ကိုးကန့်က သေဒဏ်စီရင်မှု ဘယ်လို အဓိပ္ပါယ်ဆောင်သလဲ

ဓာတ်ပုံ ရင်းမြစ်, MNDAA
ကိုးကန့်တပ် MMDAA က လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရာဇဝတ်မှု ကျူးလွန်သူ ၃ ယောက်ကို လူအများရှေ့မှာပြသပြီး ဧပြီ ၂၄ ရက်က သေဒဏ်စီရင်ခဲ့ပါတယ်။
သေဒဏ်စီရင်မှုကို ဒရုန်း နဲ့ ရိုက်ပြပြီး လာကြည့်သူတွေကလည်း ခေတ်ပေါ်စမတ်ဖုန်းတွေ နဲ့ ရိုက်ကူးခဲ့ကြပေမယ့် ဒါက တရုတ်နိုင်ငံမှာ နှစ်ပေါင်းများစွာက ကျင့်သုံးခဲ့တဲ့ နည်းနာဟောင်းကို အမွေဆက်ခံထားတာပဲ ဖြစ်ပါတယ်။
ပြည်သူ့တရားစီရင်ချက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရာဇဝတ်မှု ကျူးလွန်သူ ၁၀ ယောက်ထဲက ၃ ယောက်က သေဒဏ်စီရင်ခံခဲ့ရပြီး ၇ ယောက်ကတော့ ထောင်ချခံခဲ့ရပါတယ်။
စင်ပေါ် တင်ထားတဲ့ လူလတ်ပိုင်း ၁၀ ယောက် ဆင်တူဝတ်စုံတွေနဲ့ တန်းစီရပ်နေပြီး လည်ပင်းမှာ တရုတ်စာရေးထားတဲ့ စာရွက်တွေကို ဆွဲထားကြပါတယ်။
အဲ့ဒီထဲက သုံးယောက် လည်ပင်းမှာဆွဲထားတဲ့စာရွက်ရှေ့မှာ မင်နီနဲ့ ကြက်ခြေခတ် ဆွဲထားတာကိုလည်း တွေ့လိုက်ရပါတယ်။ အဲဒီစင်အမြင့်ကနေ MNDAA အရာရှိတစ်ယောက်က တရုတ်ဘာသာနဲ့စကားပြောနေပါတယ်။
''ဒါက တရုတ်ပြည်မှာ အရင်တုန်းက လုပ်ခဲ့တဲ့ ပုံစံပဲ'' လို့ ကိုးကန့် ရပ်မိရပ်ဖ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူမြင်ကွင်း သေဒဏ်စီရင်မှုကို တရုတ်ဘာသာနဲ့စကားပြော၊ တရုတ်ဘာသာနဲ့ စာတမ်းထိုးထားပြီး ရုပ်သံထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
သူတို့တွေက ဘယ်လိုအပြစ်တွေကျူးလွန်လို့ သေဒဏ်ပေးခံခဲ့ရတာပါလဲ။
သေဒဏ်ပေးရတဲ့ အပြစ်တွေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်အရ ခရိုင်မှူးရာထူးအဆင့်ရှိတဲ့ MNDAA အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၇ ယောက်နဲ့ အရပ်သား ၃ ယောက်ကို ဧပြီ ၂၄ ရက်မှာ အများပြည်သူတွေရဲ့ရှေ့မှာ တရားစီရင်ပေးလိုက်တယ်လို့ သိရပါတယ်။
သူတို့တွေက ပြည်သူတွေအပေါ် ငွေကြေးအဓမ္မတောင်းခံတာ၊ ပြန်ပေးဆွဲတာနဲ့ လူသတ်တာတွေကို ကျူးလွန်ခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူတွေထဲမှာ ခရိုင်အတွင်းရေးမှူး၊ တရားရေးပါတီအဖွဲ့ဝင်၊ ဒုတပ်ရင်းမှူး၊ ခရိုင်ပြည်သူ့စစ် စစ်ကြောင်းမှူးတို့လည်း ပါဝင်ပါတယ်။
ခရိုင်မှူး ရာထူးအဆင့်ရှိသူဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး မြန်မာယာဉ်မောင်းလုပ်သား နှစ်ယောက်၊ တရုတ်နိုင်ငံသား ၁၀ ယောက်ကျော်၊ ဗီယက်နမ် နိုင်ငံသား ခြောက်ယောက်တို့ကို ၂၀၂၃ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာအတွင်း ပြန်ပေးဆွဲခဲ့သလို တရုတ်နိုင်ငံသားနှစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့တာကြောင့်လို့ MNDAA က ဆိုပါတယ်။
အများပြည်သူနဲ့ MNDAA တပ်ဖွဲ့ဝင်တွေရှေ့မှာ ပြစ်မှုကျူးလွန်သူ တစ်ယောက်ချင်းစီရဲ့ အမှုတွေကို MNDAA အရာရှိက ပြောကြားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်အပြည့်ပါတဲ့ ကားတစ်စီးစီနဲ့ ပြစ်ဒဏ်ကျခံရမယ့်သူတွေကို လမ်းမ လူမြင်ကွင်း ကနေခေါ်သွားတာကိုလည်း တွေ့ရပါတယ်။
တရုတ်နယ်စပ်က သေဒဏ်ပေးပွဲတွေ

ဓာတ်ပုံ ရင်းမြစ်, MNDAA
ကွန်မြူနစ်အငွေ့အသက်မကင်းတဲ့ ဝ ဒေသ နဲ့ ကိုးကန့်ဒေသ မှာ လူသတ်မှု၊ဓားပြမှု နဲ့ ပြန်ပေးမှုတွေ ကျူးလွန်ရင် အခုလို သေဒဏ်ပေးလေ့ ရှိပါတယ်။
ဒေသခံတွေအတွက်ကတော့ မစိမ်းလှပေမယ့် ကိုးကန့်ဒေသမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ ဆန်းနေရုံသာမက ကြောက်စိတ်ပါ ကျောရိုးထဲအထိ စိမ့်ဝင်လာတယ် လို့ သွားရောက်ကြည့်ရှုသူတစ်ဦးက ပြောပါတယ်။
ကိုးကန့်၊ဝ ဒေသတို့နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာ အခုလိုသေဒဏ်ပေးပွဲတွေကို ၁၉၈၀ ကျော်ကာလတွေတုန်းကပြုလုပ်ခဲ့ဖူးတယ်လို့ ကိုးကန့်အမတ်ဟောင်းတစ်ဦးက ပြန်ပြောပြပါတယ်။
‘’ကျွန်တော် နှစ်ခါ သွားကြည့်ဖူးတယ်။ တစ်ခါက ရုပ်ရှင်ရုံမှာ။ အခု လောက်ကိုင်မှာ လုပ်တဲ့ ပုံစံအတိုင်းပဲ’’ လို့ သူကပြောပြပါတယ်။
ကိုးကန့်ဒေသထဲမှာ သေဒဏ်ပေးမှုတွေကို အရင်ကလည်းလုပ်ခဲ့ဖူးပေမယ့် ဒီလိုအများအရှေ့စီရင်မှုတွေကတော့ မတွေ့ခဲ့ရတာ ကြာပြီလို့ ဒေသခံတွေကပြောပါတယ်။
၂၀၂၃ ခုနှစ် မေလတုန်းက MNDAA က သိန္နီမြို့နယ်ထဲမှာ လုပ်ခဲ့တဲ့ သေဒဏ်စီရင်မှုကတော့ နှစ်ပေါင်းများစွာအတွင်း တကျော့ပြန်ပေါ်ပေါက်လာတဲ့ အများပြည်သူရှေ့သေဒဏ်စီရင်မှု ဖြစ်ပါတယ်။
သူ့ရဲ့ စစ်မှုထမ်းသက် ၁၀ နှစ်ကျော်အတွင်း အခုလို အများပြည်သူရှေ့သေဒဏ်စီရင်မှုကို ပထမဆုံးကြုံဖူးတာလို့ လူလေးယောက်ကို သေဒဏ်ပေးခဲ့တဲ့ သိန္နီက စီရင်မှုအကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်းက ဘီဘီစီ ကိုပြောပါတယ်။
၂၀၂၀ ခုနှစ်တုန်းကလည်း ဝ ဒေသထဲက နမ့်တစ်မြို့က ရွှေဆိုင် တစ်ဆိုင်ကို ဓားပြဝင်တိုက်ပြီး လူသတ်သွားသူ သုံးဦးကို ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)က အများပြည်သူရှေ့ မှာ သေနတ်ဖြင့် ပစ်ပြီး သေဒဏ်ပေးခဲ့ပါသေးတယ်။
''ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာကို ပြတာ'' လို့ ကိုးကန့်အမတ်ဟောင်းက ပြောပါတယ်။
ဒေသခံတွေ ကြောက်ရွံ့စိတ်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
လူရာပေါင်းများစွာရဲ့ မျက်မြင်မှာ အခုလို စီရင်လိုက်တာတွေဟာ ကိုးကန့်ဒေသတွင်းမှာ နေထိုင်သူတွေကို ကြောက်စိတ်ရိုက်သွင်းလိုက်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါတွေက ဒီလောက်နဲ့တင် ရပ်တန့်မှာမဟုတ်ဘဲ သူတို့အပေါ်ပါ သက်ရောက်လာမှာကို စိုးရိမ်စရာဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
“ဒီလို စီရင်ချက်ချတာမြင်တော့ ကြောက်တာပေါ့။ ဥပဒေ မဖောက်ဖျက်မိအောင် ပိုသတိထားရမှာပေါ့။ '' လို့ လောက်ကိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လူမြင်ကွင်းမှာ ပြစ်ဒဏ်ကျခံသူတွေကို တစ်ယောက်ချင်း ကားနဲ့လှည့်ပြတာတွေကလည်း သူတို့အပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေဖြစ်စေတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“မဖြစ်သင့်ဘူး။ အကြောက်တရားနဲ့ အုပ်ချုပ်တာပေါ့။ ဒီလို လှည့်ပြီးပြတာက မလုပ်သင့်ဘူးပေါ့။ သူတို့ရဲ့ မိဘဆွေမျိုးတွေ ဘယ်လိုမျက်နှာပြကြမလဲ”လို့ သူက ပြောပါတယ်။
သေဒဏ်၊ ဥပဒေနဲ့လူ့အခွင့်အရေး

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
MNDAA ရဲ့ လူမြင်ကွင်း သေဒဏ်နဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂကလည်း သေဒဏ်ပေးတဲ့ဆုံးဖြတ်ချက်ကို အပြင်ထန်ဆုံး ရှုတ်ချပြီး ဘယ်အခြေအနေမျိုးမှာမဆို သေဒဏ်ချတာကို ပြင်းပြင်းထန်ထန်၊ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့လည်း ဧပြီ ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
“သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ပြစ်ဒဏ်ဖြစ်ပြီး လူ့သိက္ခာကို အဆုံးစွန် ထိခိုက်မှုဖြစ်စေတယ်”လို့ ဥရောပသမဂ္ဂက ဆိုပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်ထဲမှာ မြင့်မားတဲ့နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့က အဓိကကျသင့်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
သေဒဏ်ဟာ လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့လည်း မညီသလို မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့လည်း မကိုက်ညီဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကလည်း ထောက်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေအရ ပြစ်မှုကျူးလွန်သူတွေကို MNDAA က တရားရုံးမှာ တရားစွဲပြီး တရားရုံးရဲ့စီရင်ချမှတ်မှုကိုသာ လက်ခံရုံဖြစ်ပြီး ကိုယ်ပိုင်လုပ်ပိုင်ခွင့်မရှိဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“ဘာ့ကြောင့်လဲဆိုတော့ ကိုးကန့်ဟာ မြန်မာနိုင်ငံထဲက နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံထဲက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်နေလို့ပါပဲ။ လက်နက်ကိုင်အဖွဲ့အနေနဲ့ လူတစ်ယောက်ကို သေဒဏ်ပေးပိုင်ခွင့် မရှိပါဘူး” လို့ သူက ပြောပါတယ်။
သေဒဏ်စီရင်ပိုင်ခွင့်ရှိတဲ့ ရာဇသတ်ကြီး ဥပဒေမှာတောင် သေဒဏ်ချမှတ်ခံရပြီးသူဟာ အခွင့်အရေးတွေရှိနေပါသေးတယ်။
“သေဒဏ်ချမှတ်ခံရပြီးပေမဲ့ အယူခံပိုင်ခွင့်တွေ အဆင့်ဆင့်ရှိသေးတယ်၊ အယူခံပိုင်ခွင့်တွေ မရလို့ ကုန်သွားရင်တောင် နောက်ဆုံး လူမှုရေးအခွင့်အရေးအရ နိုင်ငံတော်အကြီးအကဲကို အသနားခံခွင့်ရှိသေးတယ်။ ဒီအခွင့်အရေးတွေမရှိဘဲ သေဒဏ်ပေးတာက လူသတ်မှုပဲ”လို့ ဥပဒေအကြံပေးတစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေအလိုက် သူတို့ဓလေ့အတိုင်း တရားစီရင်ခွင့်ကို အရင်က ခွင့်ပြုခဲ့ပေမဲ့ ၁၉၈၂ ခုနှစ်နောက်ပိုင်းမှာ ရာဇသတ်ကြီး ဥပဒေအတိုင်းသာ စီရင်ဖို့ပြဋ္ဌာန်းထားတာကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ သက်ဆိုင်တယ်လို့လည်း ထောက်ပြပါတယ်။
ကိုးကန့် နဲ့ ဝ ဒေသတွေဟာ မြန်မာနိုင်ငံတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်ပေမဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုတွေ အများဆုံးရှိတဲ့ဒေသတွေဖြစ်ပါတယ်။
တရုတ်ဘာသာစကားကို ပြောကြပြီး တရုတ်ငွေကိုသုံးကြတာလည်းဖြစ်ပါတယ်။ အခု သေဒဏ်ပေးတဲ့ နည်းလမ်းဟာလည်း တရုတ်နိုင်ငံကကျင့်သုံးနေတဲ့ တရားစီရင်ရေးကို လိုက်လံကျင့်သုံးနေတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဧပြီ ၂၄ ရက် လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်က စင်မြင့်ကနေ ပြစ်ဒဏ်ကျခံရမယ့် ၁၀ ယောက်ကို ခေါ်ထုတ်ပြီးနောက် အဲ့ဒီထဲက လည်ဆွဲစာရွက်မှာ မင်နီကြက်ခြေခတ်ထားတဲ့ သုံးယောက်ကို MNDAA တပ်ဖွဲ့ဝင်တစ်ယောက်ချင်းဆီက လယ်ကွင်းလိုတနေရာကို လက်ကနေ ဆွဲခေါ်သွားပါတယ်။
စက္ကန့်ပိုင်းအတွင်းမှာ သေနတ်သံကြားလိုက်ပြီးတဲ့နောက် MNDAA ရဲ့ သတင်းထုတ်ပြန်ချက် ဗွီဒီယိုက ပြီးဆုံးသွားပါတယ်။
ဒါပေမဲ့ ဒီမြင်ကွင်းကို မြင်ခဲ့ကြရတဲ့ပြည်သူတွေ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အသက်မွေးဝမ်းကျောင်းလုပ်နေရသူတွေကတော့ ရင်ထဲမှာတေ့ာ စိုးရိမ်ထိတ်လန့်မှုတွေ ကျန်ခဲ့ပါတော့တယ်။
End of ကမ္ဘာမှာ သေဒဏ်စီရင်တဲ့နိုင်ငံ ဘယ်နှနိုင်ငံရှိနေသေးလဲ၊ ကွပ်မျက်ခံခဲ့ရသူပေါင်း ဘယ်လောက်များလဲ။
End of စစ်ကောင်စီ သေဒဏ်စီရင်မှုနဲ့ အကျိုးဆက်များ









