၂၀၂၀ မြန်မာရွေးကောက်ပွဲ- မကျင်းပနိုင်မယ့်နေရာ စံချိန်တင်တဲ့ နှစ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရခိုင်ပြည်နယ်က မြို့နယ် ၉ ခု နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ ခုမှာ လွတ်လပ်ပြီးတရားမျှတမယ့် အခြေအနေမရှိလို့ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့က ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် နယ်မြေတချို့ကိုလည်း တစ်ဆက်တည်း ကြေညာခဲ့မှာ တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် မြို့နယ်က ၄၀ အထိ ရှိခဲ့ပါတယ်။
ဒါကြောင့် လာမယ့် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ထက် တစ်မြို့နယ်လုံးရော တစ်စိတ်တစ်ပိုင်းပါ ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် နေရာတွေပိုများတဲ့ ရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ မြို့နယ်က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ ခု နဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA ထိန်းချုပ်နယ်မြေ အထူးဒေသ (၄)မိုင်းလား တို့ပဲ ရှိခဲ့တာပါ။
ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်က ၁၂ ခုပဲ ရှိခဲ့တာပါ။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ မြို့နယ်က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြို့နယ် ၄ ခု နဲ့ မိုင်းလား အပြင် ရှမ်းပြည်နယ်ထဲက မိုင်းရှူးနဲ့ ကျေးသီးတို့မှာပဲ မကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် မြို့နယ်က ၃၁ ခုပဲ ရှိခဲ့တာပါ။
ဒီမိုကရေစီဘောင်ကျဉ်းလာတဲ့ ရခိုင်ပြည်နယ်
တိုက်ပွဲတွေဖြစ်နေပြီး နယ်မြေမအေးချမ်းတဲ့ ရခိုင်ပြည်နယ်က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်မှာ မဟုတ်တော့ပါဘူး။
ဒီမဲဆန္ဒနယ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီ အများစုနိုင်ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အမတ်လောင်းတွေ မဲဆွယ်ရင်း အဖမ်းခံရတဲ့ တောင်ကုတ်ကိုတော့ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မရွှေ့ခဲ့ပါဘူး။
ပြည်နယ်မြို့တော် စစ်တွေ အပါအဝင် ကျောက်ဖြူ၊ အမ်းနဲ့ တောင်ကုတ် မြို့နယ်တွေမှာတော့ ရပ်ကွက်နဲ့ကျေးရွာတချို့ကလွဲရင် ကျန်တဲ့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

အစဉ်အလာမပျက် မောဝ်မြေ
ရှမ်းပြည်နယ်မှာတော့ ၂၀၁၀ နဲ့ ၂၀၁၅ တုန်းကလိုပဲ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက ဝ မြို့နယ် ၄ ခု နဲ့ အထူးဒေသ (၄)မိုင်းလား ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။ ထူးခြားတာက ကော်မရှင်မကြေညာခင်ကထဲက အဲ့ဒီမဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းတစ်ယောက်မှ စာရင်းမပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရခဲ့တဲ့ မိုင်းကိုင်မြို့နယ်လည်း တစ်မြို့နယ်လုံး ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် စာရင်းထဲ ပါလာပါတယ်။
ရှမ်းပြည်နယ်ထဲမှာ တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် မြို့နယ်က ၁၇ မြို့နယ်အထိ စံချိန်တင်ပါတယ်။
လတ်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ ကျောက်မဲ နဲ့ မြို့နယ်ချင်းဆက် နောင်ချို ပါသလို မြောက်ပိုင်းမြို့တော် လားရှိုးလည်း ပါပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ တိုင်း ထဲက မြို့နယ်တွေဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ မက်မန်း၊ ဟိုပန် နဲ့ကုန်းကြမ်း မြို့နယ်တွေက ရပ်ကွက်နဲ့ကျေးရွာတချို့မှာလည်း ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကွတ်ခိုင် နဲ့ မူဆယ် ပါသလို မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ တန့်ယန်းနဲ့ ကွမ်းလုံ တို့က ရပ်ကွက်နဲ့ကျေးရွာတချို့မှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။
ရှမ်းပြည်နယ် အခြေစိုက် ပါတီတချို့ကတော့ ကျင်းပလို့ရတဲ့ နယ်မြေတချို့ပါ ရွေးကောက်ပွဲ မပြုလုပ်မယ့် စာရင်းထဲပါသွားလို့ မကျေမနပ် ဖြစ်နေကြပါတယ်။
တစ်စိတ်တစ်ပိုင်းရွှေ့ရတဲ့ ပြည်နယ်နဲ့တိုင်းတွေ
ကချင်ပြည်နယ်မှာတော့ တစ်မြို့နယ်လုံး မကျင်းပနိုင်မယ့် နေရာမရှိပါဘူး။
ခေါင်လန်ဖူး၊ ဆွမ်ပရာဘွန်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်နဲ့ အင်ဂျန်းယန် တို့က ရပ်ကွက်နဲ့ကျေးရွာတချို့မှာတော့ ကျင်းပနိုင်မှာ မဟုတ်တဲ့ နေရာတွေထဲ ပါခဲ့ပါတယ်။
အလားတူ ကရင်ပြည်နယ် ကော့ကရိတ်၊ ဖာပွန်၊ သံတောင်ကြီး၊ ဘားအံ၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက ကျေးရွာတချို့မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ပါဘူး။
မွန်ပြည်နယ် ဘီးလင်းက ကျွေးရွာအုပ်စုတစ်ခုနဲ့ ပဲခူးတိုင်း ကျောက်ကြီးနဲ့ရွှေကျင် က ကျေးရွာတချို့မှာ လည်း ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ ကော်မရှင်က ကြေညာခဲ့ပါတယ်။
အထွေထွေရွေးကောက်ပွဲမှာ ထည့်သွင်းမကျင်းပနိုင်တဲ့နေရာတွေကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့အခါ နယ်မြေအခြေအနေအပေါ်မူတည်ပြီး ကော်မရှင်က ပြန်လည်ကျင်းပပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ အထွေထွေရွေးကောက်ပွဲမှာ ထည့်သွင်းမကျင်းပနိုင်တဲ့အတွက် သမ္မတ ရွေးချယ်ရေးမဲပေးပွဲမှာ ရွေးကောက်ပွဲက တက်လာတဲ့ အမတ်တွေရဲ့ မဲတွေကတော့ လျော့နည်းသွားမှာ ဖြစ်ပါတယ်။








