စစ်ကောင်စီရဲ့ သေဒဏ် အမှတ်စဉ် ၁၄၀

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ အထကခွဲ ထိပ်ပုတ်ကုန်းက မူလတန်းပြ အသက် ၂၅ နှစ် အရွယ် ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို ဟင်္သာတအကျဥ်းထောင်တွင်း အထူးတရားရုံးက ဒီဇင်ဘာ ၃၀ ရက်နေ့ က သေဒဏ်ချမှတ်လိုက်ပြီး ပုသိမ်အကျဥ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ မြန်အောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံက သိရပါတယ်။

အခုလို သေဒဏ်ပေးမှုဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၂ နှစ်ကုန်ပိုင်းအထိ ချမှတ်ခဲ့တဲ့ သေဒဏ်တွေအနက် ၁၄၀ ဦးမြောက် သေဒဏ်စီရင်ချက်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း အေအေပီပီရဲ့ ထပ်တိုး စာရင်းအရ ဆိုရင် သေဒဏ်ချခံရသူ စုစုပေါင်း ဇန်နဝါရီလ ၂ ရက်နေ့မှာ ၁၄၂ ဦး အထိရှိလာပြီ ဖြစ်ပါတယ်။

ဦးကောင်းခန့်ကျော်ကို ကြိုတင်ကြံစည်လူသတ်မှု ပုဒ်မ ၃၀၂ (၁) ခ နဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (စ) တို့နဲ့ သေဒဏ်ချမှတ်လိုက်တာလို့ သိရပြီး စစ်ကောင်စီ သတင်းပေးလို့ ဆိုတဲ့ သပြေကုန်းကျေးရွာနေ ဦးဝင်းညွန့်အောင် ခေါ် ဂျပ်ကြီး သတ်ဖြတ်ခံရမှုမှာ ပါဝင်တယ်ဆိုပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

"မြန်အောင်မြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု စီဒီအမ်မှာ ပါဝင်တဲ့အထဲမှာ အခု သေဒဏ်ပေးခံရတဲ့ ကျောင်းဆရာ ဦးကောင်းခန့်ကျော်ရယ်၊ နောက် ပြီးခဲ့တဲရက်က အမိန့်ချရတဲ့ ဆရာစွမ်းရည်ထက်ရယ် သူတို့က အမှုတွဲမတူဘူး။ ဆရာစွမ်းရည်ထက်ကလည်း အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့အဖမ်းခံရတာ။ ထောင် ၁၀ နှစ်ချခံရတယ်။ အခု ဟင်္သာတထောင်မှာပါ။ အဲဒီ ၂ ယောက်အပါအဝင် ပညာရေးစီဒီအမ် ၆ ယောက် မြန်အောင်မှာ အဖမ်းခံရတယ်။ ကျန်တဲ့လေးယောက် ကတော့ နာမည်နဲ့ ရောက်ရှိတဲ့ထောင်တွေပဲ သိရသေးတယ်။ ဘယ်အမှုနဲ့ ဘာပြစ်ဒဏ်လဲမသိရသေးပါဘူး" လို့ အဲဒီလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

မြန်အောင်က ကျန် ပညာရေးစီဒီအမ်လေးဦးမှာ တစ်ဦးက မြန်အောင်အချုပ်ထောင်မှာ ထိန်းသိမ်းခံနေရပြီး နောက်တစ်ဦးက ဘားအံထောင်နဲ့ နောက်ထပ်နှစ်ဦးကတော့ သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ သိရှိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, DAGON UNIVERSITY STUDENTS' UNION FACEBOOK

အိုးဘိုထောင်က သေဒဏ် နှစ်ဦးထပ်တိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ အထိ သေဒဏ်ချခံရသူ ၁၄၀ ဦးရှိပြီး မန္တလေး အိုးဘိုထောင်က နှစ်ဦး အခုရက်ပိုင်း ထပ်တိုးလာတာကြောင့် ဇန်နဝါရီလ ၂ ရက်နေ့အထိ ၁၄၂ ဦးထိရှိလာပြီ ဖြစ်ပါတယ်။

သေဒဏ်ချခံရသူ အများစုဟာ စစ်ခုံရုံးတွေကနေ စွပ်စွဲတဲ့ အမှုတွေနဲ့ သေဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီက တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီအထဲက အမှုတွေအများစုကို အင်းစိန်ထောင်တွင်းတရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပြီးတော့ သေဒဏ်ချမှတ်ခံထားရပြီး ထောင်တွင်းမှာ အဖမ်းခံရသူ ၁၀၀ ဦးနဲ့ ဖမ်းဆီးခံရခြင်း မရှိဘဲ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရ သူ ၄၂ ဦး ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အေအေပီပီဟာ သေဒဏ်ချမှတ်ခံထားရသူတွေနဲ့ ပတ်သက်ပြီး အနည်းဆုံးသတင်းရင်းမြစ် ၃ ခုကနေ ဆက်သွယ်ပြီး အများစုကို စိစစ်အတည်ပြုထားနိုင်ပြီးတော့ သေဒဏ်ကျခံရသူတွေထဲက အချို့ကိုတော့ အချက်အလက် ဆက်လက် အတည်ပြုဖို့ကြိုးစားနေဆဲလို့ ဆိုပါတယ်။

သေဒဏ်ချမှတ်ခံထားရသူ အများစုဟာ အသက်အပိုင်းအခြားအရ ၃၅ နှစ်အောက် လူငယ်တွေများပြီး အားလုံးရဲ့ အသက်အပိုင်းအခြားတွေရဖို့ အချက်အလက် စုနေဆဲဖြစ်တယ်လို့ အေအေပီပီက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နည်းတူ စစ်ကောင်စီရဲ့ပြစ်ဒဏ် စီရင်ခံခဲ့ရသူ ကိုအောင်သူရဇော်

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နည်းတူ စစ်ကောင်စီရဲ့ပြစ်ဒဏ် စီရင်ခံခဲ့ရသူ ကိုအောင်သူရဇော်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေဒဏ်ချမှတ်ခံထားရသူတွေကို စွပ်စွဲတဲ့ ပြစ်မှုနဲ့ အဖမ်းခံရတဲ့နေရာဟာ စစ်အုပ်ချုပ်ရေးထုတ်ထားတဲ့နေရာမှာ ဖြစ်လို့ စစ်ခုံရုံးတွေကနေဘဲ ဒီပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းအတွင်းသေဒဏ်ချမှတ်ခံရသူတွေနဲ့ ပတ်သက်လို့ အေအေပီပီက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေ အများစုဟာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး အချို့ဟာ သေဒဏ်အပြင် ထပ်ဆောင်း ထောင်ဒဏ် နှစ် ၂၂၅ နှစ် ထောင်ဒဏ် ၉၅ နှစ် တစ်သက်တစ်ကျွန်း စတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံထားရသူတွေလည်း ပါဝင်တာတွေ့ရပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ကတော့ စစ်မူထမ်းဟောင်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖြစ်ပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကတော့ CRPH နဲ့ ဆက်စပ်တဲ့ အမှုတွေဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေကို အကျဥ်းထောင်တွင်း ထိန်းသိမ်းထားစဥ်မှာ သူတို့ကို လက်တွေ့သေဒဏ်မချခင်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်အောင် လူ့သက်တမ်း ၃ ဆ ထောင်ဒဏ် ပြစ်မှုတွေချမှတ်တာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦးကပြောပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေကို ထောင်တွင်းမှာ နှိပ်စက်ညှဥ်းပန်းမှုခံရအချို့ရှိတယ်လို့ သတင်းတွေရပေမယ့် ဒီသတင်းတွေနဲ့ ပတ်သတ်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

သေဒဏ်ချမှတ်ခံထားရပြီးထောင်တွင်းဖမ်းဆီးခံထားရသူ ၁၀၀ ဦး အနက် ၈၅ ဦးဟာ ရန်ကုန်တိုင်း ကဖြစ်ပါတယ်။

 ဒါအပြင် မန္တလေးတိုင်း၊ ဧရာဝတီတိုင်၊း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် က သေဒဏ်ချမှတ်ခံရသူတွေလည်း ပါပြီးတော့ ရန်ကုန်တိုင်းထဲက မြောက်ဒဂုံမြို့နယ်ဟာ၂၄ ဦးနဲ့ သေဒဏ်ချမှတ်ခံထားတဲ့စာရင်းမှာ အများဆုံးပါဝင်နေတာကို တွေ့ရပါတယ်။

‌သေဒဏ်ချမှတ်ခံထားရပြီး ထောင်တွင်းထိန်းသိမ်းထားသူတွေထဲမှာ အမျိုးသမီး ၉ ဦး ပါဝင်တယ်လို့ အေအေပီပီက ဘီဘီစီကိုပြောပါတယ်။

သေဒဏ်ကျ အကျဥ်းသားလေးဦးကို စီရင်ပြီးစီးတယ်လို့ စစ်ကောင်စီဘက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, သေဒဏ်ကျ အကျဥ်းသားလေးဦးကို စီရင်ပြီးစီးတယ်လို့ စစ်ကောင်စီဘက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့

‌သေဒဏ်ချမှတ်ခံထားရသူတွေထဲက အခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ၁၀ ဦးကို သေဒဏ် ထပ်ပြီးချမှတ်ခဲ့ပြီးတော့ နောက်ထပ် သေဒဏ် စီရင်မှုတွေရှိတယ်ဆိုတဲ့ ကောလဟလတွေလည်း ပျံ့နေခဲ့ပါတယ်။

အေအေပီပီက သူတို့ ဆက်သွယ် အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ ဦးဂျင်မီတို့နောက်ပိုင်း သေဒဏ်စီရင်မှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။

 မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်နောက်ပိုင်းကစပြီး လက်တွေ့ ကွပ်မျက်အပြစ်ပေးတာမျိုး မရှိခဲ့ပေမယ့် ၂၀၂၂ ဇူလိုင်လမှာ ဦးဂျင်မီ ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်ပေးခဲ့ပါတယ်။

သေဒဏ်စီရင်တာကို မြန်မာနိုင်ငံမှာ မကျင့်သုံးတာ နှစ်ပေါင်း ၄၀ ကျော်ကြာပြီဖြစ်ပေမဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီလက်ထက်မှာ ဒါက ပထမဆုံး သေဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံထားရသူ အများစုဟာ ၃၅ နှစ်အောက် လူငယ်တွေများ

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း လုပ်ကြံသတ်ဖြတ်ကြသူတွေလို့ စွပ်စွဲကာ တရားစွဲခံထားရသူ ၁၀ ဦးကို စစ်ခုံရုံးတခုကနေ သေဒဏ် ချမှတ်လိုက်ကြောင်း သက်ဆိုင်ရာ မိသားစု ဝင်တွေက ပြောပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေထဲက ၇ ဦးဟာ ဒဂုံတက္ကသိုလ် ကျောင်းသားတွေ ဖြစ်ပြီး သူတို့ ကျောင်းသားသမဂ္ဂကလည်း သူတို့ တက္ကသိုလ်က “ကိုခန့်ဇင်ဝင်း၊ ကိုသူရ မောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင် တို့ နိုဝင်ဘာလ ၃၀ ရက်နေ့က အင်းစိန်ထောင် စစ်ခုံရုံးမှာ ပုဒ်မ ၃၀၂ (က) နဲ့ မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်” ခံရတယ်လို့ ထုတ်ပြန် ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ တ‌ယောက် (အငြိမ်းစား ဒုဗိုလ်မှူးကြီး) သေနတ်နဲ့ ပစ်သတ်ခံမှုနဲ့ ဆက်စပ်ပြီး ဒဂုံ တက္ကသိုလ် ကျောင်းသား ၇ ယောက်ကို စစ်ကောင်စီက စစ်ခုံရုံးတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ဧပြီ ၂၁ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး တောင်ဒဂုံ ရဲစခန်းမှာ ကနဦး အချုပ်ကျခဲ့ကာ နောက်ပိုင်းမှာ အင်းစိန်ထောင်ကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။အင်းစိန်ထောင်ကိုသူတို့ ‌ရောက်သွားကတည်းက ဘာအဆက်အသွယ်မရတော့ဘူးလို့ မိသားစုဝင်တ‌ယောက်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့မေလပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး လူငယ် ၃ ယောက် ကိုလည်း နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အင်းစိန်ထောင် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက နိုဝင်ဘာလ အတွင်း သေဒဏ်ချမှတ်ခံထားရသူတွေ ၁၀ ဦးထဲမှာ အသက် ၁၉ နှစ်အရွယ်လူငယ် ၃ ဦးပါဝင်ပြီး အသက် ၂၀ နဲ့ ၂၃ နှစ်အကြား ၅ ဦး ပါဝင်တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၃၀ ရက်နေ့က သေဒဏ်ချမှတ်ခံရသူ ကျောင်းဆရာ ဦးကောင်းခန့်ကျော်ဟာ အသက် ၂၅ နှစ်အရွယ် ဖြစ်တယ်လို့ အေအေပီပီက အတည်ပြုထားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီဇင်ဘာ ၃၀ ရက်နေ့နောက်ပိုင်း မန္တလေး အိုးဘိုထောင်က အကျဥ်းသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရတာကို အေအေပီပီက ထုတ်ပြန်ထားခဲ့ပြီး သူတို့ကို ဘာမှုနဲ့ ပြစ်ဒဏ်ချတယ် ဘယ်နေ့က ပြစ်ဒဏ်ချခဲ့တာကို တော့ မသိရှိသေးလို့ အေအေပီပီက ပြောပါတယ်။

 မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး စစ်အာဏာသိမ်းဆန့်ကျင်မှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထားတဲ့ သူ ၁၃၀၀၀ ကျော်ရှိပြီးတော့ အမှုရင်ဆိုင်ပြီး အမိန့်ချဖို့ ကျန်နေသူ ၁၁၀၀၀ ကျော်ရှိပါတယ်။

အေအေပီပီကတာဝန်ရှိသူတစ်ဦးကတော့ လာမယ့်နှစ်ထဲမှာ စစ်ကောင်စီက အမှုတွေကို အမြန်ပြီးဖို့ ကြိုးစားလာတာရှိပြီးတော့ ပြစ်ဒဏ်ချမှတ်ခံရမှုတွေ များလာနိုင်တယ်လို့ ပြောတယ်။

အချို့သူတွေ အဖမ်းခံရ ပြီးနောက်ပိုင်း ဘယ်အမှုတွေနဲ့ ပြစ်ဒဏ် စီရင်ခံနေရသလဲ ရင်ဆိုင်နေရသလဲဆိုတာကို အတည်ပြုဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ နိုင်ငံရေး အကျဥ်းသားဟောင်းတွေက ပြောပါတယ်။

သေဒဏ်တွေ ဆက်လက်ချမှတ်ခံ ရမှု အခြေအနေရှိမရှိကတော့ လက်ရှိနိုင်ငံရေး ရေချိန်ပေါ်မှာ မူတည်တယ်လို့ အေအေပီပီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။