တရိပ်ရိပ်တက်နေတဲ့ ကုန်စျေးနှုန်း၊ ဒီအတိုင်းသွားရင် လယ်တွေပြုတ်တော့မယ်နဲ့ ရိတ်သိမ်းသူမရှိတဲ့ ပဲခင်းများ

ဓာတ်ပုံ ရင်းမြစ်, ShweInnThar
စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ဖိနှိပ်မှု သတ်ဖြတ်မှု နေအိမ်မီးရှို့ မှုတွေ မြန်မာနိုင်ငံအနှံမှာ ဖြစ်ပွားနေသလို နေ့စဥ်မြင့်တက်နေတွေ ကုန်စျေးနှုန်း စက်သုံးဆီစျေးနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကိုလည်း ပြည်တွင်းမှာနေထိုင်သူ အများစုရင်ဆိုင်နေကြရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို ပဲနဲ့ ကောက်ပဲသီးနှံစိုက်ပျိုးတဲ့ဒေသတွေမှာ စစ်ပွဲတွေကြောင့် စိုက်ပျိုးမှုတွေမလုပ်နိုင်တော့ကြသလို ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကလည်း နိုင်ငံအနှံအလုပ်အကိုင်ရှားပါးမှု စရိတ်ကြီးမြင့်မှုတွေ တွေ့ကြုံနေပါတယ်။
မြန်မာနိုင်ငံအတွင်း မတူကွဲပြားတဲ့ ဒေသ ၅ ခုက သာမန်လူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဝင်ငွေနည်းလာမှုနဲ့ လူနေမှုစရိတ်တွေ မြင့်လာတဲ့ အကြောင်း ဘီဘီစီကို သူတို့က အခုလို ပြောပြခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ShweInnThar KhinMgWin
အရင်က ဟင်းထဲမှာ ကြက်သွန် ၅ လုံး သုံးရင် အခု ၃ လုံးပဲ သုံးတယ် (အိမ်ရှင်မတစ်ဦး တောင်ဒဂုံ)ရန်ကုန်
ရန်ကုန်မြို့တောင်ဒဂုံမှာ နေထိုင်ပြီး အိမ်မှာချတ်ပြုတ်ဖို့ စျေးဝယ်ထွက်ရလေ့ရှိတဲ့ မလွင်လွင်မောင်( အမည်လွှဲ) အတွက် စျေးဝယ်ရတာဟာ တစ်နေ့ထက် တစ်နေ့ပိုပြီး ခက်ခဲလာပါတယ်။
ကလေးတစ်ယောက်မိခင်အိမ်ရှင်မဟာ သူ့ခင်ပွန်းပေးတဲ့ လစာကို အိမ်သုံးစရိတ်လောက်ငအောင် စီမံခန့်ခွဲရသူဖြစ်ပါတယ်။
"ကျွန်မတို့က တစ်ပတ်စာဝယ်လေ့ရှိတယ်၊ အရင်က တစ်ပတ်စာ ၃ သောင်းဆို လောက်တယ်၊ အခု ၅ သောင်းလောက် ကုန်တယ်"လို့ သူကပြောပါတယ်။
အခုရက်ပိုင်း မီးတွေပိုပြတ်တာကြောင့် ရေခဲသေတ္တာထဲမှာ ဝယ်ထည့်ထားလို့ မရတောဘဲ စျေးကို မကြာမကြာ သွားဝယ်ရလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
"အရင်က ကြက်သားက တပိသာကို ကျပ် ၆၀၀၀ စျေး အခုက ၉၀၀၀ ဖြစ်နေပြီ၊ ဆီကလည်း အတက်ကြမ်း စာအုန်းဆီ တပိသာ ကျပ် ၃၀၀၀ ကျော်ကနေ အခု ၈၀၀၀ ကျော် ငွေတစ်သောင်းကိုင်ပြီး စျေးသွားလို့ ဘာမှ မရဘူး "လို့ သူကပြောပါတယ်။
မိသားစု ၃ ယောက်ထဲရှိတဲ့ သူတို့အိမ်စားရိတ်ဟာ တစ်လ ကိုအခု လေးသိန်း(ကျပ်) အထက်မှာရှိတယ်လို့ သူက ပြောပါတယ်။
စစ်အာဏာမသိမ်းခင်ကတော့ သူ့အိမ်စားရိတ်ဟာ တစ်လ ၃ သိန်း (ကျပ်) နဲ့လောက်တယ်လို့ သူကဆိုပါတယ်။
အခုပြောတဲ့ အိမ်စားရိတ်ဆိုတာ ကလေးအတွက်မုန့်ဖိုး ရေချိုးဆပ်ပြာ လိုးရှင်း ပန်းသီးစတဲ့ စားရိတ်တွေ မပါသလို အိမ်ရဲ့ ခြင်ဆေးခွေ ဖယောင်းတိုင် ဘုရားပန်းဖိုး နဲ့ ဆန်ဆီ စတာတွေမပါဘူးလို့ သူကပြောပါတယ်။
သူ့ခင်ပွန်းရဲ့ လစာဝင်ငွေက တိုးမလာတော့ လျှော့သင့်တာတွေ လျှော့ရတယ်လို့ သူကပြောပါတယ်။
"ဥပမာ အရင်က ဟင်းထဲမှာ ကြက်သွန် ၅ လုံး သုံးရင် အခု ၃ လုံးပဲ သုံးတယ်။ အိမ်သုံးပစ္စည်းတွေဆို မလိုအပ်တာမျိုး လျှော့ရတာပေါ့၊ ခြင်ဆေးခွေဆို စျေးနည်းတာရှာသုံးတယ်၊ အိမ်သာထဲမှာထည့်တဲ့ အနံ့ဖျောက်တဲ့ အခဲဆိုမထည့်တော့ဘူး၊ အိမ်သာကိုပဲ မကြာမကြာဆေးလိုက်တယ်၊ ရေပုံး ၃ ပုံးတစ်ပုံးကွဲသွားတယ်၊အရင်ချက်ချင်းဝယ်တယ် အခု နှစ်ပုံးနဲ့ ပဲ ဆက်သုံးတယ်"လို့ သူရဲ့ အိမ်တွင်းစီမံခန့်ခွဲမှု မဟာဗျူဟာ အကြောင်းကို ရှင်းပြပါတယ်။
အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်စျေးတွေဟာ ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းတွေနဲ့ အတူ သိသိသာသာ လိုက်တက်လာခဲ့တာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်ကောင်စီက ဒေါ်လာကို နှုန်းသေ သတ်မှတ်လိုက်တဲ့နောက်ပိုင်း စျေးတက်တာ ပိုပြီးသိသာလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

"အခင်းတွေထဲမှာ ပဲတွေရှိနေပေမယ့် တိုက်ပွဲကြောင့်မရိတ်နိုင်ကြတော့ဘူး" မုံရွာ (စစ်ကိုင်းတိုင်း)
မုံရွာမြို့လယ် နာရီစင်အနားမှာရှိတဲ့ ကိုမြင့်အောင် ( အမည်လွှဲ) ရဲ့ မြေဆီဆိုင်ဟာ အခုနှစ် စိုက်ပျိုးရာသီမှာ ဝယ်သူ မရှိသလောက်ကို ဖြစ်နေပါတယ်။
စစ်အာဏာမသိမ်းခင်က အခုလို ဇွန်လ စိုက်ပျိုးရာသီချိန်ဆိုရင် သူ့ဆိုင်မှာ နေ့တိုင်းနီးပါး အရပ်လေးမျက်နှာ အနယ်နယ်အရပ်ရပ်က လာတဲ့စျေးဝယ်တွေနဲ့ စည်ကားလေ့ရှိပါတယ်။
အခုတော့ မုံရွာကို စျေးဝယ်လာတဲ့ သူနည်းပြီး အရောင်းအဝယ် မရှိသလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
မုံရွာမြို့ဟာ မြန်မာနိုင်ငံမှာ ပဲမျိုးစုံ အဓိကထွက်ရှိရာ ဒေသဖြစ်ပြီးတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကနေဒါပြီးရင် ဒုတိယ ပဲအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ပဲ အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။
ပဲမျိုးစုံက စိုက်ပျိုးတင်ပို့မှုကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က တစ်နှစ်ကို တန်တစ်သန်းကျော် အိန္ဒိယနဲ့ တရုတ်တို့ကို တင်ပိုနေရပြီး ပဲမျိုးစုံ ပြည်ပတင်ပို့မှုကနေ ဝင်ငွေ ဒေါ်လာတစ်ဘီလီယံခွဲကျော်ခန့်အထိ ရှိခဲ့ပါတယ်။
မုံရွာနယ်ထဲက အခင်းတွေထဲမှာ ပဲတွေရှိပေမယ့် တချို့တိုက်ပွဲတွေကြောင့် မရိတ်နိုင်ကြတော့သလို အခုနှစ်ရွာလုံးကျွတ် မစိုက်နိုင်တာတွေလည်း ရှိတယ်လို့ မုံရွာမြို့ခံ ကုန်သည်ပွဲစားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မုံရွာမှာ လုံခြုံရေး အခြေအနေကြောင့် ဒေသတွင်းက စျေးရောင်းစျေးဝယ်လာသူ အတော်ကို နည်းနေတယ်လို့ ပြောပါတယ်။
ဧပြီလ ၃ ရက်နေ့ တစ်ဒေါ်လာကို အမေရိကန် ၁၈၅၀ ကျပ်နှုန်းနဲ့ စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ပြီးနောက်ပိုင်းမှာတော့ ရန်ကုန်ကိုတင်နေတဲ့ ပဲတွေ ဆီစျေးတွေတက်လို့ စရိတ်တွေတက်လာသလို တန်ဆာခက ပဲတစ်အိတ်ကို ၃၀၀၀ လောက်ကို တက်သွားခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
အခုလို စားရိတ်တွေတက်လာပေမယ့် ပဲစျေးက တစ်ဒေါ်လာ ၁၈၅၀ နဲ့ စျေးအသေဆိုတော့ နိုင်ငံခြားပို့ဖို့ ဝယ်တဲ့ ရန်ကုန်ဘက်က အဝယ်မလာတော့ဘူးလို့ ကုန်စည်ဒိုင် က အဝယ်တော်တစ်ဦးကပြောပါတယ်။
မြန်မာ့စီးပွားရေးဟာ အာဏာသိမ်းပြီး ၆ လအကြာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး နှစ်ပေါင်း ၆၀ နီးပါးအတွင်း အဆိုးဆုံး ကျဆင်းလာခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာအရ သိရပါတယ်။
ကမ္ဘာ့ဘဏ်အနေနဲ့ နှစ်စဉ် ဇွန်လမှာ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအစီရင်ခံစာကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီအစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ စီးပွားရေးအခြေအနေအပေါ် ခန့်မှန်းတွက်ချက်ထားပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး ခန့်မှန်းတွက်ချက်နိုင်မှု မရှိတာကြောင့် ကွက်လပ်ထားပြီး ချန်လှပ်ထားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်ပြီး တိုးတက်၊ ဆုတ်ယုတ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ကမ္ဘာ့ဘဏ်က မခန့်မှန်းနိုင်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့တယ်လို့သိရပါတယ်။
"ပဲ အိတ်စပို့က တစ်ဒေါ်လာ ၁၈၅၀ နဲ့ဆိုတော့ ရှုံးတယ်ပြောကြတယ် မကိုက်တော့ ပြည်ပမပို့ကြတော့ဘူး၊ ကုန်စည်ဒိုင်ကို လာနေတာ ရောင်းစရာလည်းမရှိ၊ဝယ်စရာလည်းမရှိ၊ဒီအတိုင်း အလုပ်လေးများ ပေါ်မလားဆိုလာနေကြတာပဲ ရှိတယ်"လို့ မုံရွာ အခြေစိုက်ကုန်သည်ပွဲစားတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YN
ကားသုံးတဲ့သူ ဆိုင်ကယ်ပြောင်းသုံး၊ ဆိုင်ကယ်စီးသူ လမ်းလျှောက်တဲ့မြို့ ကျိုင်းတုံ( ရှမ်းပြည်နယ်)
မြန်မာနိုင်ငံ အရှေ့ပိုင်းက ထိုင်းနိုင်ငံ တရုတ်နိုင်ငံတို့နဲ့ နီးကပ်စွာတည်ရှိတဲ့ ကျိုင်းတုံမြို့ဟာ အခြေခံကုန်စျေးနှုန်းတွေ အခြားမြို့တွေထက် မြင့်မားလေ့ရှိတဲ့ မြို့ဖြစ်ပါတယ်။
ဇွန်လ ၂၂ ရက်နေ့မှာ ကျိုင်းတုံမှာ စက်သုံးဆီ 92 တစ်လီတာကို ၂၇၀၀ စျေးပေါက်နေတယ်လို့ ကျိုင်းတုံမြို့က မနန်းအေး ( အမည်လွှဲ)က ပြောပါတယ်။
ရန်ကုန်မှာတော့ ဇွန်လ ၂၂ ရက်နေ့မှာ 92 တစ်လီတာကို ၂၃၀၀ ကျော်စျေးပေါက်နေပါတယ်။
"ကျိုင်းတုံမှာ စက်သုံးဆီက အခက်ခဲဆုံးပဲ မြို့ကကျယ်တော့ တစ်နေရာကနေ တစ်နေရာသွားရင် ကား ဆိုင်ကယ် မသုံးလို့မရဘူး"လို့ မနန်းအေးက ဆိုပါတယ်။
အရင်က ကျိုင်းတုံမှာ ဆီတစ်လီတာကို ၈၀၀ ကျပ်စျေးပဲရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
ရုံးဝန်ထမ်းလည်းဖြစ်သလို အပြင်မှာစျေးဆိုင်ရောင်းတဲ့မနန်းအေးက သူ့အတွက် အခြားအခက်အခဲတစ်ခုက စစ်အာဏာသိမ်းပြီးမှာ စျေးတက်လာခဲ့တဲ့ တယ်လီဖုန်းဘေ ဖြစ်တယ်လို့ ပြောပါတယ်။ အရောင်းအဝယ်နဲ့ ဆက်သွယ်ရေးအတွက် တစ်ရက်ကို နှစ်ထောင် ကျပ် တစ်လကို ကျပ် ၆ သောင်းလောက်အထိ မဖြစ်မနေ သုံးနေရတယ်လို့ သူကပြောပါတယ်။
သူဆိုင်မှာ တင်ရောင်းနေတဲ့ ရန်ကုန် မန္တလေးက တင်ပို့တဲ့ ကုန်တွေဟာ အရင်ထက်စျေးနှစ်ဆတက်ပြီး ရောင်းနေပြီးတော့ ဝယ်သူကတော့ အရင်ထက် ထက်ဝက်လောက်နည်းသွားတယ်လို့ ဆိုပါတယ်။
လစာက မတိုးဘူး၊ ကုန်စျေးနှုန်းက နှစ်ဆတက်နေတော့ လျှော့သုံးရတာပဲ လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အရင်က တစ်နေရာကနေ တစ်နေရာသွားရင် ကားသုံးတဲ့သူတွေက အခုဆိုင်ကယ် သုံးကြတယ် ။ အရင်ဆိုင်ကယ်သုံးတဲ့သူတွေက လမ်းလျှောက်ကြတယ်လို့ ကျိုင်းတုံက အခြားဒေသခံတစ်ဦး ကပြောပါတယ်။
ဒါ့အပြင် စားသုံးဆီက အရင်ထက် သုံးဆ၊ ဟင်းချက်တဲ့ ဂတ်စ်ကလည်း အရင်ထက် နှစ်ဆ နီးပါးစျေးတွေတက်သွားပြီး ရှေ့လျှောက်ဘာတွေဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရနိုင်ကြောင်းလည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
" ဓာတ်ဆီ တစ်လီတာ ၄၇၀၀ ကျပ်" ဖားကန့်(ကချင်ပြည်နယ်)
ရွှေ့ပြောင်းလုပ်သားတွေ လာရောက်နေထိုင်ပြီး မြန်မာနိုင်ငံက လူနေမှုစားရိတ်စျေးကြီးမြင့်တဲ့ ကျောက်စိမ်းရတနာမြေ ဖားကန့်မြို့မှာလည်း အစစအရာရာ စရိတ်တွေတက်လာပြီး ရွှေ့ပြောင်းလုပ်သား ရေမဆေးတွေ အတွက် အထူးခက်ခဲလာတယ်လို့ ဖားကန့်ဒေသခံ မမိုးမိုးဆိုပါတယ်။
ဖားကန့်မြို့မှာ ကိုးပေပတ်လည် ရေမီး ပါတဲ့ အခန်းတစ်ခန်းငှားခက တစ်လ ငါးသောင်း(ကျပ်)ရှိတယ်လို့ ဆိုပါတယ်၊ အလုပ်သမားတစ်ယောက်လုပ်ခက တစ်ရက်ကို တစ်သောင်းလောက်ရကြပြီး ထမင်းတစ်နပ်ကို လမ်းဘေးဆိုင်မှာ စားရင် ၄၀၀၀ လောက်ကျတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တစ်ရက်ကို ၃ သောင်းခွဲလောက် မဝင်ရင် ရွေ့ပြောင်းလုပ်သား မိသားစုလူဦးရေများတဲ့ မိသားစုတစ်စု အနေနဲ့ ရပ်တည်ရေး မလွယ်ဘူးလို့ ဆိုပါတယ်။
ရွေ့ပြောင်းလုပ်သားတွေ မရှိမဖြစ် သုံးရတဲ့ အခြား ဘက်ဂျက်တစ်ခုကတော့ စက်သုံးဆီစျေးဖြစ်တယ်လို့ မမိုးမိုးက ဆိုပါတယ်။
ဓာတ်ဆီ တစ်လီတာကို အခု ဖားကန့်မှာ ၄၇၀၀ (ကျပ်)စျေးပေါက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကထက် ကျပ်တစ်ထောင်လောက် စျေးထပ်တက်လာတာလို့ သူကပြောပါတယ်။
ဖားကန့်မှာ လဖက်ရည်တစ်ခွက် ၇၀၀ (ကျပ်) ၊မုန့်ဟင်းခါးတစ်ပွဲ တစ်ထောင် ၊ ခေါက်ဆွဲတစ်ပွဲ တစ်ထောင် (ကျပ်) စျေးရှိပြီး အစစအရာရာ စစ်အာဏာသိမ်းပြီးမှာ စားရိတ်တွေ တက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အခက်ခဲဆုံးကတော့ နေ့စားပြန်ကျ အလုပ်သမားတွေပဲ ရာသီသိမ်းချိန်ဖြစ်လို့ အလုပ်ကလည်းပါးတယ်၊ လောပန်ရှိတဲ့ သူတွေက စားစရိတ်မကုန်ကျပေမဲ့ ကိုယ်စားရိတ်ကိုယ်စားပြီး လာလုပ်တဲ့ သူတွေအတွက်က အတော်ခက်တယ် ကျောတ်မတွေ့ရင် ထမင်းစားဖို့မလွယ်ဘူးလို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SHWE PAW MYA TIN/NURPHOTO/GETTY IMAGES
"ဒီအတိုင်းသွားရင်လယ်တွေပြုတ်တော့မယ် " မော်လမြိုင်ကျွန်း( ဧရာဝတီတိုင်း)
ဇွန်လဆန်း သဲသဲမဲမဲရွာချတဲ့မိုးရေတွေကြောင့် မြန်မာနိုင်ငံက ဆန်စပါးစိုက်ပျိုးတဲ့ ဧရာဝတီတိုင်းဒေသကြီးက လယ်ကွက်တွေမှာ ရေတွေပြည့်လာနေပါတယ်။
ဒီလိုရာသီဆိုရင် လယ်သမားတွေက စိုက်ဖို့ ပျိုးဖို့အတွက် ပြင်ကြလေ့ရှိပြီး ဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့က လယ်ဧက ၂၀ လောက်ရှိတဲ့ ကိုအောင်မိုးအတွက် မိုးစပါးစိုက်ဖို့တွက် စပြင်နေပါတယ်။
မြန်မာနိုင်ငံက လူဦးရေ ၇၀ ရာခိုင်နူန်းနီးပါးဟာ စိုက်ပျိုးရေးလုပ်ကိုင်သူတွေဖြစ်ပြီး ဆန်စပါးကို အဓိက စိုက်ပျိုးကြတာကတော့ ရန်ကုန် ဧရာဝတီ ပဲခူး တို့ဖြစ်ကြပါတယ်။
မနှစ်က ကိုအောင်မိုးရဲ့ မိုးစပါးစိုက်ပျိုးတဲ့ လယ် ဧက ၂၀ က ၊ စပါးတင်း ၄၀၀ လောက်သာရပြီး စိုက်စားရိတ် လုပ်သားစရိတ်က သိန်း၄၀ (ကျပ်) လောက်ကုန်လို့ ၁၀ သိန်း (ကျပ်) လောက်ရှုံးခဲ့တယ်လို့ ဆိုပါတယ်။
နွေစပါးကတော စပါးနှစ်ထောင်လောက် ပြန်ရလို့မနှစ်က စားရိတ်ကာမိခဲ့တာလို့ သူကပြောပါတယ်။
နွေစပါး အထွက်များပေမယ် မြေဆီနဲ့ ဒီဇယ်စျေးတွေ တက်လာလို လုပ်အားခသာသာနဲ့ စားစရိတ်လောက်သာ ပြန်ရခဲ့တယ်လို့ ကိုအောင်မိုးကဆိုပါတယ်။
"ဒီနှစ် မိုးစပါး စိုက်ရမှာ အဓိက အခက်အခဲက ဒီဇယ်ပဲ မနှစ်က တစ်ပေပါ တစ်သိန်း ရှစ်သောင်း အခုဒီနှစ်က ငါးသိန်းရှစ်သောင်းဖြစ်သွားတယ်"လို့ သူကပြောပါတယ်။
အခုလက်ရှိ စပါးစျေးက ပေါ်ဆန်းစျေး စပါးတရာ ကိုသိန်းကျော်ဖြစ်လို့ စျေးနှုန်းအရ တွက်ခြေကိုက်ပေမယ့် အရင်းအနှီး စိုက်စားရိတ်က အရင်နှစ်ထက် တစ်ဧကကို တစ်သိန်းခွဲလောက် တက်လာပြီး ၃ သိန်းခွဲလောက် ရှိလာတယ်လို့ ပြောပါတယ်။
မနှစ်က တစ်နှစ်လုံး စပါးနှစ်သီးစိုက်အပြီး သူ့မှာ အကြွေးမတင်ခဲ့ပေမယ့် ဧက နည်းတဲ့ လယ်သမားလေးတွေ လယ်ပြုတ်သွားကြတယ်လို့ သူကရှင်းပြပါတယ်။
"ဒီအတိုင်းဆက်သွားရင်တော့ စားဖို့သာသာပဲရမယ် လယ်တွေပြုတ်ကုန်ကျလိမ့်မယ်လို့" သူကပြောပါတယ်။








