ထောင်နဲ့ချီတဲ့ မြဝတီစစ်ရှောင်တွေ ဘာတွေကို ရင်ဆိုင်ဖြတ်ကျော်နေရလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
နွေရာသီရဲ့ နေပူပြင်းပြင်း အလင်းစူးစူးအောက်မှာ မိုးကာ တာပေါ်လင်အစိမ်းစကြီးကို အမိုးလုပ်ပြီး အရိပ်ခိုနေကြရတဲ့ရာနဲ့ချီတဲ့လူတွေဟာ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ရဲ့ မြဝတီဘက်ခြမ်း၊ အမှတ် ၁၂ ဂိတ် ကမ်းနဖူးမှာ ရှိနေကြပါတယ်။
ကားပေါ်က ပစ္စည်းတွေချ၊ စက်လှေနဲ့တင်ပြီး ထိုင်းဘက်ခြမ်းကို ပို့နေတာကို တာပေါ်လင်စအမိုးအကာ အောက်ကနေ ကြည့်နေကြပြီး ဘယ်အချိန်မှာ သူတို့ကိုလည်း ထိုင်းဘက်ခြမ်းကို ကူးခွင့်ရမလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စောင့်နေကြရပါတယ်။
မြဝတီမြို့ အမှတ် ၂ တံတားအနီးက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဟာ ထိုင်းဘက်ကို ကူးခွင့်ရဖို့ အရင်နေ့ကလည်း တနေကုန်နီးပါး စောင့်နေခဲ့ကြပါတယ်။
“မြဝတီမှာ လာခိုနေတဲ့ CDM တွေဆိုလည်း အပေါ်ဂိတ်ကနေ သွားလို့မရဘူး။ အောက်ဂိတ်ကလည်း ပေးမဖြတ်ဘူး။ လေယာဉ်ကလည်း ဆက်တိုက် ဗုံးတွေကြဲတာ၊ ချော်ပစ်ရင် ပြာဖြစ်နိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက ကုန်ပစ္စည်းအမြဲကူးနေတဲ့ဂိတ်တွေပါ။ လက်လှမ်းမမီတဲ့နေရာတွေမဟုတ်ဘူး။ ထိုင်းမြန်မာ နယ်စပ် နာမည်ကြီးဂိတ်တွေ၊ ထိုင်းစစ်သားတွေက တက်မလာနဲ့ဆိုတော့ မတက်ရဲဘဲ စောင့်နေရတယ်” လို့ အရင်နေ့က ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကို မြန်မာစစ်ဘေးရှောင်တစ်ယောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, လင်းလက်ညီ
တိုက်ပွဲပြင်းထန်တဲ့ ဧပြီလ ၂၀ ရက်ညနေပိုင်းအထိ ကူးခွင့်မရကြဘဲ ညနေ ၆ နာရီမှာတော့ ဂိတ်ကတာဝန်ရှိသူတွေက နေခွင့်မပေးတော့တာကြောင့် မြဝတီမြို့ထဲက ဘုန်းကြီးကျောင်းမှာ သွားနေကြရပါတယ်။
အဲဒီနောက် ဧပြီ ၂၁ ရက် မနက်ပိုင်းမှာလည်း ထိုင်းဘက်ကို ကူးခွင့်ရနိုးနိုးနဲ့ စောင့်နေကြတာပါ။
နေ့လယ်ပိုင်းမှာတော့ ထိုင်းဘက်ခြမ်းကနေ စက်လှေတွေနဲ့ အစားအသောက်အထုပ်တွေကို သယ်လာပြီး စစ်ဘေးရှောင်တွေကို ဝေပေးပါတယ်။
“ထိုင်းဘက်ခြမ်းကနေ လှေနဲ့သွားဝေတာတွေ့တယ်။ သွားဝေပေးတဲ့သူတွေက မြန်မာတွေလား ထိုင်းတွေလားတော့ မသိရဘူး” လို့ အမှတ် ၁၂ ဂိတ်နားမှာရှိနေသူတစ်ယောက် ဘီဘီစီကို ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကို ကူးခွင့်ရဖို့ စောင့်ရင်း လက်လျှော့ပြီး နေအိမ်ပြန်သွားကြသူအချို့လည်း ရှိပါတယ်။
ရေလမ်းရော ကုန်းလမ်းပါ ကူးဖို့ခက်ခဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ဧပြီ ၂၁ ရက် မနက်မှာဆိုရင် သောင်ရင်းမြစ် လှေဆိပ်တွေသာမက အမှတ် ၁ ချစ်ကြည်ရေးတံတားမှာလည်း မြန်မာဘက်ခြမ်း လူဝင်မှုကြီးကြပ်ရေးက ပိတ်ထားတာကြောင့် ထိုင်းဘက်ကို သွားမယ့်သူတွေ ရာချီပြီး စောင့်ဆိုင်းနေကြရပါတယ်။
“ထိုင်းဘက်ခြမ်းက ဖွင့်ထားပေးတယ်၊ မြန်မာဘက်ခြမ်းက သွားလို့မရတာ”လို့ မြဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။
ထိုင်းဘက်ကို စစ်ဘေးရှောင်ဖို့ အရေးကြီးနေချိန် မြန်မာဘက်ခြမ်းက ဘာကြောင့်ပိတ်ထားတယ်၊ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာကိုလည်း မသိကြရသေးပါဘူး။
မြဝတီဘက်က တိုက်ပွဲအခြေအနေတွေကြောင့် ပုံမှန် ညနေ ၆ နာရီမှာပိတ်တဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားဟာ မနေ့က ည ၈ နာရီအထိ ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့ရဲ့ လက်ရှိအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကျားသစ်နက်၊ ကော်ဘရာပူးပေါင်းတပ်ဖွဲ့တွေက အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနားမှာ ခိုအောင်းနေတဲ့ မြဝတီမြို့စောင့်တပ် အမှတ် ၂၇၅ ခြေလျင်တပ်က စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၁၉ ရက်ညကစပြီး တိုက်ခိုက်ခဲ့ပါတယ်။
ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပူးပေါင်းတပ်တွေက သူတို့တပ်ရင်းကို တိုက်ခိုက်ခဲ့တဲ့ ဧပြီလဆန်းပိုင်းကတည်းက စခန်းကိုစွန့်ခွာပြီး အမှတ် ၂ တံတားအောက်မှာ ခြေကုတ်ယူနေခဲ့ကြတာဖြစ်ပါတယ်။
တဖက်မှာလည်း ပူးပေါင်းတပ်တွေက ဒီစစ်သားတွေကို ပစ်မှတ်ထားတဲ့ အမှတ် ၂ တံတားအနီး တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ဧပြီ ၂၀ ရက် တစ်ရက်လုံးနဲ့ ၂၁ ရက်တညလုံးမှာ မြဝတီမြို့တစ်ခုလုံး တုန်ခါနေခဲ့ပါတယ်။
“အရင်က Y12 လေယာဉ်မြင်ခဲ့ဖူးပါတယ်။ အခုက လေယာဉ်က မီးထွက်တာတောင် သေချာမြင်လိုက်ရတယ်။ အသံတွေဆိုတာလည်း နားကိုအူနေတာပဲ၊ စက္ကန့်နဲ့မလပ် ဆက်တိုက်ကိုပစ်နေတာ။ အိမ်တွေတောင်ခါတယ်” လို့ ဧပြီ ၂၀ ရက် တိုက်ပွဲပြင်းထန်ခဲ့တဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတာကို အသက် ၂၅ နှစ်ဝန်းကျင် မြဝတီမြို့ခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
ဧပြီလ ၂၁ ရက်ညပိုင်းကနေ မနက်အစောပိုင်းအထိ စစ်ကောင်စီတပ်က လေယာဥနဲ့ ဗုံးကြဲတာကို အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ မနက် ၈ နာရီလောက်ကစပြီး တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့အတွက် ကိုယ့်အိမ်အခြေအနေတွေကို လာကြည့်ကြသူတွေ၊ နေအိမ်က ပစ္စည်းတွေ လာသယ်ကြသူတွေလည်း ရှိပါတယ်။
အမှတ် ၂ တံတားနားက အမှတ် ၅ ရပ်ကွက်ထဲကို ဒေသခံတွေ ဝင်ကြည့်တဲ့အခါမှာ လေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပျက်စီးနေတဲ့ နေအိမ်နဲ့ မီးလောင်နေတဲ့ နေအိမ်တွေ၊ ပျက်ကျနေတဲ့ ဓာတ်ကြိုးတွေကို ဘီဘီစီကို ပေးပို့လာတဲ့ ဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
“တိုက်ပွဲက မနေ့က တလျှောက်လုံး ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးမှ ဒီနေ့မနက် လုံးဝအသံတိတ်သွားတာလည်း ထူးဆန်းတယ်။ ကြားရတာကတော့ နှစ်ဖက်စလုံး အထိအခိုက်များကြတယ်လို့လည်း ပြောတယ်။ စစ်ရေးအခြေအနေတွေတော့ သေချာမသိဘူးပေါ့လေ။ မြဝတီမြို့ထဲမှာတော့ ထိခိုက်ပျက်စီးတာတွေ ရှိတာပေ့ါ။ ဒါပေမဲ့လည်းလေ အညာဒေသက ပြည်သူတွေထက်စာရင် မပြောပလောက်ပါဘူး” လို့ မြဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။
ပြည်သူတွေလည်း ထိခိုက်သေဆုံးတာတွေရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
တိုက်ပွဲပြင်းထန်ခဲ့တဲ့ မြဝတီမြို့မှာ စစ်ကောင်စီဘက်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ နှစ်ဘက်စလုံး ထိခိုက်ကျဆုံးရှိတယ်လို့ သိထားရပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနေတုန်းပါ။
အမှတ် ၂ တံတားမှာ တိုက်ပွဲစတင်ခဲ့တဲ့ ဧပြီ ၂၀ ရက်နဲ့ ဧပြီ ၂၁ ရက် မနက်အစောပိုင်းထိ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေဆီကနေ သိရပါတယ်။
လက်နက်ကြီးကျ ပေါက်ကွဲပြီး ထိခိုက်သေဆုံးတာရှိသလို တိုက်ပွဲကြားထဲရောက်ပြီး ထိမှန်လို့ သေဆုံးကြရသူတွေလည်းရှိတယ်လို့ ပြောပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ ဧပြီလ ၂၀ ရက် မနက်အစောပိုင်း လေကြောင်းပစ်ခတ်ချိန် စစ်ဘေးရှောင်ဖို့ ထွက်လာရင်း သေဆုံးသူတွေလည်း ပါဝင်ပါတယ်။
“သူတို့တွေက မရှောင်ဘဲနဲ့ အိမ်မှာပဲ နေနေကြတာ၊ တိုက်ပွဲက ဆက်တိုက်ပြင်းထန်လာပြီး လေကြောင်းကလည်း ပစ်နေတော့ မနက် ၄ နာရီခွဲလောက် ဝေလီဝေလင်းအချိန်မှာ ကားနဲ့ထွက်သွားကြတာ၊ အဲဒီမှာ လက်နက်ကြီးကျပြီး အမျိုးသမီးနှစ်ယောက်က ဆုံးသွားတယ်။ နှစ်ယောက်က မဲဆောက်ဆေးရုံ ပို့လိုက်ရတယ်”လို့ မြဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။
လူမှုကူညီရေးအဖွဲ့ဝင်တစ်ယောက်ကတော့ “ ထိခိုက် သေဆုံးသူ အများစုက ရေပူ(ရွာ)ဘက်ကပါ။ လက်နက်ထိလို့ ဆေးရုံပို့ရတယ်ဆိုပေမဲ့ မဲဆောက်ဘက်က အကူညီပေးပါတယ်။ ဒါပေမဲ့ ထိခိုက်မှုအခြေအနေကိုတော့ ဆေးရုံဘက်ကို အသေးစိတ် ပြောပြခဲ့ရတာရှိတာပေါ့” လို့ ရှင်းပြပါတယ်။
သူပြောတဲ့ရေပူကျေးရွာဟာ အမှတ် ၂ တံတားခြေရင်း အာရှလမ်းမကြီးရဲ့တစ်ဖက်ခြမ်းမှာရှိပါတယ်။
တိုက်ပွဲကြောင့် လူနေရပ်ကွက်က နေအိမ်တွေ၊ ကျောင်းတွေ ထိခိုက်တာရှိပေမဲ့ အမှတ် ၂ တံတားနားရဲ့ နောက်တစ်ဖက်ခြမ်းမှာရှိနေတဲ့ ခရမ်းပြာ၊ ၁၂ ဂိတ်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းကျားဖြန့်လုပ်ငန်းတွေရှိတယ်လို့ လူများကပြောကြတဲ့အဆောက်အဦးကတော့ အထိအခိုက်မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲ မရှောင်ကြသူတွေရဲ့စိုးရိမ်ချက်
“စစ်ဘေးရှောင်ရတဲ့ ဒုက္ခကလည်း မသေးဘူးလေ”လို့ မြဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။
မြဝတီမြို့ထဲမှာ တိုက်ပွဲတွေပြင်းထန်လို့ ပြည်သူအများစုက တိမ်းရှောင်ကြတာရှိသလို တချို့ကလည်း အိမ်မှာပဲနေပြီး အခြေအနေ စောင့်ကြည့်ကြတာလည်းရှိပါတယ်။
သက်ကြီးရွယ်အို၊ ကလေးငယ်တွေကို အဓိကထား စစ်ဘေးရှောင်ခိုင်းပြီး လူလတ်ပိုင်းတချို့က အိမ်စောင့်အနေနဲ့ နေခဲ့ကြတာလည်းရှိပါတယ်။
“မြဝတီမြို့က မလွယ်ဘူး၊ ဒီအတိုင်းနေရင်တောင် မီးကြိုးကို ဖြုတ်ခိုးကြတာ၊ သင်္ဃန်းညီနောင်ဘက်မှာဆိုရင် ဆိုဖာတွေ၊ အဲကွန်းတွေကို အကုန်ဖြုတ်ပြီး ကားနဲ့ကိုတင်ပြီးခိုးကြတာ၊ အကုန်လုံးက စစ်ရှောင်ကြရင် သူခိုးတွေက ပိုသောင်းကျန်းတယ်”လို့ မြဝတီမြို့ရဲ့ စစ်ရေးအပြင် သူခိုး သူဝှက်ဘေး မလုံခြုံမှုတွေကို ပြောပြပါတယ်။
ဧပြီလ ၂၁ ရက်မှာတော့ တိုက်ပွဲတွေ ရပ်သွားတာ၊ လေကြောင်းတိုက်ခိုက်တာတွေ မရှိတော့တာကြောင့် အတားအဆီးတွေများနေတဲ့ ထိုင်းဘက်ကို စစ်ဘေးရှောင်ဖို့ မကြိုးစားတော့ဘဲ နေအိမ်မှာ ပြန်နေသူတွေလည်း ရှိလာတယ်လို့ ပြောပါတယ်။
ထိုင်းဘက်က ဘာတွေပြင်ဆင်နေလဲ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းလေတပ်
မြဝတီမြို့အစပ်က တိုက်ပွဲတွေကနေ ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ ထိုင်းနယ်နိမိတ်ထဲကို ကျရောက်တာတွေ ဧပြီ ၂၀ မှာ ရှိခဲ့ပါတယ်။
ထိုင်းစစ်တပ်ကလည်း ဧပြီ ၂၀ ရက်မနက်ပိုင်းကစပြီး သောင်ရင်းမြစ်တလျှောက် နေရာတွေ၊ အမှတ် ၂ တံတား နေရာတွေမှာ လက်နက်တွေတပ်ဆင်ထားတဲ့ စစ်ကားတွေ တန်းစီစောင့်ဆိုင်းနေပြီး တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ စတင်ချိန်မှာပဲ ထိုင်းစစ်တပ်ကလည်း နယ်စပ်ဝေဟင်ပိုက်နက်ကနေ တိုက်လေယာဉ်တွေ တိုးမြှင့် ကင်းလှည့်ခဲ့ပါတယ်။
မြဝတီတိုက်ပွဲအခြေအနေတွေကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေ လုံခြုံရေးအတွက် ရည်ရွယ်ပြီး ၂၄ နာရီပတ်လုံး ကင်းလှည့်နေတာဖြစ်သလို ဧပြီ ၂၁ ရက် မနက်ပိုင်းမှာလည်း ထိုင်းတော်ဝင်လေတပ်က F16 အမျိုးအစား တိုက်လေယာဉ် ၂ စီးကလည်း ကင်းလှည့်ခဲ့ပါတယ်။
တကယ်လို့ မြန်မာစစ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲကို ကျူးကျော်လာမယ်ဆိုရင် ကြားဖြတ်ဟန့်တားဖို့ F16 လေယာဉ်တွေကို အမိန့်ပေးထားသလို လုံခြုံရေးအတွက် မောင်းသူမဲ့ ဒရုန်းတွေ ဖြန့်ကြက်ဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ထားပါတယ်။
ထိုင်းဘက် ထွက်ပြေးတဲ့စစ်ရှောင်တွေရော ဘယ်လိုနေထိုင်နေကြလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ထိုင်းအစိုးရဟာ နိုင်ငံလုံခြုံရေးအတွက် ပြင်ဆင်ထားသလို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို လမ်းကြောင်းအမျိုးမျိုးကနေ ကူးလာတဲ့ စစ်ဘေးရှောင်တွေကိုလည်း ကူညီနေတာတွေရှိနေပါတယ်။
မြဝတီဘက် တိုက်ပွဲကြောင့် နှစ်ရက်အတွင်း စစ်ဘေးရှောင် ၄,၀၀၀ နီးပါး မဲဆောက်မြို့ထဲကို ရောက်ရှိနေပြီး စစ်ရှောင်တွေအတွက် စားစရာနဲ့ အကူအညီတွေကို မဲဆောက်မြို့တော်ဝန်ရုံးက တိုက်ရိုက်စီမံခန့်ခွဲကာ ထိုင်းစစ်တပ်က နေရာချထား ပို့ဆောင်တာတွေ လုပ်ပေးနေတယ်လို့ ကူညီလုပ်ဆောင်နေသူတစ်ယောက်က ပြောပါတယ်။
မြန်မာစစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံဘက်ခြမ်းက ဒွဲဟင်ကယူဘုန်းကြီးကျောင်းရှေ့က နွားခြံထဲမှာ ထားတာဖြစ်ပြီး တာလဘတ်၊ ဖျာ ၊ စောင် စတဲ့ ပါလာတဲ့အခင်းလေးတွေကို အဆင်ပြေသလိုခင်းပြီး နေနေကြရပါတယ်။
တချို့ကိုလည်း ဘုန်းကြီးကျောင်းနဲ့ လူမနေနဲ့ နေအိမ်တွေမှာ ထားတာလည်းရှိပါတယ်။
ငွေကြေးတတ်နိုင်သူတချို့ကလည်း စစ်ဘေးရှောင်စခန်းတွေမှာ မနေဘဲ မဲဆောက်မြို့ထဲက ဟိုတယ်၊ တည်းခိုခန်းနဲ့ နေအိမ်တွေနဲ့ တိုက်ခန်းတွဲတွေမှာ ငှားနေဖို့ စီစဉ်ကြပါတယ်။
“ကျွန်မက စစ်ဘေးရှောင်တွေအတွက် အိမ်ငှားပေးတယ်။ ပွဲစားလည်းမဟုတ်ဘူး၊ သူတို့ခက်ခဲလို့ ကျမက ကူညီပေးရုံသက်သက် လိုက်ငှားပေးတာ။ အရင်က အိမ်ငှားဈေးက ဘတ် ၂၀၀၀ (မြန်မာငွေ နှစ်သိန်းကျော်) ကနေ အခုဘတ်ငွေ ၄,၀၀၀ ၊ ၅,၀၀၀ လောက်အထိ ဖြစ်သွားတယ်။ တကယ်မကြားဖူးတဲ့ဈေးတွေ”လို့ စစ်ဘေးရှောင်တွေ အိမ်ငှားနိုင်ဖို့ ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှုအရ ကူညီတာတွေရှိနေပေမဲ့ တဖက်မှာလည်း ပြည်တွင်းက တိုက်ပွဲမရေရာတဲ့တိုက်ပွဲအခြေအနေကြောင့် ထိုင်းနိုင်ငံကို ဝင်ခွင့်ရဖို့ နေပူပူမှာ စောင့်နေသူတွေကိုလည်း ဝင်ခွင့်ပေးစေချင်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“နိုင်ငံတကာကို ထိုင်းက ကူညီပေးနေပါတယ်ဆိုပြီး ဟန်ပြ ကူညီတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့ဗျာ”လို့ မဲဆောက်မြို့ကို ရောက်နေတဲ့ စစ်ဘေးရှောင်တစ်ယောက်က ပြောပါတယ်။










