နျူကလီးယား ဖျူးရှင်း စွမ်းအင်ရဲ့ ခြေလှမ်းသစ်

ဓာတ်ပုံ ရင်းမြစ်, PHILIP SALTONSTALL
နျူကလီးယား ဖျူးရှင်းနဲ့ ပတ်သက်လို့ ကြီးမားတဲ့ အောင်မြင်မှု တခုကို ရခဲ့တယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ကြေညာလိုက်ပါတယ်။ ဒီ နျူကလီးယား ဖျူးရှင်းနည်းပညာဟာ သန့်ရှင်းစွမ်းအင် သုံးမကုန်လောက်အောင် ထုတ်ယူသုံးစွဲနိုင်ရေးမှာ အင်မတန် အရေးပါ ပါတယ်။
ဒီနည်းပညာကို လက်တွေ့ အသုံးချနိုင်ဖို့ အရေးအတွက် ရူပဗေဒ ပညာရှင်တွေ ကြိုးပမ်းလာကြတာ ဆယ်စုနှစ်ပေါင်း များစွာ ရှိခဲ့ပါပြီ။
အင်္ဂါနေ့ကတော့ သုတေသီတွေက စမ်းသပ်မှုတွေမှာ အဓိက အတားအဆီးကြီး တခုလို ဖြစ်နေတဲ့ အရာတခုကို ကျော်လွှားနိုင်ခဲ့ကြပြီလို့ အတည်ပြု ပြောကြားလိုက်ကြပါပြီ။ အရင်ကလို မဟုတ်တော့ဘဲ ဖျူးရှင်းစမ်းသပ်မှုအတွက် သုံးစွဲရတဲ့ စွမ်းအင်ထက် ထွက်လာတဲ့ စွမ်းအင်က ပိုများလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ ဖျူးရှင်းက ထွက်တဲ့ စွမ်းအင်ကို သုံးစွဲနိုင်ဖို့ အထိကတော့ တော်တော် ကြိုးစားရဦးမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြာပါတယ်။
အဲဒီ စမ်းသပ်မှုကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က Lawrence Livermore National Laboratory (LLNL) မှာ ရှိတဲ့ National Ignition Facility မှာ စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ LLNL ရဲ့ အကြီးအကဲ ဖြစ်တဲ့ Dr Kim Budil က သမိုင်းတွင်မယ့် အောင်မြင်မှုကြီး ဖြစ်တယ်။ လူထောင်ပေါင်းများစွာရဲ့ နှစ်ပေါင်း ၆၀ လောက် ကြိုးစားမှုတွေနဲ့ မှန်ကန်တဲ့ အတွေးအမြင်တွေကြောင့် အခုလို အောင်မြင်မှု ရလာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
နျူကလီယား ဖျူးရှင်း ဟာ စွမ်းအင် ထုတ်လုပ်ရေးနဲ့ ပတ်သက်လာရင် မရ အရရှာဖွေနေကြတဲ့ နည်းပညာ ဖြစ်ပြီး holy grail ရခဲတဲ့အရာလို့တောင် တင်စားကြပါတယ်။ ကမ္ဘာကြီးက မြင်နေရတဲ့ နေ အပါအဝင် ကြယ်တွေမှာလည်း ဒီဖျူးရှင်းကြောင့်ပဲ စွမ်းအင်တွေ ထွက်ရှိနေတာ ဖြစ်ပါတယ်။
ဆိုတော့ ဖျူးရှင်းက ဘယ်လို အလုပ် လုပ်တာလဲ။
ဖျူးရှင်းဆိုတာကို မြန်မာလို ဘာသာ ပြန်ရင်တော့ ပေါင်းစည်းမှု လုပ်တယ်လို့ပဲ ဆိုရမှာပါ။ ဒီမှာကတော့ အက်တမ် ၂ ခုကို ပေါင်းစည်းပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ပေါင်းစည်းလိုက်တဲ့ အခါမှာ စွမ်းအင်တွေ အများကြီး ထွက်လာပါတယ်။
ဖျူးရှင်းနဲ့ ဆန့်ကျင်ဘက်လို့ ဆိုနိုင်တဲ့ နောက်တနည်းကတော့ နျူကလီယား ဖစ်ရှင်း ဖြစ်ပါတယ်။ တည်ငြိမ်မှု မရှိတဲ့ အက်တမ်တွေကို ဖြိုခွဲ ပစ်လိုက်တဲ့ အခါမှာ စွမ်းအင်တွေ ထွက်လာပါတယ်။ ယနေ့ခေတ် နျူကလီးယား ဓာတ်အားပေး စက်ရုံတွေမှာ ဒီ ဖစ်ရှင်း နည်းပညာကို သုံးပြီး စွမ်းအင် ထုတ်ယူနေကြတာ ဖြစ်ပါတယ်။ တဖက်မှာတော့ ဖစ်ရှင်းနည်းပညာကို သုံးတဲ့အခါမှာ ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ထွက်လာပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ကျန်ရစ်ပါတယ်။ ဒီအရာတွေဟာ အန္တရာယ်များတဲ့ အတွက် လုံလုံခြုံခြုံ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နျူးကလီးယား ဖျူးရှင်းကတော့ စွမ်းအင် အများကြီး ပိုထုတ်ပေးနိုင်ပြီး ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်း ဆိုတာလည်း နည်းနည်းပဲ ထွက်သလို ရေဒီယို သတ္တိကြွမှု သက်တမ်းကလည်း သိပ်မကြာပါဘူး။
နောက်ပြီး ဖန်လုံအိမ် အာနိသင် ရှိတဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေလည်း မရှိပါဘူး။ ဒါကြောင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုအပေါ် ဘာဆိုးကျိုးမျိုးမှ ပေးလာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် တဖက်မှာ ဖျူးရှင်းအတွက် စိန်ခေါ်မှုကြီးတွေ ရှိနေပါတယ်။ ဒါကတော့ ဖျူးရှင်းလုပ်ပေးဖို့ အင်မတန် မြင့်မားတဲ့ အပူချိန်နဲ့ ဖိအားတွေ လုပ်အပ်ပါတယ်။ အခုထက်တိုင် စမ်းသပ်မှုတွေက ထွက်လာတဲ့ စွမ်းအင်ဟာ စမ်းသပ်မှုအတွက် သုံးရတဲ့ စွမ်းအင်ထက်ပိုအောင် ဘယ်သူမှ မလုပ်နိုင်ခဲ့ကြပါဘူး။
ဖျူးရှင်း စွမ်းအင်သုံးရဖို့ ဘယ်နောက် နီးစပ်ပြီလဲ
အခု စမ်းသပ်အောင်မြင်မှုမှာတော့ ထွက်ရှိလာတဲ့ စွမ်းအင်က သုံးစွဲခဲ့တဲ့ စွမ်းအင်ထက် များလာပြီလို့ ဆိုပါတယ်။ များတယ်ဆိုပေမယ့်လည်း ဒီစွမ်းအင်နဲ့ဆို ရေနွေးအိုး နည်းနည်းပဲ တည်လို့ ရနိုင်ပါတယ်။ ပမာဏနဲ့ တွက်ဆရင် မများပေမယ့် အနာဂတ်အတွက် တွေးဆရင်တော့ အများကြီး တာသွားတယ်လို့ ဆိုနိုင်ပါတယ်။
စွမ်းအင်ကို ဖျူးရှင်းနည်းပညာနဲ့ ထုတ်ယူ သုံးစွဲမယ့် အနာဂတ်ကို ခြေတလှမ်း နီးလာပြီ လို့ ဆိုနိုင်ပါတယ်။ ဒီအနာဂတ်ကို လက်တွေ့မှာ ဖန်တီးယူဖို့တော့ အများကြီး ဆက်လျှောက်ကြရဦးမှာ ဖြစ်ပါတယ်။
အခု စမ်းသပ်မှုက အလုပ်ဖြစ်တယ်ဆိုတာ ပြသလိုက်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေအနေနဲ့ ဒီထက်ပိုပြီး လုပ်ပြနိုင်ဖို့ မကြိုးစားခင်မှာ ရပြီးသား အောင်မြင်မှုကို ထပ်လောင်း စွမ်းဆောင်ပြဖို့ လိုပါတယ်။ ပိုကောင်းသည်ထက် ကောင်းအောင် ထွက်လာတဲ့ စွမ်းအင်ကလည်း သိသိသာသာ ပိုများလာအောင် လုပ်ပြရဦးမှာ ဖြစ်ပါတယ်။
တကယ်တော့ ဒီလို စမ်းသပ်မှုမျိုး လုပ်နိုင်ဖို့ အင်မတန် အကုန်အကျ များပါတယ်။ ဒေါ်လာသန်းထောင်ပေါင်းများစွာ သုံးစွဲရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သန့်ရှင်းစွမ်းအင် ထုတ်ယူလာနိုင်မယ်ဆိုတဲ့ မက်လုံးက ဒီအကုန်အကျတွေ စိန်ခေါ်မှုတွေ အားလုံးကို ချေဖျက်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားက National Ignition Facility ဆိုရင် ဒေါ်လာ ၃ ဘီလျံခွဲ လောက် သုံးထားရတာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်ကို ငရုတ်ကောင်းစေ့လောက်သာသာ ရှိတဲ့ လုံကလေးထဲ ထည့်၊ နောက် လေဆာ ရောင်ခြည် ၁၉၂ ခုပေါင်း 192-beam laser ကိုသုံး အပူပေးပြီး ဟိုက်ဒရိုဂျင် လောင်စာကို ဖိသိပ် ပစ်တာ ဖြစ်ပါတယ်။
အဲဒီ လေဆာက အင်မတန် အားပြင်းပြီး လုံကို သန်း ၁၀၀ ဒီဂရီ ဆဲလ်စီးယက်စ် အထိ ပူလာစေမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ နေရဲ့ ဗဟိုချက်မှာထက်တောင် ပိုပူပါတယ်။ နောက်ပြီး ကမ္ဘာ့ လေထုထက် အဆ ဘီလျံ ၁၀၀ ပိုများတဲ့ အားနဲ့ ဖိသိပ်ပစ်လိုက်ပါတယ်။
အဲဒီလို အခြေအနေမျိုးမှာ လုံက အတွင်းဘက်ကို ကျွံဝင်လာပြီး အထဲက ဟိုက်ဒရိုင် အက်တမ်တွေ ပေါင်းစည်းသွားစေကာ စွမ်းအင်တွေ ထွက်လာစေပါတယ်။
US National Nuclear Security Administration မှာ အခု စမ်းသပ်အောင်မြင်မှုနဲ့ ပတ်သက်လို့ ကြေညာခဲ့ရာမှာ အမေရိကန် ကာကွယ်ရေး စီမံကိန်းများဆိုင်ရာ လက်ထောက် အုပ်ချုပ်ရေးမှူး Dr Marvin Adams က ဓာတ်ခွဲခန်းမှာ စမ်းသပ်စဉ် လေဆာ ရောင်ခြည်တွေကို စွမ်းအင် ၂.၀၅ မက်ဂါ ကီလိုဂျိုးလ်စ် (MJ) အထိ သုံးခဲ့ရပြီး ပြန်လည် ရရှိလာတဲ့ ဖျူးရှင်း စွမ်းအင်က ၃.၁၅ (MJ) ရှိတယ်လို့ ပြောပါတယ်။

Fusion Energy Insights က အမှုဆောင်အရာရှိချုပ် Dr Melanie Windridge ကတော့ နေလင်းနေတာ ဖျူးရှင်းကြောင့် ဆိုတာ သိရကတည်းက သိပ္ပံပညာရှင်တွေ စိတ်လှုပ်ရှားနေခဲ့ကြတာ၊ ဒီနောက်ဆုံး ရခဲ့တဲ့ ရလဒ်တွေအရ ဒီနည်းပညာကို စီးပွားဖြစ်ပါ သုံးစွဲလာနိုင်တော့မယ့် လမ်းစပေါ်တင်ပေးလိုက်တာပဲလို့ ပြောပါတယ်။
ယူကေမှာ ရှိတဲ့ Imperial College London က Centre for Inertial Fusion Studies ဌာနက ပါမောက္ခ Jeremy Chittenden ကတော့ တကယ့်ကို ကြီးမားတဲ့ တွေ့ရှိမှု တခုပါပဲလို့ ပြောပါတယ်။
နှစ်ပေါင်းများစွာ ရှာဖွေနေကြတဲ့ ဖျူးရှင်းနည်းပညာရဲ့ holy grail ကို တွေ့ရတော့မယ် ဆိုတာကို ပြသလိုက်တာပါပဲလို့ ဆိုပါတယ်။ ကမ္ဘာတဝန်းက ရူပဗေဒ ပညာရှင်တွေ ကလည်း ဒီအတိုင်းပဲ ယူဆကြပါတယ်။ နိုင်ငံတကာ သိပ္ပံပညာအသိုင်းအဝိုင်းရဲ့ စွမ်းဆောင်မှုအဖြစ် ဂုဏ်ပြုကြပါတယ်။
University of Oxford က ရူပဗေဒ ပါမောက္ခ Gianluca Gregori ကတော့ ဒီနေ့ အောင်မြင်မှုဟာ အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကမ္ဘာတဝန်းက သိပ္ပံပညာရှင်တွေရဲ့ ကြိုးပမ်းမှုတွေက ရလာတဲ့ အသီးအပွင့်ပါပဲ လို့ဆိုပါတယ်။ အခု တွေ့ရှိမှုက ဖျူးရှင်း စွမ်းအင်ကဏ္ဍကို တံခါးတချပ် ဆွဲဖွင့်ပေးလိုက်ရုံသာမက သစ်ဆန်းတဲ့ သိပ္ပံပညာတွေအတွက်ပါ တံခါးဖွင့်ပေးလိုက်တာပါလို့ ပြောပါတယ်။
ဒီဖျူးရှင်း နည်းပညာကို ဓာတ်အားပေး စက်ရုံတွေမှာ သုံးစွဲတာမျိုး ဘယ်တော့လောက်မှ မြင်လာရမလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ LLNL ရဲ့ ညွှန်ကြားရေးမှူး Dr Budil ကတော့ အတားအဆီးတွေ အများကြီး ရှိပါသေးတယ်၊ အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်း အားထုတ်ကြမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ကြမယ်၊ လိုအပ်တဲ့ နည်းပညာပိုင်းတွေကို ဆယ်စုနှစ် အနည်းငယ်လောက် ဆက်ပြီး သုတေသန လုပ်သွားကြမယ် ဆိုရင် ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်လာနိုင်မယ့် အနေအထားကို ရောက်လာမှာပါလို့ ပြောပါတယ်။ အရင်ကဆို အခုလို တိုးတက်မှု ရဖို့ နှစ် ၅၀ ကနေ ၆၀ လောက် ကြာမယ်လို့ သိပ္ပံပညာရှင်တွေ ရည်ညွှန်းတတ်ကြပါတယ်။
နောက်ထပ် ကြီးမားတဲ့ အခက်အခဲကြီး တခုကတော့ စွမ်းအင်တိုးထုတ်လုပ်နိုင်ဖို့နဲ့ ကုန်ကျစရိတ် နည်းအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။
အခု စမ်းသပ်မှုက ထွက်လာတဲ့ စွမ်းအင်ဟာ ရေနွေးကရား ၁၅-၂၀ အိုး လောက်ကိုသာ တည်ပေးနိုင်လောက်ပေမယ့် ဒီလို ဖြစ်လာဖို့ အတွက် ဒေါ်လာ ဘီလျံများစွာ ရင်းနှီးမြှုပ်နှံခဲ့ရတာ ဖြစ်ပါတယ်။ အခုစမ်းသပ်မှုမှာ သုံးခဲ့တဲ့ လေဆာစွမ်းအင်ထက် ပြန်ထွက်လာတဲ့ စွမ်းအင်က ပိုများတယ်လို့ ဆိုပေမယ့် အဲဒီ လေဆာတွေ ထွက်လာဖို့ သုံးရတဲ့ စွမ်းအင် ပမာဏကိုတော့ မပြောပြထားပါဘူး။ အဲဒီ စမ်းသပ်မှု အတွက် သုံးခဲ့ရတဲ့ စွမ်းအင်က ဟိုက်ဒရိုဂျင်က ပြန်ထွက်လာတဲ့ စွမ်းအင် ပမာဏထက် အများကြီးပိုပါတယ်။








