စက်သုံးဆီစျေးကို စစ်ကောင်စီထိန်းဖို့ လုပ်နေသလား

ဓာတ်ပုံ ရင်းမြစ်, Getty Image
ပြည်တွင်းစက်သုံးဆီရောင်းချမှုနဲ့ ပတ်သက်ပြီး ရည်ညွှန်းစျေးတွေကို ဧပြီလ ၂၀ ရက်နေ့ ဒီကနေ့မှာ စစ်ကောင်စီ ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်လာပါတယ်။
ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၈၅၀ကျပ် နဲ့ ဧပြီလ ၃ ရက်နေ့က သတ်မှတ်ပေးလိုက်ပြီး နိုင်ငံခြားကို လွှဲမယ့် နိုင်ငံခြားငွေတွေကိုလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်အပြီး နောက် နှစ်ပတ်ခန့်အကြာမှပဲ အခုလိုထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့အတွက် ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်းစျေးတွေကို တစ်လီတာအလိုက် လက်ကားစျေးနဲ့ လက်လီစျေးဆိုပြီး သတ်မှတ်ပေးထားတာကို တွေ့ရပါတယ်။
ရေနံထွက်ပစ္စည်းကြီးကြပ်ရေး ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ ရန်ကုန်စျေးတွေမှာ နိုင်တီတူး တစ်လီတာကို လက်လီ ၁၉၄၀.၁၈ ကျပ် သတ်မှတ်ပြီး လက်ကားကို ၁၈၄၃.၇၀ ကျပ်စျေးနဲ့ နိုင်တီဖိုက် တစ်လီတာကို လက်ကား ၁၉၈၈.၃၁ ကျပ်နဲ လက်လီ ၁၈၉၀.၄၂ ကျပ်နဲ့ သတ်မှတ်ကာ ဒီဇယ်ဆီတွေ အတွက်လည်း ထုတ်ပြန်တာ တွေ့ရပါတယ်။
ဒါအပြင်အမေရိကန်ဒေါ်လာဝယ်ပြီး အထူးစျေးနှုန်းနဲ့ ဒီဇယ်ဝယ်ယူလိုသူတွေကို ဒေါ်လာရောင်းပေးမှာဖြစ်ပြီး ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနကို လိပ်မူရမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PPRD
ရန်ကုန်မြို့က အချို့လက်လီ စက်သုံးဆီအရောင်းဆိုင်တွေမှာတော့ စက်သုံးဆီစျေးဟာ စစ်ကောင်စီ သတ်မှတ်ရည်ညွှန်းစျေးထက် ပိုပေးပြီး ဝယ်ခဲ့ရတာလို့ ရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ မနေ့က ဧပြီလ ၁၉ ရက်နေ့က ရောင်းချခဲ့တဲ့ စက်သုံးဆီစျေးထက် ဧပြီလ ၂၀ ရက်နေ့မှာ တစ်လီတာကို ကျပ် ၅၀ ခန့် ပျမ်းမျှတက်လာပြီး လိုသလောက် အကန့်အသတ်မရှိ ပြန်ရောင်းပေးနေကြတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
မနေ့ကလို ကားတစ်စီးကို ပမာဏကန့်သတ်ပြီးရောင်းတာ မရှိတော့ပေမယ် တန်းစီပြီးဝယ်ရတဲ့ နေရာအချို့တော့ ရှိနေဆဲဖြစ်တယ်လို့ စက်သုံးဆီဝယ်ခဲ့တဲ့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။
စက်သုံးဆီ လုံလုံလောက်လောက်ရှိပြီး ဒေါ်လာဈေး ၁၈၅၀ ကျပ်နဲ့ စက်သုံးဆီ ဖြန့်ဖြူးခိုင်းတဲ့အပေါ် ကုမ္ပဏီ အချို့က စက်သုံးဆီမရှိတဲ့ ပုံစံကြေညာခြင်းဖြစ်ကာ သတိပေးတာတွေ လုပ်ထားခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စက်သုံးဆီ တင်သွင်းရောင်းချတဲ့လုပ်ငန်းရှင်တစ်ဦးကတော့ စျေးမတက်စေချင်တဲ့အတွက် စျေးနှုန်းထိန်းတာရှိပြီးတော့ အခုအခါမှာ စျေးနှုန်းကို ဖြေလျှော့ပေးလိုက်လို့ အပြည့် ပြန်ရောင်းနေပြီဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မနေ့က ညနေပိုင်းမှာ စစ်ကောင်စီက စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေကို ခေါ်ပြီးတွေ့ခဲ့သလို စစ်ကောင်စီက စက်သုံးဆီ တင်သွင်းဖို့အတွက် ဒေါ်လာသန်း ၃၀ ထက်မနည်း ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
စက်သုံးဆီတင်သွင်းသူတွေကို ဒေါ်လာ မရောင်းပေးတော့ဘူးဆိုတဲ့ ကောလဟာလကြောင့် ဆီဆိုင်တွေက အရောင်းရပ်ခဲ့တာဖြစ်ပြီးတော့ သင်္ကြန်ပိတ်ရက်ရှည်တွေကြောင့် ဒေါ်လာ ရောင်းပေးတာရပ်သွားခဲ့တာလို့လည်း သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစပြီး ဗဟိုဘဏ်က ပြည်ပကိုလွှဲမယ့် နိုင်ငံခြားငွေတွေကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် စက်သုံးဆီလုပ်ငန်းရှင်တွေဟာ ဒေါ်လာကို လျှောက်လွှာတင်ပြီး ၁၈၅၀ ကျပ်နဲ့ ဝယ်ယူရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အဲ့ဒီရောင်ပေးတဲ့စျေးဟာ ပြင်ပပေါက်စျေးနဲ့ ယှာဥ်ရင် ကျပ် ၂၀၀ လောက်ကွာပြီး အပြင်စျေးကွက်မှာတော့ ဒေါ်လာက တစ်ဒေါ်လာကို ကျပ် ၂၀၅၀ ဝန်းကျင် အပြင် ပေါက်စျေးဖြစ်နေပါတယ်။
တစ်ဒေါ်လာကို ၁၈၅၀ ကျပ်စျေးနဲ့ စစ်ကောင်စီက ရောင်းပေးထားတာကို စျေးမတက်စေချင်တဲ့အတွက် ဆီဆိုင်တွေကပြန်ရောင်းရင် တစ်ဒေါ်လာ ကျပ်၁၈၅၀ နဲ့တွက်ပြီး ပြန်ရောင်းဖို့ စျေးထိန်းတာကနေ လက်ကားတွေ အရောင်းရပ်တာ လက်လီတွေအကန့်အသတ်နဲ့ ရောင်းတာတွေဖြစ်ခဲ့တာလို့ ပြည်တွင်းကလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
မန္တလေးမှာ ဧပြီ ၂၀ ရက်နေ့ကလည်း စက်သုံးဆီတွေကို တန်းစီပြီးဝယ်ယူနေရဆဲဖြစ်ပြီးတော့ ဆိုင်အချို့ပြန်မဖွင့်သေးဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလည်း အခုရက်ပိုင်းအတွင်း စက်သုံးဆီတွေကို အကန့်အသတ်နဲ့ရောင်းချနေကြရပြီလို့ ဆီဆိုင်လုပ်ငန်း ရှင်တွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မနေ့ကတော့ ဆိုင်တွေမှာ အကန့်အသတ်နဲ့ ရောင်းတာတွေဖြစ်ခဲ့ပြီး အခုတော့ ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးပြီးဖြစ်ပြီး မနေ့က ညနေပိုင်းမှာ စက်သုံးဆီတွေ ပုံမှန်ပြန်ရောင်းနေပြီလို့လည်း စစ်ကောင်စီက ဘီဘီစီကိုပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဒီကနေ့ ဆီစျေးတွေတက်ပြီး ဆိုင်အချို့ပိတ်သွားသလို တန်းစီဝယ်ယူနေရတယ်လို့ ဒေသအခြေစိုက် သတင်းဌာနတွေက ရေးပါတယ်။
စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ပြည်တွင်းဓာတ်ဆီ လက်ကျန် ဂါလန် ၄၅ သန်း နဲ့ ဒီဇယ်လက်ကျန်ပေါင်း ဂါလန် သန်း၇၀ ရှိပြီးတော့ ရန်ကုန်မြို့သီလဝါမှာ စက်သုံးဆီမချရသေးတဲ့ သင်္ဘောနှစ်စီး ရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကောလဟလသတင်းတွေကြောင့် စိုးရိမ်စိတ်လွန်ကဲပြီးတော့ အရောင်းဆိုင်တွေ၊အခြေခံအဆောက်အဦးတွေနဲ့ ဝန်ထမ်းအင်အားကြောင့် အခုလိုမနိုင်မနင်း ဖြစ်ခဲ့ရတာလို့လည်း ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကပြောပြီး ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးထားပြီးဖြစ်တယ်လို့ ပြောပါတယ်။








