ဒေါ်လာ ရွှေ စက်သုံးဆီ စျေးတွေ ထိန်းမနိုင်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီ ဗဟိုဘဏ်က မြန်မာ ကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းရဲ့ ၀.၃ ရာခိုင်နှုန်းအတွင်းသာ အတိုးအလျှော့လုပ်ရမယ်လို့ သြဂုတ်လ ၁၀ ရက်နေ့ ကသတင်းထုတ်ပြန်ခဲ့အပြီးမှာ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ အမေရိကန်နဲ့ ဒေါ်လာငွေလဲနှုန်းက ပြည်တွင်း တကယ် လက်တွေ့အရောင်းအဝယ်လုပ်တဲ့ စျေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၈၀၀ အထိကို စျေးပေါက်လာခဲ့တယ်လို့ စျေးကွက်သတင်းတွေအရ သိရပါတယ်။
မနေ့က သြဂုတ်လ ၁၀ ရက်နေ့က အမေရိကန်ဒေါ်လာဟာ အပြင်စျေးကွက်မှာ တစ်ဒေါ်လာကို ၂၆၇၀ ကျပ်နဲ့စျေးပိတ်ခဲ့တာဖြစ်ပါတယ်။ အပြင်စျေး တစ်ရက်အတွင်း ကျပ် ၁၃၀ လောက် အထိ စျေးတက်သွားတာဖြစ်ပါတယ်။
"၂၈၀၀ စျေးတောင် အရွက် ရွေးလို့မရဘူး ၊ ရတာပဲ ယူရမှာ စျေးတွေကမငြိမ်ဘူး ၊ကြိုက်ရောင်း ကြိုက်ဝယ်ပဲ"လို့ ရန်ကုန်မြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာရည်ညွှန်းစျေးကို ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ် သတ်မှတ်ထားခဲ့ရာကနေ သြဂုတ်လ ၅ ရက်နေ့က တစ်ဒေါ်လာကို ကျပ်၂၁၀၀ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
အပြင်စျေးနဲ့ စစ်ကောင်စီ ဗဟိုဘဏ် တရားဝင်သတ်မှတ်စျေးဟာ အခုဆိုရင် တစ်ဒေါ်လာကို ကျပ် ၇၀၀ လောက်အထိကို ကွာခြားချက် ဖြစ်နေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်လာစျေးတက်လာပြီး ပြည်တွင်းရွှေစျေးတွေလည်း တက်လာခဲ့ရာမှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၂၅ သိန်းကျော်အထိ ရောက်လာခဲ့ပါတယ်။
မနေ့က သြဂုတ်လ ၁၀ ရက်နေ့က အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၂၄ သိန်း ၆ သောင်းကျော်နဲ့ စျေးပိတ်ခဲ့တာ ဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့မှတောာ့ ၂၅ သိန်း ၅ သောင်းနဲ့ စျေးပိတ်သွားခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းရွှေစျေးဟာ ကမ္ဘာ့ရွှေစျေးနဲ့ ပြည်တွင်းဒေါ်လာစျေးပေါ်မှာ အခြေခံတွက်ချက်တာဖြစ်လို့ အပြင်လက်တွေ့အရောင်းအဝယ်ဖြစ်နေတဲ့ ဒေါ်လာစျေးတွေ တက်လာတိုင်း စျေးတွေလိုက်ပြီးတက်နိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။
ရွှေစျေးနှုန်းတွေကို နေ့စဥ်ထုတ်ပြန်ပေးတဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်မျာ အသင်းကတော့ ရွှေစျေးကို တစ်ကျပ်သားကို သြဂုတ်လ ၁၁ ရက်နေ့က ကျပ် သိန်းနှစ်ဆယ်ရှစ်သောင်း စျေးပေါက်တယ်လို့ ဖော်ပြပါတယ်။
ရန်ကုန်က ရွှေဆိုင်တွေကနေ ရွှေဝယ်ယူလေ့ရှိသူ တစ်ဦးကတော့ ရန်ကုန်တိုင်း ရွှေအသင်းကထုတ်ပြန်တဲ့စျေးနဲ့ အပြင်စျေးဟာ တစ်ကျပ်သားကို ၅ သိန်းနီးပါးကွာနေပြီး ရွှေဆိုင်တွေဟာ အဆက်အသွယ်မရှိတဲ့ အပြင်လူကို ရွှေရောင်းလေ့မရှိဘူးလို့ ပြောပါတယ်။
"ရွှေဆိုင်ကို ဖုန်းကြိုဆက်ပြီးမေးရတယ်၊ သူတို့က ယုံမှ ငွေ အထုပ်လိုက် ယူရင်ယူသွား၊ ဒါမှမဟုတ် သူတို့ပေးတဲ့ အကောင့်ထဲကို ငွေလွှဲပြီး သမီးရည်းစားချိန်းတွေ့သလို ချိန်းပြီးဝယ်ရတယ် "လို့ အခုရက်ပိုင်း အကယ်ဒမီရွှေ ဝယ်ယူခဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အလားတူ စက်သုံးဆီဈေးတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တစ်လီတာကို ကျပ် ၂၀၀၀ အောက်ကို ရောက်သွားခဲ့ပေမယ့် ဒီရက်ပိုင်းသြဂုတ်လ ၁၁ ရက်နေ့က ကျပ် ၂၀၀၀ အထက်ကို ပြန်တက်လာပါတယ်။
ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။
92 တစ်လီတာကို ၂၁၄၀ ကျပ်စျေးပေါက်ပြီးတော့ 95 တစ်လီတာကို ၂၂၁၀ ကျပ်အထိ စျေးပေါက်လာတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ သြဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်တဲ့ ရန်ကုန်နဲ့ မန္တလေးရည်ညွှန်းစျေးနဲ့ သြဂုတ်လ ၁၁ ရက်နေ့စျေးဟာ စက်သုံးဆီတွေ တစ်လီတာကို ကျပ် ၃၀၀ နီးပါး ပျမ်းမျှစျေးခုန်တက်လာခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မှာဆိုလည်း ဆီဆိုင်တချို့မှာ 95 ဆီအမျိုးအစားပြတ်လပ်နေတယ်လို့ ကြေညာပြီး အရောင်းရပ်ထားတာ မြင်တွေ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။
ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရလို့ ပြည်ပကနေ တင်သွင်းမှု လျှော့ချသွားဖို့ လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၈ ရက်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များ ညှိနှိုင်းမှုအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အခုလို ရက်သတ္တပတ်အတွင်းမှာ စက်သုံးဆီ ရည်ညွှန်းစျေးလည်း တစ်လီတာ ကျပ် ငါးရာခန့် ခုန်တက်သွားသလို နယ်မြို့တွေမှာ စက်သုံးဆီ ပြတ်လပ်လို့ အရောင်းရပ်ဆိုင်းထားရတာတွေ ဖြစ်လာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငွေလဲဖို့ သတ်မှတ်နှုန်းနဲ့ ပြင်ပပေါက်စျေး ကွာခြားချက် ကြီးမားနေတဲ့ အတွက် ဗဟိုဘဏ်ကနေ နိုင်ငံခြားသုံးငွေလဲနှုန်းကို သတ်မှတ်ဖော်ပြရာမှာ ပုံသေ မသတ်မှတ်ဘဲ ဘယ်လောက် သတ်မှတ်သင့်တယ်ဆိုတာ နေ့စဉ် စောင့်ကြည့် သုံးသပ်ပြီး တစ်ပတ် တန်သည် နှစ်ပတ်တန်သည် စသဖြင့် ငွေလဲနှုန်း အတက်အကျ သတ်မှတ်ပေးမယ် ဆိုရင် ရောင်းသူ၊ ဝယ်သူ၊ သွင်းကုန်၊ ပို့ကုန် လုပ်သူတွေ အားလုံး အများကြီး အဆင်ပြေနိုင်တယ်လို့ ပဲ တင်ပို့တဲ့ လုပ်ငန်းရှင်တစ်ဦးက အကြံပြုပါတယ်။
လောလောဆယ်မှာ ဗဟိုဘဏ်က အမေရိကန် ဒေါ်လာစျေးနှုန်း ပြောင်းလဲလိုက်တာကြောင့် ပို့ကုန်လုပ်ငန်းတချို့ အရင်ထက် နစ်နာဆုံးရှုံးမှု နည်းသွားပေမဲ့ သွင်းကုန်တွေ ပြန်သွင်းရာမှာ စျေးကွက်အတွင်း ဝယ်ယူရခက်ခဲတဲ့ အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်စျေးနှုန်းနဲ့ ပြန်လည်ရောင်းချပေးဖို့ ကုန်သည်တွေဘက်က လိုလားနေကြပါတယ်။








