၁၉၉၀ ရွေးကောက်ပွဲ နှစ် ၂၀ ခရီး

မြန်မာ့သမိုင်းဝင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ နှစ် ၂၀ ပြည့်ခဲ့ပေမယ့် အများပြည်သူ လိုလားတဲ့ ဒီမိုကရေစီ ကို အပ်နှင်းဖို့ စစ်အစိုးရ ငြင်းပယ်ခဲ့တယ်လို့ အမေရိကန် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး အဖွဲ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အတွက် နည်းလမ်းမြင်ပါသလားလို့ Human Rights Watch အာရှဒေသ ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှုး Elaine Pearson ကို မေးကြည့်ရာမှာ၊ မြန်မာနိုင်ငံဖက်က အမြဲရပ်တည် ကာကွယ်ပေးတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယ နဲ့ စင်္ကာပူ နိုင်ငံတွေ ကို ဖိအားပေး တောင်းဆိုခြင်းဖြင့် ပြောင်းလဲနိုင်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။
အကယ်၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မပြုရင်၊ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဖို့၊ တင်းကျပ်တဲ့ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေး ပါတီစုံ ဝင်ခွင့် ပိတ်ပင်ထားတဲ့အတွက်၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာ ကင်းမဲ့ နိုင်မှာကို ထောက်ပြမဲ့ အကြောင်း၊ Elaine Pearson က ရှင်းပြပါသေးတယ်။
အမေရိကန် George Mason University မှ ဒေါက်တာမင်းဇော်ဦး က လည်း၊ စစ်တပ်နဲ့ လူထု ကင်းကွာမှု ရှိနေလို့၊ ၂၀၁၀ ရွေးကောက်ပွဲ ကို စစ်အစိုးရ အနိုင်ရတဲ့ တိုင်၊ အန္တရာယ် ပိုများလာနိုင်ပုံကို ဘီဘီစီ ကို ထောက်ပြသွားပါတယ်။




