မြန်မာရွေးကောက်ပွဲ - စစ်ဗိုလ်ချုပ်တွေနဲ့ တော်လှန်သူတွေကြားက မန္တလေး

ကျုံးမြို့ရိုး၊ သပိတ်၊ မဲဆွယ်စည်းရုံးမှု တွေကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီဇိုင်း ဘီဘီစီ

ဓာတ်ပုံ ပုံစာ, ကျုံးမြို့ရိုးနဲ့မြို့မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်နေချိန်မှာတောင် သပိတ်တွေထဖြစ်တတ်ပါတယ်။

မြန်မာတို့ရဲ့နောက်ဆုံးမင်းနေပြည်တော်ဖြစ်တဲ့ မန္တလေးရဲ့သမိုင်းနောက်ခံဟာ စိတ်ဝင်စားစရာတွေပြည့်နှက်နေသလို လာမယ့်ရွေးကောက်ပွဲအတွက်လည်း အားပြိုင်မှုတွေဆက်ရှိနေပါတယ်။

ကျုံးမြို့ရိုးနဲ့မြို့မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်နေချိန်မှာတောင် သပိတ်တွေထဖြစ်တတ်ပါတယ်။

မန္တလေးတိုင်းထဲမှာ မန္တလေး PDF လို အားကောင်းတဲ့လက်နက်ကိုင်အဖွဲ့တွေရှိသလို မြို့ပေါ်ပြောက်ကျားသပိတ်အဖွဲ့တွေလည်းစုံလင်ပြီး ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ဆက်တိုက်လှုံ့ဆော်ခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း ပထဝီနိုင်ငံရေးအရအရေးပါတဲ့ မန္တလေးမှာ စစ်ဗိုလ်ချုပ်ကြီးတွေရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပြီး စစ်တပ်နောက်ခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီထောက်ခံသူတွေ အားကိုးနဲ့ဖြစ်ပါတယ်။

မန္တလေးမှာပြိုင်မယ့် ဗိုလ်ချုပ်ကြီးတွေ

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦးမဲဆွယ်စည်းရုံးနေပုံ

ဓာတ်ပုံ ရင်းမြစ်, MyanmaGon

ဓာတ်ပုံ ပုံစာ, ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦး

နန်းမြို့ရိုးနောက်ခံနဲ့ စစ်သားတွေမဲထွက်ပေးကြတဲ့ ပုံရိပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အထင်ကရပုံရိပ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

၂၀၂၀ ကနေ အခု ၂၀၂၅ ရှေ့ဆင့်နောက်ဆင့်လုပ်တဲ့ရွေးကောက်ပွဲနှစ်ခုဟာ အာဏာသိမ်းမှုကြောင့် အရာရာ ခြားနားသွားခဲ့ပါပြီ။

"ရွေးကောက်ပွဲက ရှိလို့ရှိမှန်းတောင်မသိရဘူး" လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ အောင်မြေသာစံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ အစဥ်အလာကြီးတဲ့နယ်မြေမှာ နိုင်ငံရေးအားပြိုင်မှုတွေကတော့ ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲကိုအထမြောက်စေချင်ပြီး တော်လှန်ရေးအင်အားစုတွေကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်စေချင်ကြပါတယ်။

"အခုအချိန်မှာ ဖြေဖို့အခက်ဆုံကတော့ မဲသွားပေးမှာလားဆိုတဲ့ မေးခွန်းပါ" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်သလို တောင်ပေါ်မြို့ ပြင်ဦးလွင်ဆိုရင်လည်း စစ်တက္ကသိုလ်အပါအဝင် တခြားစစ်ဘက်တက္ကသိုလ်တွေပါရှိတဲ့ တပ်မြို့ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီမြို့တွေမှာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ အောင်ပွဲဆင်ခဲ့ပါတယ်။

တပ်အင်္ဂါစဥ်မှာ တတိယအကြီးဆုံးနေရာဖြစ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြင်ဦးလွင်က ဝင်ပြိုင်မှာဖြစ်ပါတယ်။

လက်ရှိပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးမြထွန်းဦးဟာ ပြင်ဦးလွင်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုတဝန်းလုံးယှဥ်ပြိုင်မယ့် ပါတီ ၆ ခုလုံး ပြင်ဦးလွင်မှာ ပြိုင်ကြတာဖြစ်လို့ ဦးမြထွန်းဦးက ပြိုင်ဘက် ၅ ဦးကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီတံဆိပ်တပ်ထားပြီး တိုက်ပုံဝတ်ထားတဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်

ဓာတ်ပုံ ရင်းမြစ်, TZK

ဓာတ်ပုံ ပုံစာ, အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မန္တလေးမှာဝင်ပြိုင်မယ့် နောက်ထပ်စစ်ဗိုလ်ချုပ်တစ်ဦးကတော့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဖြစ်ပါတယ်။

သူက ၂၀၂၁ အာဏာသိမ်းပြီးနောက် အထူးစစ်ဆင်ရေးအဖွဲ့မှူးနေရာမှာ တောက်လျှောက်နေခဲ့ပြီး ရွေးကောက်ပွဲနီးမှ အငြိမ်းစားယူတာဖြစ်ပါတယ်။

ဦးတေဇကျော်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ အောင်မြေသာစံပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်အရွေးခံမှာ ဖြစ်ပါတယ်။

အောင်မြေသာစံမှာ ပြည်ထောင်စုတဝန်းလုံးယှဥ်ပြိုင်မယ့် ပါတီ ၆ ခုလုံး အပြင် မန္တလေးအခြေစိုက်ပါတီတစ်ခုပါ ပြိုင်တာဖြစ်လို့ ဦးတေဇကျော်ကက ပြိုင်ဘက် ၆ ဦးရှိနေပါတယ်။

လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကလည်း တိုင်းဒေသကြီးလွှတ်တော်အတွက် အောင်မြေသာစံကပဲ ဝင်ပြိုင်မှာပါ။

မန္တလေးတိုင်းထဲမှာပါတဲ့ မိထ္ထီလာ၊ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်တွေက ကြံ့ခိုင်ရေးအားကောင်းတဲ့မြို့တွေ ဖြစ်ပါတယ်။

ဒီမြို့နယ်တွေဟာ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် အမှတ် ၃ PR မဲဆန္ဒနယ်ထဲမှာ နေပြည်တော်ကမြို့တွေနဲ့အတူ ပါဝင်နေပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ဝင်ပြိုင်မယ့်သူကတော့ စစ်ခေါင်းဆောင်ရဲ့လူရင်း အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဖြစ်ပါတယ်။

သူဟာ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် အရေးကြီးတာဝန်တွေဖြစ်တဲ့ စစ်ကောင်စီအတွင်းရေးမှူးနေရာနဲ့ လက်ရှိအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်တာဝန်တွေ ယူထားတာဖြစ်ပါတယ်။

ပျော်ဘွယ်မြို့နယ်ရဲ့ပြည်သူ့လွှတ်တော်နေရာကို အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးသောင်းအေး ဝင်ပြိုင်မှာပါ။

သူက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိ အထွေထွေအတွင်းရေးမှူးဖြစ်ပါတယ်။

မန္တလေးမှာရွေးကောက်ပွဲနိုင်ဖို့ စစ်ဗိုလ်ချုပ်တွေက ပြင်ဆင်နေသလို တော်လှန်ရေးအဖွဲ့တွေကလည်း ရွေးကောက်ပွဲကို ဆက်တိုက်ဆန့်ကျင်ကန့်ကွက်ဖို့ သတင်းစကားပါးနေကြပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေး ဗဟိုချက် မန္တလေး

မန္တလေး PDF က တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး ရှမ်း-မန်းစစ်ဆင်ရေးတွေဆင်နွှဲခဲ့သလို အောင်ပွဲတွေလည်းရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr. Soe Thura Zaw

ဓာတ်ပုံ ပုံစာ, မန္တလေး PDF က တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး ရှမ်း-မန်းစစ်ဆင်ရေးတွေဆင်နွှဲခဲ့သလို အောင်ပွဲတွေလည်းရခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဝန်းရံနေတာကြောင့် မန္တလေးရဲ့နိုင်ငံရေးရောစစ်ရေးကိုပါ စစ်တပ်က ဂရုတစိုက်ရှိပါတယ်။

နေပြည်တော်နဲ့ နယ်မြေတစ်ဆက်တည်းရှိနေတာကလည်း အဓိကအကြောင်းတစ်ခုပါ။

မန္တလေးနဲ့အနီးဆုံးမှာ ဒေသကာကွယ်ရေးတပ်တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းရှိနေပြီး ကချင်လွတ်လပ်ရေးတပ် KIA မန္တလေးကို စိမ့်ဝင်မှုမရှိဖို့ စစ်တိုင်းမှုးအဆက်ဆက်က သတိထားခဲ့ကြပါတယ်။

ပြင်ဦးလွင်ရဲ့ တစ်ဘက်ခြမ်းမှာ ရှမ်းပြည်နယ်အစ နောင်ချိုမြို့ရှိနေပြီး တအာင်းတပ် TNLA ဆီက စစ်တပ်က ပြန်ရတာ လပိုင်းလောက်ပဲ ရှိသေးတဲ့နေရာပါ။

အနောက်ဘက်မှာလည်း PDF အားကောင်းတဲ့ မကွေးနဲ့ထိစပ်နေပါတယ်။

ပတ်ဝန်းကျင်ဒေသတွေတင်မကဘဲ မန္တလေးတိုင်းထဲမှာကို တော်လှန်ရေးအဖွဲ့တွေ အားကောင်းနေတာပါ။

မန္တလေး PDF က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး ရှမ်း-မန်းစစ်ဆင်ရေးတွေဆင်နွှဲခဲ့သလို အောင်ပွဲတွေလည်းရခဲ့ပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ မှာ မန္တလေးတိုင်းမှာ ၈ မြို့နယ်ပဲ ကျင်းပနိုင်မှာဖြစ်ပါတယ်။

မိုးကုတ်၊ နွားထိုးကြီးနဲ့ စဥ့်ကူးမြို့နယ်တွေမှာ ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်ဘူး လို့ UEC က ကြေညာထားပါတယ်။

ဒါ့အပြင် တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့မြို့နယ်က အပိုင်း ၁ မှာ ၄ မြို့နယ် (ညောင်ဦး၊ မိထ္ထီလာ၊ ပျော်ဘွယ်နဲ့ ရမည်းသင်း) အပိုင်း ၂ မှာ ၄ မြို့နယ် (ကျောက်ပန်းတောင်း၊ တံတားဦး၊ ဝမ်းတွင်းနဲ့ မတ္တရာ) ဖြစ်ကြပါတယ်။

၂၀၂၆ ဇန်နဝါရီမှာ လုပ်မယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ တော်လှန်ရေးအဖွဲ့တွေဆီက ပြန်ရထားတဲ့ မိုးကုတ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ကျင်းပနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ထွက်ပေါက်လား ထောင်ချောက်လား

ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့ ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, ဒေါက်တာတေဇာဆန်း

ဓာတ်ပုံ ပုံစာ, ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့ ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးရောက်နေချိန် ဒီဇင်ဘာ ၃ ရက်က မန္တလေးဒေသခံသပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့က ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။

လုံခြုံရေးအထူးတင်းကျပ်ထားချိန်မှာ သူတို့အဖွဲ့က လူအုပ်ထဲရုတ်တရက်ပေါ်လာပြီး သတင်းစကားပါးခဲ့ကြတာပါ။

လာမယ့်ရွေးကောက်ပွဲက တိုင်းပြည်နိုင်ငံရေးပြဿနာအတွက် "ထွက်ပေါက်" မဟုတ်ဘဲ "ထောင်ချောက်" ပဲဖြစ်တယ်၊ ဒီအတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲကို "လူထုတစ်ရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်တယ်" လို့ ဒေါက်တာတေဇာဆန်းက ကြွေးကြော်ခဲ့ပါတယ်။

အမရပူရမဲဆန္ဒနယ်ကနေဝင်ပြိုင်မယ့် ဦးသိန်းထွန်းဦးကတော့ ပြည်သူ့အတွက် ထွက်ပေါက်ဖြစ်စေတဲ့ ရွေးကောက်ပွဲ လို့ ဘီဘီစီကို ပြောပါတယ်။

"တပ်မတော်က ခေတ္တအာဏာထိန်းကာလအုပ်ချုပ်ရေးစနစ်မှသည် ပြည်သူရွေးကောက်တင်မြှောက်တဲ့ အုပ်ချုပ်ရေးကို ပြောင်းလဲတဲ့ ရွေးကောက်ပွဲ" လို့ ကြံ့ခိုင်ရေအမတ်လောင်းကပြောပါတယ်။

"မဲမပေးဖို့" တစ်ကိုယ်တော်ဆန္ဒပြတာကို ကျုံးနားမှာလုပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, afcc.mdy

ဓာတ်ပုံ ပုံစာ, "မဲမပေးဖို့" တစ်ကိုယ်တော်ဆန္ဒပြ

မန္တလေးမှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့သပိတ်တွေကို မဲဆွယ်စည်းရုံးရေးကာလနဲ့အပြိုင် ပုံစံမျိုးစုံလုပ်ခဲ့ကြပါတယ်။

"မဲမပေးဖို့" တစ်ကိုယ်တော်ဆန္ဒပြမှုတွေကို ကျုံး၊ မြို့ရိုး၊ စျေးချို၊ နာရီစင်နဲ့ မန္တလေးတောင်လို အထင်ကရနေရာတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က လုပ်တဲ့ အဲဒီသပိတ်တွေကို ပြင်ဦးလွင်မှာပါ လုပ်ခဲ့ကြတာပါ။

တန်ဆောင်မုန်းလပြည့်ညမှာကျရောက်တဲ့ "ပံ့သကူ" ပွဲမှာတောင် ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုက ပါဝင်ပါတယ်။

ပံ့သကူစာအိတ်ထဲမှာ အလှူငွေတချို့နဲ့အတူ "မဲမပေးနဲ့ သပိတ်မှောက်" ဆိုတဲ့ သတင်းစကားလည်းထည့်ပြီး ချပေးခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဘက်ကလည်း သည်းမခံခဲ့ပါဘူး။ မန္တလေးစျေးချို အနီးမှာဆန္ဒပြသူ ၁၀ ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။

စျေးထဲက ပူးပေါင်းပါဝင်သူလို့ သူတို့ယူဆတဲ့စျေးသည်တချို့ကိုလည်း ဖမ်းခဲ့ပါတယ်။

ဖမ်းဆီးမှုတွေနဲ့ လုံခြုံရေးတင်းကျပ်မှုတွေကြားကပဲ ရွေးကောက်ပွဲဆန့်ကျင်ရေးလမ်းပေါ်သပိတ်တွေကို မကြာခဏတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ လုံခြုံရေးစိုးရိမ်ချက်က သပိတ်အဖွဲ့တွေမှာတင်မဟုတ်ဘဲ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေအပါအဝင် ရွေးကောက်ပွဲဝင်မယ့်ပါတီတွေမှာပါ ရှိနေပါတယ်။

သူတို့ရဲ့မဲဆွယ်စည်းရုံးမှုတွေကို လုံခြုံရေးတင်းကျပ်ထားတဲ့ဘောလုံးကွင်းလို နေရာတွေထဲမှာ စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။

"ရွေးကောက်ပွဲရက်နီးလာလေ လုံခြုံရေးက ပိုတင်းကျပ်လေပဲ။ ကားနဲ့ ကင်းလှည့်တဲ့အခေါက်ရေပိုများလာတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ခြောက်ကပ်ကပ် ရွေးကောက်ပွဲ

ပြင်ဦးလွင်ခရိုင်အားကစားကွင်းမှာလုပ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့မဲဆွယ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, MyanmaGon

ဓာတ်ပုံ ပုံစာ, ပြင်ဦးလွင်ခရိုင်အားကစားကွင်းမှာလုပ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့မဲဆွယ်ပွဲ

၂၀၂၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲလောက်တောင် လူစိတ်ဝင်စားမှုမရှိဘူးလို့ နိုင်ငံရေးနောက်ခံရှိတဲ့မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"၂၀၁၀ တုန်းက ကြံ့ခိုင်ရေးရှုံးစေချင်လို့ မဲသွားပေးကြတာတွေရှိသေးတယ်။ အခုက ဘယ်ပါတီကိုမှ မဲမပေးချင်ကြတော့တာ" လို့ မြို့အခြေအနေကို သူကပြောပါတယ်။

မဲထည့်မယ်၊ မဲမထည့်ဘူး ပြောပြီဆိုကတည်းက ရွေးကောက်ပွဲကိုစိတ်ဝင်စားလို့ပဲ လို့ အမရပူရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသိန်းထွန်းဦးက ပြောပါတယ်။

NLD ပါတီရဲ့ မန္တလေးတိုင်းလွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးဝိုင်းချစ်အောင်က အာဏာသိမ်းပြီးလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လူထုကစိတ်မဝင်စားတဲ့အတွက် အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ခြောက်ကပ်တိတ်ဆိတ်နေတာလို့ ပြောပါတယ်။

မဲထည့်ခြင်း မဲမထည့်ခြင်းက တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ဖြစ်သလို ဘယ်ပါတီကဘယ်သူ့ကို မဲပေးမယ်ဆိုတာကလည်း တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

"ဒါကြောင့် ပြည်သူတစ်ချို့မဲလာမပေးခဲ့ရင် သူတို့အခွင့်အရေးကို ဆုံးရှုံးခံကြရတယ်လို့ပဲ ရှုမြင်မိပါတယ်" လို့ သူကပြောပါတယ်။

အရင်ရွေးကောက်ပွဲတွေတုန်းက မြင်ခဲ့ကြရတဲ့ လူထုထဲဆင်းပြီး မဲဆွယ်တာတွေ၊ မဲဆွယ်ပါတီယာဥ်တန်းတွေနဲ့လှည့်လည်တာတွေကို မန္တလေးမှာမမြင်ကြရတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီတန်းလှည့်လည်ခွင့်ကိုတားမြစ်ထားတာကလည်း အရင်ကမြင်ကွင်းတွေကို မတွေ့ရတော့တဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးတေဇကျော်တို့ ပြိုင်ကြတဲ့နယ်မြေတွေက ဘောလုံးကွင်းတွေထဲမှာလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲတွေမှာတော့ USDP နဲ့ စစ်တပ်ထောက်ခံသူ အများအပြားနဲ့ စည်ကားနေတာတွေ့ရပါတယ်။

မြို့တစ်မြို့လုံးနဲ့ နှိုင်းယှဥ်ရင်တော့ ဒီစည်ကားမှုဟာ မပြောပလောက်ဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။

အာဏာသိမ်းမှုကိုအခြေခံတဲ့ပြည်တွင်းစစ်အပြင် ငလျင်ကြီးရဲ့ဒဏ်ကိုပါထပ်ဆင့်ခံစားခဲ့ကြရတဲ့အတွက် မြို့နေလူထုဟာ အတော်လေးရုန်းကန်ခဲ့ကြရပါတယ်။

"လူအများစုက ရွေးကောက်ပွဲကိုတကယ်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ လုပ်ငန်းရှင်အများစုကတော့ လက်ရှိအခြေအနေကို ကျော်ချင်ကြတယ်။ စစ်တပ်အုပ်ချုပ်နေတာထက် လွှတ်တော်ပေါ်လာမဆိုးဘူးဆိုတဲ့ အမြင်တချို့လည်းရှိတယ်" လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မန္တလေးလူထုကြားမှာ ရွေးကောက်ပွဲကို စိတ်မဝင်စားရတဲ့ နိုင်ငံရေးနောက်ခံအကြောင်းတချို့လည်းရှိပါတယ်။

မန္တလေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ဇာတိဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးတက်လာတဲ့ NLD အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ဦးဆောင်မှုနဲ့အတူ မန္တလေးရဲ့တိုးတက်မှုက ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းခံရပြီး ဒေါက်တာဇော်မြင့်မောင်လည်း ထောင်သွင်းအကျဥ်းချခံရကာ ထောင်ထဲမှာပဲကွယ်လွန်ခဲ့ပါတယ်။

လူထုချစ်ခင်သူနိုင်ငံရေးခေါင်းဆောင် ကွယ်လွန်ခဲ့တာကြောင့် မန်းလူထု စိတ်ထိခိုက်ခဲ့ကြပါတယ်။

"ဒီအချိန်မှာတော့ ဘာကြောင့်မဲမပေးဘူး။ ဘာကြောင့်မဲပေးမယ်ဆိုတာ ဘယ်သူမှထုတ်မပြောကြပါဘူး။ တစ်ဘက်ဘက်နဲ့ ပြဿနာတက်မှာကိုး။ ဒါပေမဲ့ မန္တလေးရဲ့နိုင်ငံရေးရေချိန်ကိုတော့ အထင်မသေးစေချင်ဘူး" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။