ဂြိုဟ်တုဓာတ်ပုံတွေကပြတဲ့ အီရန် နျူကလီးယားစက်ရုံတွေရဲ့အပျက်အစီး

ဓာတ်ပုံ ရင်းမြစ်, Maxar / BBC
- ရေးသားသူ, ပေါဘရောင်းနဲ့ ရှာယန် ဆာဒါရီဇာ့ဒ်
- ရာထူးတာဝန်, BBC Verify
BBC Verify က ရရှိတဲ့ဂြိုဟ်တု ဓာတ်ပုံတွေအရ အီရန်ရဲ့ ပင်မနျူကလီးယား စက်ရုံနေရာ ၂ ခုနဲ့ တခြား စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေရဲ့ အပျက်အစီးအတိုင်းအဆတွေ ရှင်းရှင်းလင်းလင်းထွက်ပေါ် လာပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေကို ထုတ်ပေးသူ အဖွဲ့ နှစ်ဖွဲ့ရဲ့ ဓာတ်ပုံတွေအရဆိုရင် နတန်ဇ် နျူကလီးယား အဆောက်အဦနဲ့ တာဘရစ်ဇ်မြို့ပြင်တောင်ဘက်ပိုင်းက ဒုံးကျည်ပစ်လွှတ်ရာနေရာတွေဟာ အစ္စရေးက အီရန်ကို သောကြာနေ့တုန်းက တိုက်ခိုက်တဲ့ ပထမအကြော့ တိုက်ခိုက်မှုတွေမှာ ပျက်စီးခဲ့တာတွေ့ရပါတယ်။
တခြား ဓာတ်ပုံတွေမှာတော့ အများသိကြတဲ့ ဒုံးကျည်အခြစိုက်စခန်းတွေလည်း ပျက်စီးခဲ့တာ တွေ့ရပါတယ်။
အစ္စရေးဟာ အီရန်နိုင်ငံတဝန်းက ပစ်မှတ်နေရာအများစုကို ပစ်မှတ်ထားနေပြီး အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
နျူကလီးယားနေရာတွေ
Maxar ကနေ အသစ်ထွက်လာတဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာဆိုရင် အီရန်နျူးကလီးယားအဓိကနေရာတွေဖြစ်တဲ့ နတန့်ဇ်နဲ့ အစ္စဖာဟန်တို့မှာ ဘာတွေ ပျက်စီးခဲ့လဲဆိုတာကို ပြသနေပါတယ်။
နတန့်ဇ်မှာဆိုရင် နျူကလီးယားလောင်စာတောင့် နကဦးသန့်စင်စက်ရုံနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံခွဲတို့ ပျက်စီးခဲ့တာကို တွေ့ရပါတယ်လို့ နိုင်ငံတကာ အာကာသနဲ့ လုံခြုံရေးဆိုင်ရာအင်စတီကျူ့(ISIS) က ပြောပါတယ်။

အပျက်အစီးတွေကို ပြတဲ့ အစောပိုင်း ရေဒါဓာတ်ပုံတွေကို ဆန်းစစ်မှုအပြီးမှာ အခုလို ပိုထင်ပြတ်တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေ ထွက်ပေါ်လာတာပါ။
သောကြာနေ့တုန်းကတော့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ(IAEA) အကြီးအကဲ ရာဖဲ ဂရိုစီက ''အီရန်ရဲ့ ယူရေနီယံ သန့်စင်မှု ၆၀ ရာခိုင်နှုန်း (ယူ - ၂၃၅) အထိ လုပ်တဲ့ ကနဦးလောင်စာ သန့်စင်စက်ရုံရဲ့ မြေပေါ်က အပိုင်းဟာ ပျက်စီးခဲ့တယ်'' လို့ပြောထားတာပါ။
ယူရေနီယံ ၂၃၅ ဟာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေအတွက်ရော၊ နျူကလီးယားလက်နက်တွေအတွက်ပါ အရေးပါပါတယ်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးပြီးချင်းကို ရိုက်ကူးထားတဲ့ ရုပ်သံတွေမှာတော့ အဲဒီနျူကလီးယား သန့်စင်စက်ရုံ နေရာကနေ မီးခိုးလုံးကြီးတွေ ကောင်းကင်ကို ထိုးတက်နေတာ တွေ့ခဲ့ရပါတယ်။
တော်ဝင်သွေးစည်းရေးဆားဗစ် အင်စတီကျုက ဂျက်စတင် ဘရွန့်ကတော့ ပေါက်ကွဲတဲ့ပုံစံတွေကိုကြည့်ရင် ''ထိုးဖောက် ဗုံးတွေ အသုံးပြုခဲ့ပုံရတယ်''လို့ သုံးသပ်ပါတယ်။
''ဖြစ်နိုင်ခြေရှိတာကတော့ ''GBU-31(V)3 တွေ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း ပိုပြီး တိတိကျကျပြောရရင် GBU-28s တွေကို သုံးသွားတာဖြစ်နိုင်တယ်''
သူပြောခဲ့တဲ့အခု ဗုံးအမျိုးအစားတွေဟာ ဘန်ကာတွေကိုတောင် ဖောက်နိုင်တဲ့အထိ ပြင်းတဲ့ ပေါင် ထောင်ချီ အလေးချိန်ရှိတဲ့ ဗုံးတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Telegram
''ဘန်ကာခွဲဗုံးတွေ'' လို့ သိကြတဲ့ ဒီဗုံးတွေကို အစ္စရေးဟာ အရင်တုန်းကလည်း ဂါဇာနဲ့ လက်ဘနွန်တို့က မြေအောက်အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ရာမှာ သုံးခဲ့ဖူးပါတယ်။
ဒါပေမဲ့ မစ္စတာ ဂရော့စီကတော့ ''ကနဦး လောင်စာ သန့်စင်စက်ရုံနဲ့ ပင်မ လောင်စာသန့်စင်စက်ရုံတွေကို ဆက်ထားတဲ့ မြေအောက် ခန်းမကျယ်ကို ထိသွားစေတဲ့ တိုက်ခိုက်မှုမျိုးတော့ မတွေ့ရဘူး'' လို သုံးသပ်ပါတယ်။
စနေနေ့တုန်းကတော့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ဟာ အစ္စဖာဟန်က အရေးပါတဲ့အဆောက်အဦ ၄ ခု ပျက်စီးခဲ့ပြီး အဲဒီထဲမှာ ယူရေနီယံ ပြောင်းလဲစက်ရုံနဲ့ နျူကလီးယားဓာတ်ပေါင်းဖိုမှာသုံးမယ့် လောင်စာတောင့်ကို လောင်စာပြားအဖြစ် ပြောင်းလဲတဲ့စက်ရုံတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
Maxar ကနေ ရရှိတဲ့ ဘီဘီစီ Verify ရဲ့ ဆန်းစစ်ကြည့်အရဆိုရင်လည်း အစ္စဖာဟန်က အဲဒီ စက်ရုံ နှစ်ခုစလုံး မြင်သာလောက်တဲ့အပျက်အစီးဖြစ်တာကို တွေ့ခဲ့ရပြီး စက်ရုံ၀င်းအတွင်းမှာဆိုရင် မီးခိုးဟပ် ထားတဲ့ အမှတ်ကိုတောင် မြင်ခဲ့ရပါတယ်။

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကတော့ နာတန့်ဇ်နဲ့ အစ္စဖာဟန် နျူစက်ရုံတွေမှာ ''စက်ရုံ၀င်းအပြင် ဘက်အထိ ဓာတ်ရောင်ခြည်သင့်မှု မတွေ့ရဘူး '' လို့ ပြောပါတယ်။
မြင်သာလောက်တဲ့ အပျက်အစီးမရှိဘူးဆိုတာကို ပြသတဲ့ နောက်ထပ် နျူကလီးယား စက်ရုံ ၂ ရုံရဲ့ ဓာတ်ပုံတွေကိုလည်း Maxar က ပြပါတယ်။ အဲဒီစက်ရုံ ၂ ရုံကတော့ အာရက် ရေလှောင်ကန်နျူဓာတ်ပေါင်းဖိုနဲ့ ဖော်ဒေါ နျူကလီးယားသန့်စင်စက်ရုံတို့ပါ။
အီရန်မီဒီယာတွေမှာတော့ ဖော်ဒေါစက်ရုံဟာ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ပြောပေမဲ့ အစ္စရေး ကာကွယ်ရေးတပ် (IDF) ကတော့ ဒါကို ငြင်းဆိုပါတယ်။
ဒုံးကျည်တွေနဲ့ ရေဒါ နေရာတွေ
Umbra Space ကနေ ရရှိတဲ့ ဓာတ်ပုံတွေနဲ့ ဆန်းစစ်ချက်တွေအရ အီရန်နိုင်ငံ အနောက်မြောက်ပိုင်းက တာဘရစ်ဇ်မြို့အနီးနားက ဒုံးကျည်ဝန်း တစ်ခုလည်း အတော်လေး ပျက်စီးခဲ့တာတွေ့ရပါတယ်။
ပျက်စီးသွားတဲ့နေရာတွေထဲမှာ လက်နက်သိုလှောင်နေရာ၊ ဒုံးကျည်တွေ သိမ်းထားတဲ့နေရာတွေ ပါဝင်တယ်။
အဲဒီနေရာတွေ ပါ၀င်တယ်ဆိုတာကို ဂြိုဟ်တုနဲ့ မြေပြင်အနေအထားအချက်အလက်တွေကို ကြည့်ပြီး ကောက်ချက်ချတဲ့ ပညာရှင် ခရစ် ဘစ်ဂါစ်ရဲ့ ဆန်းစစ်ချက် Umbra က ပေးပို့တဲ့ ဂရပ်ဖစ်သုံး ဓာတ်ပုံတွေမှာ ဖောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chris Biggers/Umbra Space
Planet Labs က ထွက်လာတဲ့ဓာတ်ပုံ တစ်ပုံမှာတော့ ဂြိုဟ်တုဓာတ်ပုံဟာ မြင်ကွင်း သိပ်မရှင်း လှပေမဲ့ ကာမန်ရှားက ဒုံးကျည်စခန်းလို့ ယူဆရတဲ့နေရာတစ်ခုမှာ အဆောက်အဦ ၂ ခု ပျက်စီးသွားတဲ့ မီးလောင်ရာလို မြင်ကွင်းကို တွေ့ရပါတယ်။
အဲဒီနေရာက အခြေအနေလို့ အတည်ပြုနိုင်ပြီး သောကြာနေ့တုန်းက ပေါ် ထွက်လာတဲ့ ရုပ်သံ တစ်ခုမှာတော့ အဲဒီဒုံးစခန်းကနေ မီးခိုးလုံးကြီး သုံးလုံး ထိုးတက်နေတာတွေ့ရပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ မြို့တော် တဟီရန်အနီး ဂါဒါ ပဲ့ထိန်းဒုံးကျည် စစ်စခန်းက အဆောက်အဦတစ်ခုလည်း သိသိသာသာပျက်စီးခဲ့တာကို Maxar က ပေးပို့တဲ့ ဂြိုဟ်တု ဓာတ်ပုံမှာ မြင်ရပါတယ်။
နောက်ပြီး အနောက် အဇာဘိုင်ဂျန်ပြည်နယ်ထဲက ပီရန်ရှာမြို့မှာရှိတဲ့ IRGC ရဲ့ ရေဒါစခန်းမှာလည်း ပျက်စီးမှုအချို့ရှိခဲ့တာကို ဂြိုဟ်တု ဓာတ်ပုံတွေအရ သိရပါတယ်။












