ယူကရိန်းစစ်ပွဲ- ကုလလုံခြုံရေးကောင်စီဆိုတာဘာလဲ။ ဘယ်လို အလုပ်လုပ်သလဲ။

ကုလ လုံခြုံရေးကောင်စီမှာ ယူကရိန်းသမ္မတက ဗီဒီယိုကနေတစ်ဆင့် မိန့်ခွန်းပြော

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကုလ လုံခြုံရေးကောင်စီမှာ ယူကရိန်းသမ္မတက ဗီဒီယိုကနေတစ်ဆင့် မိန့်ခွန်းပြော

ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ ပြာပုံကြားက ထိုးထွက်လာခဲ့တာကတော့ ကုလသမဂ္ဂ အဖွဲ့ကြီးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ပြဿနာတွေကို ကမ္ဘာ့နိုင်ငံတွေ စုပေါင်း ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကို တည်ထောင်ခဲ့ကြတာ ဖြစ် ပါတယ်။

အဲဒီ ကုလသမဂ္ဂထဲက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် အဓိက အကျဆုံး ဌာနကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီပဲ ဖြစ်ပြီး ၁၉၄၆ ခုနှစ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံ စည်းဝေးခဲ့ကြပါတယ်။

၂၀၂၂ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်မှာ ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇလင်းစကီးက ရုရှားရဲ့ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုတွေကို ရပ်တန့်ပေးဖို့ လုံခြုံရေး ကောင်စီကို တောင်းဆိုခဲ့ပါတယ်။ သူက ချက်ချင်းလက်ငင်း ဆောင်ရွက်ပေးကြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပေမဲ့ လုံခြုံရေး ကောင်စီရဲ့ လုပ်ထုံး လုပ်နည်းတွေဟာ တကယ်တမ်း နိုင်ငံအရေးကိစ္စ ကြုံလာတဲ့အခါမှ အဲဒီလို ချက်ချင်း တုံ့ပြန်ဆောင်ရွက်ပေးဖို့မှာ အခက်အခဲတွေ ရှိနေပါတယ်။

လုံခြုံရေး ကောင်စီမှာ အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး ၅ နိုင်ငံက အမြဲတမ်း အဖွဲ့ဝင်ဖြစ်ကာ ကျန် ၁၀ နိုင်ငံက အလှည့်ကျ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

လုံခြုံရေး ကောင်စီအနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် လိုအပ်ရင် ပိတ်ဆို့ အရေးယူမှုတွေကို ချမှတ်နိုင်သလို အင်အားသုံးနိုင်တဲ့ အထိ အခွင့်အာဏာရှိပါတယ်။

ဒါပေမယ့် မကြာခဏ ဆိုသလို ဆုံးဖြတ်ချက်တွေ တိတိကျကျ မချမှတ်နိုင်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အကြောင်းကတော့ အမြင်မတူကြတဲ့ အမြဲတမ်း အဖွဲ့ဝင် တွေထဲက နိုင်ငံတခုခုက ဗီတို အာဏာသုံးပြီး ပယ်ချတတ်တဲ့ အတွက် ဖြစ်ပါတယ်။

ဆိုတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဘယ်လို အလုပ်လုပ်သလဲ

အမြဲတမ်းအဖွဲ့ဝင်များ

အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံရှိပြီး အမေရိကန်၊ ယူကေ၊ တရုတ်၊ ရုရှားနဲ့ ပြင်သစ်တို့ ဖြစ်ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီး မှာ ဂျာမနီ နဲ့ ဂျပန်တို့ စစ်ရှုံးသွားပြီးနောက် လုံခြုံရေး ကောင်စီ ဖွဲ့စည်းတဲ့ အချိန်မှာ အင်အာကြီး နိုင်ငံတွေအဖြစ် ကျန်နေရစ်တာက အဲဒီ ၅ နိုင်ငံပဲ ဖြစ်ပါတယ်။

အဲဒီ စတင်ဖွဲ့စည်းခဲ့ချိန် ၁၉၄၆ နောက်ပိုင်းထဲက ပထဝီ နိုင်ငံရေး အခြေအနေတွေအရ သင့်လျော်သလို အပြောင်းအလဲ တွေလုပ်ခဲ့တာက လွဲရင် ဒီ ဖွဲ့စည်းပုံ အတိုင်းပဲ ဆက်ရှိနေခဲ့ပါတယ်။

အဲဒီထဲက တရုတ်ကို လုံခြုံရေး ကောင်စီ တည်ထောင်စ အချိန်မှာ ချန်ကေရှိတ်ရဲ့ အမျိုးသားဝါဒီ အစိုးရက ကိုယ်စားပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အစိုးရဟာ ၁၉၄၉ တရုတ် တော်လှန်ရေး ပြီးဆုံးပြီးနောက် ထိုင်ဝမ်ကို ပြောင်းရွှေ့သွားခဲ့ရပေမယ့် ၁၉၇၁ ခုနှစ်မှ ကုလသမဂ္ဂ အထွေထွေညီလာခံက တရုတ်နေရာကို ကွန်မြူနစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ နေရာကိုတော့ အရင်က ဆိုဗီယက် ပြည်ထောင်စုက ကိုယ်စားပြုခဲ့တာ ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းချိန်ကနေ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြိုကွဲချိန်အထိပဲ ဖြစ်ပါတယ်။

ဗီတိုအာဏာ

အဲဒီ ၅ နိုင်ငံနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အချက်တချက်ကတော့ လုံခြုံရေး ကောင်စီဝင် နိုင်ငံတွေအကြား ဆွေးနွေး ဆုံးဖြတ်သမျှ ဗီတိုအာဏာကို သုံးပြီး ပယ်ချခွင့် ရှိနေတာပဲ ဖြစ်ပါတယ်။

ဆိုတော့ လုံခြုံရေး ကောင်စီဝင်တွေအကြား မဲခွဲဆုံးဖြတ်ပြီး ချိန်မှာတောင် သူတို့ထဲက တနိုင်ငံက ဗီတိုနဲ့ ပယ်ချပစ်ခဲ့ရင် အဲဒီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်လို့ မရတော့ပါဘူး။ ဒါပေမယ့် ဗီတို မသုံးဘဲ မဲမပေးဘဲ နေခဲ့ရင်တော့ အကောင်အထည် ဖော်လို့ ရနိုင်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ တရုတ်၊ ရုရှားနဲ့ ပြင်သစ်တို့မှာ ဗီတိုသုံးနိုင်တဲ့ အာဏာရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ တရုတ်၊ ရုရှားနဲ့ ပြင်သစ်တို့မှာ ဗီတိုသုံးနိုင်တဲ့ အာဏာရှိ

တကယ်လို့ အခု ယူကရိန်း စစ်ပွဲလိုမျိုး အမြဲတမ်း အဖွဲ့ဝင်တွေထဲက တနိုင်ငံကိုယ်တိုင် ပါဝင် ပတ်သက်နေပြီဆိုရင်တောင် ကိုယ်ကျိုးကြည့် ကာကွယ်မှုတွေ လုပ်မလာအောင် တားမြစ်ထားတဲ့ စည်းမျဥ်းမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းက တင်သွင်းခဲ့တဲ့ ဗီတိုအာဏာသုံးစွဲခွင့်ကို စည်းကမ်း သတ်မှတ်ဖို့ Franco-Mexican အဆိုပြုချက်ကို နိုင်ငံပေါင်း ၁၀၀ ကျော်က ထောက်ခံခဲ့ကြပါတယ်။

အဲဒီ အဆိုပြုချက်မှာ လူအများအပြား ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခါမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အနေနဲ့ ဗီတို သုံးခြင်းကို ရှောင်ကျဥ်ဖို့အတွက် တောင်းဆို ထားပါတယ်။

အမြဲတမ်း အဖွဲ့ဝင် မဟုတ်သော နိုင်ငံများ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင် နိုင်ငံတွေကိုတော့ ၂ နှစ်ကို တကြိမ် ရွေးချယ်ကြတာ ဖြစ်ပြီး အထွေထွေညီလာခံ တက်ရောက်လာတဲ့ နိုင်ငံတွေ အားလုံးက မဲပေး ရွေးချယ်နိုင်ကြပါတယ်။

ဒေသအလိုက် ညီမျှစွာ ပါဝင်နိုင်ခွင့် ရှိဖို့ ရည်ရွယ်ထားပြီး အာရှနဲ့ အာဖရိကတိုက်က ၅ နိုင်ငံနဲ့ လက်တင်အမေရိက ဘက်က ၂ နိုင်ငံ၊ အရှေ့ဥရောပက ၁ နိုင်ငံနဲ့ အနောက် ဥရောပနဲ့ တခြား ဒေသတွေဆီက ၂ နိုင်ငံ ပါဝင်ကြပါတယ်။

လက်ရှိ ၂၀၂၂ ဧပြီလ အချိန်မှာ အမြဲတမ်း အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံ ၁၀ နိုင်ငံက အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို နဲ့ နော်ဝေးတို့က လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ အဖွဲ့ဝင် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ကျန်တဲ့ အဲလ်ဘေးနီးယား၊ ဘရာဇီးလ်၊ ဂါဘွန်၊ ဂါနာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က လာမယ့် ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သက်တမ်းစေ့မှာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်အမျိုးသား အကျိုးစီးပွားနဲ့ ဆိုင်တဲ့ အရေးကိစ္စတွေကို တင်သွင်းနိုင်တဲ့ အခွင့်အရေးတွေကြောင့် လုံခြုံရေး ကောင်စီဝင်ဖြစ်ဖို့ နိုင်ငံတွေ အကြား အပြိုင်အဆိုင် ကြိုးစားကြတာလည်း ရှိပါတယ်။

တချို့ နိုင်ငံတွေဆိုရင် သူတို့ ဝင်ရောက် အရွေးခံမယ့် အချိန်ထက်ကို နှစ်အများကြီး စောပြီး ကြေညာ မဲဆွယ်တာမျိုးတောင် လုပ်တတ်ကြပါတယ်။

လုံခြုံရေးကောင်စီမှာ အမြဲတမ်း ရော အလှည့်ကျရော အဖွဲ့ဝင် နိုင်ငံဖြစ်ပြီ ဆိုတာနဲ့ ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ၁ လစီ အလှည့်ကျ တာဝန်ထမ်းဆောင်ကြရပါတယ်။

ချဲ့ထွင်ရေး

ပြီးခဲ့တဲ့ ၇၅ နှစ်တာ ကာလအတွင်း အင်အားကြီး ဖြစ်လာကြတဲ့ နိုင်ငံတချို့ကတော့ လုံခြုံရေး ကောင်စီ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ လုပ်လာကြပါတယ်။ သူတို့က လုံခြုံရေး ကောင်စီဟာ ဝါဒစုံနဲ့ ကမ္ဘာကြီးကို ကိုယ်စားပြု မပေးနိုင်တော့ဘူးလို့ ဆိုကြပါတယ်။

ဒါကြောင့် ၁၉၉၃ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လုံခြုံရေး ကောင်စီကို ပြုပြင်ပြောင်းလဲဖို့ လုပ်ငန်းအဖွဲ့ တခု ဖွဲ့စည်းခဲ့ပေမဲ့ ဘယ်လို နိုင်ငံတွေကို ထည့်သွင်းမလဲ ဆိုတဲ့ အပေါ် တညီတညွတ်တည်း မဆုံးဖြတ်နိုင်တာမျိုးတွေနဲ့ သိပ်ပြီး ခရီးမရောက် ဖြစ်နေကြပါတယ်။

အိန္ဒိယ၊ ဂျာမနီ၊ ဂျပန်နဲ့ ဘရာဇီးတို့လို G4 နိုင်ငံတွေနဲ့ အာဖရိက သမဂ္ဂတို့ဟာ အမြဲတမ်း အဖွဲ့ဝင် နေရာ ရဖို့ အတွက် အပြိုင်အဆိုင် ကြိုးစားနေခဲ့ကြတာ တော်တော်ကြာနေပြီ ဖြစ်ပါတယ်။

အရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ နိုဘဲလ်ဆုရှင် ကိုဖီအာနန်က လုံခြုံရေး ကောင်စီမှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရင် ကမ္ဘာ့အလယ်မှာ ကောင်စီရဲ့ သြဇာ ကျဆင်းလာမယ်လို့ သတိပေးခဲ့
ဓာတ်ပုံ ပုံစာ, အရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ နိုဘဲလ်ဆုရှင် ကိုဖီအာနန်က လုံခြုံရေး ကောင်စီမှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရင် ကမ္ဘာ့အလယ်မှာ ကောင်စီရဲ့ သြဇာ ကျဆင်းလာမယ်လို့ သတိပေးခဲ့

ပြီးခဲ့တဲ့ နှစ်က အထွေထွေညီလာခံမှာ G4 အဖွဲ့ဝင်တွေက ဆွေးနွေးမှုတွေ ပြန်လည်အသက်ဝင်လာစေဖို့ ဆော်သြခဲ့ကြပါတယ်။ သူတို့က လုံခြုံရေး ကောင်စီအနေနဲ့ အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိကတို့ပါ ပါဝင်စေပြီး လက်ရှိ ပထဝီ နိုင်ငံရေး အခြေအနေတွေကို ပိုပြီး ထင်ဟပ်ဖို့ လိုတယ်လို့ သဘောတူထားကြပါတယ်။

Common African Position ကလည်း ၂၀၀၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ Ezulwini Consensus နဲ့ Sirte Declaration တွေထဲမှာ လုံခြုံရေး ကောင်စီအတွင်း ကိုယ်စားပြုမှုတွေ ပို ရှိသင့်သလို ပိုပြီး ဒီမိုကရေစီ နည်းကျ ဖြစ်ဖို့ လိုတယ်လို့ တောင်းဆိုထားပါတယ်။

အရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ နိုဘဲလ်ဆုရှင် ကိုဖီအာနန်က လုံခြုံရေး ကောင်စီမှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရင် ကမ္ဘာ့အလယ်မှာ ကောင်စီရဲ့ သြဇာ ကျဆင်းလာမယ်လို့ သတိပေးခဲ့ပါတယ်။

လုပ်ကိုင် ဆောင်ရွက်ပုံ

လုံခြုံရေးကောင်စီရဲ့ အရေးကြီးဆုံး တာဝန်တခုက အရင်ဆုံး စစ်ပွဲတခု ဖြစ်မလာအောင် တားဆီးနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာစပြီ ဆိုရင်တော့ အရင်ဆုံး သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာကြရပါတယ်။

တိုက်ကြ ခိုက်ကြ ဖြစ်လာပြီဆိုရင်တော့ လုံခြုံရေး ကောင်စီက အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွေ စေလွှတ်ဖို့ လုပ်ရပါတယ်။

နောက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို စတင်တိုက်ခိုက်တဲ့ နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်စေနိုင်သလို စစ်ရေးအရ အရေးယူဖို့ အထိပါ လုပ်နိုင်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းကလည်း လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာကြရမှာ ဖြစ်ပါတယ်။

ရုရှားကျူးကျော်မှုအရေး ဆွေးနွေးတဲ့ ခြုံရေးကောင်စီအစည်းအဝေးတက်လာတဲ့ ယူကရိန်းသံအမတ်က သံတမန်ရေးဘာမှာနေလဲဆိုတဲ့ စာအုပ်ကို ဖတ်ပြပြီး လုံခြုံရေးကောင်စီကို ဝေဖန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားကျူးကျော်မှုအရေး ဆွေးနွေးတဲ့ ခြုံရေးကောင်စီအစည်းအဝေးတက်လာတဲ့ ယူကရိန်းသံအမတ်က သံတမန်ရေးဘာမှာနေလဲဆိုတဲ့ စာအုပ်ကို ဖတ်ပြပြီး လုံခြုံရေးကောင်စီကို ဝေဖန်ခဲ့

ဝေဖန်မှုများ

ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ် အတွင်းက ရဝမ်ဒါမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်မဲ့ အရိပ်လက္ခဏာတွေ ရှိနေခဲ့ပေမယ့် အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် လုံခြုံရေး ကောင်စီ ဝေဖန်ပြစ်တင် ခံခဲ့ရပါတယ်။

ဆုံးဖြတ်ချက်တခု ရဖို့ အချိန်ယူလွန်းတာနဲ့ ဗီတို အာဏာတွေကို သုံးကြတာကြောင့် တချို့ကိစ္စတွေမှာ နိုင်ငံတွေနဲ့ မဟာမိတ်အဖွဲ့တွေဟာ သူတို့ အဆိုအရ ကျိုးကြောင်းကျတဲ့ စစ်ရေး အရ အရေးယူ ဆောင်ရွက်မှုတွေကို လုံခြုံရေး ကောင်စီရဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ကြတာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်အတွင်း နေတိုးက လုံခြုံရေး ကောင်စီရဲ့ သဘောတူညီမှု မရှိဘဲ ယူဂို ဆလားဗီးယားကို ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဘီလ်ကလင်တန် သမ္မတ ဖြစ်နေချိန်က ဖြစ်ပြီး နေတိုးနိုင်ငံတွေဘက်က ကိုဆိုဗိုက အဲလ်ဘေးနီးယား လူမျိုးတွေကို ယူဂိုဆလားဗီးယား တပ်ဖွဲ့တွေက လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေအတွက် အရေးယူဆောင်ရွက်တာ ဖြစ်လို့ တရားမျှတမှု ရှိတယ်လို့ အကြောင်းပြကြပါတယ်။

ရုရှားကတော့ လုံခြုံရေး ကောင်စီရဲ့ ခွင့်ပြုချက်မရဘဲ လုပ်တာ ဖြစ်လို့ ပြဿနာပိုကြီး သွားစေခဲ့တယ်လို့ ပြန်လည် ငြင်းခုံ ခဲ့ပါတယ်။

တခါ ၂၀၀၃ ခုနှစ်က အီရတ်ကို အမေရိကန်နဲ့ ယူကေတို့က လုံခြုံရေး ကောင်စီရဲ့ ခွင့်ပြုချက် မရသေးဘဲ ကျူးကျော်ခဲ့ကြပါတယ်။

လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ၁၄၄၁ ကို ထုတ်ပြန်ပြီး အီရတ်ကို လက်နက်ဖြုတ်ဖို့နဲ့ လက်နက်စစ်ဆေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ ဆုံးဖြတ်ချက်ကို ဖွင့်ဆို ပုံနဲ့ ပတ်သက်လို့ အမြဲတမ်း အဖွဲ့ဝင်တွေထဲက အမေရိကန် နဲ့ ယူကေတို့ ရဲ့ စစ်ရေး အရ အရေးယူ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အယူအဆကို ပြင်သစ်နဲ့ ရုရှားက လက်မခံခဲ့ကြပါဘူး။

၁၉၉၉ ခုနှစ်အတွင်း နေတိုးက လုံခြုံရေး ကောင်စီရဲ့ သဘောတူညီမှု မရှိဘဲ ယူဂို ဆလားဗီးယားကို ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၉ ခုနှစ်အတွင်း နေတိုးက လုံခြုံရေး ကောင်စီရဲ့ သဘောတူညီမှု မရှိဘဲ ယူဂို ဆလားဗီးယားကို ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ခဲ့

တချို့ အရေး ကိစ္စတွေမှာတော့ လုံခြုံရေး ကောင်စီဘက်က ပိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခဲ့တာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ ကနေ ၂၀၁၅ အတွင်း အီရန်ကို သူတို့ရဲ့ နျူကလီးယား အစီအစဥ်တွေနဲ့ ပတ်သက်လို့ လက်နက်နဲ့ နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာပိုင်း ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်နိုင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ် ကစပြီး မြောက်ကိုရီးယား အပေါ်မှာလည်း သူတို့ရဲ နျူကလီးယား စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တဒါဇင်နီးပါး ချမှတ် အရေးယူခဲ့ပြီးလည်း ဖြစ်ပါတယ်။ သူတို့က လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ရောင်းချမှု၊ သိပ္ပံပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကန့်သတ်တာနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်သူတွေကို တဦးချင်း တယောက်ချင်း ပိတ်ဆို့အရေး ယူတာမျိုးတွေ လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၁ အတွင်း လစ်ဗျားမှာ ဂဒါဖီ အစိုးရ ပြုတ်ကျရေး လှုပ်ရှားမှုတွေ အတွင်းမှာလည်း လေယာဥ် မပျံသန်းရဇုံ သတ်မှတ်ပေးတာမျိုးတွေ ရှိခဲ့ပါတယ်။

စစ်အေး တိုက်ပွဲကာလတွေက သဘောထား ကွဲပြားမှု တချို့ ရှိကောင်း ရှိနေနိုင်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၂ အတွင်းက ရုရှားရဲ့ အရှေ့အလယ်ပိုင်း မဟာမိတ် ဖြစ်တဲ့ သမ္မတ ဘာရှာ အဲလ် အာဆတ် ရဲ့ ဆီးရီးယား အစိုးရကို ဖိအားပေးတဲ့ ဆုံးဖြတ်ချက်တွေမှာ ရုရှားနဲ့ တရုတ်တို့က ဗီတိုတွေ သုံးပြီး ပယ်ချခဲ့ကြပါတယ်။

အခု တခါ ရုရှားက ယူကရိန်းကို ကျူးကျော်ရာမှာလည်း လုံခြုံရေး ကောင်စီမှာ ဒီလုပ်ရပ်ကို အရေးယူဖို့ အတွက် အဆိုပြုကြတဲ့ ဘယ်ဆုံးဖြတ်ချက်ကို မဆို ရုရှား ကိုယ်တိုင်ကပဲ ဗီတိုသုံးပြီး ပယ်ချနေမှာ ဖြစ်ပါတယ်။