ကုလ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နဲ့ မပူးပေါင်းရင် အီရန်ဘာဖြစ်မလဲ

အီရန်လွှတ်တော်ဟာ ကုလသမဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့တဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီရန်လွှတ်တော်ဟာ ကုလသမဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့တဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်
    • ရေးသားသူ, ဘီဘီစီ ပါရှန်ဌာန

လတ်တလော အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အီရန်နျူကလီးယားဆိုင်ရာ အဆောက်အဦတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို အကြောင်းပြပြီး အီရန်လွှတ်တော်ဟာ ကုလသမဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့တဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်။

ဒီလုပ်ရပ်ကြောင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA နဲ့ တင်းမာမှုတွေ ပိုပြင်းထန်လာနေပြီး အီရန်ရဲ့ နျူကလီးယားအစီအစဥ်ကို ကမ္ဘာက စောင့်ကြည့်လေ့လာဖို့အရေးမှာ အဓိကကွက်လပ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တဲ့ ဥပဒေကြောင့် စုံစမ်းစစ်ဆေးတာတွေ၊ စောင့်ကြည့်စစ်ဆေးတာတွေနဲ့ IAEA ဝန်ထမ်းတွေရဲ့ အစီရင်ခံမှုတွေ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

ဒီဥပဒေကို အီရန်ရဲ့ ဗဟိုအမျိုးသားလုံခြုံရေးကောင်စီက နောက်ဆုံး အတည်ပြုဖို့ လိုနေသေးပေမဲ့ ဒီဥပဒေက နျူကလီးယားအစီအစဥ်နဲ့ပတ်သက်တဲ့ တီဟီရန်ရဲ့ မူဝါဒ သိသိသာသာ ပြောင်းလဲသွားတာကို အချက်ပေးလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးကော်မတီရဲပြောရေးဆိုခွင့်ရှိသူ လွှတ်တော်အမတ် ဟီဘရာဟင် ရီဇာအီက ပြောရာမှာတော့ အခုလို ဥပဒေအတည်ပြုလိုက်တာက အီရန်ရဲ့အချုပ်အခြာကို ခိုင်ခိုင်မာမာပြသနိုင်ဖို့နဲ့ သူ့အခေါ် "နိုင်ငံရေးထဲ သွတ်သွင်းထားတဲ့ အေဂျင်စီ"ကို ပြန်တွန်းလှန်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အခုဥပဒေဟာ အီရန်အတွက် အသာစီးကနေ ဆွေးနွေးနိုင်မယ့်အရာတစ်ခု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုတွေ ပြန်လည် စတင်ဖို့ လက္ခဏာတွေ တွေ့နေရပြီး သမ္မတ ပဇက်ရှ်ကီယန်ကလည်း အမေရိကန်နဲ့ နျူကလီးယားဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်စလိုတဲ့ ဆန္ဒကို ပြသခဲ့ပါတယ်။

အခုချိန်မှာ ဘာကြောင့်လုပ်လဲ

IAEA ညွှန်ကြားရေးမှူးချုပ် ရာဖာယယ်လ် ဂရော့စီ (ဝဲမှ ဒုတိယ) သြစတြီးယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး အီရန်အရေး စိုးရိမ်မှုတွေကို ဆွေးနွေးခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, IAEA ညွှန်ကြားရေးမှူးချုပ် ရာဖာယယ်လ် ဂရော့စီ (ဝဲမှ ဒုတိယ) သြစတြီးယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး အီရန်အရေး စိုးရိမ်မှုတွေကို ဆွေးနွေးခဲ့

ဖော်ဒို၊ နာတန်ဇ်နဲ့ အစ္စဖာဟန် ဆိုတဲ့ နျူကလီးယားစီမံကိန်းသုံးနေရာအပါအဝင် အီရန်ရဲ့ နျူကလီးယားစီမံကိန်းနေရာတွေကို အမေရိကန်နဲ့ အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး ၁၂ ရက်အကြာမှာ အီရန်ဘက်က အခုလို ဆုံးဖြတ်လိုက်တာပါ။

အီရန်ဘက်ကလည်း အစ္စရေးနဲ့ ကာတာက အမေရိကန်ရဲ့စစ်စခန်းတစ်ခုကို မစ်ဆိုင်းဒုံးကျည်တွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

အီရန်လွှတ်တော်ရဲ့ ဥပဒေအတည်ပြုမှုဟာ နျူကလီးယားမပြန့်ပွားရေး ကတိကဝတ်တွေကို အီရန်ဘက်က လေးစားလိုက်နာမှုမရှိဘူးလို့ မကြာခင်တုန်းက IAEA က စွပ်စွဲပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့တာနဲ့ အခုတိုက်ခိုက်မှုတွေအပေါ် နိုင်ငံရေးအရ တုံ့ပြန်တာလို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ကြပါတယ်။

အစ္စရေးကလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ရက် မတိုင်ခင်ရက်မှာ IAEA ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီး ဒီဆုံးဖြတ်ချက်က တိုက်ခိုက်မှုတွေအတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်တယ်လို့ အီရန်ရဲ့ထိပ်တန်းခေါင်းဆောင်တွေက ယုံကြည်ကြပါတယ်။

အီရန်မှာ IAEA ဘာတွေ လုပ်လဲ

၂၀၁၄ တုန်းက IAEA စစ်ဆေးရေးမှူးတွေ (ဝဲမှ ဒုတိယနဲ့တတိယ) နဲ့ အီရန်နည်းပညာရှင်တွေကို နာတန်ဇ်စက်ရုံမှာ တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, IRNA/AFP via Getty

ဓာတ်ပုံ ပုံစာ, ၂၀၁၄ တုန်းက တွေ့ရတဲ့ IAEA စစ်ဆေးရေးမှူးတွေ (ဝဲမှ ဒုတိယနဲ့တတိယ) နဲ့ အီရန်နည်းပညာရှင်တွေကို နာတန်ဇ်စက်ရုံမှာ တွေ့ရစဥ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အီရန်ရဲ့နျူကလီးယားအစီအစဥ်အတွက် ဆယ်စုနှစ် ၂ ခုကျော်ကြာ စောင့်ကြည့်တဲ့ လုပ်ငန်းမှာ IAEA က အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာအင်အားကြီး ၆ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဂျာမနီတို့နဲ့အတူ သူရဲ့နျူကလီးယားအစီအစဥ်ကို ကာလရှည် သဘောတူညီမှုတစ်ခုကို အီရန်က သဘောတူခဲ့ပါတယ်။

သဘောတူညီချက်အောက်မှာတော့ အီရန်ဟာ နျူကလီးယားသန့်စင်မှုကို အကန့်အသတ်နဲ့သာ လုပ်ဖို့နဲ့ အဲဒီလုပ်ဆောင်မှုတွေအပေါ် နိုင်ငံတကာကို စုံစမ်းစစ်ဆေးခွင့်ပေးဖို့ သဘောတူခဲ့ပြီး အပေးအယူအနေနဲ့ သူ့အပေါ်ချမှတ်တဲ့ ပိတ်ဆို့မှုတွေ သက်သာရာရစေမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်အနေနဲ့ အဲဒီသဘောတူညီချက်ကနေ နုတ်ထွက်ခဲ့သလို ဒေါ်နယ်ထရမ့်က အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်မံချမှတ်ခဲ့ပါတယ်။ အီရန်ကလည်း သဘောတူညီချက်အစိတ်အပိုင်းတွေကို စတင်လျစ်လျူရှုလာပါတယ်။

အီရန်ဟာ နျူကလီးယားသန့်စင်တဲ့လုပ်ငန်းကို ပိုအဆင့်မြှင့်လုပ်ဆောင်ခဲ့သလို နိုင်ငံတကာစုံစမ်းစစ်ဆေးသူတွေကိုလည်း ဝင်ရောက်ကြည့်ရှုခွင့်လျှော့ချခဲ့ပြီး နျူကလီးယားစီမံကိန်းနေရာတွေက ကုလသမဂ္ဂရဲ့ စောင့်ကြည့်ကင်မရာအချို့ကိုတောင် ပိတ်သိမ်းခဲ့ပါတယ်။

IAEA ကတော့ အရင်နဲ့စာရင် ပစ္စည်း အစုံအလင်နဲ့ လုပ်ခွင့်မရတော့သလို သတင်းအချက်အလက်ရတာ နည်းလာပေမဲ့ အခြေခံစုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လုပ်ခဲ့ပါတယ်။ အကြောင်းကတော့ အီရန်ဟာ နျူကလီးယား မပြန့်ပွားရေးသဘောတူစာချုပ်ဝင်အဖြစ် ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ပဋိပက္ခမတိုင်ခင်က IAEA စုံစမ်းစစ်ဆေးသူတွေဟာ အီရန်အတွင်းမှာ ရှိနေဆဲဖြစ်ပြီး နောက်ဆုံးအတည်ပြုခဲ့တာကတော့ သန့်စင်မှု ၆၀ ရာခိုင်နှုန်းအထိရှိတဲ့ ယူရေနီယံ ၄၀၀ ကီလိုဂရမ်ကျော် ရှိနေတယ်ဆိုတာပါ။

ဒီသန့်စင်မှုက လက်နက်ထုတ်ဖို့အတွက် တစ်ဆင့် လျော့နေသေးပေမဲ့ နည်းပညာနည်းနည်းမြှင့်လိုက်တာနဲ့ လက်နက်ထုတ်နိုင်မှာဖြစ်ပြီး အရပ်ဘက်သုံးထက်လည်း အများကြီး သန့်စင်နေပါတယ်။

အီရန်ဟာ အဓိကနျူကလီးယားစီမံကိန်းနေရာတွေကို ဝင်ရောက်ကြည့်ရှုခွင့်ငြင်းပယ်လိုက်တဲ့အတွက် IAEA နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ပျက်ကွက်တာ၊ မကြေညာထားတဲ့နေရာတွေက ယူရေနီယံအစအနတွေအကြောင်း ရှင်းပြဖို့ ပျက်ကွက်တာနဲ့ IAEA စောင့်ကြည့်လေ့လာမှုတွေကို လျော့ချခဲ့တာ စတဲ့ စွပ်စွဲချက်တွေနဲ့ ဇွန်လ ၁၂ ရက်မှာ IAEA ရဲ့ အုပ်ချုပ်မှုအဖွဲ့က ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

IAEA ဘုတ်အဖွဲ့ထဲမှာပါဝင်ကြတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံထဲမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ အပါအဝင် ဘုတ်အဖွဲ့ဝင် ၁၉ နိုင်ငံက ထောက်ခံခဲ့ပြီး ရုရှား၊ တရုတ်နဲ့ ဘာကီနာ ဖာဆိုတို့ကတော့ ကန့်ကွက်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မှာ နိုင်ငံရေးပယောဂပါဝင်တယ်လို့ အီရန်က ကန့်ကွက်ရှုတ်ချခဲ့ပြီး နောက်တစ်ရက် အကြာမှာပဲ အီရန်ရဲ့ နျူကလီးယားအဆောက်အအုံနေရာတွေကို ပစ်မှတ်ထားပြီး အစ္စရေးက တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

စံ နှစ်မျိုး ထားတာလား

ဇစ်ပိုရီးရှား နျူကလီးယားစက်ရုံမှာ ၂၀၂၂ မတ်လက တိုက်ခိုက်မှုတွေအတွင်း မီးလောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Anadolu/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဇစ်ပိုရီးရှား နျူကလီးယားစက်ရုံမှာ ၂၀၂၂ မတ်လက တိုက်ခိုက်မှုတွေအတွင်း မီးလောင်ခဲ့

IAEA နဲ့ပတ်သက်တဲ့ အီရန်ရဲ့ စိတ်ပျက်မှုဟာ မညီမမျှဆက်ဆံခံရတယ်ဆိုတဲ့ အမြင်ကနေ စခဲ့တာပါ။

ရုရှားစစ်တပ်က ယူကရိန်းရဲ့ ဇာပိုရီရှား နျူကလီးယားစက်ရုံကို ၂၀၂၂ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့တဲ့အခါ IAEA ညွှန်ကြားရေးမှူးချုပ် ရာဖာယယ်လ် ဂရော့စီက "မီးနဲ့ကစားခြင်း"လို့ မော်စကိုကိုစွပ်စွဲခဲ့ပြီး အရေးပေါ်သတိပေးခဲ့ပါတယ်။

အဲဒီတုန်းကနဲ့မတူတာကတော့ အခုလတ်တလော အီရန်နျူကလီးယားနေရာတွေကို တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ အီရန်ရဲ့နျူကလီးယားဆိုင်ရာ အဆောက်အဦတွေအနီးမှာ တိုက်ခိုက်မှုမလုပ်ဖို့သာ သတိပေးခဲ့ပြီး အစ္စရေးနဲ့ အမေရိကန် ဆိုတဲ့ နာမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

"ကျွန်တော့်အလုပ်က အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘေးကင်းလုံခြုံစေဖို့နဲ့ မတော်တဆမှုတွေကနေ ကာကွယ်ပေးဖို့ပါ။ ဘယ်ဘက်ကမှ နျူကလီးယားနေရာတွေကို ပစ်မှတ်မထားသင့်ဘူးဆိုတာကို ကျွန်တော် အမြဲပဲ သတိပေးခဲ့ပါတယ်" လို့ ဂရော့စီက CNN သတင်းဌာနနဲ့ အခုသီတင်းပတ်အစောပိုင်းကလုပ်တဲ့ အင်တာဗျူးမှာ ကာကွယ်ပြောဆိုခဲ့ပါတယ်။

အီရန်နဲ့ အစ္စရေးကြား အပစ်အခတ်ရပ်စဲမှု နောက်မှာတော့ နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့အတွက် ဂရော့စီက အဆိုပြုခဲ့ပါတယ်။

"IAEA နဲ့အတူပြန်လည်ပူးပေါင်းလုပ်ဆောင်ခြင်းက အောင်မြင်တဲ့ သံတမန်ရေးရာသဘောတူ ညီချက်တစ်ခုအတွက် အဓိကအချက်ဖြစ်တယ်" လို့ သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ဂရော့စီက ရေးသားခဲ့ပါတယ်။

"နိုင်ငံခြားရေးဝန်ကြီး အာရာချီနဲ့ မြန်နိုင်သမျှမြန်မြန်တွေ့ဆုံဖို့အတွက် ကျွန်တော် အဆိုပြုထားပါတယ်။"

ပဋိပက္ခဖြစ်နေချိန်အတွင်း IAEA စုံစမ်းစစ်ဆေးသူတွေဟာ အီရန်အတွင်းမှာ ဆက်ရှိနေပေမဲ့လည်း စုံစမ်းစစ်ဆေးတဲ့အလုပ်တွေကို လုံခြုံရေးစိုးရိမ်မှုကြောင့် ဆိုင်းငံ့ထားခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုတော့ပြန်လည်လုပ်ကိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ IAEA ကပြောပါတယ်။

IAEA အရေးတကြီး ပြန်လာနိုင်ရေး

IAEA ဟာ အစ္စဖာဟန်လို နျူကလီးယားစီမံကိန်းနေရာတွေကို ပြန်လည်သွားရောက် စစ်ဆေးချင်နေပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, IAEA ဟာ အစ္စဖာဟန်လို နျူကလီးယားစီမံကိန်းနေရာတွေကို ပြန်လည်သွားရောက် စစ်ဆေးချင်နေပါတယ်

သူ့ရဲ့ "နံပါတ် ၁ ဦးစားပေးအရာ " က တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့ နျူးကလီးယားစီမံကိန်းနေရာတွေ၊ အထူးသဖြင့်တော့ ဇွန် ၁၃ ရက်နေ့က တိုက်ခိုက်ခံရတဲ့ ၃ နေရာမှာ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို သိရှိနိုင်ဖို့နဲ့ အီရန်ရဲ့ သန့်စင်ထားတဲ့ ယူရေနီယံတွေရဲ့ အခြေအနေကို စစ်ဆေးအတည်ပြုနိုင်ဖို့ IAEA ရဲ့စုံစမ်းစစ်ဆေးသူတွေ ပြန်လည်ဝင်ရောက်နိုင်ဖို့ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က သြစတြီးယားမှာ ဂရော့စီက ပြောခဲ့ပါတယ်။

အီရန်ရဲ့ သန့်စင်မှု ၆၀ ရာခိုင်နှုန်းရှိတဲ့ ယူရေနီယံတွေအကြောင်းကို မေးရာမှာတော့ တီဟီရန်က စာတစ်စောင် သူ့ဆီကို ဇွန်လ ၁၃ ရက်နေ့ကပို့ခဲ့ပြီး အဲဒီထဲမှာတော့ နျူကလီးယားပစ္စည်းတွေနဲ့ စက်ပစ္စည်းကိရိယာတွေကို ကာကွယ်ဖို့ "အထူးအရေးယူလုပ်ဆောင်မယ်" လို့ ပြောထားပါတယ်။

ဒါပေမဲ့ စာထဲမှာ အသေးစိတ်အချက်အလက်တွေတော့ ဖော်ပြမထားပါဘူး။

"သူတို့ဘာပြောချင်တယ်ဆိုတာမျိုး အသေးစိတ်မပါဘူး။ ဒါပေမဲ့ အဲဒါဟာ သွယ်ဝိုက်ပြောတဲ့အဓိပ္ပါယ်မျိုးဖြစ်ပါတယ်။ သူတို့ဆီမှာ ဒီပစ္စည်း ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ မှန်းဆလို့ရ ပါတယ်"လို့ သူကပြောပါတယ်။

အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံဟာ တိုက်ခိုက်မှုကနေ မပျက်စီးဘဲ ကျန်နေနိုင်တယ်လို့ ဂရော့စီက ယူဆနေပါတယ်။

ဖော်ဒိုနဲ့ နာတန်ဇ်စက်ရုံတွေကနေ ရေဒီယိုသတ္တုကြွမှုနဲ့ ဓါတုပစ္စည်း ထွက်ရှိမှုတွေ့ရပေမဲ့ အဲဒီစက်ရုံအဝန်းအဝိုင်းကို ကျော်လွန်ပြီး ရေဒီယိုသတ္တုကြွပစ္စည်းယိုစိမ့်တာ မတွေ့ရဘူးလို့ IAEA အုပ်ချုပ်ရေးအဖွဲ့ကို ဂရော့စီက ပြောခဲ့ပါတယ်။

"ပြင်းထန်တဲ့ ရေဒီယိုသတ္တုကြွမှုနဲ့ဆိုင်တဲ့ အကျိုးဆက်အန္တရာယ်ကြောင့် နျူကလီးယားနဲ့ဆိုင်တဲ့ ဘယ်လိုအဆောက်အဦကိုမှ ဘယ်တော့မှ မတိုက်ခိုက်သင့်ဘူး" လို့ ဂရော့စီက သတိပေးပါတယ်။

IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို အီရန်ကဆိုင်းငံ့ထားမယ်ဆိုရင် ကမ္ဘာ့အစိုးရိမ်ရဆုံးသော နျူကလီးယားအစီအစဥ်တစ်ခုအပေါ် အချိန်နဲ့တစ်ပြေးညီ မြင်တွေ့နိုင်ခွင့်ကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆုံးရှုံးပါလိမ့်မယ်။

၂၀၀၃ ခုနှစ် IAEA စနစ်ထဲကနေ မြောက်ကိုရီးယား နုတ်ထွက်ပြီးနောက်ပိုင်း အခုကိစ္စဟာ ကုလသမဂ္ဂရဲ့ နျူကလီးယားကြီးကြပ်စစ်ဆေးရေးကဏ္ဍမှာ အပြင်းထန်ဆုံးသော ချို့ယွင်းမှုဖြစ်လာလိမ့်မယ်လို့ အနောက်နိုင်ငံတွေရဲ့ သံတမန်တွေက သတိပေးပါတယ်။

အခုချိန်မှာ အနာဂတ် ဘာဖြစ်လာမလဲဆိုတာက အဓိက ဆုံးဖြတ်ချက် ၂ ခုအပေါ် မူတည်နေပါတယ်။

ပထမတစ်ခုကတော့ အီရန်အာဏာပိုင်တွေက ဒီဥပဒေကို ဆက်အတည်ပြုမလား။ နောက်တစ်ခုကတော့ စောင့်ကြည့်စစ်ဆေးမှုတွေ အလုံးစုံပြိုလဲမသွားခင် ဂရော့စီအနေနဲ့ သံတမန်ရေးယုံကြည်မှုရအောင် ပြန်လည်ပြင်ဆင် တည်ဆောက်နိုင်မလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။