ဂန့်ဂေါက ဆရာဝန်နဲ့ သူနာပြု မိသားစုလိုက်သေဆုံးခဲ့ရတဲ့ စစ်လေယာဉ်ဗုံးကြဲမှု

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို မတ် ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူနာတွေကို ဆေးကုပေးနေတဲ့ CDM ဆရာဝန် ဒေါက်တာ မြစိုးအောင် (အသက် ၄၀)၊ ကိုယ်ဝန်လေးလ ရှိနေတဲ့ ဇနီးဖြစ်သူ အထက်တန်း သူနာပြု ဒေါ် ခိုင်နှင်းဝေနဲ့ သားဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ်လည်း တနေရာတည်းမှာပဲ သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါနယ် တလွှား ကျန်းမာရေးအတွက် အားထားရတဲ့ နှမ်းခါးရွာ ဆေးပေးခန်းဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲခံရပြီးချိန်မှာတော့ မီးတောက်တွေနဲ့ အပျက်အစီးတွေသာ ရှိနေပါတော့တယ်။

ဆေးခန်းခေါင်မိုးမှာအုပ်ထားတဲ့ အနီရောင်သွပ်ပြားအစအနတွေနဲ့ သေဆုံးသူတွေရဲ့ အဝတ်အစအနတွေဟာ ပေ ၂၀ လောက်မြင့်တဲ့သစ်ပင်တွေပေါ် တွဲလွဲချိတ်တဲ့အထိ ဗုံးအားပြင်းခဲ့ပါတယ်။

ဗုံးကျရောက်ပေါက်ကွဲတဲ့နေရာဟာ ဆေးခန်းရှိခဲ့ဖူးတယ်ဆိုတဲ့အကြွင်းအကျန် မမြင်ရတော့တဲ့အထိ အပျက်အစီးတွေသာ ကျန်ရစ်ပါတယ်။

လူ ၁၁ ဦးသေဆုံးခဲ့တဲ့ ဒီဗုံးကြဲမှုဟာ အာဏာသိမ်း လေးနှစ်ကျော်အတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ ကျန်းမာရေးလုပ်သားမိသားစုလိုက် သေဆုံးရတဲ့ ပထမဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။

တရားမျှတမှု ဆောင်ကျဉ်းပေးမယ်လို့ NUG ကတိပြု

လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ ဆရာဝန်မိသားစု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လေကြောင်းဗုံးကြဲမှုအတွင်း သေဆုံးခဲ့ကြတဲ့ ဆရာဝန်မိသားစု

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို မတ် ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူနာတွေကို ဆေးကုပေးနေတဲ့ CDM ဆရာဝန် ဒေါက်တာ မြစိုးအောင် (အသက် ၄၀)၊ ကိုယ်ဝန်လေးလ ရှိနေတဲ့ ဇနီးဖြစ်သူ အထက်တန်း သူနာပြု ဒေါ် ခိုင်နှင်းဝေနဲ့ သားဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ်လည်း တနေရာတည်းမှာပဲ သေဆုံးခဲ့ပါတယ်။

သူတို့တွေအပြင် ဆေးခန်းလာပြတဲ့ လူနာ၊ လူနာစောင့်နဲ့ ပြည်သူ စုစုပေါင်း ၈ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၅ ယောက်အထိ ပါဝင်နေပါတယ်။

CDM ဝင်လာကြတဲ့ ကျန်းမာရေးကဏ္ဍက ဆရာဝန်တွေ၊ သူနာပြုတွေသာမက ဒီသတင်းကို မြင်တွေ့ကြရသူတွေလည်း ဝမ်းနည်းနှမြောမိတဲ့ စိတ်ခံစားချက်တွေကို လူမှုကွန်ရက်တွေမှာ ရေးသားကြပါတယ်။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဆေးခန်းလည်း မီးလောင်ပျက်စီးခဲ့သလို အနီးအနား ဝန်းကျင်က နေအိမ်တွေလည်း ပြိုကျပျက်စီးခဲ့ပါတယ်။

"စစ်ကောင်စီက အရပ်ဘက် ပစ်မှတ်တွေကို ပိုလုပ်လာတယ်။ သူတို့က သတင်းအတိအကျ ရတဲ့ အနေအထားမျိုးတွေ ပါလာတယ်ပေါ့နော်၊ ဆေးရုံတက်နေတဲ့သူတွေက အရပ်သားတွေမှန်း သိပေမဲ့ CDM ဆရာဝန်တွေ ၊ သူနာပြုတွေ ကုသပေးနေတာဖြစ်လို့ အရပ်ဘက် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေကိုပါ ပစ်ခတ်နေတာ"လို့ CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်အပေါ်ကိုလည်း NUG က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး သေဆုံးသွားတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါအပြင် စစ်ကောင်စီလက်အောက်ခံ ကြံရာပါတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒီဆိုလိုချက်ဟာ ဆေးခန်းနေရာကို သတင်းပေါက်ကြားအောင် လုပ်ဆောင်သူတွေကို ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက မှတ်ချက်ပေးပါတယ်။

ကျန်းမာရေးအတွက် အားထားရတဲ့ နှမ်းခါးဆေးပေးခန်း

လေကြောင်းကနေ ပစ်ခတ်ခံရပြိးနောက်ပိုင်း ဆေးပေးခန်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ယောအလင်းတန်း

ဓာတ်ပုံ ပုံစာ, လေကြောင်းကနေ ပစ်ခတ်ခံရပြီးနောက်ပိုင်း ဆေးပေးခန်းမြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နှမ်းခါးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး ဂန့်ဂေါ - ကလေးလမ်းမကြီးကလည်း ရွာကနေ ဖြတ်သန်းသွားတာ ဖြစ်သလို မီးရထားလမ်းလည်း ရှိပါတယ်။ ဒါအပြင် မြစ်သာမြစ်ကမ်းဘေးမှာ ရှိတာကြောင့် ဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးကောင်းတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။

ဘူတာရုံ၊ အထက်တန်းကျောင်းနဲ့ ကျေးလက်ကျန်းမာရေးဌာနရှိတာကြောင့် ပတ်ဝန်းကျင်ရွာတွေကပါ အမှီအခိုပြုရတဲ့ ရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စတင်ဖွဲ့စည်းချိန် ၂၀၂၁ ခုနှစ် ဇွန် ၊ ဩဂုတ်၊ စက်တင်ဘာလတွေမှာ စစ်ကြောင်းထိုးခံရပြီး နေအိမ်တွေ မီးရှို့ခံရတာတွေ စတင်ရင်ဆိုင်ခဲ့ကြရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးခဲ့သလို လေကြောင်းကနေ ပစ်ခတ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့တဲ့ကျေးရွာလည်း ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲစဖြစ်ချိန်ကစလို့ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ ဆက်သွယ်ရေးတွေကို စစ်ကောင်စီက ဖြတ်တောက်ထားတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဒေသခံတွေမှာ အခက်အခဲ ဖြစ်ခဲ့ကြပါတယ်။

တော်လှန်ရေး အင်အားစုတွေ အားကောင်းလာပြီးနောက် ၂၀၂၂ ခုနှစ်လောက်ကစလို့ ဆေးပေးခန်းပေါ်ပေါက်လာခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေအတွက် အားကိုးရာ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရလို သေဆုံးသွားတဲ့ ဒေါက်တာ မြစိုးအောင်၊ ဇနီးဖြစ်သူ အထက်တန်း သူနာပြု ဒေါ်ခိုင်နှင်းဝေတို့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်က ကလေးမြို့နယ်၊ တင်သား တိုက်နယ်ဆေးရုံမှာ တာဝန်ထမ်းခဲ့ကြသူတွေလည်း NUG က ထုတ်ပြန်ပါတယ်။

သူတို့မိသားစုဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေကို လိုက်လံကုသပေးနေသူတွေလည်း ဖြစ်ပါတယ်။

"ကျန်းမာရေးအတွက် တော်တော်လေးကို အားကိုးရတဲ့ ဆရာဝန်မိသားစုပါ။ သူတို့က တခြားနေရာကနေ ဒီဘက်မှာ လာကုပေးကြတာ၊ စေတနာလည်း ကောင်းကြတယ်"လို့ Save For Yaw အဖွဲ့က ကိုယောက ပြောပါတယ်။

အရေးပေါ်နဲ့ ပြင်းထန်တဲ့ ရောဂါတွေအတွက် ဂန့်ဂေါ၊ မကွေး၊ ပခုက္ကူ၊ မန္တလေးမြို့တွေကို သွားကုကြရပြီး သာမာန်နေမကောင်းတဲ့သူတွေအတွက်ကတော့ ဒီဆေးပေးခန်းကို အားကိုးနေကြရတာပါ။

ဒီဆေးပေးခန်းကို အခုလို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတာဟာ "စစ်ကောင်စီက သူ့တို့ကို ဆန့်ကျင်တဲ့ ဒေသတွေမှာ ဆရာဝန်တွေ မရှိရင် တော်လှန်ရေးအဖွဲ့တွေ ဒဏ်ရာရရင်လည်း ဘာမှ လုပ်မရဘူးလေ။ အဲဒါကြောင့် ဆရာဝန်တွေရှိတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်လာတာ" လို့ ‌ဒေသတွင်း သတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်း သတင်းစာမျက်နှာက ကိုဘကောင်းကပြောပါတယ်။

ဆရာဝန်တွေရှိတဲ့နေရာတွေနဲ့ ဆေးပေးခန်းနေရာတွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက နည်းလမ်းပေါင်းစုံနဲ့ စုံစမ်းနေတာဖြစ်တဲ့အတွက် တခြားဆေးခန်းတွေ၊ ဆေးကုသမယ့် နေရာတွေ၊ ဆရာဝန်တွေ နေထိုင်တဲ့ နေရာတွေကို သတင်းပေါက်ကြားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဂန့်ဂေါမြို့နယ်ရဲ့ လက်ရှိအခြေအနေ

စစ်ကောင်စီတပ်စွဲထားတဲ့ အောင်မြင်ရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်စွဲထားတဲ့ အောင်မြင်ရွာ

ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေ၊ စစ်ကောင်စီကို ထောက်ခံတဲ့ အရပ်အခေါ် ပျူစောထီးကျေးရွာတွေဖြစ်တဲ့ မြောက်ခင်ရန်းရွာဝန်းကျင်နားက ကျေးရွာတွေကပြည်သူတချို့က နှမ်းခါးရွာမှာ တိမ်းရှောင်နေကြတာတွေ ရှိပါတယ်။

"သာမန် နေမကောင်းတာလောက်ဆိုရင်၊ ဆေးခန်းလည်းရှိတယ်ဆိုတော့ ဒီရွာမှာ စစ်ရှောင်တွေ လာမှီခိုကြတာ။ အခုတော့ သူတို့တွေပါ ထပ်ရှောင်ကြရပြီ" လို့ ကိုယောက ပြောပါတယ်။

နှမ်းခါးရွာဆေးခန်း လေကြောင်းတိုက်ခံရပြီးနောက်ပိုင်း နှမ်းခါးရွာ အပါအဝင် ဘေးပတ်ဝန်းကျင်က ကျေးရွာ ၅ ရွာလောက်လည်း တိမ်းရှောင်နေကြတယ်လို့ ကိုဘကောင်းက ပြောပါတယ်။

"အိမ်ခြေ ထောင်ချီရှိတဲ့ ရွာမှာ လူမရှိတော့ သလောက်ပါပဲ။ အကုန်ရှောင်ကုန်ပြီ"လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်တုန်းကလည်း ယောဒေသထဲကပဲ ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာကို မနက် ၂ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတာသာမက စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အထက်တန်း ကျောင်းသူ အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်း သတင်းစာမျက်နှာကနေ သိရပါတယ်။

ဂန့်ဂေါမြို့ အမှတ် ၅၀ ခြေလျင်တပ်ရင်း က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့နယ်တောင်ဘက်က အောင်မြင်မြင်(ရှောက်ပင်)ရွာ၊ အနောက်ဂန့်ဂေါရွာ၊ ရှုံးရှီရွာတို့ကို ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကစလို့ စစ်ကြောင်းထိုး နေရာယူထားပြီး ဘန်ကာတွေဆောက် ၊ ကတုတ်ကျင်းတွေပါ တူးထားကြပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

ရှောက်ပင်ရွာကို စစ်ကြောင်းထိုးတာကြောင့် အောင်မြင်ရွာ(ရှောက်ပင်ရွာ) အပါအဝင်၊ လုံခြုံရွာ၊ အနောက်ဂန့်ဂေါရွာ၊ ပိတောက်ကုန်း၊ ပျားရွာ စတဲ့ ကျေးရွာက ပြည်သူ ၄,၀၀၀ ဝန်းကျင်လည်း စစ်ဘေးရှောင်နေကြရပါတယ်။

"ဂန့်ဂေါမှာ တိုက်ပွဲတွေ မဖြစ်တာ တစ်နှစ်ခွဲ နှစ်နှစ်ဝန်းကျင်လောက်ရှိပြီ။ အခုဆို စစ်ကြောင်းထိုးဖို့ သူတို့တွေ ကြိုးစားနေတယ်။ ဒါပေမဲ့လည်း မြောက်ခင်ရန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွှေဘိုရွာကို ကျော်ပြီး စစ်ကြောင်း မထိုးနိုင်သေးဘူး။ စစ်ကြောင်းထွက်တာနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာပဲ"လို့ ကိုဘကောင်းက ပြောပါတယ်။

စစ်ကောင်စီက ဂန့်ဂေါဘက်ကို နေရာယူဖို့ ကြိုးစားတာဟာ ယောဒေသနဲ့ ချင်းပြည်နယ် ဟားခါးကို ဆက်သွယ်ထားတဲ့ ကုန်စည်စီးဆင်းမှုတွေ အားလုံးကို ရယူဖို့ ဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီဟာ ဂန့်ဂေါမြို့နယ်ထဲကို စိုးမိုးနယ်မြေဖြစ်ဖို့ တိုးချဲ့လာနိုင်တယ်လို့လည်း ဒေသကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒါအပြင် မတ် ၁၃ ရက်ကစပြီး ဒေသအခေါ် ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းနဲ့ ဟံသာဝတီရွာတွေမှာလည်း စစ်ကောင်စီတပ်တွေက စက်တပ်လေထီးလေ့ကျင့်တာတွေ လုပ်နေကြတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် လေကြောင်းရန်အပြင် စက်တပ် လေထီးရန်ကနေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေ တူးထားဖို့ကိုလည်း စစ်ရေးကျွမ်းကျင်သူတွေက အကြံပြုထားကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာအထိ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၄၃ ယောက်ရှိတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေက ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ဂျီနီဗာ ကွန်ဗင်းရှင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ လူသားချင်း စာနာထောက်ထားရေး လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာက အရေးယူပေးဖို့လည်း NUG က ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဆွစ်ဇာလန်နိုင်ငံ လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီက ကျန်းမာရေးဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်တာကြောင့် ထိခိုက်ပျက်စီးတဲ့ အရေအတွက် ၁၈၀ ကျော် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အသတ်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၉၇ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁၇ ယောက်နဲ့ အဖမ်းခံရသူ အနည်းဆုံး ၈၈၀ ရှိတယ်လို့လည်း Insecurity Insight က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို လေကြောင်းကနေ ဗုံးကြဲခံရအပြီးမှာတော့ ဆေးကုသဖို့တောင် မဝံ့ရဲလို့ နေမကောင်းရင်တောင် ကြိတ်မှိတ်နေရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။