မြန်မာ့ပါလီမန်ဒီမိုကရေစီနဲ့ ခါးပိုက်ဆောင်တပ်များ

ဓာတ်ပုံ ရင်းမြစ်, U Pe Thein
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၁၉၆၂ မတိုင်ခင်က မြန်မာနိုင်ငံကို ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တယ်လို့ သိကြပါတယ်။ ဒါပေမဲ့ ဒီဒီမိုကရေစီဟာ အနောက်နိုင်ငံတွေမှာလို ပုံစံကျ လစ်ဘရယ် ဒီမိုကရေစီစနစ် မဟုတ်ဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပုန်ကန်သူတွေကြား လွန်ဆွဲနေတဲ့ အုပ်ချုပ်ရေးစနစ်သာ ဖြစ်တယ်လို့လည်း ဝေဖန်သူတွေ ရှိပါတယ်။
ဒီကိစ္စကို အသိသာဆုံး တွေ့ရတာကတော့ အဲဒီခေတ်က အကြမ်းဖက်တဲ့ ရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့ အစိုးရ ခါးပိုက်ဆောင်တပ်တွေ အင်အားကြီးခဲ့တာပဲ ဖြစ်ပါတယ်။ ဦးနုဟာ အဲဒီခေတ်မှာ နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ အာဏာအရှိဆုံး ခေါင်းဆောင်ဆိုပေမယ့် အစိုးရထဲမှာ ကြီးစိုးနေတဲ့ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အစွယ်အပွား လက်နက်ကိုင်တွေက အုပ်ချုပ်ရေး ယန္တရားကို ကြီးစိုး ထားတယ်ဆိုပြီး အဲဒီ ခေတ်က ထုတ်တဲ့ မြန်မာစာနယ်ဇင်းတွေမှာ ရေးသားကြသလို ပြည်ပပညာရှင်တွေက သုံးသပ်တာတွေလည်း ရှိပါတယ်။
နောက်မြန်မာနိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက နိုင်ငံရေးမှာ လက်နက်က လွှမ်းမိုးချုပ်ကိုင်လာတယ်ဆိုပြီး စစ်အတွင်း အဓိပတိဟောင်း ဒေါက်တာဘမော်က ရေးခဲ့ဖူးပါတယ်။ စစ်အတွင်းမှာ ဘီအိုင်အေတပ်တွေ ဖွဲ့တာနဲ့ နောက်ဆက်တွဲ လူမျိုးရေးသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လူမျိုးစုလက်နက်ကိုင်တပ်တွေ စစ်အပြီးမှာ ပေါ်ပေါက်လာခဲ့ကြောင်းလည်း ဒေါက်တာဘမော်က ဘရိတ်သရူးအင်ဘားမားစာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီလက်နက်နိုင်ငံရေးဟာ စစ်ပြီးခေတ် နိုင်ငံရေးကို အခုထက်ထိ ကြီးစိုးနေဆဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းခေတ်ကစ

ဓာတ်ပုံ ရင်းမြစ်, Archive
နိုင်ငံရေးမှာ ဘက်လိုက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေကို လွတ်လပ်ရေးမတိုင်ခင်ကတည်းက တွေ့ခဲ့ရပါတယ်။ စစ်အပြီးမှာ ပထမဆုံးလုပ်တဲ့ ၁၉၄၇ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့ထားတဲ့ စစ်ပြန် ပြည်သူ့ရဲဘော်တပ်တွေက လူတွေကို ခြိမ်းခြောက်မဲပေးခိုင်းတာတွေ ဖြစ်ခဲ့တယ်ဆိုပြီး ရှယ်လ်ဘီတပ်ကာက ဗြိတိသျှ အထောက်အထားတွေကို သုံးပြီးရေးတဲ့ လွတ်လပ်ရေးရဲ့ ကျိန်စာ၊ မြန်မာပြည် စာအုပ်မှာ ဖော်ပြပါတယ်။
ဖဆပလ ရန်ပုံငွေအတွက် ဓားပြတိုက်တာတွေ ရှိသလို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အရွေးခံမယ့် တခြားပါတီတွေက အမတ်လောင်းတွေ ခြိမ်းခြောက်ခံရတဲ့အတွက် ရွေးကောက်ပွဲက ထွက်ပေးရတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို ပြည်သူ့ရဲဘော်တွေ လာစောင့်တာနဲ့ မဲပေးသူတွေကို ထရံကြားက ချောင်းကြည့်တာတွေ ရှိတယ်ဆိုပြီး ရှယ်လ်ဘီတပ်ကာက ရေးပါတယ်။
တခါ မဲမရနိုင်တဲ့အတွက် ဒေါက်တာဘမော်၊ ဂဠုန်ဦးစော၊ သခင်ဗစိန်တို့ပါတီတွေ ဒီရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့လည်း မိုက်ကယ်ချာနေရဲ့ ခေတ်သစ်မြန်မာပြည်သမိုင်းမှာ ဖော်ပြပါတယ်။ ဒီရွေးကောက်ပွဲကို ကေအန်ယူကလည်း သပိတ်မှောက်ပါတယ်။
ဖဆပလက (၉၅) ရာခိုင်နှုန်းနဲ့ နိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲခဲ့တဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာပြည်ရွေးကောက်ပွဲအကြမ်းဖက်မှုတွေရဲ့အစလို့လည်း ဆိုနိုင်သလို စစ်ဗိုလ်တွေ ဝင်ပြီး အမတ်ရွေးခံတဲ့ ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ဗိုလ်အောင်ကြီး၊ ဗိုလ်စိန်မှန်၊ ဗိုလ်ဖိုးကွန်း စတဲ့ တပ်ခေါင်းဆောင်အငယ်ပိုင်းတွေ တပ်ကထွက်ပြီး အမတ်အရွေးခံသလို ပြည်တွင်းစစ်အစမှာ တချို့လည်း တပ်မတော်၊ ပြည်သူ့ရဲဘော် စတဲ့ လက်နက်ကိုင်တပ်တွေထဲ ပြန်ရောက်သွားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တစ်ခါကစာနယ်ဇင်းများ
စတင်းဂန်းဒီမိုကရေစီခေတ်
လွတ်လပ်ရေးရပြီးချိန်မှာ ပြည်တွင်းစစ်မီးတောက်ခဲ့တဲ့အတွက် မြန်မာပြည် ရွေးကောက်ပွဲတွေ အကြိမ်ကြိမ်အခါခါ ရွှေ့ဆိုင်းခဲ့ရပါတယ်။ ၁၉၄၉ မှာ ကျင်းပဖို့ ရှိတဲ့ ပါလီမန်ရွေးကောက်ပွဲတွေဟာ ၁၉၅၁ ကျမှ ကျင်းပနိုင်ခဲ့ပါတယ်။ ကျင်းပရာမှာလည်း သုံးကြိမ် ခွဲကျင်းပရပြီး မဲဝယ်မဲခိုးမှုတွေအပြင် အစိုးရစစ်တပ်နဲ့ ခါးပိုက်ဆောင်တပ်တွေက ခြိမ်းခြောက်မဲပေးခိုင်းတာတွေ ရှိတယ် ဆိုပြီး အတိုက်အခံတွေ ဘက်က ဖဆပလအစိုးရကို စွပ်စွဲခဲ့ပါတယ်။ အလားတူပဲ တောတွင်းလက်နက်ကိုင်တွေက အတိုက်အခံဘက်ကို မဲထည့်ဖို့ နယ်တွေမှာ ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း ဖဆပလဘက်က စွပ်စွဲခဲ့ ပါတယ်။
အဲဒီခေတ် ပါလီမန်ရွေးကောက်ပွဲတွေမှာ အတိုက်အခံထောက်ခံသူတွေ မဲစာရင်းထဲ မဝင်အောင် ဦးနုက ဗိုလ်ချုပ်နေဝင်းကို လုပ်ခိုင်းတာ၊ တပ်တွေကို ဖဆပလ ထောက်ခံသူနည်းတဲ့ နယ်မြေတွေကို ရွှေ့ပြီး မဲပေးခိုင်းတာတွေလည်း ဖြစ်ခဲ့ကြောင်း မိုက်ကယ်ချာနေက မှတ်တမ်းတင်ပါတယ်။ မဲဆန္ဒနယ်တွေကို အစိုးရသဘောကျ မဲနိုင်အောင် ပြင်ဆင်သတ်မှတ်တာတွေလည်း ရှိခဲ့တယ်လို့ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းက ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံများမှာ ထောက်ပြပါတယ်။ ဖဆပလ အနှစ် (၄ဝ) တည်ရမည် ဆိုပြီး ခေါင်းဆောင်တွေရဲ့ အာဏာမက်မှု ညစ်ပတ်မှုတွေကြောင့် မြန်မာပြည်မှာ ဒီမိုကရေစီ အမြစ်မတွယ် ဖြစ်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Maung Maung Than
ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)အတိုက်အခံအဖွဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဘညိမ်ရဲ့ ဦးဘညိမ် စာအုပ်မှာတော့ သူကိုယ်တိုင် ပဲခူးတိုင်း စစ်ကွင်းမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဟောပြောပွဲတခုမှာ အစိုးရတပ်က တင့်ကားနဲ့ လိုက်လို့ ပြေးလွှားခဲ့ရသလို ခြေသလုံးကို စတင်းဂန်းနဲ့ အပစ်ခံခဲ့ရကြောင်း ပါရှိပါတယ်။ ဦးနုအစိုးရက သူ့ကို ဆေးကုပေးတဲ့အတွက် ပြေငြိမ်းခဲ့တယ်လို့ ဆိုပါတယ်။ နောက် မဲနိုင်တဲ့ အတိုက်အခံအမတ်ဘဝမှာ စစ်တပ်က သူ့ကို ရွှေတောင်ကြားအိမ်ထိ လိုက်သတ်ခိုင်းတာလည်း ရှိခဲ့တယ်လို့ ပမညတ အမတ်ဟောင်း ဦးဘညိမ်က ရေးခဲ့ ပါတယ်။ ဦးနုက ပမညတအမတ်တွေကို သက်စောင့်အဖြစ် တယောက်ကို ရိုင်ဖယ်နှစ်လက်စီ ထုတ်ခွင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီရွေးကောက်ပွဲမသမာမှုတွေကို အတိုက်အခံတွေဘက်က ဒီမိုကရေစီမှတ်တမ်းကြီးလို စာအုပ်ထုတ်ပြီး ကန့်ကွက် ခဲ့ကြပေမယ့် အရာမထင်ဘဲ ဖဆပလတွေ ကြီးစိုးခဲ့ကြပါတယ်။ အတိုက်အခံ အမတ်လောင်းတွေနဲ့ နောက်လိုက်တွေ သတ်ဖြတ်ခံရတာ၊ ပြန်ပေးဆွဲခံရတာ၊ ခြိမ်းခြောက်လာဘ်ထိုးမှုတွေနဲ့ ရွေးကောက်ပွဲက ပြန်ထွက်ခိုင်းတာတွေ ရှိသလို လူတယောက် ငါးကျပ်နှုန်းနဲ့ မဲဝယ်တာတွေ ရှိခဲ့တယ် ဆိုပြီး သတင်းစာဆရာ ဦးထွန်းဖေက အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီကျဆုံးရသလဲ စာအုပ်မှာ ရေးသား ခဲ့ပါတယ်။ တချိန်က ဦးနုအစိုးရမှာ ဝန်ကြီးဖြစ်ခဲ့ကြတဲ့ ဦးထွန်းဖေနဲ့ မြန်မာ့အလင်းဦးတင် တို့ကိုယ်တိုင် ၁၉၅၁ ရွေးကောက်ပွဲမှာ အစိုးရသံချပ်ကာကားစီးပြီး မဲဆွယ်ခဲ့ကြ ကြောင်းလည်း ဦးဘညိမ်က ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bert Hardy
၁၉၅၆ ရွေးကောက်ပွဲမှာ ဆိုရှယ်နီတွေအပါအဝင် ပမညတဘက်က မဲပိုရလာတာကိုလည်း ကွန်မြူနစ်နဲ့ တရုတ်အစိုးရက ကူလို့ဆိုပြီး ဖဆပလခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးကျော်ငြိမ်းကစွပ်စွဲတယ်လို့ ဦးဘညိမ်က ရေးပါတယ်။ ဦးကျော်ငြိမ်းတိုက်တွန်းလို့ ဒီအကြောင်း တရုတ်ပြည်မှာ မော်စီတုန်းကို ဦးနုက ပြောတဲ့အခါ မော်စီတုန်းက စိတ်ဆိုးတယ်လို့ ဆိုပါတယ်။
ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း စစ်အေးခေတ်မှာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည် ရွေးကောက်ပွဲတွေဟာ ဝါဒအစာမကျေမှုနဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန် လာကြောင်း သမ္မတဟောင်း ဒေါက်တာ မောင်မောင်က စစ်မဖြစ်ခင်က ပျော်ရွှင်စရာ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရေးခဲ့ဖူးပါတယ်။ ပညာတော်သင်ဘဝ သူကြုံတွေ့ခဲ့ရတဲ့ ဗြိတိသျှ ရွေးကောက်ပွဲတွေဟာ ဗြိတိန်ရဲ့ နွေရာသီလိုပဲ အင်မတန် တည်ငြိမ် အေးဆေးပေမယ့် မြန်မာပြည်မှာတော့ ဒီလိုမဟုတ်ဘူးလို့ ဆိုပါတယ်။
လူမိုက်အမတ်တွေခေတ်

ဓာတ်ပုံ ရင်းမြစ်, Bo Bo/ SOAS
ဖိလစ်ပိုင်နိုင်ငံရေးမှာ ကြီးစိုးတဲ့ လူချမ်းသာလူမိုက်ခေါင်းဆောင်တွေကို အစွဲပြုပြီး ကာစိဒီမိုကရေစီဆိုတဲ့ စကားကို ကော်နဲလ်တက္ကသိုလ် ပါမောက္ခ ဘန်အန်ဒါဆင် တီထွင်ခဲ့ပါတယ်။ မြန်မာပြည်မှာလည်း ပဒေသရာဇ်ဆန်ဆန် အမတ်တွေ နယ်တွေမှာ ကြီးစိုးခဲ့တယ်လို့ ဦးထွန်းဖေက ရေးခဲ့ပါတယ်။
ဖျာပုံအောင်ပယ်လယ်သိန်းဖေ၊ လယ်ဝေးသခင်ကြည်ရှိန်၊ မိတ္ထီလာဆရာထီ၊ ပျဉ်းမနား ဗိုလ်တောက်ထိန် စတဲ့ ဒီဖဆပလနယ်ခေါင်းဆောင်တချို့ဟာ လွှတ်တော် အမတ်တွေ ဖြစ်တဲ့အပြင် နယ်တွေမှာ ဓားပြတိုက်၊လူသတ်၊မိုက်ကြေးခွဲ စတဲ့ လူမိုက်ခေါင်းဆောင်တွေ အလုပ်တွေ လုပ်ကြောင်း ဆီယက်တဲလ်က ဝါရှင်တန် တက္ကသိုလ် ပါမောက္ခ မေရီကယ်လ်ဟန်က လွတ်လပ်ပြီးခေတ် မြန်မာပြည် အစိုးရနဲ့ လူသတ်မှုများ စာတမ်းမှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, S. Khai Mong
ဒီဖဆပလဒေသကော်မတီတွေနဲ့ ပြူစောထီးခေါ် ခါးပိုက်ဆောင်တပ်တွေကို ထိန်းချုပ်တာက ဖဆပလ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းဖြစ်တယ်လို့လည်း ၁၉၅၈- ၁၉၆၂ မြန်မာ့နိုင်ငံရေးစာအုပ်မှာ ပါရှိပါတယ်။
ဒီလိုအမတ်တွေသာမက အာဏာရပါတီနဲ့ နီးစပ်တဲ့ ကျောင်းသား၊ ဘုန်းကြီးခေါင်းဆောင်တွေကိုယ်တိုင် သေနတ်ကိုင်တာတွေ ရှိခဲ့တဲ့ခေတ်ဖြစ်ပြီး မန္တလေး ရဟန်းပျိုဆရာတော် ဦးကုသလဟာ တည်မြဲဘုန်းကြီးအဖြစ် ထင်ရှားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bert Hardy
ထိပ်ဆုံးက အာဏာပိုင်တွေကိုယ်တိုင် ကာကွယ်ပေးထားတဲ့ ဒီခါးပိုက်ဆောင်တပ်တွေနဲ့ နိုင်ငံရေးသမားတွေဟာ သူပုန်နှိမ်နင်းရေးအတွက် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သလို သူပုန်နဲ့ မကင်းဘူးလို့ ယူဆတဲ့ အတိုက်အခံမြေပေါ်လက်ဝဲသမားတွေကို နှိပ်ကွပ်တာတွေ လုပ်ခဲ့ပါတယ်။
ပျဉ်းမနားမှာ အတိုက်အခံ ဆိုရှယ်နီပါတီထဲဝင်သွားတဲ့ သခင် နှစ်ယောက်ကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တောက်ထိန်က ဂျစ်ကားနဲ့ တိုက်သတ်တဲ့အမှုမှာဆိုရင် ဒီလူတွေ ကွန်မြူနစ်နဲ့ ပေါင်းသွားမှာ ကြောက်လို့ တိုက်သတ်တာဆိုပြီး ဗိုလ်တောက်ထိန်က ပြောကြောင်း သိရပါတယ်။ ဆိုရှယ်နီပါတီ ထောင်စက နှစ်ရက်ကို သုံးလောင်းကျ ပါတီဝင်တွေ အဆိပ်၊ ဓား၊ သေနတ် ၊ ကားစတဲ့ နည်းတွေနဲ့ အသတ်ခံရတယ်လို့လည်း ဦးဘညိမ်က ရေးပါတယ်။
မင်းလှလေးလောင်းပြိုင်၊ ငါးဇွန်ခြောက်လောင်းပြိုင်၊ မြိတ်မပိုနဲ့ ဆီတောင်အိုင်ရွာ လူသတ်မှု၊ မန္တလေး မဟာမုနိဘုရားကြီးဝင်းမှာ ဘုန်းကြီးနှစ်ပါးသတ်ခံရမှု၊ အင်းစိန် သတင်းထောက်စံရှားသတ်ခံရမှု စတဲ့ နိုင်ငံရေးလူသတ်မှုတွေ ဖဆပလခေတ်မှာ ဖြစ်ပွားခဲ့ပြီး လူမိုက်အမတ်တွေ အာဏာရှိတုန်းမှာ အမှုပေါ်အောင် မစစ်နိုင်ခဲ့ဘဲ သူတို့အာဏာလက်လွှတ်ရမှ စစ်နိုင်ထောင်ချနိုင်တာတွေလည်း ရှိခဲ့ပါတယ်။ တောင်သာနယ်မှာ တည်မြဲအမတ် ဦးစံပြည့်ရဲ့တပည့် လူမိုက်တွေက ဆယ်နှစ်တိုင်အောင် ဖမ်းဆီးသတ်ဖြတ်တာတွေကို ၁၉၇ဝ ကျော်ထိ လူတွေက မမေ့နိုင်ကြသေးဘူးလို့လည်း လူထုဒေါ်အမာက ရေရှားလှတဲ့ ဇဂျမ်းကန်မြဲ ဆောင်းပါးမှာ ရေးခဲ့ပါတယ်။
ပြည်တွင်းစစ်စကတည်းက ရွာတွေမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အချင်းချင်း သတ်ကြတာကတော့ ရေလို့မရအောင် များခဲ့ပါတယ်။ သူပုန်တွေဘက်က အစိုးရဘက်သားနဲ့ လူမျိုးမတူသူ၊ လူတန်းစား မတူသူတွေကို သတ်ဖြတ်တဲ့ သွေးချောင်းစီး လူသတ်ပွဲတွေလည်း ဖဆပလနဲ့ နောက်ပိုင်းခေတ်တွေမှာ ကြုံခဲ့ရပါတယ်။
တပ်ကလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုတခန်းရပ်

ဓာတ်ပုံ ရင်းမြစ်, Keystone
၁၉၅၈ မှာတော့ အာဏာရ ဖဆပလအဖွဲ့ နှစ်ခြမ်းကွဲပြီး တည်မြဲနဲ့ သန့်ရှင်း၊ ဆွေငြိမ်းနဲ့ နုတင်ဆိုပြီး ဖြစ်လာပါတယ်။ လွှတ်တော်မှာ တည်မြဲက သန့်ရှင်းကို အယုံအကြည်မရှိအဆို တင်သွင်းခံရတဲ့အတွက် နှစ်ဖက်စလုံးက နိုင်အောင် လူမျိုးစုနဲ့ ပမညတအမတ်တွေကို စည်းရုံးကြပါတယ်။ သန့်ရှင်းက ရှစ်မဲနဲ့ ကပ်နိုင်ပြီးနောက် အစိုးရ မတည်မငြိမ်ဖြစ်လာပါတယ်။
တခါ အစိုးရ နှစ်ခြမ်းကွဲတာဖြစ်တဲ့အတွက် နောက်က ခါးပိုက်ဆောင် တပ်တွေနဲ့ လူတန်းစားအဖွဲ့တွေပါ လိုက်ကွဲပါတယ်။ နောက်လိုက်တွေ အပြန်အလှန် အားပြိုင်ရင်း တင်းမာလာတဲ့အခြေအနေမှာ တပ်က ဝင်ပြီး အာဏာယူတာ ဖြစ်ပွားပါတယ်။ တည်မြဲက တပ်ကို အာဏာသိမ်းခိုင်းတာဆိုပြီး စွပ်စွဲကြသလို သန့်ရှင်းဘက်က ခါးပိုက်ဆောင်တပ်တွေနဲ့ တပ်မတော်ကို ပြန်ထိန်းဖို့ ကြိုးစားလို့ အာဏာသိမ်း ခံရတာလို့လည်း ဆိုကြပါတယ်။ ကွန်မြူနစ်တွေ မြေပေါ်ပြန်ရောက် လာအောင် ဦးနုက စေ့စပ်လို့ တပ်က မကျေနပ်ဘူးလို့လည်း ရေးကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
နောက် တပ်က အိမ်စောင့်အစိုးရဖွဲ့ပြီး ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ပေးမယ် ဆိုပေမယ့် သောင်းကျန်းမှုတွေကို မထိန်းနိုင်လို့ နောက်ခြောက်လတိုးပေးဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက ပါလီမန်မှာ တောင်းဆိုလို့ အမတ်မဟုတ်သူကို ဝန်ကြီး ခြောက်လထက် ပိုလုပ်ခွင့်မပြုတဲ့ အခြေခံဥပဒေ ပုဒ်မ ၁၁၆ ကို ယာယီပြင်ဆင်ပေးရပါတယ်။
အိမ်စောင့်က လုပ်မယ့်ရွေးကောက်ပွဲမှာ တည်မြဲ နိုင်မယ်ဆိုပြီး အရိပ်အငွေ့တွေ တွေ့လာရတယ်လို့လည်း မိုက်ကယ်ချာနေက ရေးပါတယ်။ ဒါပေမဲ့ တည်မြဲကို စစ်တပ်ဘက်က ပင်းတယ်ဆိုတာ စနစ်တကျ မဟုတ်ဘူးလို့လည်း မေရီကယ်လ်ဟန်က ရေးပါတယ်။ တပ်ထဲမှာလည်း သန့်ရှင်းလိုလားတဲ့တပ်တွေ ရှိပြီး ရခိုင်မှာ သူတို့ချင်း အပြန်အလှန် ရန်စောင်တာ၊ တပ်ကို လာဝိုင်းတာတွေ ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးဟောင်း မြသင်းက ပြောတယ်လို့ သိရပါတယ်။
၁၉၅၈ တပ်က အာဏာသိမ်းခါနီးမှာ ဦးနုဘက်ကို သတင်းပို့တဲ့ တပ်မှူးတွေ ရှိခဲ့သလို အာဏာသိမ်းတာကို မကျေနပ်လို့ တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ဘလိတ် ၁၉၅၉ မှာ တပ်ကထွက်တယ်လို့လည်း သီရိညွန့်က မပြည့်တဲ့အိုးနဲ့ ပြည့်တဲ့အိုး ဆောင်းပါးမှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ တပ်ထဲမှာ အဓိကကြီးစိုးတဲ့ ဆိုရှယ်လစ်ပါတီဝင် တပ်မှူးကြီးတွေဟာ ဆွေငြိမ်းအုပ်စုနဲ့ နီးစပ်တဲ့အပြင် ဆွေမျိုးတော်စပ်သူတွေလည်း ပါတာမို့ ရွေးကောက်ပွဲ ဘက်မလိုက်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက သတိပေးတဲ့ကြားက ဘက်လိုက်မှု တွေ ဖြစ်ခဲ့တယ်လို့ မြန်မာအစိုးရထုတ် စာအုပ်တွေက ရေးပါတယ်။ ၁၉၅၈ အာဏာသိမ်းမှုမှာ အဓိကနေရာက ပါခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင်ကတော့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ပါလီမန်ကို ဖျက်ပြီး လုံးလုံးစစ်အာဏာ သိမ်းတာကို လိုလား တဲ့အတွက် ဆွေငြိမ်းဘက်က တပ်မှူးတွေကို မြှောက်ပေးခဲ့တယ်လို့ အိမ်စောင့်အစိုးရ စာအုပ်မှာ စွပ်စွဲပါတယ်။
အိမ်စောင့်အစိုးရရဲ့ ပြုပြင်သန့်ရှင်းရေး စီမံကိန်းတွေကို လူထုက မနှစ်ခြိုက်တဲ့အတွက် တပ်နဲ့ နီးစပ်တဲ့ ဆွေငြိမ်းအုပ်စု ထောက်ခံမှု ကျဆင်းပြီး ဖိနှိပ်ဖမ်းဆီးခံရတဲ့ နုတင်အုပ်စုကို လူတွေ မဲပေးကြတာလို့ ဦးဘညိမ်က သုံးသပ်ပါတယ်။ နောက် ဦးနုရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုလုပ်ရေးမဲဆွယ်မှုဟာ ဖွဲ့စည်းပုံနဲ့ မညီပေမယ့် လူကြိုက်များပြီး ဘုန်းတော်ကြီးတွေရဲ့ မဲအလှူခံမှုတွေကြောင့်လည်း ရွေးကောက်ပွဲနိုင်တာလို့ ဆွေငြိမ်း ဘက်က အိမ်စောင့်အစိုးရကို တိုင်ကြားပါတယ်။ တဘက်မှာတော့ ဦးဗဆွေနဲ့ တည်မြဲတွေရဲ့ နိုင်လည်း နိုင်ရမည်၊ ရှုံးလည်း နိုင်ရမည်ဆိုတဲ့ ပြောဟောချက်တွေကြောင့် လူထုက ဆွေငြိမ်းကို အော့နှလုံးနာသွားတယ်လို့ ဦးအောင်သန်းက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Pe Thein
၁၉၆ဝ ရွေးကောက်ပွဲဟာ အကွဲအပြဲနဲ့ အပုတ်အခတ် အပြင်းထန်ဆုံး ရွေးကောက်ပွဲ ဖြစ်ကြောင်း ခေတ်ပြိုင် သတင်းစာတွေက ရေးသလို လွတ်လပ်ပေမယ့် မမျှတဘူးလို့လည်း မေရီကယ်လ်ဟန်က ရေးပါတယ်။ နုတင်နဲ့ ဆွေငြိမ်း အပြန်အလှန် ပုတ်ခတ်တာ၊ တဘက်နဲ့ တဘက် အမေရိကန်လူ၊ သူပုန်လူ စသဖြင့် စွပ်စွဲတာတွေအပြင် ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ် ဆိုသလို အရင်တုန်းက အပုပ်တွေကို လက်ကိုင် သတင်းစာတွေကတဆင့် ပြန်ဖော်ကြတာ ဖြစ်ပါတယ်။
စစ်ပြီးခေတ် ရွေးကောက်ပွဲတွေ ထုံးစံ မဲပုံးနားမှာ တပ်သားတွေက လာမဲပေးသူတွေကို သေနတ်နဲ့ ချိန်ပြီး စောင့်ကြည့်နေတယ်လို့လည်း ဦးသောင်းက သတင်းစာဆရာ၊ ဗိုလ်ချုပ်ကြီးနဲ့ တပ်မတော် စာအုပ်မှာ ရေးပါတယ်။ တောင်သာနယ် ဇဂျမ်းရွာမှာတော့ တည်မြဲနှိပ်စက်တာ ခံရတဲ့ ရွာသားတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး စစ်တပ်က သေနတ်၊ လှံစွပ်တွေနဲ့ ထိုင်စောင့်ကြည့်တဲ့ကြားက သန့်ရှင်းကို မဲထည့်ခဲ့ကြတယ်လို့လည်း လူထုဒေါ်အမာက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bert Hardy
ရွေးကောက်ပွဲမှာ သူပုန်ဘက်က မဲပေးမယ့် ရွာသားတွေ လာရင် စစ်ဗိုလ်တွေက သေနတ်နဲ့ ခြောက်လှန့်ပစ်တာတွေ ရှိခဲ့ကြောင်း၊ ရုပ်ရှင်မင်းသား ဝင်းဦးကိုယ်တိုင် လေတပ်ဗိုလ်ဘဝက ၁၉၆ဝ ရွေးကောက်ပွဲမှာ မုံရွာဘက်မှာ လုပ်ဖူးကြောင်း မောင်စွမ်းရည်က မုံရွာဦးလေးခန့် ဆောင်းပါးမှာ ရေးပါတယ်။ တည်မြဲလူတွေက စစ်ကိုင်းအုန်းတောဘက်မှာ သူပုန်အတု ပုံစံမျိုး လူတွေကို ပစ်တာတွေ လည်း ရှိတယ်လို့ ညီပုလေးရဲ့ မြေးသူကြီး စာအုပ်မှာပါပါတယ်။ တချို့နေရာတွေမှာ တပ်အရာရှိတွေကို ယူနီဖောင်းချွတ်ခိုင်းပြီး တည်မြဲဘက်က ပြိုင်ခိုင်း တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်ကလည်း အတိုက်အခံ ပမညတအမတ်အများစုကို ဖမ်းထားတဲ့ အတွက် အမတ်တွေ ထောင်ထဲကနေ လွှတ်တော်လာတက်ရသလို ရွေးကောက်ပွဲ မလုပ်ခင်မှ ပြန်လွှတ်ပေးတာလည်း ကြုံခဲ့ရပါတယ်။ ဒီရွေးကောက်ပွဲဟာ ၁၉၆၂ အာဏာထပ်မသိမ်းခင်မှာ နောက်ဆုံးလုပ်တဲ့ ရွေးကောက်ပွဲဖြစ်ပြီး သန့်ရှင်းဖဆပလခေါ် ပြည်ထောင်စုပါတီက အမတ်အရေအတွက် သုံးပုံနှစ်ပုံနီးပါးနဲ့ အပြတ်အသတ် နိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်။ အရင်ရွေးကောက်ပွဲတွေလိုပဲ သူပုန်အခြေအနေနဲ့ အမတ်လောင်းအငြင်းပွားမှုတွေကြောင့် ရခိုင်မြောက်ပိုင်းနဲ့ ရှမ်းပြည်နေရာတချို့မှာ ရွေးကောက်ပွဲကို နောက်ကျ ကျင်းပရတာတွေ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲတွင်း ဖဆပလ ပါတီကြီးနှစ်ခုကြား ခိုက်ရန်ဖြစ်မှု၊ သတ်ဖြတ်မှုတွေလည်း ရှိခဲ့ပါတယ်။ တည်မြဲဘက်က မကူညီသူ လုပ်ငန်းရှင်ကို သူပုန်နဲ့ ဆက်တယ်ဆိုပြီး အမှုဆင်ဖမ်းတာမျိုးလည်း ရှိခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ ပါလီမန်အတွင်းဝန်ဟောင်း ဦးစောမောင်က မြေးသူကြီး စာအုပ်မှာ ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bo Bo/BBC Burmese
နောက် အိမ်စောင့်အစိုးရခေတ်မှာ တပ်မတော်က ဖဆပလနှစ်ခြမ်းလုံးက ပါတီခါးပိုက်ဆောင် တပ်တွေကို ဖျက်သိမ်း၊ အရံရဲထဲ ပေါင်းထည့်တာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုရှင်းလင်းထားတဲ့အတွက် ၁၉၆၂ အာဏာသိမ်းချိန်မှာ ခုခံအန်တုမယ့် ပါတီလက်နက်ကိုင်အဖွဲ့ရယ်လို့ မရှိတော့ဘဲ အာဏာကို တပ်က ကြာရှည်ထိန်းချုပ် သွားနိုင်ပါတယ်။ နောက် ၁၉၆၁ မှာ ရွေးကောက်ပွဲ ဘက်လိုက်တယ်ဆိုပြီး တပ်မှူးကြီး (၁ဝ) ယောက်ကို တပ်က အငြိမ်းစားပေးပြီး ပြည်ပကို စစ်သံမှူးနဲ့ သံအမတ် ရာထူးတွေ ပေးပြီး လွှတ်လိုက်တဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာက ပိုကြီးသွားပါတယ်။
စစ်မုန်တိုင်းမိတဲ့ ဒီမိုကရေစီ

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.
ပါလီမန်ခေတ် (၁၄) နှစ်အတွင်း ဖဆပလနဲ့ ပထစပါတီတွင်း အကွဲအပြဲတွေကို ကြုံခဲ့ရပြီးနောက် မြေပေါ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းကို အင်အားကြီးကြီးနဲ့ ရင်ဆိုင်နိုင်တဲ့ နိုင်ငံရေးပါတီ မရှိတော့ဘဲ ပမညတ လက်ဝဲအတိုက်အခံအများစုကလည်း စစ်အစိုးရသစ်ရဲ့ ဆိုရှယ်လစ်လမ်းစဉ်ကို လက်ခံပူးပေါင်းသွားတဲ့အတွက် မြန်မာပြည် ပါလီမန် ဒီမိုကရေစီနဲ့ ပါတီစုံစနစ်ဟာ ၁၉၆၄ ကနေ ၁၉၈၈ ထိ (၂၄) နှစ်ကြာ ကွယ်ပျောက်သွားခဲ့ပါတယ်။
၁၉၆ဝ က စစ်အစိုးရကို မကြိုက်လို့ လူတွေ မဲပုံအောပေးခဲ့ကြတယ်ဆိုတဲ့ ဦးနုလည်း အာဏာကို လုံးဝလက်လွှတ်ခဲ့ရပြီး ၂ဝ၁၅ မတိုင်ခင် မြန်မာပြည်ကို နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ အရပ်သား ခေါင်းဆောင် အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ဦးနုရဲ့ သန့်ရှင်းခေါ် ပထစအစိုးရဟာ အာဏာရအစိုးရဖြစ်ပေမယ့် ရဲကတောင် ဂရုမစိုက်တဲ့အစိုးရ၊ အားလုံးကို ကြောက်နေရတဲ့ အစိုးရအဖြစ် လူတွေက ယူဆခံရကြောင်း လည်း ဝန်ကြီးဟောင်းဦးသွင်၏ နှစ်သုံးဆယ်ကျော်နိုင်ငံရေးမှတ်တမ်းမှာ ပါရှိပါတယ်။ ဒါကြောင့် ဦးနုနဲ့ ဝန်ကြီးအဖွဲ့ကို ဖမ်းသွားချိန်မှာ ဒီလောက် ညံ့ဖျင်း၊ အလုပ်မလုပ်တတ်၊ အသုံးမကျတဲ့လူတွေ အာဏာသိမ်းသွားတာပဲ ကောင်းတယ်ဆိုပြီး ဝမ်းသာသူတွေ ရှိခဲ့ကြောင်းလည်း ဦးသွင်က ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone
နောက် လွတ်လပ်ပြီး မြန်မာပြည်ကို အနှစ် (၄ဝ) အုပ်ချုပ်ခဲ့ကြတဲ့ ဦးနုနဲ့ ဗိုလ်ချုပ်နေဝင်း နှစ်ယောက်စလုံးဟာ သူ့နည်းနဲ့သူ အာဏာရှင်တွေပဲလို့ မွန်ဘိုးချိုက ဝေဖန်တယ်လို့လည်း ဆိုပါတယ်။
တခါ အဲဒီခေတ် ရွေးကောက်ပွဲတွေမှာ ဖိနှိပ်သတ်ဖြတ်တာတွေ များလွန်းလို့ လူတွေက ရွေးကောက်ပွဲဆိုရင် လန့်နေကြတယ်ဆိုပြီး ၁၉၅၉ က မြိုင် သန့်ရှင်းအမတ် ဦးအုံးညွန့်က ပါလီမန်မှာ ပြောသွားခဲ့ဖူး ပါတယ်။ ဒါကြောင့် မဲခိုး သတ်ဖြတ်ခြိမ်းခြောက်တာနဲ့ အတိုက်အခံကို ညစ်ပတ်တာ၊ အတိုက်အခံက သူပုန်နဲ့ ပေါင်းပြီး အာဏာရပါတီကို တိုက်ခိုက်တာ စတဲ့ အနှစ် (၆ဝ) ဟိုဘက်က သမိုင်းတွေ တပတ် ပြန်မလည်စေဖို့ လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တပ်ခေါင်းဆောင်တွေ တာဝန်ယူရမှာ ဖြစ်ပါတယ်။








