ရခိုင်မှာ ရွေးကောက်ပွဲ ပညာပေးဖို့ ခက်ခဲတယ်လို့ ကော်မရှင်ပြော

မင်းပြားမြို့ပေါ်က စစ်ဘေးရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Min Myat Khine

အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အတွက် အသိပညာပေး အစီအစဥ်တွေ လုပ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြောင်း ကော်မရှင်နဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဇူလိုင် ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံပွဲမှာ ရခိုင် အခြေစိုက် အရပ်ဘက် အဖွဲ့တွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီမှာ ရွေးကောက်ပွဲ ကော်မရှင် ဘက်ကနေ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ထားချက်တွေကို ခေါ်ယူရှင်းပြခဲ့တာလို့ ဆိုပါတယ်။

စစ်ဘေးရှောင် ၂ သိန်း နီးပါး ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းတွေကို ကောက်ယူတဲ့အခါမှာ စစ်ဘေးရှောင်တွေနဲ့ ဒုက္ခသည်တွေရဲ့စာရင်းဇယားတွေကို အတိအကျရရှိနိုင်ဖို့ ဘယ်လိုဆောင်ရွက်နေလဲဆိုတဲ့ မေးမြန်းချက်ကို ကော်မရှင် ဘက်က တိတိကျကျဖြေကြားခဲ့တာမရှိဘူးလို့ တက်ရောက်ခဲ့ကြတဲ့ ရခိုင် အဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကာလအတွင်း အင်တာနက်မရှိတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ လုပ်ဖို့ အခက်အခဲရှိတဲ့အတွက် ပိတ်ထားတဲ့အင်တာနက်လိုင်းတွေကို ပြန်လည်ဖွင့်ပေးရေး အတွက်လည်း ကော်မရှင် ကို မေးခွန်းထုတ်ခဲ့တယ် ဆိုပါတယ်။

အင်တာနက်ဖွင့်ပေးဖို့ကိစ္စ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ကော်မရှင်ဥက္ကဌက ပြောဆိုကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့က ကိုအောင်နိုင်က ပြောပါတယ်။

နေပြည်တော်မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, CJ

"ကော်မရှင်မှာတော့ လုပ်ပိုင်ခွင့် တိတိကျကျမရှိဘူးပေါ့။ ဒါပေမယ့် တိုက်တွန်းရင်တော့ ဖြစ်နိုင်တဲ့အခြေအနေတွေရှိတာပေါ့။ ဒီအချိန်မှာ ဒါတွေလိုတယ်။ အင်တာနက်မရှိရင် စောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးပါတီတွေအတွက် လုပ်ရကိုင်ရတာ တော်တော်လေး အခက်အခဲရှိတယ်။ အစိုးရကိုတွန်းအားပေးတာတို့ဘာတို့ လုပ်လို့ရတာပေါ့။ ဒီအခြေအနေမျိုးမှာ။"လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ စစ်ရေးအခြေအနေတွေကြောင့် လုံခြုံရေးအရ ကန့်သတ်ထားတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲအသိပညာပေးမှုတွေ လုပ်နိုင်ဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကော်မရှင်က ပြောကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ကိုသန်းလှက ပြောပါတယ်။

"မဲပေးဖို့အတွက် ကမ်ပိန်းလုပ်တဲ့အခါမှာတောင်မှ လုံခြုံရေးအရ ကန့်သတ်ထားတဲ့နေရာကို မလုပ်ရဘူးလို့ ကော်မရှင်ဥက္ကဌက ပြောဆိုတာရှိတယ်။

မဲပေးဖို့အသိပညာပေးတဲ့ဟာကို လုံခြုံရေးအရ ကန့်သတ်ထားတဲ့နေရာတွေကို သွားလုပ်လို့မရဘူးလို့ပြောဆိုတာက ကျွန်တော်တို့ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်တဲ့ ဘူးသီးတောင်တို့၊ ရသေ့တောင်တို့၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့မှာ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အစီစဉ်မရှိဘူးဆိုပြီးတော့နားလည်တယ်။

တိုက်ရိုက်ပြောတာတော့မဟုတ်ဘူး။ သူတို့ပြောတာကို ကျွန်တော်တို့ကအဲလို သဘောပေါက်ပါတယ်"

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ပြီးခဲ့တဲ့နှစ်ကနေ စစ်ရေးအကြောင်းပြချက်တွေနဲ့ အင်တာနက်ဖြတ်တောက်ထားပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေ ရှိ၊ မရှိကို ကော်မရှင်ဘက်က အတိအကျ ထုတ်ပြန်ကြေညာတမျိုးတော့ မရှိသေးပါဘူး ။

အခုလတ်တလောမှာ တပ်မတော်ဘက်က လည်း ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ စစ်ဆင်ရေးတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် ရွေးကောက်ပွဲအပေါ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေက သုံးသပ်ပြောဆိုကြပါတယ်။