အီရန်နဲ့ အစ္စရေး လက်နက်အင်အား ဘယ်လောက်ကွာသလဲ

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီရန်ဘာသာရေးခေါင်းဆောင် အလီ ခါမေနီနဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟု
    • ရေးသားသူ, အဆစ်ဖ် ရှာမင်း
    • ရာထူးတာဝန်, ဘီဘီစီ အူရဒူနဲ့ ပါရှန် သတင်းဌာန

လက်ဘနွန်ရဲ့ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစ္စရေးနိုင်ငံ မြောက်ပိုင်းထဲ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လတုန်းက အစ္စရေးရဲ့ လက်ချက်နဲ့ သူတို့ရဲ့ ထိပ်တန်းတပ်မှူးတစ်ဦး သတ်ဖြတ်ခံခဲ့ရမှုအတွက် နောက်ထပ် တုံ့ပြန် လက်စားချေဖို့ ရှိသေးတယ် ဆိုပြီး ဟစ်ဇ်ဘိုလာအဖွဲ့က သတိပေးထားပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ အစ္စရေးနဲ့ ကပ်လျက် လက်ဘနွန် နယ်စပ် မေဖာဒေါင်မြို့က အိမ်တစ်ခုပေါ် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း လူ ၄ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန် ဆေးဘက်ဝန်ထမ်းတွေနဲ့ လုံခြုံရေး သတင်းရပ်ကွက်တစ်ခုက ပြောပါတယ်။

အစ္စရေး၊ အီရန်နဲ့ ဟစ်ဇ်ဘိုလာ အကြား တင်းမာမှုတွေ တိုးလာခဲ့အပြီးမှာ ဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီတော့ တကယ်လို့များ စစ်ပွဲကြီး ဖြစ်ပွားလာခဲ့ရင် ပါဝင်သူတွေရဲ့ စစ်ရေးအင်အားတွေက ဘယ်လိုရှိပါသလဲ။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တီဟီရန်မြို့တော်မှာ လေကြောင်းတိုက်ခိုက်ခံရမှုတစ်ခုအတွင်း ဟားမတ်စ်အဖွဲ့နိုင်ငံရေးခေါင်းဆောင် အစ္စမေး ဟာနီယေ သေဆုံးခဲ့

ပြီးခဲ့တဲ့ သီတင်းပတ်က အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သူတို့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယေ သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ အစ္စရေးအစိုးရကတော့ ဒီတိုက်ခိုက်မှုကို နောက်ကွယ်ကနေ သူတို့လုပ်ခဲ့သလား ဆိုတာကို အတည်ပြုမပြောခဲ့ပါဘူး။

ဧပြီလ ၁၃ ရက်နေ့က အစ္စရေးကို အီရန်က မစ်ဆိုင်းဒုံးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အစ္စရေးက ပစ်လွှတ်ခဲ့တာလို့ ယူဆရတဲ့ ဒရုန်းတစ်ခု အီရန်နိုင်ငံမှာ ရှိတဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တစ်ခုကို ထိမှန်ခဲ့ပြီးကတည်းက တင်းမာမှုတွေ တိုးပွားလာနေပါတယ်။

အစ္စရေးမှာ သိသာထင်ရှားတဲ့ ထိခိုက်သေဆုံးမှုတွေ မရှိခဲ့ပေမဲ့လည်း ဒုံးကျည်ပေါင်း ၃၀၀ ကျော် ဆက်တိုက် ကျရောက်ခဲ့တာဟာ အီရန်ရဲ့ အဝေးကနေ ပစ်ခတ်နိုင်စွမ်းကို ဖော်ပြနေပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ်ဆိုင်းဒုံး ပစ်လွှတ်နိုင်စွမ်းဟာ အီရန်ရဲ့ အဓိက စစ်အင်အားဖြစ်

ဘယ်သူ့ဘက်က ပိုအားသာချက် ရှိသလဲ

အဲဒီနိုင်ငံ တစ်ခုချင်းစီမှာ လျှို့ဝှက်ထားတဲ့ သိသာထင်ရှားတဲ့ စွမ်းဆောင်နိုင်စွမ်းတွေ ရှိနေနိုင်ပေမဲ့ ဘီဘီစီက အောက်ဖော်ပြပါ သတင်းအရင်းအမြစ်တွေဆီက လေ့လာသိထားရမှုတွေအရ ဒီမေးခွန်းကို သုံးသပ်ဖော်ပြမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ နည်းဗျူဟာလေ့လာရေးအဖွဲ့ (IISS) ကတော့ အကောင်းဆုံး ခန့်မှန်းချက်တွေ ထုတ်နိုင်အောင် တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက် အများအပြားသုံးပြီး နှစ်နိုင်ငံစလုံးရဲ့ လက်နက်အင်အားတွေကို နှိုင်းယှဥ် သုံးသပ်ခဲ့ပါတယ်။

Stockholm International Peace Research Institute လို တခြား အဖွဲ့အစည်းတွေကလည်း နှိုင်းယှဉ် သုံးသပ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ စာရင်းဇယား အချက်အလက် ထုတ်ပြန်တာမျိုး လုပ်လေ့မရှိတဲ့ နိုင်ငံတွေအတွက်တော့ တိကျသေချာမှုတွေက ကွာခြားနိုင်ပါတယ်။

ဒါပေမဲ့လည်း အော့စလိုမြို့က ငြိမ်းချမ်းရေး သုတေသနဌာန (PRIO) က နီကိုလက်စ် မာ့ရှ် ကတော့ (IISS) အဖွဲ့ဟာ ကမ္ဘာတဝန်း နိုင်ငံတွေရဲ့ စစ်အင်အားကို သုံးသပ်ရာမှာ စံထားရတဲ့ အဖွဲ့ အဖြစ် အများက မှတ်ယူထားကြတယ်လို့ ပြောပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား
ဓာတ်ပုံ ပုံစာ, အစ္စရေးနဲ့ အီရန် လူဦးရေ၊ GDP စုစုပေါင်း ပြည်တွင်းထုတ်ကုန်၊ ကာကွယ်ရေး အသုံးစရိတ် နှိုင်းယှဉ်ချက်

အစ္စရေးဟာ အီရန်ထက် ကာကွယ်ရေးအသုံးစရိတ် ပိုသုံးပြီး နောင်ဖြစ်လာနိုင်မယ့် စစ်ပွဲတွေအတွက် အင်အားဖြည့်တင်းထားတယ်လို့ IISS က ပြောပါတယ်။

အီရန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ ၇ ဒဿမ ၄ ဘီလျံ ဒေါ်လာလောက်ရှိပြီး အစ္စရေးကတော့ အဲဒါထက် နှစ်ဆကျော် ဒေါ်လာ ၁၉ ဘီလျံလောက် ရှိပါတယ်။ အစ္စရေး ကာကွယ်ရေး အသုံးစရိတ်ဟာလည်း သူ့ရဲ့ GDP စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးနဲ့ နှိုင်းစာရင် အီရန်ထက် နှစ်ဆ ပိုများပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, F-35 တိုက်လေယာဉ် ဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး လေယာဉ်အမျိုးအစားထဲမှာ တစ်ခုအပါအဝင်ဖြစ်

နောက်အဆင့်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ တစ်နေ့တခြား တိုးလာနေပါတယ်။ အစ္စရေးက လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာနေပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က ဟစ်ဇ်ဘိုလာ ထိပ်တန်း တပ်မှူး ဖူအက်ဒ် ရှူကီယာ သေဆုံးခဲ့ရမှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ကလည်း အစ္စရေးမြောက်ပိုင်းထဲကို မစ်ဆိုင်းဒုံးတွေ ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ မစ်ဆိုင်းဒုံးအများစုကို အစ္စရေးရဲ့ Iron Dome မစ်ဆိုင်းဒုံး တားဆီးရေးစနစ်နဲ့ ကြားဖြတ် ဟန့်တားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဂျိန်းစ် စစ်ရေးအကဲခတ် ဂျာနယ်က အရှေ့အလယ်ပိုင်းဒေသ ကာကွယ်ရေး ကျွမ်းကျင်သူ ဂျယ်ရမီ ဘင်နီ ကတော့ "Iron Dome စနစ်ဟာ လက်ဘနွန်ကနေ ပစ်လွှတ်လိုက်တဲ့ တာတိုပစ် ဒုံးကျည်နဲ့ မစ်ဆိုင်းတွေကို ကြားဖြတ်ဟန့်တားဖို့ အဓိကသုံးတဲ့ စနစ် ဖြစ်လာမှာ ဖြစ်ပေမဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ များပြားတဲ့ ဒုံးကျည်နဲ့ မစ်ဆိုင်းဒုံးတွေကြောင့် အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ယာယီအားဖြင့် ထိခိုက်အားလျော့သွားစေနိုင်တယ်ဆိုပြီး အတော်များများက ယူဆနေကြပါတယ်" လို့သတိပေးနေပါတယ်။

အော့စလိုမြို့က ငြိမ်းချမ်းရေး သုတေသနဌာန (PRIO) က နီကိုလက်စ် မာ့ရှ် က "အီရန်အစိုးရဟာ သူတို့ရဲ့ ပစ်မှတ်တွေ တစ်သီတသန်းကြီး ပါတဲ့ စာရင်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။ ဒါက အာရုံလွှဲဖို့ ကြိုးစားမှု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပစ်မှတ်ဖြစ်လာနိုင်တဲ့ နေရာအားလုံးကို အကာအကွယ်ပေးဖို့ အစ္စရေးအတွက် အခက်အခဲ ရှိလာနိုင်ပါတယ်" လို့ ပြောပါတယ်။

"အစ္စရေးအတွက် အဓိကထား စဉ်းစားချက်က အစ္စရေးနိုင်ငံအနားကို အီရန်ရဲ့ မစ်ဆိုင်းဒုံးတွေ ရောက်မလာခင် ဘယ်လောက်များများကို သူတို့ ပစ်ချ ဟန့်တားနိုင်မလဲ ဆိုတာကိုပဲ ဖြစ်ပါလိမ့်မယ်" လို့ မာ့ရှ်က သတိပေးထားပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, WAEL HAMZEH/EPA-EFE/REX/Shutterstock

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ဟစ်ဇ်ဘိုလာ ထိပ်တန်း တပ်မှူး ဖူအက်ဒ် ရှူကီယာရဲ့ ပုံပါတဲ့ ပိုစတာကို သူ့ရဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ချိတ်ဆွဲပြသထား

အကြီးအကျယ် အခြေအနေ ဆိုးလာနိုင်သလား

စစ်နည်းဗျူဟာသမားတွေအနေနဲ့ အီရန်နဲ့ ဟစ်ဇ်ဘိုလာရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်လို့ သမားရိုးကျအတိုင်း မဟုတ်ဘဲ ဖောက်ထွက်သုံးသပ်သင့်တယ်လို့ Defence Eye စာစောင် အယ်ဒီတာ တင်မ် ရစ်ပလီ က ဘီဘီစီကို ပြောပါတယ်။

"အီရန်တွေ၊ ဟစ်ဇ်ဘိုလာနဲ့ ဟူသီ လက်နက်ကိုင်တွေရဲ့ နေရာကနေ ဝင်စဥ်းစားကြည့်ဖို့ လိုပါတယ်။ အရင်ကလုပ်ခဲ့တာမျိုးကို ဘာလို့ထပ်လုပ်မလဲ။"

ဒုံးကျည်တွေနဲ့ သမားရိုးကျ လှမ်းပြီးတိုက်ခိုက်တွေက အစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကို မကျော်လွှားနိုင်ဘဲ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုမှာတော့ အစ္စရေး ဘယ်လောက် အငိုက်မိသွားလဲဆိုတာတွေ့ရပြီးနောက်မှာ အီရန်က ဟစ်ဇ်ဘိုလာတွေကို နယ်စပ်ကနေ မြေပြင်ထိုးစစ်နဲ့တိုက်ဖို့ တွန်းအားပေးနိုင်တယ်လို့ ရစ်ပလီက ပြောပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေရဲ့ ရေနံတင်သင်္ဘောတွေကို အီရန်က စီးနင်းသိမ်းပိုက်တာမျိုး စဥ်းစားလာနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ဂျိန်းစ်ဂျာနယ်က ဂျယ်ရမီ ဘင်နီကတော့ အဲဒါ မဖြစ်နိုင်လောက်ဘူးလို့ ယူဆပါတယ်။

"ဟစ်ဇ်ဘိုလာရဲ့ အထူးတပ်ဖွဲ့ ရတ်ဝမ် တပ်ဖွဲ့က နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးတွေ့ကို လေ့ကျင့်နေတာပါ။ ဒါပေမဲ့ အဲဒါက ဒီလက်တုံ့ပြန်ရေးအစီအစဥ်ထဲမှာ ပါမယ်လို့ မထင်ဘူး"လို့ သူက ပြောပါတယ်။

"နောက်တစ်ခုက အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရပြီးနောက် အဲဒီလို ပုံစံတိုက်ခိုက်မှုမျိုးကို အစ္စရေးစစ်တပ်က ပိုကောင်းကောင်း ပြင်ထားမှာပါ။ ပြီးတော့ အစ္စရေးနိုင်ငံသား ဘယ်လောက် နည်းနည်းပဲ ဓားစာခံဖမ်းခေါ်သွားသည်ဖြစ်စေ အဲဒါက ၂၀၀၆ ခုနှစ်တုန်းကလို့ ပဋိပက္ခကြီး ဖြစ်သွားစေနိုင်ပါတယ်။"

၂၀၀၆ ခုနှစ်မှာ အစ္စရေး စစ်သားနှစ်ယောက်ကို ဟစ်ဇ်ဘိုလာက ပြန်ပေးဆွဲသွားပြီးနောက် အစ္စရေးက လက်ဘနွန်ကို မြေပြင်ထိုးစစ် စခဲ့ပါတယ်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အသေအဆုံး များခဲ့ပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဘေရွတ်မြို့ ရှီယာဘာသာဝင်တွေ ကြီးစိုးရာ ရပ်ကွက်က အဆောက်အအုံ အပျက်အစီး

ဟစ်ဇ်ဘိုလာရဲ့ စစ်လက်နက်အင်အားကို ကြီးကြီးမားမား ထိခိုက်အောင် လုပ်တာထက် ဟစ်ဇ်ဘိုလာတွေ စိတ်ဓာတ်ကျဆင်းစေအောင် နောက်ထပ် တိုက်ခိုက်မှုတွေကို အစ္စရေးက ပိုလုပ်လာနိုင်တယ်လို့ ရစ်ပလီက ပြောပါတယ်။

"အဲဒါက လက်ဘနွန်မှာ ၂၀၀၆ ခုနှစ်တုန်းက လုပ်ခဲ့ပြီး ဂါဇာမှာ အခု လုပ်နေတာမျိုးပါ"လို့ သူက ပြောပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က လက်ဘနွန်တောင်ပိုင်းကနေ ပစ်လွှတ်လိုက်တဲ့ ရော့ကက်ဒုံး အစ္စရေးမြောက်ပိုင်းက နေအိမ်အမိုးပေါ် ကျရောက်

နည်းပညာပိုင်း အားသာချက်

အစ္စရေးမှာ တိုက်ပွဲဝင်နိုင်တဲ့ လေယာဥ်၊ရဟတ်ယာဥ် အစင်း ၃၄၀ ရှိပြီး အဲဒါက တိကျတဲ့ လေကြောင်း တိုက်ခိုက်နိုင်စွမ်းမှာ အားသာစေတယ်လို့ နိုင်ငံတကာ နည်းဗျူဟာလေ့လာရေးအဖွဲ့ (IISS) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီထဲက ဂျက်တိုက်လေယာဥ်တွေထဲမှာ တာဝေးပစ်နိုင်တဲ့ F-15 လေယာဥ်တွေ၊ ရေဒါတွေကို ရှောင်ခွင်းနိုင်တဲ့ နည်းပညာမြင့် ကိုယ်ပျောက် F-35 လေယာဥ်တွေပါဝင်ပြီး အမြန်သွား တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေလည်း ပါပါတယ်။

အီရန်မှာ တိုက်ပွဲဝင်နိုင်တဲ့ လေယာဥ် ၃၂၀ စင်း ရှိတယ်လို့ IISS က ခန့်မှန်းပါတယ်။ ဂျက်တိုက်လေယာဥ်တွေက ၁၉၆၀ ပြည့်နှစ်တွေက လေယာဥ်တွေ ဖြစ်ပြီး F-4၊ F-5 နဲ့ F-14 လေယာဥ်တွေပါ။ F-14 ဆိုတာ ၁၉၈၆ တုန်းက Top Gun ရုပ်ရှင်ထဲက နာမည်ကြီးခဲ့တဲ့ လေယာဥ်ပါ။

အော့စလိုမြို့က ငြိမ်းချမ်းရေး သုတေသနဌာန (PRIO) က နီကိုလက်စ် မာ့ရှ်ကတော့ ပြုပြင်ထိန်းသိမ်းရေး အစိတ်အပိုင်းတွေအတွက် အရမ်းခက်ခဲလို့ ဒီလေယာဥ်အိုကြီးတွေထဲက ဘယ်နှစင်းက တကယ်ပျံနိုင်ဦးမလဲဆိုတာ မသိဘူးလို့ ပြောပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေက အီရန်ကို အရေးယူပိတ်ဆို့မှုတွေ လုပ်ထားတာကြောင့်ပါ။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၆ ခုနှစ်က နာမည်ကြီးခဲ့တဲ့ Top Gun ရုပ်ရှင်ကားထဲမှာပါတဲ့ F-14 တိုက်လေယာဉ်တွေကို အီရန်မှာ ခုထိ အသုံးပြုနေဆဲ

'သံအမိုးခုံး' နဲ့ 'မြား' ဒုံးခွင်းဒုံး

အစ္စရေးကာကွယ်ရေးစနစ်က အဓိကအားထားတာက အိုင်ရွန်းဒုံး- “သံအမိုးခုံး” နဲ့ “မြား” စနစ်တွေပါပဲ။

ဒုံးကျည် အင်ဂျင်နီယာ အူဇီ ရူဘင်ဟာ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစ္စရေး ဒုံးကာကွယ်ရေးအဖွဲ့ကို တည်ထောင်သူ ဖြစ်ပါတယ်။

အခုသူက ဂျေရုဆလင် မဟာဗျူဟာနဲ့ လုံခြုံရေး လေ့လာရေး ဌာနက အကြီးတန်း သုတေသီ ဖြစ်ပါတယ်။

သံအမိုးခုံးစနစ်နဲ့ နိုင်ငံတကာ မဟာမိတ်တွေက စနေနေ့က အီရန်က အစ္စရေးကို ပစ်တဲ့ ဒုံးကျည်နဲ့ ဒရုန်းအားလုံးနီးပါးကို ဖျက်ဆီးပစ်နိုင်တာကို တွေ့ရတော့ လုံခြုံမှုကို ခံစားရတဲ့အကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

"အရမ်းကျေနပ်၊ ဝမ်းသာပါတယ်။ သူက သူ့ပစ်မှတ်တွေအတွက် သေချာလုပ်ထားတာပါ။ ဒါက တာတို ဒုံးခွင်းဒုံးစနစ်ပါ။ တခြားဘယ်စနစ်တွေမှာ အလားတူ မရှိတဲ့ စနစ်ပါ။"

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Amir Cohen / Reuters

ဓာတ်ပုံ ပုံစာ, အီရန်ရဲ့ မစ်ဆိုင်းနဲ့ ဒရုန်း ၃၀၀ ကျော်ကို ကြားဖြတ် ဟန့်တားဖို့ အစ္စရေး လေကြောင်းကာကွယ်ရေးစနစ်က အထောက်အကူပြုခဲ့

အီရန်က အစ္စရေးနဲ့ ဘယ်လောက်ဝေးလဲ

အီရန်ကနေ အစ္စရေးကို ကီလိုမီတာ ၂၁၀၀ ကျော် အကွာအဝေး ရှိပါတယ်။ အစ္စရေးကို တိုက်မယ်ဆိုရင် အီရန်က ဒုံးကျည်တွေနဲ့ပဲ အဓိက တိုက်ရမှာပါလို့ Defence Eye က အယ်ဒီတာ တင်မ် ရစ်ပလီက ပြောပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား
ဓာတ်ပုံ ပုံစာ, အီရန်၊ အစ္စရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြေပုံ

အီရန်ရဲ့ ဒုံးကျည် စနစ်က အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးနဲ့ အမျိုးအစား အစုံလင်ဆုံး ဖြစ်ပါတယ်။

အီရန်မှာ ပဲ့ထိန်းဒုံး ၃,၀၀၀ ကျော်ရှိတယ်လို့ ၂၀၂၂ ခုနှစ်မှာ အရှေ့အလယ်ပိုင်း အမေရိကန် ဌာနချုပ်က ဗိုလ်ချုပ်ကြီး ကက်နက် မက်ကန်ဇီက ပြောပါတယ်။

နည်းဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS ရဲ့ ဒုံးကျည်ကာကွယ်ရေးစီမံကိန်းလေ့လာချက်အရ အစ္စရေးက နိုင်ငံအတော်များများကို ဒုံးကျည်တွေ တင်ပို့တယ်လို့ သိရပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဧပြီ ၁၃ စနေနေ့မှာ အီရန်က အစ္စရေးကို ဒုံးကျည်နဲ့ ဒရုန်း အစင်း ၃၀၀ ကျော် တိုက်ခိုက်ခဲ့ပါတယ်။

အီရန် မစ်ဆိုင်းဒုံးနဲ့ ဒရုန်းများ

အီရန်ဟာ အိမ်နီးချင်း အီရတ်နိုင်ငံနဲ့ ၁၉၈၀ ကနေ ၁၉၈၈ စစ်ပွဲ ကတည်းက သူ့ရဲ့ မစ်ဆိုင်းဒုံးစနစ်ကို သေချာ ဖိဖိစီးစီး လုပ်နေခဲ့တာပါ။

တာတိုပစ်၊ တာဝေးပစ် မစ်ဆိုင်းဒုံးတွေနဲ့ ဒရုန်းတွေကို တည်ဆောက်နေခဲ့ပြီး အဲဒီထဲက အများကြီးနဲ့ အခု အစ္စရေးကို ပစ်နေတာပါ။

ဆော်ဒီအာရေဗျကို ဟူသီသူပုန်တွေပစ်တဲ့ မစ်ဆိုင်းဒုံးတွေကို လေ့လာသူတွေက အဲဒီဒုံးတွေကို အီရန်မှာ လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဧပြီလ ၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးသွားတဲ့ ဆီးရီးယားနိုင်ငံက အီရန်ကောင်စစ်ဝန် အဆောက်အအုံ

တာဝေးပစ်ဒုံးတွေနဲ့ လှမ်းအပြစ်ပေးမလား

အစ္စရေးက အီရန်နဲ့ မြေပြင်စစ်ပွဲ တိုက်မှာ မဟုတ်လောက်ဘူးလို့ Defence Eye အယ်ဒီတာ တင်မ် ရစ်ပလီက ပြောပါတယ်။

အစ္စရေးက သူ့ရဲ့ လေကြောင်းအင်အားနဲ့ ပဲ့ထိန်းလက်နက်တွေမှာ အများကြီး အားသာပါတယ်။

"အပြစ်ပေးဖို့ဆိုတာက အဓိက ရည်ရွယ်ချက်ပါ။ အစ္စရေးစစ်တပ်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက အဲဒီစကားလုံးကို တစ်ချိန်လုံး သုံးနေတာပါ။ အဲဒါ သူတို့ အယူအဆရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ သူတို့ကို ဆန့်ကျင်သူတွေ သူတို့ကို မဆင်မခြင် မတိုက်ရဲတော့အောင် နောင်ကျဥ်သွားအောင် လုပ်ဖို့ပါ။"

အရင်တုန်းက အီရန်က ထိပ်တန်း စစ်ခေါင်းဆောင်တွေနဲ့ အရပ်ဘက် ထင်ရှားကျော်ကြားသူတချို့ လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်ခံရဖူးပါတယ်။

အဲဒီထဲမှာ အီရန်ရဲ့ တိုက်ခိုက်မှုတစ်ခုကို တုံ့ပြန်တဲ့ ဆီးရီးယား မြို့တော်က အီရန် ကောင်စစ်ဝန်ရုံးကို ဧပြီ ၁ ရက်နေ့ တိုက်ခိုက်ဖျက်ဆီးခဲ့မှုလည်း ပါဝင်ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ထင်ရှားတဲ့ အီရန် အရာရှိတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အစ္စရေးက သူတို့ တိုက်ခိုက်တယ်လို့ မပြောပါဘူး။

ဒါပေမဲ့ သူတို့ မတိုက်ဘူးလို့လည်း မငြင်းပါဘူး။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, IRGC handout / Reuters

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ် သြဂုတ်လက အဘူမူဆာကျွန်းမှာ စစ်ရေးလေ့ကျင့်နေတဲ့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ် စပိဘုတ်တွေကို တွေ့ရစဉ်

ရေတပ်အင်အား

အီရန်ရဲ့ ဟောင်းနွမ်း ခေတ်မမီတော့တဲ့ ရေတပ်မှာ သင်္ဘော ၂၂၀ လောက် ရှိနေသလို အစ္စရေး ရေတပ်မှာတော့ သင်္ဘော အစင်းရေ ၆၀ လောက်ရှိတယ်လို့ IISS ကဆိုပါတယ်။

သုံးသပ်သူတွေကတော့ အီရန်ရေတပ်က တိုက်ပွဲဝင်နိုင်လောက်အောင် မစွမ်းဆောင်နိုင်ဘူးလို့ ဆိုပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အစ္စရေး ရေတပ်မှာ ရေတပ်သင်္ဘော ၆၀ လောက်ရှိတယ်လို့ IISS ပြော

ဆိုင်ဘာ တိုက်ခိုက်မှုများ

ဆိုင်ဘာတိုက်ခိုက်မှု အလုပ်ခံရရင် အစ္စရေးဘက်မှာ ထိခိုက် ဆုံးရှုံးမှုတွေ ပိုရှိနိုင်ပါတယ်။

အီရန်ရဲ့ ကာကွယ်ရေးစနစ်က အစ္စရေးလောက် နည်းပညာအဆင့်မမြင့်ပါဘူး။ ဒါ့ကြောင့် အစ္စရေးစစ်တပ်ကသုံးနေတဲ့ အဲဒီနည်းပညာတွေကို ထိခိုက်အောင် အီလက်ထရောနစ်တိုက်ခိုက်မှု လုပ်နိုင်ရင် အီရန်ဘက်က အသာစီးရနိုင်ပါတယ်။

ဆိုင်ဘာနဲ့တိုက်ခိုက်မှုတွေက ပိုပြီးအကြိမ်ရေများလာသလို ပိုပြီးးလည်း ပြင်းထန်လာပါတယ်။ အရင်ကထက် သုံးဆလောက်ပိုများလာပြီး အစ္စရေးရဲ့ ကဏ္ဍနယ်ပယ်အားလုံးကို တိုက်ခိုက်မှုတွေ လုပ်ခံနေရပါတယ်လို့ အစ္စရေးအစိုးရရဲ့ အမျိုးသားဆိုင်ဘာညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေမှာ အီရန်နဲ့ (လက်ဘနွန်က သူတို့ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွ) ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား တိုးပြီး ပူးပေါင်းလုပ်လာကြတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကနေ ၂၀၂၃ နှစ်ကုန်အထိ ဆိုင်ဘာတိုက်ခိုက်မှုပေါင်း ၃၃၈၀ ရှိခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။

အီရန်ရဲ့ အရပ်ဘက်ကာကွယ်ရေးအဖွဲ့အကြီးအကဲ ဗိုလ်မှူးချုပ် ဂိုလမ်ရေဇာ ဂျာလာလီကတော့ မကြာသေးခင်က အီရန်မှာလုပ်သွားတဲ့ ပါလီမန်ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ ဆိုင်ဘာတိုက်ခိုက်မှု အကြိမ် ၂၀၀ နီးပါးကို ဟန့်တားဖျက်ဆီးခဲ့ရတယ်လို့ ပြောပါတယ်။

အီရန်ရဲ့ ရေနံဝန်ကြီး ဂျာဗက် အိုဝါဂျီက ဒီဇင်ဘာလတုန်းက ဆိုင်ဘာတိုက်ခိုက်မှု တစ်ခုကြောင့် နိုင်ငံအနှံ့က ဓာတ်ဆီဆိုင်တွေ ရောင်းချမှု ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Iranian government / Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၈ ခုနှစ်တုန်းက နတန့်ဇ် ယူရေနီယမ် စက်ရုံကို အီရန်သမ္မတ မာမွတ် အာမက်ဒီနဂျက် သွားရောက်စစ်ဆေးစဉ်

နျူကလီးယား အန္တရာယ်

အစ္စရေးမှာ နျူကလီးယားလက်နက်ပိုင်နေပြီလို့ ယူဆကြပါတယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ တရားဝင်အတည်ပြုတာ ဝန်ခံတာမျိုးမရှိဘဲ တမင် မပြတ်မသား ပြောထားပါတယ်။

အီရန်ကို သူတို့မှာ နျူလက်နက်ပိုင်နေပြီလို့ စွပ်စွဲမှုတွေ ရှိပေမဲ့ တကယ်တန်းပိုင်ထားတယ်လို့ မယူဆနိုင်သေးပါဘူး။ သူတို့ရဲ့ အရပ်ဘက်သုံး နျူကလီးယားအစီအစဥ်ကို သုံးပြီး လက်နက်ထုတ်ဖို့လုပ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ အီရန်က ငြင်းထားပါတယ်။

နိုင်ငံတည်ရာနဲ့ လူဦးရေ

လူဦးရေအရဆိုရင် အီရန်က ဆယ်ဆနီးပါး ပိုများပါတယ်။ အစ္စရေး လူဦးရေက ၁၀ သန်း နီးပါးရှိပြီး အီရန်မှာတော့ ၈၉ သန်းနီးပါး ရှိပါတယ်။

အီရန်ရဲ့ စစ်သားဦးရေကလည်း အစ္စရေးထက် ခြောက်ဆလောက်ရှိပါတယ်။ အီရန်မှာ တပ်ဖွဲ့ဝင် ခြောက်သိန်းရှိပြီး အစ္စရေးမှာတော့ တစ်သိန်းခုနှစ်သောင်းလောက်ရှိတယ်လို့ IISS ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စနေနေ့က အစ္စရေးနိုင်ငထဲ အီရန်က ဒရုန်းနဲ့ မစ်ဆိုင်းဒုံးတွေ ပစ်လွှတ်ခဲ့အပြီး ပဲ့ထိန်း ဒုံးကျည်တစ်ခုကို ပင်လယ်သေ ကမ်းရိုးတန်းပေါ်မှာ တွေ့ရစဉ်

အစ္စရေးဘက်က ဘယ်လို လက်တုံ့ပြန်နိုင်မလဲ

အီရန်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီးတဲ့အခါ အစ္စရေးက တစ်နိုင်ငံလုံးကို လုံခြုံရေး အဆင့်မြှင့်ထားလိုက်ပါတယ်။ ဒါကလည်း အစ္စရေးဘက်က သူတို့ရဲ့ ပျက်ကွက်မှုကို ဝန်ခံရာရောက်တယ်လို့ တယ်လ်အဗီးတက္ကသိုလ်နဲ့ ချိတ်ဆက်ထားတဲ့ အရှေ့အလယ်ပိုင်းရေးရာ သုတေသနပညာရှင် ဒေါက်တာ အဲရစ် ရွန်စကီးက ပြောပါတယ်။

အစ္စရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိကြတဲ့ စစ်သွေးကြွအုပ်စုတွေကလည်း အစ္စရေးနိုင်ငံထဲက ပစ်မှတ်တွေ၊ အစ္စရေးရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ပစ်မှတ်တွေကို ပုံမှန်လိုလိုပဲ တိုက်ခိုက်တတ်ကြတဲ့အတွက် အဲဒီအဖွဲ့တွေကိုလည်း အစ္စရေးက တုံ့ပြန် တိုက်ခိုက်နိုင်ပါတယ်။

ဂျိန်းကာကွယ်ရေးသုတေသနဌာနက အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ ဂျယ်ရမီဘင်နီက အစ္စရေးအနေနဲ့ ချက်ချင်းကြီးလက်တုံ့ပြန်လိမ့်မယ်လို့ မယူဆပါဘူး။ “လက်တုံ့ပြန်ချင်ရင် သူတို့မှာ ရွေးချယ်ပြီးလုပ်နိုင်စရာတွေ အများကြီးရှိပါတယ်၊ ဥပမာ လက်ဘနွန်နဲ့ ဆီးရီးယားက ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်တာမျိုး လုပ်နိုင်ပါတယ်။”

ကြည်း၊ ရေ၊ လေတပ်ဖွဲ့ပေါင်းစုံ ပါဝင်တဲ့ သမားရိုးကျစစ်ပွဲကြီး တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘင်နီကတော့ မယူဆပါဘူး။ “ကြည်းတပ်ကလည်း ဝင်တိုက်မှာ မဟုတ်ဘူး။ ရေတပ်ကလည်း ပါမှာမဟုတ်ဘူး။ သူတို့နှစ်နိုင်ငံကလည်း တစ်ခုနဲ့တစ်ခု အဝေးကြီးမှာ” လို့ သူကပြောပါတယ်။

“နှစ်ဖက်စလုံးကို ကြည့်ရင် တာဝေးအထိ လှမ်းပစ်နိုင်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားကြတော့ အဲဒီ စွမ်းရည်နဲ့ လေကြောင်းကာကွယ်ရေးစနစ် ထက်မြက်မှုတွေကို ပြိုင်ကြရမှာမျိုးပါ။ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေကဆိုရင် အဲဒီလိုမျိုး အီရန်ရဲ့ တာဝေးပစ်နိုင်တဲ့ စွမ်းရည်နဲ့ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တို့ကို တွေ့ခဲ့ကြရပါတယ်။”

အစ္စရေးက ပြန်ပစ်ရင် သူတို့အနေနဲ့ ဆီးရီးယား၊ ဂျော်ဒန်နဲ့ အီရန်တို့လို အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေရဲ့ လေကြောင်းပိုင်နက်ကို ကျူးကျော်ဖြတ်သန်းရတာမျိုး ဖြစ်ပါလိမ့်မယ်။

တစ်ဖက်မှာတော့ အစ္စရေးမှာ အီရန်နိုင်ငံထဲအထိ လျှို့ဝှက်ဝင်ရောက်လှုပ်ရှားနိုင်တဲ့ အတွေ့အကြုံရင့်ကျက် ထက်မြက်ပြီးသား ထောက်လှမ်းရေးအဖွဲ့တွေ ရှိနေပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယီမင်က ဟူသီသူပုန်တွေကို ဒရုန်းလက်နက် တပ်ဆင်ပေးနေတယ်လို့ အီရန်ကို အမေရိကန် စွပ်စွဲ

အီရန်ကိစ္စ အသုံးချစရာ

အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ တာရစ် ဆူလေမန်က သူ့အနေနဲ့ဆို စစ်ပွဲက အခုထက်အများကြီး ပိုကျယ်ပြန့်သွားလိမ့်မယ်လို့ မထင်တဲ့အကြောင်း ဘီဘီစီအူရဒူဘာသာဌာနကို ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးပါလီမန်နဲ့ ဝန်ကြီးအဖွဲ့ထဲမှာ စစ်လိုလားသူတွေရှိနေတဲ့အတွက် သူတို့တွေက ဝန်ကြီး နက်တာညာဟုကို တစ်ခုခု လုပ်အောင် ဖိအားတွေပေးကြလိမ့်မယ်လို့ ဆူလေမန်က ပြောပါတယ်။ “နိုင်ငံရေးအရ သူ့အပေါ် ဖိအားတွေ ရှိလာတာနဲ့ ချက်ချင်း နေတန်ယာဟုက အီရန်ကိစ္စကို အသုံးချတတ်တယ်” လို့ သူက ထောက်ပြပါတယ်။

အစ္စရေး ဟီးဘရူးတက္ကသိုလ်က လုပ်ခဲ့တဲ့ လူထုစစ်တမ်းတစ်ခုမှာ ဆန္ဒပြုသူ လေးပုံသုံးပုံက အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မှုဟာ အစ္စရေးနဲ့ မဟာမိတ်တွေကြား ရှိထားတဲ့ လုံခြုံရေး သဘောတူညီချက်ကို ထိခိုက်ရင် မလုပ်စေချင်ဘူးလို့ သဘောထားပေးထားကြပါတယ်။

အဲဒီ စစ်တမ်းကို ဧပြီ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ အွန်လိုင်း၊ တယ်လီဖုန်းကနေ ဂျူးရော အာရပ်ပါ ပါတဲ့ အစ္စရေးနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၄၆၆ ဦးကို မေးထားတာ ဖြစ်တယ်လို့ တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သင်္ဘောတစ်စင်းပေါ်က ကုန်းပတ် တံခါးကို ဖွင့်ဖို့ ကြိုးစားနေတဲ့ ဟူသီလက်နက်ကိုင်တစ်ဦး

အစ္စရေးနဲ့ အီရန်တို့ရဲ့ ‘ကြားခံ စစ်ပွဲ’

အစ္စရေးနဲ့ အီရန်တို့အကြား တိုက်ရိုက်စစ်ပွဲကြီး တစ်ခု မဖြစ်ခဲ့ဖူးပေမဲ့ သူတို့နှစ်နိုင်ငံစလုံးဟာ ကြားခံအဖွဲ့တွေကတစ်ဆင့် စစ်ဖြစ်နေတာ အချိန်ကာလတစ်ခု ရှိနေပါပြီ။ တခြားနိုင်ငံတွေမှာ ရှိနေတဲ့ အီရန်ရဲ့ အရေးကြီးတဲ့ စစ်ဘက် နိုင်ငံရေးဘက် ခေါင်းဆောင်တွေ အသတ်ခံရတဲ့အခါ အဲဒါ အစ္စရေးလက်ချက်လို့ အီရန်က အပြစ်တင်တတ်ပါတယ်။ အီရန်ကလည်း အစ္စရေးကို ကြားခံအဖွဲ့တွေကနေ တစ်ဆင့် တိုက်ခိုက်မှုတွေ လုပ်ပါတယ်။

အဲဒီ အီရန်ရဲ့ ကြားခံအဖွဲ့တွေအထဲမှာ အကြီးဆုံးနဲ့ အထင်ရှားဆုံးကတော့ လက်ဘနွန်မှာ အခြေစိုက်ပြီး အစ္စရေးကို တိုက်နေတဲ့ စစ်သွေးကြွ ဟစ်ဇ်ဘိုလာအဖွဲ့ပါ။ ဟစ်ဇ်ဘိုလာကို သူတို့ထောက်ပံ့နေတယ်ဆိုတာကို အီရန်ကလည်း မငြင်းခဲ့ပါဘူး။

ဂါဇာက ဟားမတ်စ်အဖွဲ့ကိုလည်း အီရန်က ထောက်ပံ့ပေးနေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်က အစ္စရေးနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်တိုက်ခဲ့သလို ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်နေတာလည်း ဆယ်စုနှစ်တွေချီပြီး ရှိနေပါပြီ။

အီရန်က ဟားမတ်စ်အဖွဲ့ကို လက်နက်၊ ခဲယမ်းတွေ ထောက်ပံ့ပေးပြီး လေ့ကျင့်သင်ကြား ပေးတာတွေလည်း လုပ်တယ်လို့ အစ္စရေးရော အနောက်အုပ်စု နိုင်ငံကြီးတွေကပါ ယုံကြည်ထားပါတယ်။

အီရန်၊ အစ္စရေး၊ လက်နက်အင်အား

ဓာတ်ပုံ ရင်းမြစ်, Houthi militants handout / EPA

ဓာတ်ပုံ ပုံစာ, ပင်လယ်နီတွင်းက သင်္ဘောတွေအပေါ် ဟူသီလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေ ပိုများလာနေ

ယီမင်နိုင်ငံက ဟူသီလက်နက်ကိုင်တွေကလည်း အီရန်က ထောက်ပံ့ ဖွဲ့စည်း ပေးထားတဲ့အဖွဲ့လို့ အများက မြင်ထားပါတယ်။ ဆော်ဒီအာရေဗျက သူတို့ကို ဟူသီတွေက ပစ်လွှတ်တဲ့ ဒုံးကျည်တွေဟာ အီရန်လုပ်တွေလို့ ဆိုပါတယ်။

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာလည်း အားကောင်းကြပါတယ်။ အီရန်က ဆီးရီးယားအစိုးရကို ထောက်ခံပံ့ပိုးပေးနေပြီး ဆီးရီးယားနယ်မြေကို သုံးလို့ အစ္စရေးကို တိုက်ခိုက်မှုတွေ လုပ်တတ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

အာမင် ခါဝါဂျာ၊ ကာလာ ရို့ရှ်၊ ရေဇာဆာဘေတီနဲ့ ခရစ္စ ပါ့ထရစ်ချ်တို့ အားဖြည့်ရေးသားသည်။