အပြန်အလှန်စွပ်စွဲမှုတွေကြား အစပျောက်နေတဲ့ ကထိက ဒေါ်ဝင်းဝင်းအောင်

ဓာတ်ပုံ ရင်းမြစ်, KO SAY
နွားထိုးကြီး PDF အဖွဲ့က ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ် သတ္တဗေဒဌာနက ကထိက ဒေါ်၀င်း၀င်းအောင် ကို အာရက္ခတပ်တော် ( အေအေ)နဲ့ ပူးပေါင်းသွားတယ်လို့ စစ်ကောင်စီက အချက်အလက်တချို့နဲ့ ထုတ်ပြန် ပြောဆိုလာပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ CCTV မှတ်တမ်းဓာတ်ပုံမှာ မြန်မာဝတ်စုံ ပန်းရောင်ဝမ်းဆက်ဝတ်ဆင်ထားတဲ့ ဒေါ်ဝင်းဝင်းအောင် ဟာ မေ ၇ ရက်က မိတ္ထီလာတက္ကသိုလ် အမှတ် ၁ ဂိတ်ကနေ ပုံမှန်အတိုင်း ကျောင်းအပြင်ကို ထွက်ခွာသွားတာကို တွေ့ရပါတယ်။
ဆရာမ လက်ထဲမှာ ထီးရှည်တစ်ချောင်းကိုင်ကာ ဘယ်ဘက်ပုခုံးမှာ ဘေးလွယ်အိတ်လွယ်ထားပြီး ညာလက်မှာ လေးထောင့်ကျကျ ခပ်ပါးပါးလက်ဆွဲအိတ် တစ်လုံးကို ဆွဲထားပါတယ်။
မေလ ၈ ရက်က မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း/နွားထိုးကြီး PDF က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံမှာလည်း ဒေါ်ဝင်းဝင်းအောင်က အဲဒီ ပန်းရောင်ဝမ်းဆက်ဝတ်စုံကို ဝတ်ထားတာဖြစ်ပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာတက္ကသိုလ် ရှေ့မှာပျောက်သွားတဲ့ဆရာမတစ်ဦးကို အာရက္ခတပ်တော်(အေအေ) ရဲ့ နယ်မြေထဲကို ရောက်သွားတယ်လို့ စစ်တပ်က ဘယ်အချက်တွေနဲ့ထုတ်ပြန်တာလဲ။ အေအေပြောခွင့်ရ ဦးခိုင်သုခက ဘယ်လိုအဖြေပေးထားလဲ။
နွားထိုးကြီး PDF က ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, နွားထိုးကြီး PDF
ဆရာမကို ဖမ်းထားတဲ့အကြောင်း မေ ၈ ရက်က နွားထိုးကြီး PDFရဲ့ ထုတ်ပြန်ချက်မှာတော့ မိတ္ထီလာနယ်တစ်နေရာကနေ ဆရာမကို ဖမ်းဆီးခဲ့တယ်လို့ ထည့်ပြောထားပြီး စုံစမ်းစစ်ဆေးတာတွေလုပ်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၄ ရက်မြောက်ဖြစ်တဲ့ မေ ၁၂ ရက်မှာ ဆရာမနဲ့ ပတ်သက်လို့ နွားထိုးကြီး PDF ကို ဘီဘီစီက မေးခွန်းထုတ်ချိန်မှာ တိကျရေရာတဲ့အချက်အလက်ကို မဖြေဆိုခဲ့ပါဘူး။
"တပ်ရင်းတာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှသတင်း မထုတ်ဖို့ ပြောထားပါတယ်" လို့ သာ နွားထိုးကြီး PDF ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြန်ဖြေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"စစ်ဆေးတာက ဟုတ်ပါတယ်။ စစ်ဆေးချက်က ဘာတွေရလဲ၊ အေအေနယ်မြေကို သွားသလားဆိုတာက အရေးကြီးတဲ့ကိစ္စဖြစ်တော့ တာဝန်ရှိသူတွေပဲ ဖြေနိုင်ပါလိမ့်မယ်" လို့ မြင်းခြံခရိုင်တပ်ရင်း ၄ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဒါအပြင် အဲဒီထက်ပို ပြောခွင့်လည်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။
မေ ၈ ရက်က နွားထိုးကြီး PDFရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေါ်ဝင်းဝင်းအောင်ရဲ့ အမျိုးသား၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်(စီမံ/ဘဏ္ဍာ)ဌာနက ဌာနမှူး ဦးအောင်ဆန်းဟာ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်အောင် ကြိုးစားဆောင်ရွက်နေသူဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း မိတ္ထီလာနယ်ခံလည်း မဟုတ်သလို ရန်ကုန်ကနေ ရောက်တာ တစ်ပတ်သာရှိသေးတဲ့ဆရာမတစ်ဦးဟာ နယ်မြေခံတော်လှန်ရေးတပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတယ်ဆိုတဲ့အပေါ် မေးခွန်းထုတ် ဆွေးနွေးမှုတွေလည်း ရှိလာပါတယ်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနရဲ့ ကထိကတစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းဝင်းအောင်ဟာ မန္တလေး တိုင်းထဲက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ဖြေရမယ့်ကျောင်းသားတွေကို အနီးကပ် စာသင်ပေးဖို့ မေ ၁ ရက်က မိတ္ထီလာတက္ကသိုလ်ကို ရောက်ခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ အပြောအရ နွားထိုးကြီး PDF အကြောင်းထည့်သွင်းပြောကြားတာမရှိဘဲ ဆားလင်းကြီး PDF ကတဆင့် အေအေနဲ့ ချိတ်ဆက်ပူးပေါင်းသွားတာလို့ ဆိုပါတယ်။
ဆားလင်းကြီး PDF က ကိုဇေယျာမင်းဌေး ဆိုသူရဲ့ အကူအညီနဲ့ အဲဒီနယ်ထဲက ကျားတက်ရွာကို မေ ၇ ရက်မှာ ရောက်သွားခဲ့တယ်လို့ စစ်ကောင်စီကပြောပါတယ်။
ဘီဘီစီက ဆားလင်းကြီး PDF ထဲက တပ်ရင်းတာဝန်ရှိသူတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ကိုဇေယျာမင်းဌေးဆိုသူမရှိကြောင်းနဲ့ ဆားလင်းကြီး တပ်ရင်း ၁၄/၁၅ က ရင်းမှူး ကိုဇေယျာဌေးတော့ ရှိကြောင်း ပြောပါတယ်။
ဘီဘီစီက ကိုဇေယျာဌေးကို မေ ၁၂ ရက် ညပိုင်းအထိ ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းဆက်သွယ်လို့မရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, မိတ္ထီလာတက္ကသိုလ်
စစ်ကောင်စီ ဘယ်လိုထုတ်ပြန်လဲ

ဓာတ်ပုံ ရင်းမြစ်, SAC
စစ်တပ်ကတော့ ဒေါ်ဝင်းဝင်းအောင်ဟာ အာရက္ခတပ်တော်(အေအေ) နယ်မြေထဲက ပညာရေးလုပ်ငန်းတွေကို ပူးပေါင်းကူညီဖို့ နဂိုတည်းက ရည်ရွယ်ချက်ရှိသူလို့ စွပ်စွဲထားပါတယ်။
မေ ၁ ရက်မှာ မိတ္ထီလာတက္ကသိုလ်ရောက်ပြီး မေ ၂ ရက်က စတင်ကာ အထက ၂ ပျော်ဘွယ်မှာ သင်ကြားပို့ချရေးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မေ ၇ ရက် မနက်အစောပိုင်းမှာ မိတ်ဆွေတချို့နဲ့တွေ့ဆုံဖို့ဆိုကာ အဖွဲ့ခေါင်းဆောင်ကို ဖုန်းနဲ့ ခွင့်တိုင်ကြားခဲ့တယ်လို့ ပြောထားပါတယ်။ အဲဒီတစ်ရက်တည်းမှာပဲ ဆားလင်းကြီး PDF က ဇေယျာမင်းဌေးဆိုသူနဲ့ ချိတ်ဆက်ပြီး အဲဒီနယ်ထဲက ကျားတက်ရွာကတဆင့် အေအေက ဇော်အေးထွန်းဆိုသူထံဆက်လက်သွားရောက် ပူးပေါင်းခဲ့တာလို့ လမ်းကြောင်းတွေနဲ့ ထည့်သွင်းထုတ်ပြန်ပါတယ်။
ဒါအပြင် မိတ္ထီလာတက္ကသိုလ်ရှိ စီစီတီဗွီမှတ်တမ်းများအရ ဒေါ်ဝင်းဝင်းအောင်ဟာ မနက် ၅ နာရီ ကျော်က သူခေတ္တနေထိုင်တဲ့ မိတ္ထီလာတက္ကသိုလ်၊ ကံ့ကော်ဆောင်က ထွက်ခွာသွားပြီး တက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်မှာ တစ်ဦးတည်း မနက်စာ စားသုံးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
မနက် ၇ နာရီခန့်မှာ လက်ဖက်ရည်ဆိုင်ရှေ့ကို ရောက်ရှိလာတဲ့ ယာဉ်အမှတ်(စိစစ်ဆဲ) Toyota Passo (ခဲရောင်) မော်တော်ယာဉ်ပေါ် ကို သူ့ သဘောဆန္ဒနဲ့ လိုက်ပါသွားခဲ့ကြောင်း တွေ့ရှိရတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ကားနံပါတ်ကိုတော့ စိစစ်ဆဲလို့ စစ်ကောင်စီကဆိုပြီး အတိအကျထည့်ပြောတာ မတွေ့ရပါဘူး။
အဲဒီနေ့ မေ ၇ ရက်၊ ည ၉ နာရီခွဲမှာ ဒေါ် ဝင်းဝင်းအောင်ရဲ့ သားဖြစ်သူ ကိုရဲလင်းမြတ်ဟိန်းရဲ့ အီးမေးလ် [email protected] ကို [email protected] ဆိုတဲ့ မေးလ်ကနေ "Your Mon condition is ok. After Little checking, and will free" ဆိုတဲ့စာ ပို့ထားတာကို တွေ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဒေါ်ဝင်းဝင်းအောင်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မွေးဖွားတဲ့ ရခိုင်လူမျိုးဖြစ်တယ်ဆိုတာကို အချက်တစ်ခုအနေနဲ့ ထောက်ပြထားပါတယ်။
စစ်တွေမှာပဲ ပညာသင်ပြီး တက္ကသိုလ်နည်းပြဆရာမ မဖြစ်ခင်အထိ စစ်တွေက အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်တယ်ဆိုတာကိုလည်း ထည့်သွင်းထားပါတယ်။
စစ်ကောင်စီဘက်က ဒီထုတ်ပြန်ချက်ကို လူမျိုးရေးအစွဲနဲ့ ထုတ်ပြန်တာလို့ အေအေနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"PDF က ဖမ်းပြီး ပြန်လွှတ်ရင်တောင် သူ့ဘဝအတွက် မလုံခြုံတော့ဘူး။ အေအေနဲ့ ပူးပေါင်းတယ်လို့ စစ်တပ်က သတ်မှတ်လိုက်ပြီဆိုတော့ သူ့ အပြင် မိသားစုအတွက်လည်း အန္တရာယ်ရှိတယ်" လို့ နီးစပ်သူက မှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ScreenGrab
အေအေ ဘက်က ဘယ်လိုတုံ့ပြန်လဲ

ဓာတ်ပုံ ရင်းမြစ်, Arakan Army
အာရက္ခတပ်တော်(အေအေ)ဟာ ရခိုင်ပြည်နယ်ထဲက ထိန်းချုပ်နယ်မြေတွေမှာ ရခိုင်ပညာရေးဖော်ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
သင်ရိုးညွှန်းတမ်းနဲ့ ဘာသာရပ်အလိုက် သင်ကြားသွားမယ့်နည်းစနစ်တွေကို ထုတ်ပြန်တာ မရှိသေးပေမဲ့ လာမယ့်ပညာသင်နှစ်မှာ ရခိုင်စာပေနဲ့ သင်ကြားမယ်လို့ အေအေပညာရေးဌာနအကြောင်းသိရှိသူရဲ့ ပြောကြားချက်နဲ့ ဖော်ပြနေကြတာပါ။
ဒီအတွက် သင်ကြားပေးနိုင်မယ့် ဆရာ၊ ဆရာမတွေကို ခေါ်ယူနေတယ်လို့လည်း ပြောထားပါတယ်။
"ပညာရေးဝန်ထမ်းက အေအေမှာ သိပ်မရှိဘူး။ မြောက်ပိုင်းမှာပဲ နည်းနည်းရှိတယ်" လို့ အေအေနဲ့နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ဒေါ်ဝင်းဝင်းအောင်အနေနဲ့ ရခိုင်ပြည်နယ်က ပညာရေးအတွက် လာရောက်ပူးပေါင်းနိုင်ခြေတော့ နည်းတယ်လို့ သူက ယူဆပါတယ်။
"လာပူးပေါင်းရင်တော့ ကောင်းတာပေါ့။ ဆရာမှ မရှိတာ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးထင်တယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အာရက္ခတပ်တော်(အေအေ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ အေအေဘက်ကို ဒေါ်ဝင်းဝင်းအောင် ရောက်လာတာမရှိသေးဘူးလို့ ဘီဘီစီကို တုံ့ပြန်ပါတယ်။
"စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲက ပျောက်ဆုံးသွားတဲ့ ပညာရေးဝန်ထမ်းအတွက် စစ်ကောင်စီမှာ အဓိက တာဝန်ရှိပါတယ်။ အခုထုတ်ပြန်ချက်ဟာ တာဝန်မဲ့တဲ့ပြောဆိုမှုလို့ပဲ ယူဆတယ်" လို့ ဦးခိုင်သုခကပြောပါတယ်။
ဒါကြောင့် အပြန်အလှန်ပြောဆိုစွပ်စွဲမှုတွေကြားမှာ ဒေါ်ဝင်းဝင်းအောင်ဟာ မန္တလေးတိုင်းထဲထဲက မိတ္ထီလာ တက္ကသိုလ်နဲ့ နွားထိုးကြီး၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျားတက်ရွာ အပါအဝင် မိုင် ၁၃၀ ဝန်းကျင် ပတ်လည်မှာ ပျောက်ဆုံးနေဆဲဖြစ်နေပါတယ်။
မတ် ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး မီးလောင်ခဲ့တဲ့အတွက် ၂၀၂၅ မတ်လမှာဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲ အဖြေလွှာတွေ မီးလောင်ခဲ့ပါတယ်။
မီးလောင်ခဲ့တဲ့ အဖြေလွှာတွေအတွက် စာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက် အပေါ် ပညာရေးအသိုင်းအဝိုင်းကြားမှာ ဝေဖန်ချက်တွေရှိပါတယ်။
လာမယ့် ဇွန်လမှာ ပြန်လည်ဖြေဆိုကြရမယ့် ကျောင်းသူ/ကျောင်းသား ၆ သောင်းကျော် အထဲ ပြင်းထန်ငလျင်သင့်ခဲ့တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တို့အပြင် ကချင်ပြည်နယ်လည်းပါနေပါတယ်။
အဲဒီ ဒေသ ၄ ခုက ကျောင်းသူ၊ ကျောင်းသား ၆၃,၀၀၀ ကျော်ရဲ့ အဖြေလွှာအုပ်ရေ ၃ သိန်းကျော် မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စာမေးပွဲပြန်ဖြေခိုင်းမယ့် အစီအစဉ်ကြောင့် ဝေဖန်ချက်အမျိုးမျိုး ထွက်ပေါ်နေသလို ဘာသာရပ်အားလုံးဖြေဆိုခဲ့သူအားလုံးကို အအောင်ပေးဖို့ ကျောင်းသားမိဘတချို့ဘက်က ဆန္ဒရှိနေကြပါတယ်။
အဝေးသင်တက္ကသိုလ်ဆရာအသိုင်းအဝိုင်းထဲက တချို့ရဲ့ အပြောအရတော့ ဆရာမ ဒေါ် ဝင်းဝင်းအောင်ဟာ အာဏာသိမ်းအစောပိုင်းကာလမှာ အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာမရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စာမေးပွဲပြန်ဖြေခိုင်းတဲ့ဖြစ်စဥ်တဲ့ပတ်သက်ပြီး ဝေဖန်တာမျိုးရှိတယ်ဆိုတဲ့ ပြောဆိုချက်တချို့လည်း သိရပါတယ်။
အဲဒီအချက်တွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမရှိသေးတာကြောင့် ဆရာမဒေါ်ဝင်းဝင်းအောင် ရဲ့ မိသားစုအပါအဝင် မိတ်ဆွေရင်း တချို့နဲ့ ဆက်သွယ်နိုင်ဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။












