မုန့်တီရောင်းတဲ့ ဆရာ၊ အဆုံးစီရင်သွားတဲ့ ဆရာမ - မိုးခါးရေ မသောက်သူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်အာဏာသိမ်းတာ ၉ လကျော် အထိ ကြာလာချိန်မှာ ပညာရေး ဝန်ထမ်း သုံးပုံတစ်ပုံ - ဦးရေအားဖြင့် တစ်သိန်းခွဲကျော်ဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှာ ဆက်ပြီး ပါဝင်နေကြပါတယ်။
ပညာရေးအသိုင်းအဝိုင်းက အချက်အလက်တွေအရ အနီးစပ်ဆုံး တွက်ချက်ရင် ဒီလို စီဒီအမ်ပါဝင်တဲ့ ဆရာဆရာမတွေဟာ အစိုးရ ဝန်ထမ်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်း အတော်ကျော်တဲ့ ပမာဏ ရှိလို့ စစ်ကောင်စီ ယန္တရား မလည်ပတ်နိုင်ရေးလှုပ်ရှားမှုမှာ သိသာကြီးမားတဲ့ ပမာဏတစ်ခုထိ ရှိနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးစ ဖေဖော်ဝါရီလအစမှာတင်ပဲ ဖဲကြိုးနီကမ်ပိန်းလိုလှုပ်ရှားမှုတွေကို ဆရာ၊ဆရာမအသိုင်းအဝိုင်းမှာ စတင်ခဲ့ကြပြီးတဲ့နောက် စီဒီအမ် လှုပ်ရှားမှုတွေ တစတစ အားကောင်းလာခဲ့ကြပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုဆန္ဒပြပွဲတွေ လုပ်ခဲ့တဲ့အချိန်မှာလည်း ပညာရေးသပိတ်စစ်ကြောင်းတွေ နိုင်ငံအနှံ့ ထွက်ပေါ်လာခဲ့ ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ ပညာရေးသပိတ်အတွက် ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ပညာရေးမှူးရုံးရှေ့မှာ စုဝေးနေကြသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွင်းခဲ့ရာက အသက် ၅၉ နှစ်အရွယ် ဆရာမတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီလို စစ်ကောင်စီဘက်က ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေအပြင် ဖမ်းဝရမ်း ထုတ်တာ၊ ဖမ်းဆီးမှုတွေများလာတဲ့ ဧပြီလလောက်မှာ စီဒီအမ်ကနေ အစုလိုက်အပြုံလိုက် ပြန်ထွက်သွားခဲ့ကြတာတွေ ရှိခဲ့တယ်လို့ အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social
ခယောင်းတော နေ့တွေ
စီဒီအမ် ပါဝင်သူတွေအတွက် အဓိကအခက်အခဲက စားဝတ်နေရေး ဖြစ်ပါတယ်။ လစာဝင်ငွေမရှိသလို ထောက်ပံ့သူတွေလည်း နည်းပါးတာကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။
ပညာရေးဝန်ထမ်း စီဒီအမ် ပါဝင်သူတွေမှာလည်း အလားတူ အခက်အခဲတွေရှိနေပြီး ပြည်သူကနေ ပြည်သူ ထောက်ပံ့တဲ့ ပုံစံနဲ့ ထောက်ပံ့မှု လုပ်ကြသလို စီဒီအမ် အချင်းချင်းပြန်ထောက်ပံ့တဲ့ အနေအထားနဲ့လည်း ရပ်တည်နေကြရပါတယ်။ အထူးသဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေကနေ စီစဉ် ထောက်ပံ့နေကြတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပြကြပါတယ်။ ဒါပေမဲ့ အများအပြားအတွက်က မလုံလောက်ပါဘူး။
တော်လှန်ရေးအစိုးရလို့ ဆိုကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပညာရေးဝန်ကြီးဌာနဘက်က ထောက်ပံ့မှုကို ဧပြီနဲ့ မေလပိုင်းမှာ ၂ ကြိမ်တိတိရခဲ့ပြီး မြို့နယ်အလိုက်ကိုမှ ဆယ်ယောက်ဝန်းကျင်စာသာ ထောက်ပံ့နိုင်ခဲ့တယ်လို့ အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ ဘက်ကနေ သိရပါတယ်။
"CRPH က ပေးတဲ့ ကုတ်နံပါတ်တို့၊ အချက်အလက်တောင်းတယ်ဆိုလည်း ပေးလိုက်တာပဲ မှတ်မှတ်ရရ သုံးကြိမ်ရှိပြီ။ တခါမှတော့ ထောက်ပံ့မှု မရသေးဘူး"လို့ ရန်ကုန်မြို့အတွင်းက မူလတန်းပြ CDM ဆရာတဦးက ဘီဘီစီကို ပြောပါတယ်။
သူဟာ ဖေဖော်ဝါရီလအစထဲက မူလတန်းအကြိုဆရာအတတ်သင်သင်တန်း(PPTT) ကျောင်းဆင်း ဆရာအနေနဲ့ စီဒီအမ် ပါဝင်ခဲ့တာဖြစ်ပြီး အခု ၉ လတာ ကာလအတွင်းမှာ ကိုယ်ပိုင်အလုပ်တွေလည်း လုပ်သလို အလုပ်ရှာဖွေတာတွေလည်း လုပ်ခဲ့ပေမယ့် စီဒီအမ် ဝန်ထမ်းလို့သိခဲ့ရင် အလုပ်မခန့်တာတွေ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။
"ရပ်ကွက်ထဲမှာ ရခိုင်မုန့်တီရောင်းတယ်၊ ယောက်ျားလေးရောင်းတာဆိုတော့ မရောင်းရဘူး။ အဲ့ဒါနဲ့ အလုပ်လိုက်ရှာနေတာ နှစ်လလောက်ရှိပြီ။"
"တိုင်းရင်းဆေးလုပ်ငန်းတွေ စျေးအရောင်းဝန်ထမ်း၊ အထည်ချုပ်စက်ရုံ အကုန်လျှောက်တယ်။ အလုပ်လျှောက်စာမှာ ပညာရေးနဲ့သက်ဆိုင်တဲ့ ဘွဲ့တွေထည့်ရင် စီဒီအမ်လားမေးပြီး မခန့်ကြတော့ဘူး၊ အဲ့တော့ နောက်ပိုင်း ဖောင်ထဲမှာ ရိုးရိုးဘွဲ့ပဲထည့်တော့တယ်"လို့ မူလတန်းပြ စီဒီအမ်ဆရာ ဖြစ်သူက ပြောပါတယ်။
စားဝတ်နေရေး ခက်ခဲတာအပြင် လုံခြုံရေးစိုးရိမ်ရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆရာ၊ ဆရာမ တွေလည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီဘက်ကနေ ဖမ်းဝရမ်းထုတ်တာ၊ နေအိမ်တွေကို လာရောက်ရှာဖွေတာ၊ မိသားစုဝင်တွေကို စစ်ဆေးမေးမြန်းတာတွေလုပ်ဆောင်တာကြောင့် လက်ရှိအချိန်အထိ နေရာသုံးနေရာထက်မနည်း ပြောင်းရွှေ့နေခဲ့ရပြီလို့ ကျောက်တန်းမြို့နယ်အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂ အလုပ်အမှုဆောင်တဦးက ဘီဘီစီကို ပြောပါတယ်။
"အိမ်ကို ဝင်စစ်ဆေးတယ်၊ မိသားစုဆီ အချက်အလက်တွေ မေးတော့ ကိုယ့်မြို့နယ်မှာ နေလို့မရတော့ဘူး။ ကျွန်တော်လွတ်မြောက်နယ်မြေဘက် ရောက်တယ်။ အဲ့ဒီလွတ်မြောက်နယ်မြေတောင် သုံးနေရာလောက်ရှိပြီ။ ပြောင်းရွှေ့နေရတာ နယ်မြေလုံခြုံမှုမရှိတာတွေ နောက်ဆုံးနေခဲ့တဲ့နေရာဆို အင်တာနက် 1GB ကို တသောင်းခွဲလောက် ပေးသုံးခဲ့ရတယ်။ "
"အခုလည်း နောက်တစ်နေရာရောက်တာ မကြာသေးဘူး။ အခုရောက်တဲ့ဆီမှာတော့ ပြန်စာသင်ပေးဖို့တွေ၊ နောက်ကူညီနိုင်စရာရှိတာ ကူညီမယ်။ ကျွန်တော့်မြို့နယ် ကျောက်တန်းပညာရေးဝန်ထမ်းတွေအတွက် တတ်နိုင်သမျှ ဒီကနေ အစွမ်းကုန် လုပ်ပေးနေတယ်"လို့ သူက ပြောပြပါတယ်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင်း ကျေးရွာတရွာက မူလတန်းပြဆရာမတဦးလည်း နေအိမ်ရှာဖွေခံရတာ အပြင် စစ်ကောင်စီပြောတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်လို့ဆိုပြီး ဖမ်းဝရမ်းထပ်ထုတ်ခံရတဲ့အကြောင်းကို ပြောပါတယ်။
"မနက် ၃ နာရီလောက်ကြီး နေအိမ်ကို ဝိုင်းရှာခဲ့ကြတာ၊ မှတ်မှတ်ရရပါပဲ အဲ့ဒီနေ့ကတော့ ကျွန်မ အဖမ်းမခံရဘူး၊ နောက် ၅၀၅ တွေ ပိတ်ပေးမယ်လည်းပြောတော့ ကျွန်မအတွက်က ထူးမှ မထူးတော့တာ၊ ၈လပိုင်းရောက်တော့ PDF၊ NUG တို့နဲ့ ချိတ်ဆက်တယ်ဆိုပြီး ဖမ်းဝရမ်း ထပ်ထုတ်တယ်။ "
"အခုချိန်တော့ ထီးချိုင့်မှာက ဘယ် စီဒီအမ် ဆရာ၊ ဆရာမမှ အဖမ်းခံရတာ မရှိသေးဘူး။ ကျွန်မကအခု ကိုယ့်မြို့နယ်အတွက် ပညာရေးဘုတ်အဖွဲ့မှာ ဝင်လုပ်ပေးတယ်၊ စီဒီအမ် မိသားစုဝင်တွေက တော်တော်ကြီး တောင့်ခံနေရတယ်"လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေတွေအပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံလိုက်ရတဲ့ စီဒီအမ် ဆရာ၊ ဆရာမတွေ လည်း ရှိပါသေးတယ်။ ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်း အနည်းဆုံး ၁၀၀ ဝန်းကျင် ရှိနေတာပါ။ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်လို နည်းလမ်းတွေကနေ အကြိမ်ကြိမ် ပြန်လွှတ်ပေးတာတွေရှိပေမဲ့ ဆရာ၊ ဆရာမတွေကတော့ ၄ ယောက်လောက်ပဲ ပြန်လွတ်လာတာ ရှိသေးတယ်လို့ သိရပါတယ်။
အဲ့ဒီထဲက အများစုကိုတော့ လှုံ့ဆော်မှု၊ မမှန်သတင်းဖြန့်မှု ပုဒ်မှု ၅၀၅-က နဲ့ အများဆုံး တရားစွဲဆိုတယ်လို့ ပြောပါတယ်။
ပြန်လွှတ်ပေးတာတွေ ရှိနေတယ်ဆိုပေမဲ့ စီဒီအမ် ဆရာ၊ဆရာမတွေကို ဖမ်းဆီးတာတွေ အခုအချိန်အထိ ရှိနေပါသေးတယ်။
အဲ့ဒီလို ဖမ်းဆီးခံရပြီးတဲ့ ဆရာ၊ဆရာမတွေရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကိုသုံးပြီး ကျန် စီဒီအမ် ဆရာ၊ဆရာမတွေဆီ ချိတ်ဆက်တာတွေ လုပ်ဆောင်နေတာကြောင့် ပညာရေးဝန်ထမ်းတွေ သတိထားဖို့ဆိုတဲ့ သတင်းစကားတွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတာ တွေ့ရပါတယ်။
ဒါ့အပြင် စီဒီအမ် ပညာရေးဝန်ထမ်းတွေထဲ ဒီကာလအတွင်း စစ်ကောင်စီယောဂကြောင့်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ အနည်းဆုံး ၁၀ ဦးထက် မနည်း ရှိပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီဝင်၊ ပူးပေါင်း ဆောင်ရွက်ရေးတာဝန်ခံ ဆရာတဦးက အခုလို ပြောပါတယ်။
"ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲရင်း သေဆုံးခဲ့တာ၊ အိမ်မှာနေရင်း စစ်ကောင်စီဘက်က လူတွေလို့ ဆိုရမယ့် သူတွေကနေ သတ်လို့ သေခဲ့ရတာ၊ နောက် ကိုဗစ်ရောဂါဖြစ်ရင်းသေဆုံးခဲ့ရတာကိုလည်း စစ်ကောင်စီရဲ့ ပယောဂမကင်းလို့ သေဆုံးခဲ့တဲ့သူတွေလို့ သတ်မှတ်ထားပါတယ်။ "
"အခု ကျွန်တော်နောက်ဆုံးသိထားရတာက လစာဝင်ငွေမရှိတော့ စားဝတ်နေရေးခက်ခဲပြီး အဆုံးစီရင်တဲ့ ဆရာမတဦး ရှိပါတယ်။ ဘယ်မြို့နယ်က ဖြစ်တာလဲဆိုတာ အသေးစိတ် ထပ်စုံစမ်းနေဆဲပါ။ အခုလက်ရှိစာရင်းမှာတော့ သေဆုံးသူတွေထဲ ဆရာထက် ဆရာမအရေအတွက်က ပိုများပါတယ်။"
လစ်လပ်ဆရာတွေနေရာကို အစားထိုးခန့်
မေလအတွင်းမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီဘက်က ကြိုးစားလာခဲ့ပြီး ပုံမှန်ကျောင်းဖွင့်နေကျအချိန် ဇွန်လမှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။
ကိုဗစ်တတိယလှိုင်းပြင်းထန်လာချိန် ဇူလိုင်လမှာတော့ ကျောင်းတွေ ပြန်ပိတ်လိုက်ပြီး ကူးစက်မှု ကျဆင်းလာချိန် အခု နိုဝင်ဘာ ၁ ရက်မှာ ပြန်ဖွင့်ခဲ့ပါတယ်။
ပညာသင်ကြားမှုအနေနဲ့ တတ်မြောက်မှုအရည်အသွေးအပြည့်အဝရရှိဖို့အတွက် သင်ရိုးညှိအစီအစဉ်အနေနဲ့ ၅ လတာ စာသင်ကြားစေမှာဖြစ်ပြီး ဖေဖော်ဝါရီနဲ့ မတ်လမှာ နှစ်ဆုံးစာမေးပွဲတွေ စစ်ဖို့ စစ်ကောင်စီပညာရေးဘက်က စီစဉ်နေတာပါ။
လက်တွေ့မှာတော့ ကျောင်းတက်တဲ့ ကျောင်းသား နည်းပါးခဲ့ပြီး ဇွန်လကျောင်းဖွင့်ချိန်ထက် နိုဝင်ဘာလမှာ ကျောင်းတက်ရောက်သူ ပိုနည်းခဲ့သလို တချို့မြို့နယ်တွေမှာ ကျောင်းပြန်မဖွင့်နိုင်တာမျိုးတွေ အထိ တွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ စီဒီအမ် ပါဝင်တဲ့ဆရာ၊ဆရာမတွေကို လုပ်ငန်းခွင်ပြန်လာဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားသလို ရာထူးကနေ ယာယီရပ်နားတာအပြင် တာဝန်ရပ်စဲတာအထိပါ အဆင့်ဆင့်လုပ်ဆောင်ခဲ့ပါ တယ်။
"သူတို့ဘက်က ဆွယ်တရား ဟောတာပေါ့ဗျ။ လုပ်ငန်းခွင်ပြန်ဝင်ရင် မိသားစုလုံခြုံရေး စိတ်ချရမယ်ပေါ့ မဟုတ်ရင် ၅၀၅ တွေနဲ့ ဖမ်းခံရနိုင်တယ်ဆိုတာမျိုးတွေ ပြောတယ်။ စစချင်းအာဏာသိမ်းစက ( ကျောက်တန်းမှာ ) စီဒီအမ် ပညာရေးလုပ်သား ၈၀၀ လောက် ကနေ အခု ၄၃၀ နီးပါးလောက် ရှိတယ်။ ကျောင်းဖွင့်တဲ့ကာလမှာလည်း တချို့တလေ Non CDM လုပ်တာကို တွေ့ရတယ်" လို့ ကျောက်တန်းမြို့နယ် အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂအလုပ်အမှုဆောင်တဦးက သူ့ရဲ့မြို့နယ်တွင်းအခြေအနေကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကျောက်တန်းမြို့နယ် အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂ
တဖက်မှာလည်း လစ်လပ်နေရာတွေအတွက် ဆရာ၊ဆရာမပေါင်း ၇၀၀၀ ကျော်အစားထိုး ခန့်အပ်ဖို့ရှိပါတယ်။ ဒီလိုအခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့အတွက် အသစ်အစားထိုးခန့်အပ်တဲ့ဆရာ ဆရာမတွေကို မွမ်းမံသင်တန်းတက်စေပြီးမှ စာသင်ခိုင်းမှာဖြစ်ပြီး စီဒီအမ် ပါဝင်ခဲ့သူတွေထဲက တချို့ လည်း အယူခံ ဝင်လာတာတွေရှိတယ်လို့ စစ်ကောင်စီပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
CDM ကနေ Non CDM လို့ခေါ်တဲ့ လုပ်ငန်းခွင်ပြန်ဝင်သူတွေကို စစ်ကောင်စီဘက်က ကန့်သတ်ချက်တွေနဲ့ စောင့်ကြည့်ပြီး ပြန်လက်ခံတယ်လို့ ဆိုပါတယ်။
"အဲ့ဒီလို Non CDM ပြောင်းသူတွေထဲ ဆန္ဒပြလို့ အကြမ်းဖက်တွေနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးစစ်ဆေးခံရတာ တစ်ယောက်ရှိ တယ်လို့ သိထားတယ်။ သတင်းတွေကတော့ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမယ့် သူတို့ပဲ သတင်းဖုံးထားသလားမသိ တိတိကျကျက တစ်ယောက်ပဲ သိရသေးတယ်"လို့ အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင် ကော်မတီဝင်၊ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနအောက် တာဝန်ထမ်းဆောင်ဆဲ ဆရာ၊ဆရာမတွေကြားထဲမှာလည်း မလုံခြုံမှုတွေ ခံစားနေရဆဲဖြစ်ပြီး ပညာရေးနဲ့ သက်ဆိုင်တဲ့ သတင်းမေးမြန်းဖို့ ဆက်သွယ်ချိန်မှာပါ မီဒီယာကို ပြန်လည်ဖြေကြားဖို့ မညွှန်ကြားထားတာကြောင့် ပြန်လည်မဖြေကြားသူတွေ ရှိနေပါတယ်။
ဒါ့အပြင် ကျောင်းတက်နေတဲ့ ဆရာ၊ဆရာမတချို့ စစ်ကောင်စီ သတင်းပေးဆိုပြီး စွပ်စွဲလုပ်ကြံခံရလို့ သေဆုံးတာရှိသလို အခြေခံပညာကျောင်းတချို့ရဲ့ အနီးပတ်ဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေ နိုဝင်ဘာလဆန်းမှာ တွေ့လာရပါတယ်။
ရန်ကုန်မြို့က ကျောင်းသွားတက်တဲ့ ဆရာမတစ်ဦးကို စစ်ကောင်စီ သတင်းပေးဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လုပ်ကြံ သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
စီဒီအမ် အတိုးအလျော့
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကြားကာလပညာရေးအစီအစဉ် တွေ မြို့နယ်အလိုက် အကောင်အထည်ဖော်နေတယ်လို့ စီဒီအမ် ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
အင်တာနက်က သင်ကြားနည်းအပြင် Home-Based Learning လို့ခေါ်တဲ့ နေအိမ်အခြေပြု ပညာသင်ကြား ရေးအစီအစဉ်တွေကိုလည်း မြို့နယ်တချို့မှာ စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ ယန္တရားမှာ မပါဝင်ကြဖို့ အစိုးရဝန်ထမ်းတွေကို ဒေသကာကွယ်ရေးတွေဘက်ကနေ တိုက်တွန်းခဲ့တဲ့အချိန်ကစပြီး စီဒီအမ် ဝင်လာသူတွေ ထပ်ရှိလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်ရေး အားကောင်းတဲ့ ဒေသတခုလည်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာတော့ အခုနိုဝင်ဘာလကျောင်းဖွင့်ချိန်မှာ ကျောင်းတွေပြန်မဖွင့်နိုင်သလို စီဒီအမ် ပါဝင်ဖို့ ဆက်သွယ်လာသူတွေရှိတာကြောင့် ကန့်သတ်ချက်နဲ့ စိစစ်လက်ခံနေတယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ကနေ သိရပါတယ်။
"သူတို့အတွက် မလုံခြုံတော့ဘူးဆိုတာ သိလာပုံ ရပါတယ်။ အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းပိုင်းမှာ ဆယ့်နှစ်ယောက်လောက်ရှိပြီ စီဒီအမ် ဝင်မယ်ဆိုပြီး ဆက်သွယ်တာပေါ့။ ဒါပေမယ့် သေချာစိစစ်နေတယ်၊ အရင်ဆုံးပညာရေးမှူးရုံးကို အလုပ်နုတ်ထွက်စာ တင်ရမယ်၊ ရုံးကနေလက်ခံတဲ့အကြောင်း စာရယ်၊ ဝန်ခံကတိနဲ့အတူ တင်ပြစေတာပေါ့လေ။ လောလောဆယ်တော့ သုံးယောက်လောက်တော့ လက်ခံထားပြီ။ သူတို့ဘက်မှာလည်း CDM ကနေ Non CDM ဝင်သူတွေရှိသလို ကျွန်မတို့ဆီကိုလည်း Non CDM ကနေ CDM ဝင်လာသူတွေရှိနေတာပါ"လို့ ထီးချိုင့်မြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဆရာမတဦးက ဘီဘီစီကို ပြောပါတယ်။
စီဒီအမ် ပိုင်းဖြတ်မှု
စစ်အာဏာသိမ်းတာ ရက်ပေါင်း ၂၈၀ ကျော် လာချိန်မှာတော့ စီဒီအမ် ဆရာဆရာမတွေဟာ စိတ်ပိုင်းရော ရုပ်ပိုင်း မလုံခြုံမှုတွေ ရင်ဆိုင်နေကြရဆဲမှာပဲ တချို့ကတော့ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုထဲ ပါဝင်ကြသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ဘယ်လိုအခက်အခဲတွေရင်ဆိုင်နေရပါစေ အကြမ်းမဖက်လှုပ်ရှားမှု စီဒီအမ်အဖြစ် ဆက်ရပ်တည်နေမယ်လို့ ရန်ကုန်တိုင်း၊ မူလတန်းပြဆရာတဦးက ပြောပြပါတယ်။
"တချို့တွေဆို ပြီးခဲ့တဲ့လကမှ ပဲ့ပါသွားတာဆိုတော့ တခါတလေကျ ဒေါသထွက်မိတယ်။ သူတို့အပေါ်အပြင် လက်ရှိဦးဆောင်တဲ့ NUG အပေါ်လည်း ဒေါသထွက်မိတာပေါ့၊ ဘာမှမလုပ်နိုင်ဘူးလားပေါ့။"
"ဒါပေမယ့် ပြန်စဉ်းစားကြည့်လိုက်တယ်။ ငါတို့အမှန်တရားဘက်မှာ ရပ်တည်နေတာ၊ ဘယ်သူမှမကျန်ရင်တောင် ငါတို့ကျန်နေပြီးတော့ သူများ မိုးခါးရေသောက်တိုင်းတော့ မသောက်ဘဲနဲ့ ငါတို့ဆက်ပြီးနေရမယ်ဆိုတဲ့ စိတ်နဲ့ပဲ တွန်းအားပေးပြီး ကိုယ့်ဘာသာရှေ့ဆက်နေကြတယ်" လို့ ဆိုပါတယ်။








