ပညာရေး၀န်ထမ်းတွေရဲ့ CDM ခရီးကြမ်း

ဓာတ်ပုံ ရင်းမြစ်, CJ
"ရုန်းမတက်နဲ့ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ယုံကြည်ချက်တစ်ခုကို ကိုင်စွဲပြီး CDM လုပ်သွားတယ်။ မိသားစုက လယ်သမားတွေဆိုတော့ တောင်ယာလုပ်ဖို့ ပြောပေမယ့် မိဘတွေကို ပိုကောင်းတာတွေ လုပ်ပေးချင်သေးတယ်ဆိုပြီး တားနေတဲ့ ကြားက ပန်းရံ သွားလုပ်တယ်။ ငယ်ငယ်လေးကတည်းက ဒီလိုအလုပ်တွေ မလုပ်ဖူးတော့ ပင်ပန်းတာပေါ့ "လို့ ပြောပြလာတာကတော့ အသက် ၂၀ အရွယ် မူလတန်းပြ ကျောင်းဆရာ ကိုဝင်းထိုက်ကျော်ရဲ့ အစ်ကိုပါ။
မောင်နှမ သုံးယောက်ရှိတဲ့အနက် အငယ်ဆုံးဖြစ်တဲ့ ကိုဝင်းထိုက်ကျော်ဟာ ၁၀ တန်းအောင်ပြီးကတည်းက ကျောင်းဆရာအလုပ်ကို ရွေးချယ်ပြီး သာစည်မြို့နယ်ထဲက ဇဝန်းကြီးကျေးရွာမှာ မူလတန်းပြ ကျောင်းဆရာအလုပ်ကို လုပ်ခဲ့တာပါ။
မြေဖြူကိုင်တဲ့လက်မှသည် ပန်းရံအလုပ်ကြမ်းသမားဘဝဆီသို့
ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ကဏ္ဍအသီးသီးက ဝန်ထမ်းတွေပါဝင်ခဲ့ပါတယ်။ အစောဆုံး CDM လှုပ်ရှားမူမှာပါတဲ့ ပညာရေးဝန်ထမ်းတွေထဲမှာ ကျောင်းဆရာလေး ကိုဝင်းထိုက်ကျော်လည်း ပါခဲ့ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် လမ်းပေါ်ထွက် ဆန္ဒပြတဲ့လှုပ်ရှားမှု တွေမှာပါခဲ့ပြီး အထောက်အပံ့တွေ လက်လှမ်းမမီချိန် ဘဝရပ်တည်ရေးအတွက် လိုအပ်လာချိန်မှာတော့ တနယ်တကျေးမှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကိုဝင်းထိုက်ကျော်ရဲ့မိသားစုတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"မိသားစုတွေကတော့ တားတယ်။ အတူတူ တောင်ယာပဲ လုပ်ကြဖို့ပြောပေမယ့် သူ့သဘောဆန္ဒနဲ့ပဲ ထွက်သွားခဲ့တယ်။ ပန်းရံအလုပ်ကြမ်းနဲ့ တခါတလေ ဖုန်းဆက်ရင်တော့ ပင်ပန်းတယ်လို့ ပြောပေမယ့် အဖေနဲ့အမေကို ကောင်းကောင်းထားချင်တယ် ပြောတယ်။ တလကိုလည်း နှစ်သိန်းလောက် အမြဲပို့ပေးတယ် " လို့ ကိုဝင်းထိုက်ကျော်ရဲ့ အစ်ကိုက ပြောပြပါတယ်။
ဇာတိမြေ သာစည်နဲ့မိုင်ပေါင်းများစွာဝေးတဲ့ တာချီလိတ်မြို့မှာ ပန်းရံအလုပ်ကြမ်းလုပ်ရင်း ကိုဝင်းထိုက်ကျော် ဆုံးပါးသွားပြီဆိုတဲ့ သတင်းစကား မိသားစုတွေဆီ ရောက်လာချိန်မှာတော့ ဖြေဆည်မရခဲ့ဘူးလို့ ပြောပါတယ်။
"အဖေနဲ့အမေက အသက်ကြီးနေပြီ။ အိမ်မှာနာရေးဓာတ်ပုံတောင် မထောင်ရဲဘူး။ မြင်နေရင် ပိုစိတ်မကောင်းမှာစိုးလို့။ အခုလည်း မျက်စိအောက်က အပျောက်မခံဘဲ ကြည့်နေရတယ်။ အငယ်ဆုံးသားလေးဆိုတော့ ဖြေမဆည်နိုင်ကြဘူး "လို့ မိဘတွေရဲ့ အခြေအနေကို ပြောပြပါတယ်။
ကြုံရာကျပမ်းလုပ်ရင်းရုန်းကန်နေရတဲ့ ပညာရေးဝန်ထမ်းတွေ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကာလ တနှစ်တာခရီးမှာတော့ ပြင်ပက အကူအညီအထောက်အပံ့တွေ မရှိသလောက်ဖြစ်သွားပြီး ဝန်ထမ်းတွေရဲ့ဘ၀ ပိုခက်ခဲလာတယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
အစောပိုင်းကာလကတည်းက အထောက်အပံ့တွေ မရကြသူတွေ၊ လက်လှမ်းမမီသူတွေ ကတော့ ကိုယ်ထူကိုယ်ထရုန်းဖို့အတွက် အသက်မွေးဝမ်းကျောင်းနဲ့ မသက်ဆိုင်တဲ့ အလုပ်တွေကိုလည်း လုပ်ကြရတယ်လို့ ဆိုပါတယ်။
"တချို့ဆရာမတွေက ဈေးထဲ ကုန်စိမ်းရောင်းနေတယ်။ တချို့ကတော့ အဖမ်းအဆီးတွေ ကြောင့် တောထဲ ပြေးနေရတယ်။ ကျွန်မကိုယ်တိုင်လည်း ပြေးရင်းလွှားရင်း ရောက်တဲ့နေရာလေးတွေမှာ Delivery ပို့တဲ့အလုပ်ကို လုပ်နေရတယ် "လို့ ကျောင်းဆရာမတစ်ဦးက ပြောပြပါတယ်။
သာစည်မြို့နယ်ထဲက ကျေးရွာတစ်ဦးက ဆရာမတစ်ယောက်ကလည်း CDM လုပ်ရင်း ရှောင်တိမ်းရင်း ကိုယ်ဝန် ၇ လနဲ့ ကြုံရာကျပမ်းလုပ်ရင်း အာဟာရချို့တဲ့တာတွေကြောင့် ကိုယ်ဝန် ၇လနဲ့ပဲ ကလေးမွေးခဲ့ပြီး မွေးရာပါ နှုတ်ခမ်း၊ အာခေါင်ကွဲနေတဲ့ ရင်သွေးလေး မွေးခဲ့တယ်လို့ သာစည်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဆရာမတစ်ဦးက ပြောပါတယ်။
"လင်မယားနှစ်ယောက်မှာ တစ်ယောက်က မီးရထားက CDM ၊ တစ်ယောက်က ပညာရေး CDM ဆိုတော့ နှစ်ယောက်လုံး ဝင်ငွေမရှိတော့ဘူး။ ကိုယ်ဝန်နဲ့ပဲ သူများလယ်မှာ အငှားလုပ်ရတယ်။ ကလေးလေးမွေးလာတော့ နှုတ်ခမ်းအာခေါင်ကွဲနေတော့ ဒုက္ခတွေ ပိုရောက်ကြတယ် "လို့ ပြောပြပါတယ်။
နံရံကိုခေါင်းနဲ့တိုက်ကြသူများ
"နံရံကို ခေါင်းနဲ့ မတိုက်နဲ့လို့ ပြောတယ်။ ဒီနံရံ မာမှန်းလည်း သိတယ်။ ဒီတံတိုင်းကို ပြိုစေချင်လို့ အနာခံပြီး တိုက်တာ။ ဘာအထောက်အပံ့မှလည်း မမျှော်ချင်ဘူး။ ကျွန်မတို့ ဒီမိုကရေစီ ရချင်တယ်။ အခု ဆုံးသွားတဲ့ ဆရာလေးကို ဝင်းထိုက်ကျော်ကိုပဲကြည့်၊ သူ့အသက်ငယ်ငယ်လေးနဲ့ တခါမှလည်း အထောက်အပံ့ရဖို့ လာမပြောဖူးဘူး။ သူ့ဘာသာသူ ရုန်းကန်ရင်း အခုလို အဖြစ်နဲ့ ဆုံးပါးသွားတယ်။ အခု သူ့အတွက် အထောက်အပံ့လုပ်ပေးရမှာက သူ့နာရေးအတွက်ဖြစ်သွားပြီ။"

ဓာတ်ပုံ ရင်းမြစ်, CJ








