စီးပွားပြိုလဲပြီးရင် အစိုးရပါပြောင်းရတဲ့ အခြေအနေ မြန်မာ့အရေးမှာ တွေ့လာရမလား

လောင်စာဆီ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ငွေပေးဝယ်ချင်ရင်တောင် ဝယ်မရနိုင်တော့တဲ့ အနေအထား

မြန်မာနိုင်ငံထဲ စက်သုံးလောင်စာဆီ စျေးတွေ မြင့်တက်နေပြီး၊ လိုသလောက် ဝယ်ယူမရနိုင်ပဲ ဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းတာကအစ ဆိုင်ပိတ်ထားတာမျိုးတွေ အထိ နိုင်ငံတနံတလျား အကျပ်အတည်းတွေ ဆက်လက် ဖြစ်နေပါတယ်။

ဆိုင်တွေမှာ ဆီရှိရက်နဲ့ မရောင်းတာမျိုး မလုပ်အောင် စစ်ကောင်စီဘက်က တင်းကျပ်နေပြီး၊ ဆီမရောင်းချတဲ့ ဆိုင်တွေရှိနေရင် တိုင်ကြားနိုင်တယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအ၀င် ပြည်နယ် အားလုံးနီးပါးမှာ စက်သုံးဆီစျေးတွ ဆက်လက် မြင့်တက်နေပြီး ကန့်သတ်ထားတဲ့ ပမာဏသာ ၀ယ်ယူနိုင်တဲ့ အခြေအနမျိုးတွေ ဆက်လက် ကြုံတွေ့နေရပါတယ်။

နယ်မြို့တော်များများမှာ စက်သုံးဆီ တစ်လီတာကို ကျပ်နှစ်ထောင် ၀န်းကျင်သာ ရှိခဲ့ရာက ပြီးခဲ့တဲ့ရက် ပိုင်းအတွင်းမှာပဲ ဆီစျေးက တစ်လီတာကို သုံးထောင်နဲ့ လေးထောင်ကြားထိ နှစ်ဆနီးပါး ဖြစ်လာခဲ့ပြီး၊ အခုဆိုရင် ငွေပေးဝယ်ချင်ရင်တောင် ဝယ်မရနိုင်တော့တဲ့ အနေအထားမျိုး ရောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆီဆိုင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဆီဆိုင်တွေ ပိတ်မထားဖို့ စစ်ကောင်စီတင်းကျပ်

မှောင်ခို စျေးကွက်တွေလည်း ရှိလာပြီး စက်သုံးဆီ တစ်လီတာကို ကျပ်တစ်သောင်းနားထိ စျေးပေါက်တယ်လို့ စုံစမ်း သိရှိရပါတယ်။

အဲဒီလို အခြေအနေတွေကို ထိန်းသိမ်းဖို့ဆိုကာ စစ်ကောင်စီ ဘက်က တုန့်ပြန်ကိုင်တွယ်မှု တချို့ ပြုလုပ်လာပြီး ဆီဆိုင်တွေ အနေနဲ့ စက်သုံးဆီ မရောင်းချတာ၊ ပိတ်ထား တာတွေ လုပ်နေတာမျိုးနဲ့ ကြုံရရင် တိုင်ကြားနိုင်တယ် ဆိုပြီး ပြည်နယ်နဲ့ တိုင်းအလိုက် ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အဲဒီ ထုတ်ပြန်ချက်နောက်မှာတော့ မရောင်းချပဲ နေခဲ့တဲ့ ဆီဆိုင်တချို့ ပြန်ပြီး ရောင်းလာတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေထံကရော၊ နယ်မြို့တချို့က ကိုယ်တွေ့ ကြုံကြရသူတွေ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့်လည်း သတ်မှတ် ပမာဏ အကန့်အသတ်နဲ့သာ ရောင်းတာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဒေါ်လာစျေး၊ ရွှေစျေး စံချိန်တင် မြင့်တက်

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာ မရှိကြောင်းနဲ့ သီလ၀ါဆိပ်ကမ်း ဘက်မှာ သင်္ဘော ၁၂ စီးနဲ့ ဆီတွေ ထပ်၀င်လာဖို့ရှိပြီး၊ လက်ရှိမှာလည်း ဂါလံ ၁၃ သိန်းလောက် ရဖို့ရှိနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအ အနေနဲ့ စက်သုံးဆီနဲ့ ပတ်သတ်ပြီး အခွန် လျှော့ပေါ့ ပေးနေတာ၊ စက်သုံးဆီ တင်သွင်းနိုင်အောင် နိုင်ငံခြား‌‌ငွေတွေ ရောင်းချ ပေးထားတယ်လို့လည်း ပြောပါတယ်။

စက်သုံးဆီ တင်သွင်းတဲ့သူတွေကို ဒေါ်လာ ဦးစားပေး ရောင်းပေးတယ် ဆိုတာ မှန်ပေမယ့်၊ မြန်မာငွေကြေး တန်းဖိုးကျပြီး ငွေလဲလှယ်နှုန်း အဆမတန် မြင့်မားလာတဲ့ အချက်ဟာ တင်သွင်းသူတွေ အတွက် အကြီးအကျယ် အခက်တွေ့စေတယ်လို့ ထောက်ပြကြသူတွေ ရှိပါတယ်။

ပြည်ပစျေးကွက်တွေထဲမှာပါ လောင်စာဆီ ရှားပါး ပြတ်တောက်နေလို့ ဝယ်ယူလို့ မရတာမျိုး၊ လောင်စာဆီ သယ်ယူပို့ဆောင်ရာ လမ်းကြောင်းတွေ ခက်ခဲ ပိတ်ဆို့ နေတာမျိုးလို ပြဿနာတွေ ရင်ဆိုင် နေရတာ မဟုတ်ပဲ အဓိကကတော့ ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုန်း တစ်ရက်ထက်တစ်ရက်ကို ခုန်ပြီး တက်နေတဲ့ မြန်မာငွေ တန်းဖိုး ကျဆင်းနေတဲ့ ပြဿနာလို့ သုံးသပ်သူ အများက ဆိုပါတယ်။

ဒေါ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုန်း တစ်ရက်ထက် တစ်ရက်ကို ခုန်ပြီး တက်နေ

မြန်မာဗဟိုဘဏ်ဘက်ကလည်း ဒေါ်လာပေါက်စျေး ရည်ညွှန်းနှုန်းတွေ ပြောင်းလဲ ထုတ်ပြန်တာမျိုးတွေ ပြုလုပ်ပေမယ့်လည်း လက်တွေ့ စျေးကွက်ထဲ ပေါ်ပေါက်နေတဲ့ ငွေလဲနှုန်းနဲ့ အတော်လေး ကွာဟနေဆဲပဲ ဖြစ်ပါတယ်။

လောင်စာဆီ ပြဿနာနဲ့ တပါတည်း အထွေထွေ ကုန်စျေးနှုန်းတွေ ကြီးမြင့်တာကအစ ရွှေစျေးဆိုလည်း စံချိန်တင် မြင့်တက်လာတာမျိုးတွေ အခု ရက်ပိုင်းတွေမှာပဲ တွေ့မြင် နေခဲ့ရပါတယ်။

မြန်မာပြည် လက်ရှိ တွေ့ကြုံနေရတဲ့ အထွေထွေ အကျပ်အတည်းတွေရဲ့ ပမာဏ အတိုင်းအတာဟာ ဘယ်လောက် ကျယ်ပြန့်ကြီးမားလဲ၊ လူတွေ အပေါ် ဖိစီးနေလဲ ... အခုလို အခြေအနေမျိုးတွေဟာ နိုင်ငံရေး အပြောင်းအလဲ အစိုးရ အပြောင်းအလဲတွေ တွေ့လာရဖို့ အထိ ဖြစ်လာနိုင်လား စတဲ့ မေးခွန်းတွေလည်း ထွက်ပေါ် လာစေပါတယ်။

ဒီ အကြောင်းတွေကို ဆန်းစစ်သုံးသပ်နိုင်ဖို့ အတွက် မြန်မာအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ကျွမ်းကျင်သူ အဖြစ် ဆယ်စုနှစ်များစွာ အဆင့်မြင့် ရာထူးတွေ ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ အကဲခတ် ဒေးဗစ်မက်သီဆန်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

အကဲခတ် ဒေးဗစ်မက်သီဆန်
ဓာတ်ပုံ ပုံစာ, အကဲခတ် ဒေးဗစ်မက်သီဆန်

ဘီဘီစီ။ ။ အခု မြင်တွေ့နေရတဲ့ လောင်စာဆီ စျေးမြင့်နေတက်နေတာတွေ၊ စျေးကွက်ထဲ လိုသလောက် ဝယ်ယူလို့ မရနိုင် ဖြစ်နေရတဲ့ အကျပ်အတည်းတွေရဲ့ အတိုင်းအတာ ပမာဏဟာ ဘယ်လောက်ထိ ပြင်းထန်နေလဲ၊ မြန်မာပြည်သူတွေ အပေါ် ဘယ်လောက် ရိုက်ခတ်နေတယ်လို့ တွေ့နေရသလဲ ဒေးဗစ်ရေ။

ဒေးဗစ် မက်သီဆန်။ ။ အခု ကြုံတွေ့နေရတဲ့ လောင်စာဆီ မလုံလောက်မှု ပြဿနာ၊ စျေးနှုန်းတွေ မတန်တဆ ကြီးမားလာတဲ့ ပြဿနာဟာ မကြုံစဖူး အတိုင်းအတာ ပမာဏမျိုးထိ ပေါ်ပေါက်နေတာဖြစ်ပြီး၊ ဒီလိုမျိုးတွေ ဖြစ်မနေဘူး၊ ဒီလို ပြဿနာမျိုး ရှိမနေဘူးလို့ မငြင်းနိုင်ပါဘူး။

သူတို့ ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာကို လောင်စာဆီ စျေးတက်တာကအစ၊ နောက်ဆက်တွဲ အနေနဲ့ အထွေထွေ ကုန်စျေးနှုန်းတွေ ကြီးမားလာနေတဲ့ အကြောင်းတွေကို တွေ့ရပါတယ်။

ဓာတ်ဆီနဲ့ ဒီဇယ်လို သန့်စင်ပြီး လောင်စာဆီ ပြည်တွင်းလိုအပ်ချက်ရဲ့ ရာခိုင်နှုန်း အများစုကို ပြည်ပက တင်သွင်းရတာ ဖြစ်ပြီး၊ ၉၀ ရာခိုင်နှုန်းအထိ တင်သွင်းရတာ ဖြစ်တယ်လို့ ကျွန်တော် နားလည်ထားပါတယ်။

ဒီတော့ လောင်စာဆီစျေးကြီးမြင့်မှု၊ ပြတ်တောက်မှုနဲ့ ငွေကြေး ဖောင်းပွနေမှု လက်ရှိ ပြဿနာတွေဟာ ရှိနှင့်ပြီး စီးပွားရေး ချွတ်ခြုံချမှု အခြေအနေကို ပိုလို့ ဆိုးရွားစေပါတယ်။ အဓိပ္ပာယ်ကတော့ ပြည်သူတွေ ပိုပြီး အခက်အခဲတွေ တွေ့ကြုံရပါတယ်။ တတိုင်းပြည်လုံး အနှံ့ အထွေထွေ အကျပ်အတည်း ဆိုက်ရောက်နေတာ ဖြစ်ပါတယ်။

လောင်စာဆီ ပြတ်တောက်မှု ပြဿနာဟာ မြန်မာတနိုင်ငံတည်း ကွက်ပြီး ပေါ်ပေါက်နေတာ မဟုတ်ဘူး၊ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ တွေ့ကြုံနေတာလို့ ပြောမယ့်သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။

ဒါပေမ​​ယ့် မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ အထွေထွေ အကျပ်အတည်းတွေရဲ့ အရင်းခံ ပြဿနာဟာ တကျော့ပြန် စစ်အာဏာ သိမ်းခံလိုက်ရခြင်းကြောင့် ဖြစ်တယ် ဆိုတဲ့ အချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

မြန်မာပြည် စီးပွားရေး ပျက်စီးသွား စေနဲ့ အခြေခံ အကြောင်းဟာ စစ်အာဏာသိမ်းမှု ဖြစ်ပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ စီမံခန့်ခွဲမှု အမှားအယွင်းတွေဟာ လက်ရှိ အခြေအနေတွေကို တွန်းပို့ခဲ့တာပဲ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ လောင်စာဆီ ရှားပါး ပြတ်တောက်တဲ့ ပြဿနာဟာ တစ်ကမ္ဘာလုံး အနှံ့ ကြုံတွေ့ ရတဲ့ ပြဿနာလို့ ဒေးဗစ်လည်း ခုနက ပြောသွားပါတယ်။ ဒီတော့ မြန်မာပြည် အရေးကို ကြည့်မယ် ဆိုရင် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အမှားအယွင်းတွေလို့ ယေဘူယျ သဘောမျိုးထက် ပိုပြီး ဘယ် အချက် ဘယ်အချက်တွေကြောင့်လို့ ဆိုပြီးတော့ရာ ဒေးဗစ်အနေနဲ့ ဆန်းစစ်ထားတာမျိုး ရှိလား။

ဒေးဗစ် မက်သီဆန်။ ။ ကျနော်ကတော့ ပြဿနာအားလုံးရဲ့ အဓိက အကြောင်းခံဟာ ၂၀၂၁ ဖေဖေါ်ဝါရီမှာ သူတို့ လုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုပဲ ဆိုတဲ့ ရပ်တည်မှုကနေ ဆက်ပြီး ပြောပါ့မယ်။ စီးပွားရေး ကျဆင်း ဆုတ်ယုတ်မှုက အစ၊ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကနေ ရုန်းထွက် နလံထူနိုင်ရေးအထိ တွေ့ကြုံသမျှ အခက်အခဲ အကျပ်အတည်းတွေရဲ့ လက်သည်ဟာ စစ်အာဏာသိမ်းခံရမှု အပေါ်မှာပဲ မူတည် နေပါတယ်။

အရပ်သားဦးဆောင်တဲ့ အစိုးရရဲ့ စီမံမှု အောက်မှာဆိုရင် ကိုဗစ်လွန် စီးပွားရေး ထူထောင်မှုတွေဟာ အခုထက် အများကြီးပိုပြီး ကောင်းမွန်နိုင်မယ်၊ အရှိန်ရနိုင်မယ်လို့ ကျွန်တော် ပြောရဲပါတယ်။

ကျန်တဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို အသာထားဦး၊ တရုတ်နဲ့ ထိုင်းတို့လို စစ်အစိုးရ အဆက်ဆက်နဲ့ စီးပွားရေး မိတ်ဖက် ဖြစ်ခဲ့သူတွေကိုယ်တိုင် အခုတခါ အခြေအနေတွေမှာတော့ မြန်မာအာဏာသိမ်း စစ်တပ်အပေါ် စီးပွားရေး အရ ပုံယုံလို့ မရနိုင်ဘူး ဆိုတဲ့ အမြင်မျိုးတွေ ရှိနေပါတယ်။

အခု စစ်ကောင်စီအောက် ပျက်ယွင်းဆုတ်ယုတ် သွားရတဲ့ အထွေထွေ အကျပ်အတည်းတွေရဲ့ အတိုင်းအတာ ပမာဏကလည်း ငွေကြေးဖောင်းပွမှုနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကအစ စံချိန်တင် အဆိုးရွားဆုံး အခြေအနေမျိုး ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ် မှောင်ခို စျေးကွက်တွေ ဖြစ်လာပြီး၊ လူတွေ အတိဒုက္ခ ရောက်ခဲ့ကြရတာထက်ကို ပိုပြီး ဆိုးတဲ့ အနေအထားကို စစ်ကောင်စီက ဖန်တီး နေပါတယ်။

ငွေရှိပြီးသားသူတွေ၊ ရေပေါ်ဆီတွေ၊ စစ်တပ်နဲ့ စီးပွားဖက်တွေကိုယ်တိုင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဘန်ကောက်နဲ့ စင်္ကာပူတို့ဆီ ရွှေ့ပြောင်းမှုတွေ လုပ်နေကြပါတယ်။ အုံနဲ့ကျင်းနဲ့ ဆက်ပြီး ပေါ်ပေါက်နေမယ်လို့ မျှော်လင့်ရပါတယ်။ စားစရလည်း မရှိ၊ ပြေးစရာလည်း မရှိဖြစ်ကြရသူတွေကတော့ မရှိဆင်းရဲသားတွေပါ။ အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေ အတွက် ပိုပြီး ခက်ခဲကြမ်းတမ်းလာနိုင်ပါတယ်။

ဒီ လူမှု-စီးပွား ပြဿနာကြီး ကိုယ်၌ လက်ရှိ မြန်မာပြည် ကြုံတွေ့နေရတဲ့ ပြည်တွင်းစစ်ရဲ့ နောက်ထပ် မျက်နှာစာတစ်ခု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ စစ်ပွဲကြီးရဲ့ မျက်နှာစာ အားလုံးမှာ သာမန်လူတွေဟာ ရှင်သန်ကျန်ရစ်ဖို့တာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ပြည်တွင်းက စက်သုံးဆီစျေးနှုန်းတွေ ချီ ခုန်တက်

ဘီဘီစီ။ ။ လက်ရှိ စစ်ကောင်စီနဲ့ မိတ်ဖက်ဆက်ဆံရေး ထူထောင်ထားတယ်လို့ မြင်သာနေတဲ့ ရုရှားနဲ့ တရုတ်တို့ဆီက ကူညီမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေရော မရနိုင်ဘူးလား။ စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေ ရဖို့ ဘယ်လောက်အလားအလာ ရှိလဲ။

ဒေးဗစ် မက်သီဆန်။ ။ ဒီ အခြေအနေမှာ နိုင်ငံတကာ မြီရှင်တွေ အလုံးအရင်းနဲ့ ဝင်လာပြီး ကူညီကြဖို့ ဆိုတာကိုလည်း မမျှော်လင့်နိုင် ဖြစ်နေပါတယ်။

ရုရှားနဲ့ကြား နောက်ပိုင်း စီးပွားရေး ဆက်ဆံမှုတွေပါ တိုးမြှင့် တည်ဆောက်မယ်လို့ မြန်မာ စစ်တပ်က ရည်ရွယ်ထားပုံ ရပေမယ့်၊ တိုင်းပြည် တစ်ခုလုံး စီးပွားရေး နလံ ထူလာနိုင်အောင် အထိတော့ ရုရှားဆီက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်လို့ ကျွန်တော် မမြင်မိပါဘူး။ တရုတ် အနေနဲ့ကလည်း မြန်မာနိုင်ငံထဲ သူ့ရဲ့ ရှိနှင့်ပြီး စီးပွားရေး အကျိုးအမြတ်တွေကို ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတဲ့ အပေါ်မှာသာ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်ကြီး တနိုင်ငံလုံး အတိုင်းအတာ ချွတ်ခြုံကျ နေတဲ့ အထွေထွေ အကျပ်အတည်းကနေ လွန်မြောက်အောင် ရုရှားနဲ့ တရုတ်ဆီက အကူအညီ ရနိုင်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံထဲ လူ့ပယောဂကြောင့်၊ ( လူ့ပယောဂလို့ ကျွန်တော် ပြောတာဟာ စစ်အာဏာသိမ်းမှုကိုပဲ ရည်ညွှန်းပါတယ်) လူ့ပယောဂကြောင့် ကျိုးပျက်သွားရတဲ့ စနစ်ယန္တရားတွေရဲ့ ဝန်ကို ရုရှားနဲ့ တရုတ်တင်မက ထိုင်းရော၊ ဂျပန်ရော ဘယ်သူမှ ဝင်ပြီးတော့ ထမ်းကြမှာ မဟုတ်ပါဘူး။

လက်ရှိ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ရှိနေချိန်မှာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF တို့ ထံကနေ အကူအညီတွေလည်း ရနိုင်မှာ မဟုတ်ပါဘူး။ စားနပ်ရိက္ခာနဲ့ ဆေးဝါးတို့လို့ အရေးပေါ် အကူအညီပေးရေး အစီအစဥ်တချို့ကိုတော့ ကုလသမဂ္ဂ အေဂျင်စီ တချို့က ပြုလုပ်ကောင်း ပြုလုပ် ပါလိမ့်မယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ သုံးဖို့ လျာထားတဲ့ သူတို့ရဲ့ ဘတ်ဂျက် ရန်ပုံငွေတွေ ဘယ်လောက် လိုငွေပြနေလဲ ဆိုတာ ကျွန်တော်တို့ တွေ့မြင် ကြားသိ နေရပါတယ်။ ပြည်တွင်းမှာတော့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဟာ တွက်ဆမှု တချို့ အရဆိုရင် ၁၅ သန်း အထိ များနိုင်ပါတယ်။

ဒီတော့ ချုပ်ပြီး ပြောရရင် တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည် တည်ဆောက်ရေးလိုမျိုး ကျယ်ပြန့်တဲ့ နိုင်ငံတကာ စီမံကိန်းတွေ၊ အကူအညီတွေ၊ လိုအပ်တဲ့ အထောက်အပံ့တွေကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေထံကရော ငွေကြေး အဖွဲ့အစည်းတွေထံကပါ မြန်မာ အာဏာသိမ်း စစ်တပ် ရရှိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

သီရိလင်္ကာလိုထိ ဖြစ်သွားမလား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာလိုထိ ဖြစ်သွားမလား

ဘီဘီစီ။ ။ တိုင်းပြည်တစ်ခု စီးပွားရေး ပျက်ပြီဆိုရင် အစိုးရ အပြောင်းအလဲ ဖြစ်ကြရတဲ့ ဓမ္မတာလည်း ရှိနေတယ် မဟုတ်လား ဒေးဗစ်ရေ ... ဒီတော့ အခုလို အထွေထွေ အကျပ်အတည်းမှာ နိုင်ငံရေး အတိုက်အခံတွေဘက်ကရော ဘယ်လို အခွင့်ကောင်းတွေ ရနိုင်လဲ ... စစ်ကောင်စီဘက်ကရော နိုင်ငံရေး အပြောင်းအလဲ လုပ်ဖို့ အထိ စဥ်းစား လာနိုင်သလား။

ဒေးဗစ် မက်သီဆန်။ ။ အခုလို ပျက်သုဥ်းနေတဲ့ အခြေအနေကို ရပ်သွားဖို့ ဆိုရင်တောာ့ တစုံတရာ အတိုင်းအတာထိ အပေးအယူတွေ လုပ်ဖို့၊ ညှိနှိုင်းတာတွေ လုပ်မှ ရနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စစ်ကောင်စီကို ဦးဆောင်နေသူတွေထံမှာ အဲဒီလို နိုင်ငံရေး စိတ်ဆန္ဒမျိုး ရှိမနေပါဘူး။ ညှိနှိုင်းမှုတွေ ပြုလုပ်တယ် ဆိုတဲ့ နေရာမှာ ပြီးခဲ့တဲ့ လပိုင်းတွေ၊ သီတင်းပတ်တွေမှာ မြင်တွေ့နေခဲ့တဲ့ နေပြည်တော် တွေ့ဆုံပွဲ တွေကို မဆိုလိုပါဘူး။

လက်ရှိ အခြေအနေတွေထဲ တိုက်ရိုက်ပါဝင် ပတ်သက်နေတဲ့ အဖွဲ့တွေ၊ ပြည်သူကို ကိုယ်စားပြုတဲ့ တရားဝင်မှု ရှိထားသူတွေနဲ့ စကားပြောဆိုမှုကို ဆိုလိုပါတယ်။ အဲဒီလိုကတော့ လက်ရှိ အနေအထားတွေ အရတော့ ဖြစ်မလာနိုင်သေးပါဘူး။

ကျွန်တော် လက်ရှိ ဆန်းစစ်ထားတာကတော့ တိုင်းပြည်ဟာ ဒီပုံအတိုင်း ဆက်ပြီး သွားနေမယ်ဆိုရဲ့ ပြည်ထောင်စု အတွင်း အစိတ်ပိုင်းလိုက် သီးသန့် အခြေအနေတွေ ကိုယ်စီ ဖန်တီး ထူထောင် လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဝတွေ သီးသန့် စုဖွဲ့ပြီး နေသလိုမျိုး ကျန်တဲ့ နေရာတွေမှာပါ ဆက်ပြီး ဖြစ်လာနိုင်ပါတယ်။ မြောက်ပိုင်းမှာ ဆိုရင် ကေအိုင်အေနဲ့ သူတို့ရဲ့ မိတ်ဖက်တွေရဲ့ လှုပ်ရှား နေကြတဲ့ ထိန်းချုပ်နယ်မြေတွေ၊ အနောက်ဘက်မှာ ဆိုရင်လည်း အေအေရဲ့ ကွန်ဖရက်ဒေးရှင်း ရည်မှန်းချက်ကို အခြေခံတဲ့ နယ်မြေတွေ စသဖြင့် ပြည်ထောင်စုတွင်း .. သီးသန့် အစိတ်အပိုင်းတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရ နိုင်ပါတယ်။

ဒါ့အပြင် "လွတ်မြောက်နယ်မြေ" တွေလို့ ခေါ်နိုင်ဖို့ စောကောင်း စောနိုင်ပေမယ့် PDF တို့ ပိုပြီး သွားလာ ဝင်ထွက် လှုပ်ရှားရာ နယ်မြေဒေသတွေကိုလည်း ထင်ထင်ရှားရှား တွေ့လာရနိုင်ပါတယ်။

ဒီလို အခြေအနေတွေဟာ စီးပွားရေး ကဏ္ဍ ကသောင်းကနင်း ဖြစ်နေမှုတွေနဲ့လည်း တပြိုင်နက်တည်း ယှဥ်တွဲ နေပါလိမ့်မယ်။ စိုက်ပျိုးမြေတွေ ရာနှုန်းပြည့် အသုံးမချနိုင်တာတွေ၊ ဒေသအလိုက် သဘာဝ သယံဇာတ ရင်းမြစ်တွေကို ထိန်းချုပ်နိုင်ရေး နေပြည်တော်နဲ့ အပြင်းအထန် ယှဥ်ပြိုင်တာမျိုးတွေဟာ တပါတည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ကျွန်တော် ဘာကို ကြိုးစားပြီး ပြောနေတာလည်း ဆိုရင် နေပြည်တော် ဗဟိုပြုပြီး တစ်တိုင်းပြည်လုံးကို လွှမ်းခြုံတဲ့ စီးပွားရေး စီမံကိန်းတွေ၊ ပြန်လည် နလံထူရေး အစီအစဥ်တွေ ရှိလာဖို့ မမျှော်လင့်နိုင်ပါဘူး။ နယ်မြေအလိုက် ကိုယ်စီ ထိန်းချုပ် နေကြတဲ့ အစိတ်စိတ်အမွှာမွှာသော စီးပွားရေးတွေကိုပဲ မြင်တွေ့ရမယ့် အလားအလာက ပိုများနေပါတယ်။