သမ္မတဟောင်းထရမ့် နျူကလီးယားနဲ့စစ်ရေး လျှို့ ဝှက်စာရွက်တွေသိမ်းထားမှုနဲ့ စွဲချက်တင်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နျူကလီးယားလျှို့ဝှက်ချက်တွေနဲ့ စစ်ရေးအစီအစဥ်အကြောင်းတွေပါတဲ့ လျှို့ဝှက်စာရွက်စာတမ်း ရာချီကို လွဲမှားစွာကိုင်တွယ်မှုနဲ့ စွဲချက်တင်ခံလိုက်ရပါတယ်။
ဖလော်ရီဒါပြည်နယ်က သူ့ရဲ့အိမ်ထဲမှာ အဲဒီစာရွက်စာတမ်းတွေကို သိမ်းဆည်းထားမှု၊ စုံစမ်းစစ်ဆေးသူတွေကို လိမ်လည်မှုစတဲ့ စွဲချက်အမှုပေါင်း ၃၇ မှုနဲ့ စွဲချက်တင်ခံရတာဖြစ်ပါတယ်။
အဲဒီစာရွက်စာတမ်းတွေကို ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု အဟန့်အတားဖြစ်အောင်လုပ်ခဲ့တယ်လို့လည်း မစ္စတာ ထရမ့် စွပ်စွဲခံထားရပါတယ်။
၂၀၂၄ ခုနှစ်မှာ သမ္မတအဖြစ် ပြန်အရွေးခံဖို့ ခြေလှမ်းနေတဲ့မစ္စတာ ထရမ့်ကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ အခု မစ္စတာထရမ့်အပေါ် စွပ်စွဲထားတဲ့အမှုတွေမှာ ပြစ်မှုထင်ရှားတယ်ဆိုရင် မစ္စတာထရမ့်ဟာ ထောင်ဒဏ်နှစ်ကြာရှည် ကျခံရနိုင်တယ်လို့ တရားရေးကျွမ်းကျင်သူတွေက ပြောနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမှုဖွင့်ခံရတဲ့အထဲမှာ မစ္စတာထရမ့်ရဲ့ အတွင်းရေးမှူး ဝေါ့လ်နျူတာလည်း ပါဝင်ပါတယ်။ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်ရဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းဟောင်းလည်းဖြစ်တဲ့ ဝေါ့လ်နျူတာဟာ အမေရိကန်စုံစမ်းထောက်လှမ်းရေးဗြူရို(FBI) က စုံစမ်းမှုလုပ်ချိန် အဲဒီစာရွက်စာတမ်းတွေကို နေရာရွှေ့ပြောင်းခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
စာမျက်နှာ ၄၉ မျက်နှာအထိပါတဲ့ စွဲချက်အမှုမှာ အမေရိကန်သမ္မတဟောင်းတစ်ယောက်ကို ပြည်တောင်စုအဆင့် ပထမဆုံးစွဲခချက်တင်တဲ့မှုတွေလည်း ပါဝင်နေပါတယ်။ မစ္စတာထရမ့်တစ်ယောက် သူ့အိမ်ထဲက စက္ကူပုံးတွေထဲမှာ ထည့်သိမ်းထားတဲ့လျှို့ဝှက်စာရွက်စာတမ်းတွေဟာ
- အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယားအစီအစဥ်
- အမေရိကန်ပြည်ထောင်စုနဲ့ပြည်ပနိုင်ငံတွေရဲ့ ကာကွယ်ရေးနဲ့လက်နက်စွမ်းဆောင်နိုင်စွမ်း
- အမေရိကန်ပြည်ထောင်စုနဲ့သူ့မဟာမိတ်တွေကို စစ်ရေးတိုက်ခိုက်ခံရမှုမှာ ဖြစ်နိုင်ချေရှိတဲ့အားနည်းချက်
- ပြည်ပနိုင်ငံတစ်နိုင်ငံက တိုက်ခိုက်လာတဲ့အခါ ပြန်လည်တုံ့ပြန်နိုင်ချေရှိတဲ့လက်တုံ့ပြန်တိုက်ခိုက်မှုအစီအစဥ်တွေ ပါဝင်ပါတယ်။
အမေရိကန်အစိုးရရှေ့နေတွေကတော့ မစ္စတာ ထရမ့်ဟာ သမ္မတတာဝန်ပြီးဆုံးလို့ ရာထူးကနေ ဆင်းသွားတဲ့အခါ ဖလော်ရီဒါ ပြည်နယ်၊ ဖန်းဘိချ်မှာရှိတဲ့ သူအိမ်ဆီကို လျှို့ဝှက်စာရွက်စာတမ်း အစောင်ရေ ၃၀၀ နီးပါး ယူသွားခဲ့တယ်လို့ ပြောထားပါတယ်။








