒီနှစ်ဖွဲ့ထဲက မန္တလေးအခြေစိုက် သွေးသောက်အဖွဲ့ကတော့ NLD ပါတီဝင် အနည်းဆုံး(၄)ဦးကို သတ်ဖြတ်ထားကြောင်း ရန်ကုန် YCS ကတော့ မကြာခင်မှာလှုပ်ရှားမှုတွေစတင်မယ် ဆိုတဲ့ သူတို့ရဲ့ လှုပ်ရှားမှုအကြောင်းတွေကို ဧပြီ (၂၆)ရက် ညနေ (၆)နာရီကျော်အထိ ဆက်တိုက်ဖော်ပြနေဆဲ ဖြစ်ပါတယ်။
ဧပြီလ ၂၇ ရက်နေ့မှာ သတင်းမီဒီယာ သမားအချို့နဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အနုပညာရှင်အချို့တွေရဲ့ အိမ်လိပ်စာတွေကို ဖော်ပြပြီး လက်တုံ့ပြန်မယ်ဆိုပြီး သတိပေးတာတွေရှိပါတယ်။
" NLD ပါတီဝင်များနဲ့ ဆက်နွယ်သူများအနေနဲ့ အကြမ်းဖက်များ အားပေးအားမြှောက်ပြုလုပ်ပါက သုတ်သင်ရှင်းလင်းသွားမယ်ဆိုပြီး " သတိပေးတာတွေလည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"လာဖမ်းတဲ့အချိန် တာဝန်အရစစ်ဆေးစရာရှိလို့ပါဆိုပြီး အရပ်ဝတ်တွေနဲ့ပဲ ပုံမှန်အဖမ်းအဆီးတွေလုပ်ကြတဲ့ ပုံစံအတိုင်း လာခေါ်သွားကြတယ်။ ပြန်ပြီးအလောင်းပစ်တဲ့အချိန်မှာလည်း ရဲတွေရဲ့ကားနဲ့လာစွန့်ပစ်တယ်လို့ မျက်မြင်တွေကပြောကြတယ်၊ မိသားစုကဖုန်းကိုမကိုင်ကြဘူး"လို့ သတ်ဖြတ်ခံရတဲ့ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင် မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ခံစားချက်နဲ့မတုံ့ပြန်မိဖို့လိုတယ်လို့ မြို့ပြပြောက်ကျားလှုပ်ရှားသူတွေပြော
"သေနေတဲ့ ဓာတ်ပုံတွေမြင်နေရချိန် အတော်ကိုခံစားချက်ဖြစ်တယ်၊ ဒါကိုထိန်းချုပ်ပြီးမှ တုံ့ပြန်ဖို့ လိုမယ်ဆိုတာကို သဘောပေါက် လိုက်တယ်"လို့ ရန်ကုန် မြို့ပြောက်ကျားလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဒီသွေးသောက်အဖွဲ့နဲ့ YCS အဖွဲ့တို့ရဲ့ အဓိက ဦးတည်ချက်မှာပါဝင်တဲ့ မြို့ပြပြောက်ကျားလှုပ်ရှားသူတွေ အနေနဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရေးအရ သတိထားဖို့ အထူးဂရုစိုက်ကြရမယ်လို့ မြို့ပြ ပြောက်ကျားအသိုင်းအဝိုင်းက ဆိုပါတယ်။
"ဒါဟာ အနီအစိမ်းပြဿနာမဟုတ်ဘူး ဆိုတာ သဘောပေါက်ဖို့လိုတယ်။ နိုင်ငံရေးအရ ပြည်သူတွေအမြင် ရှင်းလင်းမှုရှိအောင် တာဝန်ရှိသူတွေ သပိတ်လှုပ်ရှားသူတွေဘက်က လုပ်သင့်သလို ကျွန်တော်တို့ဘက်က လည်း စနစ်တကျတုံ့ပြန်ဖို့လိုမယ်"လို့ လက်ရှိလှုပ်ရှားနေဆဲ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ပြည်သူက ပြည်သူကိုသတ်တဲ့ အခြေအနေလုံးဝမဖြစ်လာနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူကို နှိပ်စက်ရင် ပြည်သူမဟုတ်တော့တဲ့အတွက် စစ်ရေးအရတုံ့ပြန်မယ်ဆိုရင်လည်း စနစ်တကျစစ်ဆေးပြီး ဆင်ခြင်ရမယ်"လို့ သူ့အမြင်ကို ဆက်ပြောပါတယ်။
ဒါပေမဲ့ မန္တလေး၊ ရန်ကုန်လိုမြို့ပြက ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုမြင့်တက်နေကြပြီး အပြန်အလှန် သွေးထွက်သံယိုအခြေအနေကို ဦးတည်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘာကြောင့် သတ်ဖြတ်မှုတွေကိုဦးတည်နေကြတာလဲ
အခုအခြေအနေတွေ ဖြစ်လာတာဟာ အဓိကအနေနဲ့ တရားဥပဒေလမ်းကြောင်းနဲ့ ဖြေရှင်းဖို့ကို အယုံအကြည် မရှိကြတော့သလို အုပ်ချုပ်ရေးစနစ် ယိုယွင်းမှုတွေက အခရာကြနေတယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတွေက ထောက်ပြ ကြပါတယ်။
ဒါ့အပြင် အခုနှစ် ၂၀၂၂နှစ်ဆန်းပိုင်းကာလတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ PDF တွေရဲ့ လှုပ်ရှားမှုတွေဟာ ဆက်တိုက်အရှိန်မြှင့်လာနေပြီး စစ်ကောင်စီကို ရင်ဘောင်တန်းရင်ဆိုင်လာနိုင်တဲ့ အနေအထားရောက်လာတာကြောင့် အခုလိုအရပ်သားတွေကနေ တန်ပြန်တိုက်ခိုက်ပါတယ်ဆိုတဲ့ အခြေအနေကို အစုအဖွဲ့တစ်ခုကနေ နောက်ကွယ်ကနေ ကြိုးကိုင် ဖန်တီးလာတာလို့ သုံးသပ်မှုတချို့ကလည်း ရှိနေပြန်ပါတယ်။
စစ်ကောင်စီဘက်ကတော့ တရားဝင် အဖွဲ့အစည်းအနေနဲ့ ပြည်သူ့စစ်ဆိုပြီး နယ်မြေခံတွေ တောင်းဆိုမှုအရ ဖွဲ့စည်းထားတာရှိပြီးတော့ ကျန်တဲ့ အဖွဲ့အစည်းဖွဲ့တာမရှိကြောင်း အခုလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတာဟာ အတွင်းကနေလှိုက်စားချင်လို့ အတွင်းဝင်ပြီးမီးရှို့ဖို့ ဆိုတဲ့ တချို့လုပ်ငန်းတွေလည်း ရှိနေတာကို သတိထားဖို့လို့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ဧပြီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
ရန်ကုန်မြို့မှာ လှုပ်ရှားမယ်လို့ ကြေညာထားတဲ့ YCS အဖွဲ့ကနေ သတ်ဖြတ်မှုတွေလုပ်ဆောင်တာကိုတော့ လတ်တလောမတွေ့မြင်ရဘဲ NUG၊ CRPH၊ PDF အဖွဲ့တွေရဲ့ မိသားစုဆွေမျိုးတွေ နေရပ်လိပ်စာအတိအကျကို သတင်းပေးပို့ဖို့ဆိုတဲ့ ရေးသားချက်တွေကို အဓိကတွေ့မြင်နေရပါတယ်။
ဒီလို မန္တလေးမြို့မှာ ပစ်ခတ်မှုတွေကနေ ရန်ကုန်မြို့အထိပါ မီးစသဖွယ်ကူးစက်လာနိုင်တဲ့အခြေအနေတွေ ကနေ အစုလိုက်အပြုံလိုက် အုပ်စုတစ်စုနဲ့ တစ်စုအကြား သတ်ဖြတ်မှုတွေကို မဦးတည်လာဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ အမြန်ဆုံးထိန်းသိမ်းသင့်ပြီလို့ နိုင်ငံရေးသုံးသပ်သူတွေရော ဥပဒေပညာရှင်တွေကပါ ထောက်ပြနေကြပါတယ်။
ဒါ့အပြင် အွန်လိုင်းစာမျက်နှာတွေပေါ် ရေးသားဖော်ပြချက်တွေနဲ့အတူ လည်ပင်းအောက်တွေကို တူညီတဲ့သေနတ်ပစ်ခတ်မှုတွေနဲ့ အရပ်သားတွေပစ်သတ်ခံရပြီး လမ်းဘေးမှာအလောင်းစွန့်ပစ်တဲ့ ဖြစ်စဉ်တွေဟာ ရာဇဝတ်မှုကျူးလွန်တာလို့ ဥပဒေပညာရှင်တွေကခိုင်ခိုင်မာမာထောက်ပြကြပါတယ်။
"ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)အရ ကြိုတင်ကြံရွယ်ပြီးလူသတ်မှုကျူးလွန်တာဖြစ်တယ်၊ သေဒဏ်က လွဲပြီးတခြားချစရာမရှိတဲ့ ရာဇဝတ်မှုမျိုးဖြစ်တယ်" လို့ ဥပဒေပညာရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အခုလက်ရှိမန္တလေးမြို့ပေါ်က သတ်ဖြတ်ခံရမှုတွေအပြင် ရန်ကုန်မှာပါ မကြာခင်လှုပ်ရှားတော့မယ်ဆိုတဲ့ သူတို့ရဲ့ချန်နယ်တွေလို့ ယူဆရတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဖော်ပြချက်တွေဟာ ဒီဂျစ်တယ်နည်း လမ်းအရပါ ကျူးလွန်မှုတွေလုပ်ဆောင်လာတာလို့ လူ့အခွင့်အရေးသမားတွေက ထောက်ပြကြပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီအခြေအနေတွေကို ဘယ်လိုထိန်းချုပ်ကြမလဲ
"ဒီဖြစ်စဉ်တွေဟာ ချက်ချင်းအမှုဖွင့်အရေးယူလို့ မရသလို တရားခံ ဖမ်းဆီးဆောင်ရွက်နိုင်တာမရှိတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ မှတ်တမ်းတွေယူထားသင့်တယ်၊ သိမ်းဆည်းထားရမယ်။ တချိန်တရားဥပဒေစိုးမိုးလာ ရင် ဒါဟာမဖြစ်မနေအရေးယူရမယ့် ရာဇဝတ်တွေဖြစ်တယ်"လို့ ဥပဒေပညာရှင်တစ်ဦးက ဥပဒေရှု့ထောင်ကနေ သုံးသပ်ပါတယ်။
"ပြည်သူတွေအချင်းချင်းကြား သဟဇာတဖြစ်ဖြစ်ပြန်နေနိုင်မှ၊ လူမှုအသိုင်းအဝိုင်းမှာ အပေးအယူမျှမျှနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ မဖြစ်မနေလိုအပ်တယ်"လို့ မြန်မာနိုငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သူ့အမြင်ကို ပြောပါတယ်။
လှုံဆော်မှုတွေ အဓိကရှိနေတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာလည်း ပြည်သူတွေအနေနဲ့ ပုဂ္ဂလိကဆိုင် ရာအချက်အလက်တွေကို အထူးဂရုစိုက်ဖို့လိုနေပြီး အသုံးပြုသူပြည်သူတွေကနေသာ ကိုယ်တိုင်ကာကွယ်ဖို့ လုပ်ဆောင်မှဖြစ်မယ်လို့ ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူ မဝေဖြိုးကလည်း ပြောပါတယ်။
မြေပြင်အခြေအနေအရလည်း ပြည်သူတွေမှာ ကျူးလွန်ခံရတဲ့အခြေအနေ၊ ခြိမ်းခြောက်ခံရတဲ့ ဖြစ်စဉ်တွေကို အကူအညီရယူ တိုင်ကြား နိုင်မယ့် နေရာတွေမရှိသလို လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်အတွက်ပါ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါပြီ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိ၊ စစ်ရေးအသိနဲ့ နေထိုင်ကြဖို့ ရန်ကုန်မြို့ပြပြောက်ကျား အသိုင်းအဝိုင်းကနေ သတိပေး ပြောကြားထားပါတယ်။








