စက်တင်ဘာ ၂၃ ရက် ထိပ်တန်းသတင်းများ - စစ်ကိုင်း မြင်းမူ မှာ PDF ၂၆ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်း မြင်းမူ မှာ PDF ၂၆ ဦး သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ထဲက ခြေရာတော်ကျေးရွာမှာ PDF ၂၆ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ အလောင်းရှာဖွေကူညီခဲ့ရသူတွေဆီက သိရပါတယ်။

ဒါဟာ မြင်းမူမြို့နယ်ထဲ PDF အများဆုံး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပြီး မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပလဖ) က ၂ ဦး၊ မြင်းမူ Black Eagle အဖွဲ့က ၁၈ ဦး နဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ၆ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မနေ့ စက်တင်ဘာ ၂၂ ရက်မှာ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကြော့မင်းရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ခြေရာတော်ရွာကို နေရာရွေ့ပြောင်းစဉ် ခြေရာတော်ရွာမှာ ကြိုတင်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ တိုးပြီး အခုလိုသတ်ဖြတ်ခံရတာလို့ ပြောပါတယ်။

"အချို့က မနေ့ ကတည်းက သတ်ဖြတ်ခံထားရတဲ့ အနေအထားရှိပြီး အချို့က ဒီမနက်မှာ အသတ်ခံထားရတဲ့ပုံပါ။ ထွက်ပြေးလို့ အနောက်က ပစ်သတ်ထားတဲ့ အလောင်းတွေရှိသလို ရေမြောင်းတွေထဲ အစုလိုက် သတ်ခံထားရတာတွေလည်း တွေ့တယ်" လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ဦးဆောင်သူ ကိုနွေဦး (မြောင်) က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ခြေရာတော်ရွာနဲ့ ၁ မိုင်အကွာမှာရှိတဲ့ မြောင်မြို့ပေါ်ကို ဒီကနေ့ မနက်ပိုင်း ရောက်ရှိသွားပြီဖြစ်ပြီး အခြား မြင်းမူနဲ့ မြောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မြောင်မြို့ပေါ် စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ ကိုနွေဦး (မြောင်) ဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြချက်အရ မြင်းမူ - မြောင် လမ်းကြောင်းမှာ စစ်ကောင်စီဘက်က ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းနေစဉ် မောင်းနှင်လာတဲ့ မော်တော်ယာဉ် တစ်စီးနဲ့ ဆိုင်ကယ်မီးရောင်ကို တွေ့ရတာကြောင့် လမ်းဘေးကနေ ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ PDF ၂၅ ဦးရဲ့ ရုပ်အလောင်း ရရှိတယ်လို့ ဆိုပါတယ်။

လက်လုပ်သေနတ် ၁၀ လက်အပါအဝင် ကျည်ဆံတွေပါ သိမ်းဆည်းရမိတယ်လို့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

RCSS နဲ့ စစ်ကောင်စီဘာတွေ ဆွေးနွေးနေလဲ

RCSS နဲ့ စစ်ကောင်စီဘာတွေ ဆွေးနွေးနေလဲ

ဓာတ်ပုံ ရင်းမြစ်, MOI

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း‌ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောထား ညှိနှိုင်းခဲ့ကြတယ်လို့ နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေ အခြေစိုက်ရာ ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရန် ဆိုတဲ့ အချက်အပါအဝင် RCSS ရဲ့ ဆွေးနွေးချက်တွေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်သင့်တဲ့ ပုဒ်မတွေနဲ့ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေအကြောင်းကိုပါ စစ်ကောင်စီနဲ့ အပြန်အလှန်ပြောဆိုခဲ့ကြပါတယ်။

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျ‌ရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုမှု ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို အလေးအနက်ထား ကျင်းပနိုင်ဖို့ ဆိုတဲ့အချက်ကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက် နှစ်ရက်တာကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ RCSS အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး စဝ်စိုင်းငင်းတို့ ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

RCSS ရဲ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ RCSS တာဝန်ရှိသူတွေကို ဘီဘီစီက မေးမြန်းနိုင်ဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ RCSS ရဲ့ သြဂုတ်လတုန်းက သဘောထားထုတ်ပြန်ထားချက်အရ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးပြဿနာတွေကို ဖြေရှင်းဖို့ အဖက်ဖက်ကနေ ယုံကြည်မှု တည်ဆောက်ပြီး တွေ့ဆုံဆွေးနွေးခြင်းဟာ အကောင်းဆုံးနည်းလမ်းလို့ ပြောထားပြီး NCA စာချုပ်ကို စွဲကိုင်ထားဆဲလို့ ပြောခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကိုင် ပဋိပက္ခတွေကို ချုပ်ငြိမ်း‌ပြီး ငြိမ်းချမ်းရေးရအောင် ကြိုးစားနေတဲ့ အကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခုလအတွင်း ရှမ်းမြောက်ခရီးစဉ်မှာ မကြာခဏထုတ်ပြောနေသလို NCA နှစ်ပတ်လည်ပွဲကျင်းပဖို့ကိုလည်း စိုင်းပြင်းနေပါတယ်။

မူဆယ်နဲ့ ကွတ်ခိုင် မှာ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA ပြော

မူဆယ်နဲ့ ကွတ်ခိုင် မှာ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA ပြော

ဓာတ်ပုံ ရင်းမြစ်, TNLA

ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ် နဲ့ ကွတ်ခိုင် မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ကြား စက်တင်ဘာ ၂၂ ရက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်းနဲ့ ‌ရော လေယာဉ်နဲ့ပါ လာရောက်ပစ်ခတ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

TNLA တပ်မဟာ (၁) စစ်ဒေသဖြစ်တဲ့ မူဆယ်မြို့နယ် ဆိုင်ခေါင်ရွာနဲ့ ဟိုပေါ် ရွာတွေဘက်ကို မနေ့မနက်ပိုင်းတုန်းက စစ်ကောင်စီ တပ်မ (၉၉) ၊ ခြေမြန်တပ်ရင်း - ၄၁၉ အပါအဝင် လုံထန်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်လာခဲ့တာလို့ TNLA က ဖော်ပြပါတယ်။

ကွတ်ခိုင်မြို့ ကောင်မူရာ အနီးက တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်း ထိုးစစ်ဆင်ခဲ့သလို ဒရုန်းနဲ့ တိုက်ခိုက်မှု ၂ ကြိမ်၊ Mi-35 ရဟတ်ယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သုံးနေရာကနေ စစ်ကောင်စီတပ်ရဲ့ သေနတ် ၃ လက်၊ ၆၀ မမ ၆ လုံးအပြင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိပြီး စစ်ကောင်စီဘက်က သေဆုံးမှုများတယ်လို့ ဓာတ်ပုံနဲ့ တကွ TNLA က ထုတ်ပြန်လာတာပါ။

ရှမ်းမြောက် မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး တကြော အပြင် မန္တလေးတိုင်း ၊ မိုးကုတ်တဝိုက်မှာလည်း TNLA နဲ့ စစ်တပ်ကြား စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေကလည်း ပြောကြပါတယ်။

TNLA ရဲ့ စာရင်းအရတော့ သုံးလအတွင်း နှစ်ဖက်တိုက်ပွဲ ၅၅ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပေမဲ့ စစ်ကောင်စီဘက်ကတော့ ရှမ်းမြောက်တိုက်ပွဲတွေအကြောင်း ထုတ်ပြန်တာမရှိပါဘူး။

တန့်ဆည်၊ သဲကုန်း လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားလေးဦး ဒဏ်ရာရ

တန့်ဆည်၊ သဲကုန်း လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားလေးဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နဲ့ ၇ မိုင်သာဝေးတဲ့ သဲကုန်းရွာ မနေ့လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကလေးတစ်ဦးအပါအဝင် ရွာသား လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကနေ သိရပါတယ်။

စစ်ကောင်စီစခန်းတွေ မနေ့ စက်တင်ဘာ ၂၂ ရက် အရုဏ်တက်ချိန်မှာ သိမ်းပိုက်ခံရပြီးတဲ့နောက် မနက် ၉ နာရီ ဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တန့်ဆည်မြို့နယ်၊ ရွှေလှန်ရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် PDF တွေနဲ့ နှစ်ဖက်တိုက်ပွဲ ထပ်ဖြစ်ခဲ့ကြပြီး အနီးက သဲကုန်းရွာတဝိုက်ကို စစ်ကောင်စီက လေကြောင်း လာတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

'' သူတို့ဘက်က ငါးယောက်လောက်သေတဲ့အချိန် Mi - 35 နဲ့ လာပစ်သွားတာပါ။ လေကြောင်းလာပစ်လို့ အရပ်သားအချို့ ဒဏ်ရာရခဲ့တယ်" လို့ တန့်ဆည် မြို့နယ် ပကဖ က ပြောပါတယ်။

မြို့နယ် ပကဖ ရဲ့ အပြောအရတော့ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် ရွာသား လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပြီး ဒေသအခြေစိုက် မီဒီယာတွေမှာတော့ အရပ်သား ၃ ဦးထိခိုက်ခဲ့ပြီး တစ်ဦးစိုးရိမ်ရတယ်လို့ ဖော်ပြပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၃ ရက်မနက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ တန့်ဆည်မြို့ပေါ်ကို အင်အားဖြည့်ခဲ့ကြပြီး အချို့ကတော့ မြို့အနီးက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးသွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေဦး - တန့်ဆည် - ကလေးဝ လမ်းပေါ် မှာတည်ရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်၊ လူဝင်မှုကြီးကြပ်ရေးရုံး နဲ့ ပညာရေးမှူးရုံးတွေကို တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပါအဝင် သဲကုန်းရွာကို စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်တာနဲ့ပတ်သက်လို့ ဒီနေ့ မနက် ၁၁ နာရီအချိန်အထိ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကနေ တစုံတရာထုတ်ပြော လာတာမရှိသေးပါဘူး။

The Elders အဖွဲ့ခေါင်းဆောင်နဲ့ NUG ဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး

The Elders အဖွဲ့ခေါင်းဆောင်နဲ့ NUG ဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, NUG

ကမ္ဘာ့ ခေါင်းဆောင်ဟောင်း‌တွေနဲ့ စုဖွဲ့ထားတဲ့ The Elders ရဲ့ ဥက္ကဋ္ဌ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက သမ္မတဟောင်းအချို့နဲ့ အမျိုးသားညီညွတ်အစိုးရ NUG ရဲ့ ဝန်ကြီးတွေ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း NUG က ထုတ်ပြောပါတယ်။

The Elders အဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌ အိုင်ယာလန်နိုင်ငံ သမ္မတ‌ဟောင်း Ms Mary Robinson ၊ မွန်ဂိုလီးယားနိုင်ငံ သမ္မတဟောင်း Mr Elbegdor Tsakhia ၊ ကိုလံဘီယာနိုင်ငံ သမ္မတဟောင်း Mr Juan Manuel Santos အပါအဝင် The Elders က အခြားတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ မနေ့တုန်းက တွေ့ဆုံခဲ့တဲ့အကြောင်း NUG ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

NUG ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာန တို့က ဒုတိယဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ကြတာလို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီအစည်းအဝေး ကျင်းပဖို့ရှိနေပြီး ဒီနေရာမှာ မြန်မာကိုယ်စားပြု ရရှိဖို့ စစ်ကောင်စီရော NUG ဘက်ကပါ ကြိုးစားနေကြချိန် အခုလို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ NUG က တွေ့ဆုံလာတာဖြစ်ပါတယ်။

The Elders အဖွဲ့ရဲ့ တရားဝင် ဝဘ်ဆိုက်စာမျက်နှာမှာတော့ အခုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

အခုနှစ် ဧပြီလတုန်းက The Elders ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုတိယဥက္ကဋ္ဌ လည်း ဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းဟာ ကြိုတင်ကြေညာထားတာမျိုးမရှိဘဲ နေပြည်တော်ကို ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။