စျေးသွားရမှာ ကြောက်နေတယ်

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win
"ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး"ဆိုတာဟာ ဒီနေ့ မြန်မာ အိမ်ရှင်မအများစု တွေ့ကြဆုံကြရင် ငြီးတွားနှုတ်ဆက်စကားဖြစ်လာပါတယ်။
တရိပ်ရိပ်တက်နေတဲ့ မီးဖိုချောင်စရိတ်နဲ့ ၀င်ငွေထွက်ငွေ ကာမိအောင် နေ့စဥ် ဘာတွေဘယ်လိုချက်ပြုတ်စားသောက်ရမလဲဆိုတဲ့ မွန်းကြပ်မှုတွေကြား ဒီငြီးတွားသံတွေ လှိုင်လှိုင်ထွက်လာနေတာပါ။ စျေးသွားရမှာကြောက်နေတယ်လို့ စိတ်ပျက်လက်ပျက် ငြီးငြူသံတွေလည်း တစ်ပုံတစ်ပင်ပါ။
ဆန်နဲ့ဆီ တန်းစီ၀ယ်ယူရတဲ့လူတန်းရှည်ကြီးတွေနဲ့ မြင်ကွင်းမျိုးတွေ ပြန်မြင်လာရတဲ့ဒီကာလမှာ အရင်က ကျပ်တစ်ရာဖိုး ဝယ်လို့ရတဲ့ ငရုတ်သီးစိမ်းတောင် အနည်းဆုံး ကျပ်နှစ်ရာဖိုးသာ ၀ယ်လို့ရပါတော့တယ်။ ဧည့်မထ ဆန်တစ်အိတ်ကို ကျပ် လေးသောင်းခန့်၊ စားသုံးဆီ တစ်ပိဿာစျေး ကျပ် ကိုးထောင်ကျော် လာချိန်မှာ အနည်းဆုံးလုပ်ခလစာ တစ်ရက်ကျပ် ၄၈၀၀ သာ ရှိတဲ့ မြန်မာလူထုအတွက် ၀င်ငွေနဲ့ထွက်ငွေ မမျှမတ ဖြစ်လာတာ မဆန်းပါဘူး။
ဒါကြောင့် ထမင်းတစ်နပ်ကို လျှော့ချစားသောက်တာ၊ ဟင်း ဖွယ်ဖွယ်ရာရာ မဟုတ်တော့ဘဲ တစ်မယ်ကောင်း ဟင်းလျာနဲ့ မဖြစ်ဖြစ်အောင် ချက်ပြုတ်စားသောက်ရတာတွေ ၀င်ငွေနည်းမိသားစုတွေထဲ ရှိလာပါတယ်။
၀င်ငွေနည်းမဟုတ်တဲ့ ၊ အခြေခံလူတန်းစားထက် အနည်းငယ်ပိုမိုသုံးစွဲ နိုင်တဲ့ လူလတ်တန်းစား မိသားစုတချို့မှာတောင် အိမ်ထမင်းဝိုင်းမှာ ဖွယ်ဖွယ်ရာရာဖြစ်ဖို့ထက် တစ်မယ်ကောင်းဟင်းလျာနဲ့ စားဖိုဆောင်ချွေတာစရိတ် လျှော့ချဖို့ လုပ်လာရပါတယ်။
ငါးပိ ငံပြာရည်က အဓိကဇာတ်လိုက်
လူ တစ်သန်းကျော် အဖွဲ့၀င်အဖြစ်ရှိနေတဲ့ အစားအသောက်ချက်နည်းပြုတ်နည်းမျှဝေရာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် ဂရုတစ်ခုမှာ ဒီရက်ပိုင်းလပိုင်းတွေထဲ အမေးအများဆုံးမေးခွန်းက 'အိမ်စရိတ် တစ်ရက်ဘယ်လောက်ကုန်သလဲ။ စျေးဖိုးကိုဘယ်လိုချွေတာပြီး၀ယ်လို့ရမလဲ' ဆိုတဲ့မေးခွန်းပါ။
နေရာဒေသကိုလိုက်လို့ တစ်ရက်စျေးဖိုး ကုန်ကျငွေနည်းလိုက် များလိုက်ဖြစ်တဲ့အပေါ်မှာလည်း ငြင်းခုန်သံတွေ၊ မဖြစ်နိုင်ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း အဲဒီဂရုမှာ ဝေဝေဆာဆာ တွေ့ရတတ်ပါတယ်။
တချို့ကလည်း အသားဟင်းကို တစ်လမှာ နှစ်ကြိမ်လောက်ပဲ ချက်စားတော့ပြီး ကျန်တဲ့ရက်တွေမှာ ငံပြာရည်ကြော်၊ ငါးပိရည်၊ ငါးပိထောင်း၊ ပဲပုတ်ထောင်း တို့လို ကြာရှည်ခံပြီးထမင်းလည်းမြိန်စေတဲ့ အရံဟင်းတွေကို တစ်လစာ ၀ယ်ယူသိုလှောင်ချက်ပြုတ်ပြီး အသီးအရွက်ကြော်တစ်ခွက်၊ ချည်ရည်ဟင်းတစ်ခွက်နဲ့ စားကောင်းအောင် ကြံဆောင်ကြပါတယ်။
အရင်က ထမင်းမြိန်အောင် အရံထားစားရတဲ့ ငါးပိရည်နဲ့တို့စရာ၊ ငံပြာရည်ကြော်၊ ငါးပိထောင်းတို့ဟာ အခုလို အသားငါး မလိုက်နိုင်တဲ့နေ့တွေမှာ အိမ်ထမင်းဝိုင်းရဲ့ အဓိကဇာတ်လိုက်ကျော်တွေ ဖြစ်လာနေပါတယ်။
ငါးပိရည်တို့စရာတောင်မှ ရန်ကုန်လို ဘာ၀ယ်၀ယ် တစ်ရာကျပ်နဲ့မရတော့တဲ့ မြို့ကြီးတွေမှာတော့ တို့စရာအမယ်စုံပါနိုင်ဖို့တောင် မလွယ်တော့တဲ့အခြေအနေ ဖြစ်လာနေပါတယ်။
တချို့အိမ်ရှင်မတွေကျတော့လည်း အိမ်နီးချင်းတွေစုပေါင်းပြီး အသားကို ပိဿာလိုက်၀ယ်၊ ပြီးရင် အချိုးကျ လိုသလောက်ခွဲဝေယူရတာက ပိုသက်သာတယ်ဆိုတဲ့ နည်းကို မျှဝေတာလည်းရှိပါတယ်။
ဒါပေမဲ့ ဒါက ရန်ကုန်မဟုတ်တဲ့နယ်က အိမ်ရှင်မတွေအသုံးများတဲ့နည်းလမ်းတစ်ခုပါ။ ရန်ကုန်မှာတော့ အဲဒီလိုအသားကို ပိဿာလုံးစျေးနဲ့ အရပ်ထဲ လိုက်၀ယ်ရောင်းလုပ်သူက မရှိသလောက်ရှားပါတယ်။
"ကျွန်မတို့ဆီမှာကျတော့ ၀က်သားဆို အစိတ်သား သုံးဆယ်သားဒီလိုမ၀ယ်တော့ဘဲ ၀က်သားတစ်တွဲဆိုပြီး အရှိယူလိုက်တယ်။ ပိဿာလုံးစျေး ဖြစ်သွားတာပေါ့။ ဒါကို အိမ်နီးချင်းတွေခွဲဝေယူလိုက်ရင် သူ ၂၀၀၀ ဖိုး ကိုယ် ၂၀၀၀ ဖိုး အဲလို ဝေခြမ်းယူလိုက်ရင် စျေးထဲမှာ လက်လီ၀ယ်တာထက် ပိုလည်းရသလို စျေးလည်းပိုတန်တယ်။ ဟင်းလည်း၀၀စားရတယ်။" လို့ ပဲခူးမြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
စျေးဖိုးဘယ်လိုလျှော့ချနိုင်လဲ
ဘီဘီစီက အခု အကျပ်အတည်းကြားလူထု ဘယ်လိုချွေတာသုံးစွဲနေရသလဲဆိုတာ မျှ၀ေဖို့ ဖိတ်ခေါ်တဲ့ ပို့စ်အောက်မှာဆိုလည်း ကွန်းမန့်ပေါင်း ၂၅၀၀ ကျော်မှာ အများစုလာရောက်မျှဝေတဲ့မှတ်ချက်တွေက စိတ်၀င်စားစရာပါ။

ဓာတ်ပုံ ရင်းမြစ်, Thwe Moe Phyu facebook
ဖွယ်ဖွယ်ရာရာဖြစ်အောင် စီမံတဲ့ ဟင်းအမယ်တွေကို လျှော့ချလိုက်ပြီး အဓိက ဟင်းလျာတစ်မျိုးတည်းကို အားပြုစားသောက်တာ၊ အပြင်သရေစာ လျှော့စားတာ၊ တစ်အိတ်တစ်သိန်းနားကပ်လာတဲ့ ပေါ်ဆန်းမွှေးဆန်အစား သူ့ထက်နည်းနည်းသက်သာတဲ့ ဧည့်မထ ဆန်နဲ့ရောစားတာ၊ အရင်တစ်ထောင်ဖိုး ၉ လုံးလောက်ရတဲ့ ကြက်ဥတောင် အခု တစ်ထောင်ဖိုး ၆ လုံး ဖြစ်တဲ့အခါ ကြက်ဥကိုပဲ အဓိကဟင်းလျာအဖြစ် ချက်နည်းပြောင်းပြီး ရက်ခြား ချက်ပြုတ်စားသုံးတာ၊ ဆီကိုလျှော့သုံးတဲ့အနေနဲ့ ဟင်းတွေကို ဆီမသတ်ဘဲ လုံးချက်တာ၊ တချို့ မြေပိုရှိတဲ့သူတွေက အိမ်နောက်ဖေး စျေးဆိုင်တည်ဆိုတဲ့စကားနဲ့အညီ ချဥ်ပေါင်ကန်စွန်းလို အပင်အဖြစ်မြန်ပြီး ထမင်းမြိန်စေတဲ့ အသီးအရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးဖို့ကြိုးစားလာတာ၊ မြေပိုမရှိသူတိုက်ခန်းပိုင်ရှင်တချို့ဆိုလည်း ပန်းအိုးလို အပင်စိုက် အိုးထဲ ငရုတ်သီးစိမ်းပင် ထည့်စိုက်တာမျိုးလို နည်းလမ်းတွေ ရှာကြံဖန်တီးလာတာ တွေ့ရပါတယ်။
မိသားစုတိုင်းမနက်ခင်း မနက်စာကို အပြင်စာ၀ယ်ယူစားသုံးတာ များပေမဲ့ ဒီကာလမှာ မနက်စာကိုပါ ၀ယ်မစားတော့ဘဲ အိမ်မှာပဲ မနက်စာကို မဖြစ်ဖြစ်အောင်ဖန်တီးဖြေရှင်းတဲ့အကြောင်း မြောက်ဒဂုံမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
"ထမင်းကို ပိုချက်လိုက်တယ်။ ပဲပြုတ်၀ယ်ပြီးတော့ ပဲပြုတ်နဲ့ ထမင်းနဲ့ ဆီဆမ်းစားလိုက်တယ်။ ပိုပြီးချွေတာလာရတာပေါ့"လို့သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
တချို့ အိမ်ရှင်မတွေကျတော့လည်း အပြင်ကနေ အသုပ်၊ မုန့်ဟင်းခါး တစ်ပွဲ၀ယ်ပြီး မုန့်ဖတ်အပို ထပ်ဆောင်း၀ယ်ကာ မနက်စာအတွက် တစ်အိမ်လုံး ကာမိအောင် ကြံဖန် စီစဥ်တာလည်းရှိတယ်လို့ သိရပါတယ်။
"မုန့်ဟင်းခါးတစ်ပွဲက အကြော်နဲ့ဆို ၇၀၀၊ ဟင်းရည် ၃၀၀ ဖိုး၀ယ်လိုက်တယ်။ မုန့်ဖတ်ကိုအပြင်ကနေ ၂၀၀ ဖိုး၀ယ်လိုက်တယ်။ အိမ်မှာမိသားစု လေးယောက် နယ်ဖတ်စားလိုက်တယ်။ အရင်လို လူပေါက်စေ့ တစ်ယောက်တစ်ထုပ် မတက်နိုင်တော့ဘူး၊ ကျွန်မတို့က အိမ်လခကပဲ ၆ သောင်းခွဲ၊ တစ်လလုံးလုပ်မှ ၃ သိန်းရတာ၊ လေးယောက်စာ မိသားစုအတွက် အခု ကုန်စျေးနှုန်းနဲ့ ကျောင်းသား တစ်ယောက်ရှိသေးတယ်။ ဘယ်လိုမှကို မလည်ဘူးဖြစ်နေတာ"လို့ သာကေတက အိမ်ရှင်မတစ်ဦးကပြောပြပါတယ်။
အရင် ပြည်သူ့ဆိုင်တစ်ခေတ်လို အစစအရာရာ ရှားပါးခဲ့ပြီး ကိုယ်တာစနစ်နဲ့သာ ရတဲ့ ၁၉၆၀ ပြည့်နှစ်အလွန်မဆလခေတ်က နည်းလမ်းတွေကို ဘီဘီစီကို ပြောပြလာသူက မမွန်မွန်မြတ်ပါ။

'မဆလ ခေတ်ကတည်းက ခုချိန်ထိကိုယ့်မိသားစုမှာ ကိုယ်တိုင်ကျင့်သုံးတဲ့ နည်းလမ်းတချို့ မျှဝေချင်တယ်ဆိုပြီး သူအဆိုပြုထားတဲ့နည်းလမ်းတွေထဲကတော့ မနက်တိုင်း ထမင်းရည်သောက်တယ်။ (လေကျေ ဝမ်းမှန် အဆာခံ၏) ၊ ဆွမ်းတော်တင်ထမင်းကို လွှင့်ပစ်မယ့်အစား ကြွက်ယင်မနားအောင် အုပ်ဆောင်းနဲ့တင်ပြီး စားရင် ထမင်းတစ်ပန်းကန်စာရတယ်။ မစားချင်ရင်လည်း နေပူမှာ အခြောက်လှန်းပြီး သိမ်းထားရင် ထမင်းခြောက်လှော်စားစား ရိက္ခာခြောက်အနေနဲ့ဖြစ်ဖြစ် အသုံးဝင်တယ်။ တစ်ပတ်တစ်ရက် သားသတ်လွတ်စား ဥပုသ်စောင့်တယ်။ (ကုသိုလ်လည်းရ ဝိတ်လည်းကျ) ကိုရီးယားစာ ဂျပန်စာချက်ရင်သုံးတဲ့ ဆီပုလင်းမျိုး ဒါမှမဟုတ် လစ်ပိုပုလင်း အပေါက်ဖေါက်ပြီး ဆီထည့်သုံးနိုင်ရင်သုံးပါ။ (ဆီစားနည်းလေ ရောဂါနည်းလေ) ဟင်းရွက်စိမ်း ဟင်းချိုချက်သောက်တယ်။ (ဗီတာမင် အစုံပါလို့) ပဲမျိုးစုံ အရောင်စုံစားတယ်။ (အသားဓာတ်ရ အောင်လို့) ၊ ထိုင်းတွေလို တုံ့ယမ်းဟင်းချိုချက်တဲ့အခါ ပုဇွန်ခွံတွေပါထောင်းပြီး အရည်ငင်ထည့်တယ်။ လူမှာအမျိုး အသားမှာအရိုး (အရိုးမှန်သမျှ ချဉ်ဆီရ၏) ၊ အိမ်နောက်ဖေးရော အိမ်ရှေ့မှာပါ ဈေးဆိုင်တည်၊ စားပင် သီးပင် စိုက်လို့ရတာ အကုန်စိုက်၊ စူပါမားကက်တွေမှာ ဈေးဝယ်တဲ့အကျင့်ကို တတ်နိုင်သမျှလျှော့တယ်။ ကော်ဖီ လက်ဖက်ရည် နေ့စဉ်သောက်တဲ့အကျင့်ကို တပတ်သုံးလေးခါလောက်ထိ လျှော့တယ်။ နေ့တိုင်းယောဂကျင့်တယ် (ဆေးရုံဆေးခန်းနဲ့ ဝေးဝေးနေနိုင်အောင်လို့) လို့ မျှဝေပါတယ်။
အိမ်ရှင်မတစ်ဦးကတော့ တစ်ပတ်မှာ ငါးတစ်ရက်၊ ဘဲဥတစ်ရက်၊ အသီးအရွက်ဟင်းသုံးရက်နဲ့ အသားတစ်ရက်လောက်ချက်စားပြီး အသားချက်တဲ့အခါလည်း အသီးအရွက်ရောချက်စားဖို့ အကြံပြုထားပါတယ်။
အပိုသုံးတာတွေ လျှော့နေရတယ်ဆိုတဲ့နေရာမှာ မှတ်ချက်လာပေးသူတစ်ဦးရဲ့ကိုယ်တွေ့ကလည်း ကရုဏာသက်ဖွယ်ပါ။
"ဆီ ၁၀ သားဝယ်နိုင်ဖို့မလွယ်ပါဘူး။ ဆန်စျေးတွေကကြီးလို့ အိမ်မှာ အလုပ်မလုပ်နိုင်တဲ့ သက်ကြီးနှစ်ယောက် ဝင်ငွေက တနေ့ သုံးထောင်မနည်းရှာရ၊ အပိုငွေမရှိလို့ဆံပင်မညှပ်နိုင် ဖိနပ်ကို အပ်နဲ့ချူပ်စီး ငယ်ဘဝပြန်ရောက်နေသလိုပါပဲ"
အသုံးလည်းလျှော့၊ အာဟာရပြည့်အောင်လည်း စား
တစ်ဖက်မှာလည်း ဒီလို ချွေတာစားသောက်တာတွေကြောင့် ကျန်းမာရေး ထိခိုက်တာမျိုးလည်း မဖြစ်ရအောင် ကျန်းမာရေးအရ အာဟာရပြည့်၀အောင် ဘယ်လို စားသောက်နေထိုင်သင့်သလဲဆိုတာကို အာဟာရဗေဒဆရာ၀န်တွေက အကြံပြုပြောဆိုတာတွေလည်း ရှိနေပါတယ်။
"ဆန်ကတော့ အကြမ်းပဲဖြစ်ဖြစ် အချောပဲဖြစ်ဖြစ် ကဆီဓာတ်ပါတယ်။ အသားဓာတ်ရဖို့အတွက်ဆို အာဟာရတန်ဖိုးက အတိအကျတော့မတူပေမဲ့လည်း ကြက်ဥဘဲဥ ပဲအမျိုးမျိုး စားပေးလို့ရတယ်။ ဟင်းသီးဟင်းရွက်တို့ကို စားသုံးခြင်းအားဖြင့် ဗီတာမင်အေ၊ သတ္တုဓာတ်တွေကိုလည်းရစေတယ်။ ကြော်မစားချင်ရင် သုပ်စားလည်းရတယ်။ ပြုတ်စားလည်းရတယ်။ ဟင်းချိုချက်သောက်လို့လည်းရတယ်။ ဗိုက်လည်းပြည့်သလို ကျန်းမာရေးနဲ့လည်းညီညွတ်တယ်။ လိုအပ်တဲ့အာဟာရကို ရစေပါတယ်"လို့ အာဟာရဗေဒဆရာ၀န်တစ်ဦးက အကြံပြုပါတယ်။
အခုလို စာရေးသောက်ရေး ရတက်မအေးရသလို မိုးတွင်းကာလ ခေါင်းထောင်လာတတ်တဲ့ တုပ်ကွေးမျိုးစုံအပြင် တစ်လှိုင်းပြီးတစ်လှိုင်းရောက်လာတတ်တဲ့ ကိုဗစ်အတွက်လည်း စားဖို့ခက်နေဖို့ခက်တဲ့ကြား အစစအရာရာရှားပါနေချိန် လက်ထဲမှာ ငွေရှိရင်တောင် ဆေးဝါး၀ယ်မရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မိမိကျန်းမာရေးအတွက် လူမှုဘ၀နေထိုင်မှုပုံစံကို ပြင်ဆင်ထားသင့်တယ်လို့ အကြံပြုတာတွေလည်း လူမှုကွန်ရက်မှာမျှဝေလာတာရှိပါတယ်။
"ကျန်းမာရေးအတွက် အဓိကအကျဆုံးကြိုတင်ကာကွယ်နည်းကတော့လေ့ကျင့်ခန်းလုပ်တာပဲ။ ပုံမှန်လေ့ကျင့်ခန်းလေး လုပ်၊ အဆီအစိမ့်လျှော့စား၊ အထိုင်မများစေနဲ့၊ ခုလို သောကများတဲ့ကာလကြီးမှာ စိတ်ကိုကြံ့ကြံ့ခံနိုင်အောင်လို့ စိတ်ဆင်းရဲပူပန်စရာတွေကိုတက်နိုင်သလောက် လျှော့ပြီး တွေး၊မပူပန်ရဘူးတော့မဟုတ်ဘူးပေ့ါ။ ပူပန်တာလည်းပူပန်၊ တစ်ဖက်ကလည်း ဖြေသာစရာလေးတွေတွေးပြီး စိတ်ရောရုပ်ပါ မညှဥ်းဆဲမိအောင် နေကြည့်ပါ။ ပြီးတော့ ကိုဗစ်ကလည်းရှိတော့ လူစုလူ၀ေးရှောင်၊မဖြစ်မနေ သွားလာရရင် မက်စ်တပ်ပါ။ တစ်နေ့ကိုအနည်းဆုံးနာရီ၀က်လောက်ဖြစ်ဖြစ် လမ်းလျှောက်ပေး၊ ဖြစ်နိုင်ရင် ဘာသာတရားအလိုက် တရားအားထုတ်တာလည်း လုပ်ကြည့်စေချင်တယ်" လို့ ပရဟိတသမားတစ်ဦးက သူနေထိုင်ဖြတ်သန်းနေတဲ့ အခြေအနေနဲ့နှိုင်းယှဥ်ပြီးအကြံပြုပါတယ်။
လူထုက လူထုကိုကူတဲ့အလှူတွေ ရှေ့တန်းရောက်လာ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ တစ်နှစ်ခွဲကျော်လာချိန်မှာ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့အထွေထွေအကျပ်အတည်းဟာ မြန်မာလူထုအတွက် နေ့စဥ် ၀န်ထုပ်၀န်ပိုးတွေ ဖြစ်လာနေပါတယ်။

ဒီအချိန်မှာ လူထုကနေ လူထုကို ကူညီရတဲ့ အခြေအနေပိုဖြစ်လာပါတယ်။ ဘာသာရေး လူမှုရေးအဖွဲ့ အသီးသီးက အဲဒီလိုအပ်ချက်ကို ဝင်ဖြည့်ပေးနေကြတာ ရှိပါတယ်။
ရန်ကုန်က သဘာ၀တရားရိပ်သာဆရာတော် ဦးဥတ္တမသာရရဲ့ လမ်းညွှန်မှုနဲ့ ရန်ကုန်မြို့နယ်စုံမှာ မနက်ပိုင်း သဘာ၀တရားရိပ်သာက လှည့်လည်အလှူခံတဲ့ တန်းဆွမ်းတွေထဲကနေ လူထုကို ပြန်လည်မျှဝေကျွေးမွေးတဲ့ နေရာနှစ်နေရာ ရှိနေပါတယ်။
အရင်က ဒီနေ့လယ်စာ တစ်နပ်အလှူကို အိမ်ရာအတည်တကျမရှိသူတွေ၊ အလုပ်အကိုင် မရှိသူတွေ၊ ပလုံကောက်သူတွေ၊ လေလွင့် လမ်းပျော်ကလေးငယ်တွေစတဲ့ ၀င်ငွေမရှိသူတွေသာ မှီခိုနေရရာကနေ အခုတစ်နှစ်ခွဲအတွင်းမှာ ၀င်ငွေနည်းသူတွေပါ မှီခိုရတဲ့အခြေကို ဆိုက်လာခဲ့ပါတယ်။
ရန်ကုန်မှာ သဘာ၀တရားရိပ်သာက နေ့လယ်စာ အခမဲ့ဝေတဲ့နေရာက ဗိုလ်ချုပ်လမ်းမပေါ် သရက်တောကျောင်းတိုက်နဲ့ သဃ်န်းကျွန်းစံပြဆေးရုံအနီးက သဘာ၀ တရားရိပ်သာ ကုသိုလ်ဘဏ်တို့မှာပါ။
ဆွမ်းဟင်းရရှိတဲ့ပေါ်မူတည်ကာ အသားဟင်းနဲ့အသီးအရွက်အစုံအလင်ပါတဲ့ ဒီနေ့လယ်စာကို သဃ်န်းကျွန်း ၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေ ၊ သန်လျင် စတဲ့မြို့နယ်တွေက အခြေခံလူတန်းစား မျိုးစုံအပြင် သဃ်န်းကျွန်းစံပြဆေးရုံက လူနာတွေကပါ မှီခိုနေရပါတယ်။
"အဆင်မပြေမှုလေးတွေကတော့ ရှိတာပေါ့ဗျာ။ အစစအရာရာ အကုန်လုံးက ကျပ်တည်းနေတဲ့အချိန်မှာ အခုလို တစ်နပ်စားလိုက်ရတဲ့အတွက် အင်မတန်ကို ပီတိဖြစ်မိပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ရဲ့ တစ်နေ့တာ ၀င်ငွေအတိုင်းအတာက အရင်ကလို မဟုတ်တော့တဲ့အတွက် ကျွန်တော်အထည်ချုပ်ပါတယ်။ အထည်ချုပ်ပေမဲ့လည်း အဆင်မပြေတော့ဘူး။ အခုလို လှူတဲ့အတွက်ကြောင့် ကျွန်တော်တို့လိုမရှိတဲ့လူတွေ။ အဆင်မပြေတဲ့လူတွေ တစ်နပ်ဆိုတဲ့အတိုင်းအတာက အင်မတန် ထိရောက်မှုရှိပါတယ်။ ကျွန်တော့်တစ်နပ်လွတ်သွားတယ််ဆိုရင် အိမ်မှာကျန်တဲ့ ၃ ယောက်က သူတို့အတွက် အထောက်အကူပြုသွားနိုင်ပါတယ်" လို့ တာမွေမြို့နယ်ကနေ နေ့လယ်စာ လာရောက်တန်းစီတဲ့ ဦးအောင်ဌေးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ အကျပ်အတည်းဟာ နောက်ထပ် ဘယ်လောက်ထိ ဆက်ကြာဦးမှာလဲဆိုတာ မခန့်မှန်းနိုင်ပေမဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ငွေကြေးဖောင်းပွမှုပြဿနာတွေကတော့ အချိန်တိုအတွင်း ဘယ်လိုမှ ပြေလည်နိုင်ဦးမှာမဟုတ်ပါဘူး။
ဒီနေ့စျေးနှုန်းနဲ့ မနက်ဖြန် ဒီကုန်စည်ကို ၀ယ်လို့ရမရမသေချာမှုရှိနေတဲ့ကာလမှာ စျေးထဲသွားစျေး၀ယ်ရမှာထက် ကျားနဲ့သာ တွေ့လိုက်ချင်တယ်လို့ တင်စား ပြောဆိုမှုတွေလည်း ရှိလာနေပါတယ်။








