ယူကရိန်းစစ်ပွဲအကြောင်းပြပြီး ဂျပန်က နျူးကလီးယားလက်နက်ပါ ကိုင်လာနိုင်သလား

ဓာတ်ပုံ ရင်းမြစ်, ALAMY
ဂျပန်နိုင်ငံဟာ စစ်ပွဲမှာ နျူးကလီးယားလက်နက်နဲ့ အပစ်ခံရတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တဲ့ အခြေအနေမှာ ဒီနိုင်ငံကိုယ်တိုင်က နျူးကလီးယားလက်နက် တပ်ဆင် ကိုင်ဆောင်လာဖို့ ဆိုတဲ့ကိစ္စက အများ တွေးတောင် မတွေးမိတဲ့ ကိစ္စ ဖြစ်နေနိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ အမေရိကန်က ဂျပန်ကို နျူးကလီးယားလက်နက်နဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး မကြာခင် လက်နက်ချခဲ့တဲ့ ဂျပန်နိုင်ငံဟာ တိုက်ခိုက်ရေးစစ်တပ်တောင်မထားဘဲ ကာကွယ်ရေးစစ်တပ်ပဲ ထားခွင့်ရှိသော အခြေခံဥပဒေရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
လက်ရှိမြောက်ကိုရီးယားရဲ့ ဒုံးကျည်လက်နက် ခြိမ်းခြောက်မှု ရှိနေခဲ့တယ်ဆိုပေမယ့်လည်း ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းကတည်းက တပ်စွဲထားတဲ့ အမေရိကန်ရှိနေတဲ့ အခြေအနေမှာ ကာကွယ်ရေးကို ကိုယ်ပိုင်တာဝန်ယူဖို့ လိုတဲ့ အခြေအနေ မရှိခဲ့ပါဘူး။
နျူးကလီးယားလက်နက်ကိုင်ရေး ပေါ်ပေါ်ထင်ထင် ပြောလာတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း
ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြိမ်နဲ့ အချိန်အကြာဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ရှင်ဇို အဘေးက ပြီးခဲ့တဲ့ မတ်လမှာ ဂျပန်အနေနဲ့ နျူးကလီးယားလက်နက်နဲ့ ပတ်သက်လို့ အလေးအနက် အပူတပြင်း စဉ်းစားသင့်ပြီ ဆိုပြီး ဂျပန်လူထုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အခုလို ဂျပန်ဝန်ကြီးချုပ်ဟောင်းက ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်လောင်လောင် စတင်ပြောဆိုလာတာက ရုရှားက ယူကရိန်းကို ကျူးကျော်လိုက်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အမှန်တကယ်ဆိုရင် မစ္စတာ အဘေးဟာ ဂျပန်စစ်တပ်ကို ကာကွယ်ရေးသက်သက်မဟုတ်ဘဲ ပြည့်ပြည့်ဝဝ ဖွဲ့စည်းဖို့ လိုအပ်ကြောင်း လှုံ့ဆော်ပြောဆိုနေခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်ပြီး တကယ်တမ်း စစ်ရေး တိုးချဲ့မှု မလိုလားသူများတဲ့ ဂျပန်လူထုကို အချိန်ကိုက် စတင် ဆွဲဆောင်ဖို့ လုပ်လာကြောင်း အာရှရေးရာ နိုင်ငံရေး လေ့လာသူ ရစ်ချတ် မက်ဂရီဂေါက ဆိုပါတယ်။
ဂျပန်အစိုးရဟာ အခုအထိ နျူးကလီးယားလက်နက်များ ပျံ့ ပွားမှုထိန်းချုပ်ရေးကို လက်မှတ် မထိုးသေးဘူး ဆိုပေမဲ့ မနှစ်ကပဲ ကောက်ယူထားတဲ့ ဂျပန်လူထု သဘောထားစစ်တမ်းအရ ၇၅ ရာခိုင်နှုန်းအထိ လက်မှတ်ထိုးပေးဖို့ဘက်ကို သဘောထားပေးထားကြတာ တွေ့ရပါတယ်။
မစ္စတာ အဘေးရဲ့ နျူးကလီးယားလက်နက်နဲ့ ပတ်သက်တဲ့ ပြောဆိုမှုကိုလည်း ဒုတိယကမ္ဘာစစ်က နျူးကလီးယားလက်နက်ဒဏ်ခံရတဲ့ မြို့နှစ်မြို့ဖြစ်တဲ့ ဟီရိုရှီးမားနဲ့ နဂါစာကီမြို့နှစ်မြို့ က အသက်ရှင်ကျန်ရစ်သူ မိသားစုတွေက ဒေါသထွက်ခဲ့ကြပါတယ်။
လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ ဆိုရင်လည်း ဟီရိုရှီးမားဇာတိက ဖြစ်ပြီး သူကလည်း မစ္စတာ အဘေးရဲ့ နျူးကလီးယားလက်နက်နဲ့ ပတ်သက်တဲ့ ပြောဆိုမှုက လက်ခံနိုင်စရာ လုံးဝမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်က ဂျပန်မှာ နျူးကလီးယားလက်နက် ချထားနိုင်သလား
မစ္စတာ အဘေး အနေနဲ့ကတော့ နျူးကလီးယား လက်နက်လည်း ရှိထားပြီး ဖြစ်တဲ့ အိမ်နီးချင်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ တရုတ်ရဲ့ စစ်ရေး ပိုမို တက်ကြွလာမှုတွေအပါအဝင် လက်ရှိ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို အသုံးချပြီး နျူးကလီးယား လက်နက် ကိစ္စ ဆက်လက် စည်းရုံးဖွယ်ရှိတယ်လို့ သူ့ရဲ့ မိတ်ဆွေဖြစ်သူ ဂျပန်ပါမောက္ခ ယာအိုချီ ရှီမာဒါက ဆိုပါတယ်။
မစ္စတာ အဘေးအနေနဲ့ ဂျပန်ကိုယ်တိုင် နျူးကလီးယားလက်နက်ကိုင်ဖို့ တိုက်ရိုက်လှုံ့ဆော်မယ်ဆိုရင် လူထုဆန့်ကျင်မှု ကြုံရနိုင်တဲ့အတွက် ဂျပန်မှာ စစ်စခန်းချထားတဲ့ အမေရိကန်ဆီက နျူးကလီးယား လက်နက်ကို ငှားယူ ကိုင်ဆောင်ထားဖို့ ဆိုပြီး လှုံ့ဆော်နေတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ တပ်စခန်းချထားတဲ့ အမေရိကန်စစ်တပ်အနေနဲ့ နျူးကလီးယားနဲ့ တိုက်ခိုက်ခံရရင် တားဆီးဖို့ ဒုံးခွင်းဒုံး အစီအမံတွေ ရှိပေမယ့် ဂျပန်မှာ နျူးကလီးယားလက်နက် ချထားတာတော့ မရှိသေးပါဘူး။
ဒါပေမဲ့ လူသိနည်းတဲ့ အချက်တခုကတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်ရဲ့ နျူးကလီးယား လက်နက်တွေကို နိုင်ငံအချို့က လက်ခံ နေရာပေးထားတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။
အဲဒီ နိုင်ငံတွေကတော့ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ နယ်သာလန် နိုင်ငံတို့ ဖြစ်ပါတယ်။
အဲဒီ နိုင်ငံတွေ အနေနဲ့ နျူးကလီးယား စစ်ပွဲ ဖြစ်လာခဲ့ရင် သူတို့ရဲ့ ကိုယ်ပိုင်လေယာဉ်သုံးပြီး အဲဒီ လက်နက်တွေကို အမေရိကန်အတွက် လိုရာ ပို့ဆောင်ပေးရမယ့် တာဝန်လည်း ယူထားကြပါတယ်။
မစ္စတာ အဘေးက ဂျပန်ကို နျူးကလီးယားလက်နက် ကိုင်ထားစေချင်တဲ့ပုံစံကတော့ အဲဒီ ပုံစံပဲ ဖြစ်ပါတယ်။
ဂျပန်ရဲ့ ကိုယ်ပိုင် ဥပဒေနဲ့ နျူးကလီးယားလက်နက် ထားရှိခွင့်
ဂျပန်အစိုးရက နိုင်ငံတကာ နျူးကလီးယားလက်နက်များ မပျံ့ပွားရေး စာချုပ် လက်မှတ် ထိုးမထားပေမဲ့ ဂျပန်ဥပေဒအရကိုပဲ ဂျပန်မြေပေါ်မှာ နျူးကလီးယားလက်နက် မရှိရဆိုပြီး ၁၉၇၁ ခုနှစ် ကတည်းက ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။
အခုလို ပြဌာန်းချက်ကို ပယ်ဖျက်ဖို့ အဆိုပြုနေသူ ဂျပန်နိုင်ငံရေးသမား အနေနဲ့ကတော့ မစ္စတာ အဘေး တယောက်တည်း မဟုတ်တာကို တွေ့ရပါတယ်။
အခုလို အဆိုပြုတဲ့သူတွေထဲမှာ ထင်ရှားသူတဦးကတော့ အမေရိကန်သံအမတ်အဖြစ် စစ်ပြီးနောက်ပိုင်း အချိန်အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာ ရိုဇို ကာတို ပဲ ဖြစ်ပါတယ်။
မစ္စတာ ကာတိုဟာ ဂျပန်နဲ့ အမေရိကန် နက်နက်ရှိုင်းရှိုင်း မဟာမိတ် ဖြစ်ရေးကို အားပေးသူ ဖြစ်ပြီး မြောက်ကိုရီးယားက နျူးကလီးယားလက်နက် ကိုင်ထားချိန်မှာ ဂျပန်က အမေရိကန်ကို ချည်းပဲ လုံးဝ မှီခိုနေလို့ မရဘူးလို့ ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ကို ကာကွယ်ရေးတပ်သာ ထားရှိခွင့်ပေးထားတဲ့ အမေရိကန်အပေါ် မစ္စတာ အဘေးလို လူတွေက မကျေနပ်ချက် ရှိထားပြီး သူတို့ မကျေနပ်တဲ့ ပုံစံကတော့ အမေရိကန်နဲ့ စစ်ရေး မဟာမိတ် ပီပီပြင်ပြင် ဖြစ်ခွင့်မရတဲ့အတွက် ဖြစ်တယ်လို့ လည်း မစ္စတာ မက်ဂရီဂေါက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်ရဲ့ လက်ရှိ စစ်တပ်ဖွဲ့စည်းပုံ အနေအထားနဲ့ အင်အား
ဂျပန်မှာ တိုက်ခိုက်ရေး စစ်တပ် ဖွဲ့စည်းခွင့် မရှိဘူး ဆိုပေမယ့်လည်း ကြည်း၊ ရေ၊ လေ တပ်တွေကိုတော့ ကာကွယ်ရေး တပ်အနေနဲ့ အပြည့်အစုံ ဖွဲ့စည်းထားပါတယ်။
ဂျပန်ရဲ့ ရေတပ်ဆိုရင် ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံး ရေတပ်တွေထဲမှာတောင် အပါအဝင်လို့ ဆိုနိုင်ပြီး ဗြိတိသျှ တော်ဝင် ရေတပ် ထက်တောင် အတန်ငယ် အင်အားကြီးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂျပန်ကာကွယ်ရေးတပ်ဟာ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ ဖြန့်ချမှုတွေမှာလည်း ပါဝင်နေပါတယ်။
ဒါပေမဲ့ ဂျပန်စစ်တပ်ရဲ့ အဓိက အားနည်းချက်ကတော့ အဝေးပစ် ဒုံးကျည်လက်နက်မရှိတဲ့ အားနည်းချက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်အနေနဲ့ ကိုယ့်နယ်နမိတ်ကို ကျော်ပြီး ရန်သူကို လှမ်းပစ်နိုင်တဲ့ လက်နက် စွမ်းရည် လိုအပ်နေပြီလို့ ပါမောက္ခ ရှီမန်ဒါကလည်း ပြောဆိုခဲ့ပြီး သူကလည်း ရုရှား-ယူကရိန်း အခြေအနေကိုလည်း သူက အကြောင်းပြခဲ့ပါတယ်။
ပူတင်အနေနဲ့ နျူးကလီးယားလက်နက် မရှိတဲ့ ယူကရိန်းလို နိုင်ငံကို တိုက်ခိုက်ရာမှာ နျူးကလီးယား တပ်တွေကိုလည်း အသင့်ဖြစ်ဖို့ နှိုးဆော်တာမျိုး ရှိတဲ့အခြေအနေက ဂျပန်က နိုင်ငံရေးသမားတွေကို သတိပေးလိုက်သလိုလည်း ဖြစ်သွားတယ်လို့ သူက ဆိုပါတယ်။
ဂျပန်နဲ့ အမေရိကန် မဟာမိတ် စာချုပ်အရ ဂျပန်ကို တိုက်ခိုက်လာသမျှကို နျူးကလီးယားအပါအဝင် အမေရိကန်က ကာကွယ် တိုက်ခိုက်ပေးမှာ ဖြစ်ပေမဲ့ ယခင် အမေရိကန်သမ္မတဟောင်း ထရမ့်က ဂျပန်ကို ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူရမယ်လို့ ပြောခဲ့ဖူးတာကိုလည်း မစ္စတာ ဟီရိုမီ မူရကမိက ထောက်ပြပါတယ်။
မစ္စတာ အဘေး အကြောင်း စာအုပ်ရေးသားသူ ဖြစ်တဲ့ မစ္စတာ မူရကမိ က အမေရိကန်မှာ ခေါင်းဆောင်ပြောင်းသွားတယ် ဆိုပေမယ့်လည်း ယေဘုယျ သဘောထားကတော့ ပြောင်းပုံမရတဲ့အတွက် အမေရိကန်ကို ဂျပန်က လုံးဝ အားကိုးနေလို့တော့ မဖြစ်တော့ဘူးလို့ သူက ဆိုပါတယ်။
ကမ္ဘာ့ နျူးကလီးယား လက်နက် အခြေအနေ
ကမ္ဘာပေါ်မှာ နျူးကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံရှိပြီး အဲဒီ နိုင်ငံတွေကတော့ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်၊ ယူကေ၊ အစ္စရေး၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ မြောက်ကိုရီးယား တို့ ဖြစ်ပါတယ်။
အဲဒီ နိုင်ငံတွေထဲက အစ္စရေး၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့က နျူးလက်နက် မပြန့် ပွားရေး စာချုပ်မှာ လုံးဝ လက်နက် ထိုးမထားဖူးbJ မြောက်ကိုရီးယားကတော့ ၂၀ဝ၃ ခုနှစ်မှအဲဒီ စာချုပ်ကနေ နုတ်ထွက်ခါ နျူလက်နက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ကျန်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်နဲ့ ယူကေ တို့ ကတော့ နျူလက်နက်စာချုပ် မပြန့်ပွားရေး စာချုပ်မှာ လက်မှတ် ထိုးထားကြပြီး ဒီစာချုပ်က သူတို့ကို နျူလက်နက် အမြဲတမ်း ကိုင်ဆောင်ခွင့်တော့ ပေးမထားပါဘူး။
အဲဒီ ကိုးနိုင်ငံစုစုပေါင်းမှာ နျူးကလီးယား လက်နက်ပေါင်း ၉၀ဝ၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး အများစုကတော့ ရုရှားနဲ့ အမေရိကန်ပိုင်တွေ ဖြစ်ပါတယ်။
အဲဒီ နျူးကလီးယားလက်နက်တွေကို ကုန်းတွင်း၊ ရေပြင်နဲ့ လေတပ်စခန်းတွေမှာ ထားရှိရာမှာ အချိန်တိုအတွင်း ပစ်ခတ်နိုင်ဖို့ အသစ်ပြင်ထားပြီးသား နျူးကလီးယား လက်နက် အရေအတွက် စုစုပေါင်းကတော့ ၁၈၀ဝ လောက် ရှိတယ်လို့ ဆိုပါတယ်။
နျူလက်နက်ကို အမေရိကန်၊ ရုရှားနဲ့ ယူကေ တို့က လျှော့ချနေကြတယ် ဆိုပေမယ့် အဆင့်မြှင့်တာတွေတော့ လုပ်နေသေးပြီး တရုတ်နဲ့ တကွ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့ကတော့ တိုးမြှင့် ထုတ်လုပ်နေကြတယ်လို့ အမေရိကန် သိပ္ပံပညာရှင်များ အစည်းအရုံးက ဆိုပါတယ်။
အစ္စရေးနဲ့ ပြင်သစ်တို့ ပိုင်တဲ့ နျူလက်နက်အရေအတွက်ကတော့ အပြောင်းအလဲ မရှိဘူးလို့လည်း အဲဒီ အစည်းအရုံးက ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ နျူလက်နက်ကို လုံးဝ တားမြစ်တဲ့ စာချုပ် ဖန်တီးပြီး နျူလက်နက် ကင်းစင်ရေးအထိ လှုံ့ဆော်နေပေမယ့် အမေရိကန်နဲ့ ယူကေတို့က အဲဒီစာချုပ်မှာလက်မှတ်ထိုးဖို့အထိတော့ ဆန္ဒမရှိဘူးလို့ ပြောကြားထားပြီး မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ နေတိုးကလည်း ဒီစာချုပ်ကို အသိအမှတ် မပြုတဲ့အပြင် နျူလက်နက်ပိုင် နိုင်ငံတွေက ဒီစာချုပ်အရေး ဆွေးနွေးဖို့ သပိတ်မှောက်ထားကြတာကို တွေ့ရပါတယ်။








