ဆီဆိုင်မှာ ကားတွေ ဘာလို့တန်းစီနေကြတာလဲ

ရန်ကုန် မင်္ပလာတောင်ညွှန့်မြို့နယ်က ဆီဆိုင်အနီးတန်းစီနေသော ကား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရန်ကုန် မင်္ပလာတောင်ညွှန့်မြို့နယ်က ဆီဆိုင်အနီးတန်းစီနေသော ကား

နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်တွေ အပြီး နှစ်ဆန်း ဧပြီလ ၁၉ ရက်နေ့ မနက်ကစပြီး ရန်ကုန်နဲ့ မန္တလေးက စက်သုံးဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေ စပြီးတန်းစီနေတာကို တွေ့လာရပါတယ်။

ဆီဆိုင်တွေရဲ့ အနီးမှာတွေ့ရတဲ့ ကားတန်းကြီးဟာ မျက်စိတစ်ဆုံး ထူးထူးခြားခြား ရှည်လျားပြီး နေပူပူမှာ ဆီရဖို့ တန်းစီပြီး စောင့်နေကြသလို ဆိုင်ရှေ့မှာ ဆီပြတ်သွားလို့ တွန်းပြီး ဆီလာထုတ်တဲ့ ကားတွေကိုလည်း တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက‌ ပြောပါတယ်။

မန္တလေးမြို့က ဆီဆိုင်ရှေ့တွေမှာလည်း ကားတွေ နှစ်ထပ်တန်းစီနေကြပြီး ကားတန်း ဆိုင်ကယ်တန်းဟာ မန္တလေးအခေါ် အနည်းဆုံး နှစ်ပြ (ပေ တစ်ထောင်ကျော်လောက်)ကို ရှိတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း စက်သုံးဆီ လက်ကျန် အလုံအလောက်ရှိတယ်လို့ ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ချက်တွေ ထုတ်ပြီး ပြောလာသလို စက်သုံးဆီဆိုင်တွေကလည်း လိုသလောက် ရောင်းပေးမယ်ပြောပေမယ့် လူတွေကတော့ အလုအယက် တန်းစီပြီးဝယ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဆီဆိုင်အချို့က အကန့်အသတ်နဲ့ ရောင်း
ဓာတ်ပုံ ပုံစာ, ဆီဆိုင်အချို့က အကန့်အသတ်နဲ့ ရောင်း

ဆီဆိုင်မှာ တစ်နာရီကျော်တန်းစီပြီး စက်သုံးဆီ ဝယ်ခဲ့ရသလို ဆီကို ဆိုင်က အကန့်အသတ်နဲ့ ရောင်းလို့ လိုသလောက် မဝယ်ခဲ့ရဘူးလို့ ရန်ကုန်မြို့က ကိုယ်တိုင်ဝယ်ခဲ့သူ တစ်ဦးကပြောပါတယ်။

" ဒီကနေ့ ဓာတ်ဆီ ၅ သောင်းဘိုးပဲ ဝယ်လို့လို့ရတယ်၊ နိုင်တီဖိုက် တစ်လီတာကို ၁၉၇၅ ကျပ်နဲ့ ဝယ်ခဲ့ရတယ်" လို့ သူက ပြောပါတယ်။

ပြည်ပကနေ စက်သုံးဆီတင်သွင်းတာတွေ အခက်အခဲဖြစ်နေတာကြောင့် ပြည်တွင်းမှာ စက်သုံးဆီပြတ်မယ်ဆိုတဲ့ သတင်းတွေ မနေ့က ဧပြီလ ၁၈ ရက် ညပိုင်းကစပြီး လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းတွေကြောင့် ဒီကနေ့ ဧပြီ ၁၉ မနက်ပိုင်းမှာ ရန်ကုန်အပါအဝင်မြို့ကြီးတွေက စက်သုံးဆီဆိုင်တွေမှာ ကားအစီးရေအများအပြားက တန်းစီဝယ်ယူနေကြတာဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ရန်ကုန်က စက်သုံးဆီဆိုင်တချို့မှာဆိုရင်လည်း ‌အောက်တိန်း နိုင်တီဖိုက်အမျိုးအစား စက်သုံးဆီကို အကန့်သတ်နဲ့ရောင်းပေးနေတာတွေရှိသလို၊ ရောင်းချနေရင်း ဆီကုန်လို့ပိတ်သွားတာ၊ ဆီဆိုင်အချို့ ပိတ်ထားတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ညနေပိုင်းမှာတော့ အချို့ဆိုင်တွေမှာ ဆီကို လိုသလောက်ဝယ်လို့ရခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း ပြည်ပကနေစက်သုံးဆီတင်သွင်းရတာတွေ အခက်အခဲရှိနေကြောင်းမြန်မာနိုင်ငံစက်သုံးဆီ ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူးဦးဝင်းမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဗဟိုဘဏ်ကထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားငွေသုံးစွဲမှု မူဝါဒပြောင်းလဲပြီး စိစစ်လာတာရယ်၊စက်သုံးဆီတင်သွင်းတာကို စနစ်တကျလုပ်နေသလို သင်္ကြန်ပိတ်ရက်ရှည်ကြောင့်လည်း အပြောင်းအလဲ ဖြစ်သွားတာလို့ သူကပြောပါတယ်။

ရန်ကုန်က သတင်းတွေကြောင့်ပဲ နယ်မှာရှိတဲ့စက်သုံးဆီအရောင်းဆိုင်တချို့ကလည်း ဆီပြတ်မှာ စိုးရိမ်ပြီး အရောင်း ရပ်နားထားတာတွေလည်း ရှိနေပါတယ်။

ပြည်တွင်းဓာတ်ဆီ လက်ကျန် ဂါလန် ၄၅ သန်း နဲ့ ဒီဇယ်လက်ကျန်ပေါင်း ဂါလန် သန်း၇၀ ရှိတယ်လို့ စစ်ကောင်စီကပြော

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြည်တွင်းဓာတ်ဆီ လက်ကျန် ဂါလန် ၄၅ သန်း နဲ့ ဒီဇယ်လက်ကျန်ပေါင်း ဂါလန် သန်း၇၀ ရှိတယ်လို့ စစ်ကောင်စီကပြော

စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာနက ပြည်တွင်းဓာတ်ဆီ လက်ကျန် ဂါလန် ၄၅ သန်း နဲ့ ဒီဇယ်လက်ကျန်ပေါင်း ဂါလန် သန်း၇၀ ရှိပြီးတော့ ရန်ကုန်မြို့သီလဝါမှာ စက်သုံးဆီမချရသေးတဲ့ သင်္ဘောနှစ်စီး ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

ကောလဟလသတင်းတွေကြောင့် စိုးရိမ်စိတ်လွန်ကဲပြီးတော့ အရောင်းဆိုင်များနဲ့ အခြေခံအဆောက်အဦးနဲ့ ဝန်ထမ်းအင်အားကြောင့် အခုလိုမနိုင်မနင်း ဖြစ်ရတာလို့လည်း ပြောပါတယ်။

စက်သုံးဆီ လက်လီအရောင်းဆိုင်တွေဘက်ကလည်း ဌာနကို ခွင့်ပြုချက်တောင်းခံပြီး ဆိုင်ပြင်ဆင်တည်ဆောက်နေတဲ့ ဆိုင်တွေကလွဲလို့ ပိတ်သိမ်းထားတဲ့ဆိုင်တွေ မရှိပါဘူးလို့ ရှင်းပါတယ်။

စက်သုံးဆီဈေးနှုန်းတွေအနေနဲ့ကတော့ သင်္ကြန်တွင်းကာလမှာ အောက်တိန်း ၉၂ တလီတာကို တလီတာကို ကျပ်၂၀၀၀ အောက်အထိကျသွားခဲ့ပေမယ့် သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့နောက်ပိုင်းမှာတော့ စက်သုံးဆီအမျိုးအစားလိုက် ၁၉၀၀ ကျပ်ကနေ ၂၀၀၀ခန့်အထိ ပြန်တက်လာခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီတွေကို အကန့်အသတ်နဲ့ရောင်းချနေကြရပြီလို့ ဆီဆိုင်လုပ်ငန်း ရှင်တွေဆီကနေ သိရပါတယ်။

သင်္ကြန်နောက်ပိုင်းမှာ ဆီတင်သွင်းမှုတွေ အခက်အခဲရှိလာနေပြီး ဒေသတွင်းဆီလိုအပ်ချက်တွေကို အပြည့်အဝမဖြန့်ဖြူးပေး နိုင်တာကြောင့် ဆီပြတ်လပ်မှုဖြစ်သွားနိုင်တဲ့အတွက် အခုလိုမျိုး အကန့်အသတ်နဲ့ ရောင်းချနေရတာဖြစ်တယ်လို့ သံတွဲမြို့က ဆီဆိုင်တာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောဆိုပါတယ်။

စစ်တွေမှာ ဆီဆိုင်တွေညပိုင်းမှာပိတ်သွား

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, စစ်တွေမှာ ဆီဆိုင်တွေညပိုင်းမှာပိတ်သွား

ရခိုင်ဘက်မှာတော့ စက်သုံးဆီအရောင်းဆိုင်တွေထဲ အစိုးရခွင့်ပြုချက်နဲ့တင်သွင်းခွင့်ရရှိနေတဲ့ ဆီဆိုင်ကြီးတွေရှိနေပေမယ့် အဲ့ဒီဆိုင်တွေမှာလည်း လက်ရှိရှိနေတဲ့ဆီတွေကိုပဲ မပြတ်လပ်အောင် အချိန်တွေလျှော့ချပြီးတော့ ရောင်းချနေရတယ်လို့ ပြောဆိုကြပါတယ်။

တချို့ဆီဆိုင်တွေမှာတော့ အခုရက်ပိုင်းအတွင်း ဆီဈေးတွေမြင့်တက်လာတဲ့အချိန် ဈေးကောင်းရတယ်ဆိုပြီး အကန့်အသတ် မရှိရောင်းချလိုက်တာကြောင့် လက်ကျန်ဆီမရှိတော့တာကြောင့် ပိတ်ထားလိုက်ရတဲ့ဆိုင်တွေလည်း ရှိနေပြီဖြစ်ပါတယ်။

"ကျွန်တော်တို့ဆိုင်ကတော့ ဆီကို အကန့်အသတ် နဲ့ပဲရောင်းတယ်ခင်ဗျား၊ ပုံးတွေ ပီပါတွေနဲ့တော့မရောင်းတော့ဘူး။ ဆိုင်ကယ်ဆိုရင် ငါးထောင်ဖိုး၊ အိမ်စီးကားတွေဆိုရင် နှစ်သောင်းဖိုး၊ ကားကြီးတွေဆိုရင် ငါးသောင်းကနေ တစ်သိန်းခွဲ လောက်ထိပဲရောင်း တယ်ခင်ဗျား။ ဆီတွေမှာလို့မရတာက စီးပွားရေးအခြေအနေတွေရော၊ နိုင်ငံရေးအခြေအနေတွေရော အဲ့လိုဆက်စပ်နေတာ" လို့ သံတွဲမြို့က ဆီအရောင်းဆိုင်တစ်ခုရဲ့ တာဝန်ခံက ‌ဆိုပါတယ်။

တကယ်လို့ ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီတွေပြတ်သွားလို့ရှိရင် ပို့ဆောင်ရေးလုပ်ငန်းတွေအပြင် စီးပွားရေးလုပ်ငန်းအများ စု အခက်အခဲတွေနဲ့ ကြုံရနိုင်တယ်လို့ ပြောဆိုကြပါတယ်။