မြန်မာကို FATF ရဲ့အမည်မည်းစာရင်းထည့်သွင်းမှု တစ်ပြည်လုံးအထိနာနိုင်-ကျွမ်းကျင်သူတွေရဲ့အမြင် စုစည်းချက်
နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း (Black list) သတ်မှတ်လိုက်ပါတယ်။ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။ ငွေကြေးနဲ့စီးပွားရေး ဆိုင်ရာကျွမ်းကျင်သူတချို့ရဲ့အမြင်တွေကို ဘီဘီစီက စုစည်းဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုကြည်စင် ( စင်ကာပူအမျိုးသား တက္ကသိုလ်) အဓိကကတော့ ငွေကြေးခဝါချမှုကိုတားဆီးတာဆိုတော့ တနည်းအားဖြင့် ဒီနိုင်ငံက ထွက်လာတဲ့ ငွေသား အပြောင်းအလဲ transition တွေ အားလုံးက မသင်္ကာစရာကောင်းတယ်လို့ တံဆိပ်ကပ်လိုက်တာနဲ့ တူတူဖြစ်သွားတာပေါ့။ ဒီနိုင်ငံကလူတွေရော၊ ငွေကြေးပိုင်ဆိုင်တဲ့သူတွေ၊ ကုမ္ပဏီတွေရော၊ အစိုးရ အဖွဲ့အစည်းတွေ စတဲ့ဟာတွေအားလုံးက ငွေကြေးအလွှဲအပြောင်းလုပ်တာ၊ အကောင့်သစ်လုပ်တာတွေကို စောင့်ကြည့်ရမယ့်စာရင်းထဲ ထည့်လိုက်တာပေါ့။ ဆိုတော့ သူတို့ balck list ထည့်လိုက်တာက အဲဒီနိုင်ငံ အစိုးရတင်သာမက ပြည်သူပြည်သားတွေကိုပါ သွယ်ဝိုက်သောအားဖြင့် ထိခိုက်တာပေါ့နော်။
နောက်ပြီးတော့ ငွေကြေးနဲ့ ပတ်သက်လို့ အကောင့်အသစ်တွေ ဖွင့်ခဲ့ရင်လည်း သူတို့ရဲ့ အရင်တုန်းက နိုင်ငံတကာမှာ ငွေကြေးခဝါချမှုနဲ့ ပတ်သတ်ပြီး ရာဇဝတ်မှုတွေ ဘာတွေရှိလား အစရှိတာတွေကို အပိုဆောင်း စစ်ဆေးရတာတွေ ရှိလာပါတယ်။
သူကတော့ မြန်မာပြည်က ကျင့်သုံးရမယ့် ကျင့်ဝတ်ထုံးနည်းတွေ ကို မကျင့်သုံးသေးတာကြောင့် အရေးယူတာလို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ တစ်ဘက်ကကျတော့လည်း အဲဒီကျင့်ဝတ်ထုံးနည်းတွေကို လိုက်နာဖို့ကလည်း အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးကတော့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည့်နေတဲ့ နိုင်ငံမျိုး အစရှိတဲ့ နိုင်ငံမျိုးမှာ ပွင့်လင်းမြင်သာမြင်သာမှုရှိတဲ့ ဘဏ်စနစ်တစ်ခုပေါ်လာဖို့က ခက်တယ်ပေါ့နော်။ စစ်အစိုးရကနေပြီးတော့ စောင့်ကြည့်တယ်။ စောင့်ကြည့်ပြီးတော့ လူတွေရဲ့ ငွေကြေးလွှဲပြောင်းပိုင် ရယူခွင့်တွေကို ပိတ်ပင်တဲ့ အခါကျတော့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်း မလိုက်နာနိုင်ဘူး။ နောက်ပြီးကျတော့ ငွေကြေးခဝါချမှုတွေကို စစ်ကောင်စီကိုယ်တိုင်ကိုက ဦးဆောင်ပြီးလုပ်တဲ့ အပိုင်းတွေ ရှိတဲ့ အတွက်ကြောင့် သူတို့က FATF က ကျင့်သုံးဖို့ လိုက်နာဖို့ ပြောထားတဲ့ ကျင့်ထုံးတွေကို လိုက်အကောင်အထည်ဖော်ဖို့က မဖြစ်နိုင်သလောက်နီးပါးဖြစ်နေတယ်။
အဓိကကတော့ ပြည်ပရောက်နေတဲ့ မြန်မာတွေက တော်တော်လေး အခက်အခဲ ကြုံရနိုင်ခြေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားမှာ ဘဏ်အကောင့်တွေ ဖွင့်တဲ့အခါကျရင် ဒီလိုမျိုး မြန်မာနိုင်ငံသား တစ်ယောက်ချင်းဆီကို လိုက်ပြီးတော့ ဘဏ်လုပ်ငန်းနဲ့ ပတ်သတ်ပြီး ဘာလုပ်ခဲ့လဲ ဆိုတဲ့ဟာတွေကို လိုက်စစ်မယ်ဆိုတာနဲ့ မြန်မာနိုင်ငံသား တစ်ယောက်ချင်းစီရဲ့ ဘဏ်အကောင့်ဖွင့်ဖို့ စောင့်ရတဲ့ အချိန်က ပိုကြာလာနိုင်ခြေရှိတယ်။
ဆိုတော့ တခါတရံ အချို့ကုမ္ပဏီတွေက ငွေသားနဲ့ ငွေမချေဘဲနဲ့ အကောင့်ထဲကိုပဲ လွှဲပေးမယ်ဆိုတဲ့ ပေါ်လစီရှိတဲ့ ကျောင်းတွေ အလုပ်တွေ ရှိကြတယ်ပေါ့။ အဲဒီလို ကျောင်းတွေ အလုပ်တွေကို ကိုယ့်နိုင်ငံသားတွေက ရစရာရှိတဲ့ လုပ်အားခတွေ၊ ကျောင်းက ထောက်ပံကြေးမရဘဲ စောင့်ရတာတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အတိအကျတော့ မပြောနိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒေါက်တာဇော်နိုင် (ငွေရေးကြေးရေးပိုင်းဆိုင်ရာကျွမ်းကျင်သူ)
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခု FATF ရဲ့ အမည်မည်း စာရင်းထဲ ထည့်တာနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကြည့်ကြရအောင်ပါ။ သွင်းကုန်၊ ထုတ်ကုန်တွေအတွက် ငွေလွှဲတာတွေမှာ အနှောက်အယှက် အတားအဆီးတွေ ဖြစ်လာနိုင်လို့ ပြည်တွင်းက မထုတ်တဲ့ လောင်စာဆီ အပါအဝင် သွင်းကုန်တွေဖြစ်တဲ့ စက်ယန္တရားတွေ၊ လူသုံးကုန်တွေ၊ ကားတွေ ဈေးတက်လာနိုင်ပါတယ်။ ပြည်တွင်းထွက်ကုန်တွေကို ပြည်ပပို့ဖို့ ခက်ခဲလို့ ပြည်တွင်းထုတ်ကုန်တွေ ဈေးကျနိုင်ပါတယ်။ ဆီဈေးတို့၊ တခြား ကုန်ကြမ်းဈေးတို့ တက်တော့ သူလည်း တက်မှာ ဖြစ်ပေမဲ့ ပြည်ပ သွင်းကုန်တွေ တက်တာနဲ့ ယှဉ်ရင် တက်တဲ့ အချိုး နည်းပါလိမ့်မယ်။ မြန်မာငွေနဲ့တွက်ရင် တက်ပြီး ဒေါ်လာဈေး၊ အခြား ဈေးတွေနဲ့ ယှဉ်ရင် ကျတဲ့ သဘော ဖြစ်မယ်လို့ မြင်မိပါတယ်။ လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်တွေ၊ စက်မှုဇုန်တွေက ထုတ်ကုန်တွေ နှိုင်းယှဉ်ဈေးကျလို့ လယ်သမားတွေ၊ ပြည်တွင်း လုပ်ငန်းတွေ ငွေတွေ ကျပ်တည်း၊ စီးပွားရေး နှေးလို့ အရောင်းအဝယ်တွေ ပါးလာပါမယ်။ ဘဏ်တွေမှာ ပြန်မဆပ်နိုင်တဲ့ ချေးငွေတွေ ပိုများလာပါမယ်။ကျွန်တော် စဉ်းစားနေမိတာက ဗီဇာ (Visa)၊ မာစတာ (Master) စတဲ့ နိုင်ငံတကာသုံး ငွေပေးချေမှု ကတ်တွေများ ပြန်ထွက်သွားနိုင်သလား လို့ စဉ်းစားနေမိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒေါက်တာစိုးထွန်း(စီးပွားရေးလုပ်ငန်းရှင်)
စင်ကာပူနဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္မဏီနဲ့ ကိုယ်ပိုင် bank account ဖွင့်ထားသူတွေ၊ ဒစ်ဂျစ်တယ်ငွေကြေးအကောင့် ဖွင့်ထားသူတွေ ပိုပြီးသတိထားရပါမယ်။ ခိုင်လုံတဲ့ စာရွက်စာတမ်း ( invoice, BLs) မရှိဘဲငွေလွှဲပြောင်းရင် ဘဏ်အကောင့် ပိတ်ခြင်းပိုပြီးဖြစ်လာမယ်။ ယခင်ကလည်း အလုပ်လုပ်တဲ့ transaction များတဲ့ ကုမ္ပဏီတွေရဲ့ ဘဏ်အကောင့်တွေပိတ်ခံထားရတာပါ။ အခုတော့ ပိုပိတ်ခံရပါမယ်။ TT လွှဲတဲ့ငွေ USD တွေကို ကြားခံဘဏ် (intermediate bank) ကနေထိန်းချုပ်လိုက်တာရပ်ဆိုင်းတာတွေ လုပ်တာခံရနိုင်ပါတယ်။ ဟွန်ဒီ သမားတွေလည်း သတိထားရပါမယ်။ တရားဝင်မဟုတ်တဲ့အတွက်ဘဏ်အကောင့်ငွေလွှဲပြောင်းတဲ့အခါ AML နဲ့ညိတဲ့အတွက်ပါ။ အမေရိကန်ဒေါ်လာနဲ့ တခြားငွေကြေးငွေသားကတော့ အရင်ကလည်း တရားဝင်လမ်းကြောင်းကဝင်လာတာမဟုတ်တဲ့အတွက် အခုလည်းအရင်လိုဘဲတရားမဝင်လမ်းကြောင်းကဆက်ဝင်ရောက်မှာပဲဖြစ်ပါတယ်။ ပို့ကုန်အတွက်ကတော့ ဥရောပသမဂ္ဂကို Payment with DP နဲ့ရောင်းသူတွေသတိထားရတော့မှာပါ။ ငွေပြန်မဝင်လာ နိုင်တဲ့အတွက်ပါ။ ဆန်၊ဆန်ကွဲ၊ ပြောင်း၊နှမ်းကတော့ တရုတ်၊ထိုင်းနဲ့ ဘဂ်လားဒေ့ရှ်ကို တရုတ်ယွမ်၊ထိုင်းဘတ်တို့ နဲ့ဆက်သွားမှာပါ။ လောလောဆယ်လည်း ဘဂ်လာဒေ့ရှ်ကို တန် ၂ သိန်း (အမေရိကန်ဒေါ်လာ သန်း၉၀၀ ကျော်)ဆန်ရောင်းရာမှာ တရုတ်ယွမ်နဲ့သုံးထားတာတွေ့ရပါတယ်။ ပဲအမျိူးမျိုးကတော့ အိန္ဒိယ ကိုအဓိကတင်ပို့ပြီး တရုတ်ကိုလည်းတင်ပို့နေပါတယ်။ ငွေချေတာတော့ အမေရိကန်ဒေါ်လာကိုသုံးနေပါတယ်။ အထည်ချုပ်နဲ့ အခြားကဏ္ဍတွေကတော့ အမေရိကန်ဒေါ်လာကိုသုံးနေပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်ကတော့ Petrol China Company ကနေဝယ်နေပါတယ်။ ငွေပေးချေမှုကို တဝက်တပျက် တရုတ်ယွမ်နဲ့ပေးချေနေပြီဖြစ်တဲ့အတွက် အခုဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းလုံး တရုတ်ယွမ်နဲ့ပေး မယ်လို့ထင်ပါတယ်။ စားအုံးဆီကတော့ အမေရိကန်ဒေါ်လာနဲ့ပေးချေတဲ့အတွက် ဆက်ပေးလို့ရမရတော့မသိပါ။ တ ခြား currrency ပြောင်းသုံးနိုင်ပါတယ်။
ဆေးအမျိုးမျိုးကတော့ ပင်လယ်ရေကြောင်းအပြင် ထိုင်းကတစ်ဆင့်နဲ့ ကုန်းလမ်းကနေလည်း ဝင်ရောက်တဲ့အတွက်ငွေပေးချေမှုကို အမေရိကန်ဒေါ်လာရော ထိုင်းဘတ်နဲ့ပါ ပေးချေနိုင်ပါတယ်။
သွင်းကုန်နဲ့ တခြား item တွေကတော့ထိုင်းကတစ်ဆင့် နဲ့ဝင်ရောက်နေကြတာဖြစ်ပါတယ်။
Payment တွေကို စင်ကာပူက ငွေပေးချေမှုတွေကို တင်းကျပ်မယ်ဆို ထိုင်းဘဏ်တွေကိုပိုသုံးလာနိုင်ပါတယ်။ INGO တွေအနေနဲ့ကတော့ ပြည်ပကနေငွေဝင်လို့ရနေမှာပါ။
FATF က ပြောတာကတော့ Humatarian နဲ့ Legitimate အတွက် ငွေလွှဲပြောင်းမှုကိုမကန့်သတ်ဘူးလို့ဆိုပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ ဆက်သွားဖို့ပိုခက်လာပါမယ်။
အထူးသဖြင့် အနောက်နိုင်ငံကကုမ္ပဏီတွေ Branded Company တွေကတော့ အမည်မည်းစာရင်းဝင် နိုင်ငံမှာအလုပ်လုပ်ခြင်းဟာ ငွေကြေးခဝါမှုပါ ပါဝင်သလိုဖြစ်မှာစိုးလို့ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။








