အရှေ့အလယ်ပိုင်း ဒေသကြီးတစ်ခုလုံး စစ်ပွဲ ဖြစ်လာမလား

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲက ဆက်ဖြစ်နေပါတယ်။
လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက မြေပြင်ထိုးစစ် စနေပါပြီ။ အီရန်က အစ္စရေးကို မစ်ဇိုင်း အလုံး ၂၀၀ နီးပါး ပစ်ထည့်ခဲ့ပါတယ်။ ယီမင်က ဟူသီသူပုန်တွေကို အစ္စရေးက ဗုံးကြဲနေပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ အရှိန်မြင့်လာတာကနေ ကမ္ဘာအနှံ့က နိုင်ငံရေးသမားတွေနဲ့ သုံးသပ်သူတွေကြား အရှေ့အလယ်ပိုင်းမှာ အလုံးစုံ စစ်ပွဲ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်တွေ တိုးလာပါတယ်။
ဘာတွေဖြစ်လာနိုင်လဲ၊ ဒီပဋိပက္ခက ကမ္ဘာအနှံ့ကို ပြန့်ပွားသွားနိုင်မလား၊ စတဲ့ အမေး တွေကို ဒေသတွင်းမှာ သတင်းယူနေကြတဲ့ ဘီဘီစီ သတင်းထောက်တွေကို မေးကြည့်ခဲ့ပါတယ်။
နာဝဲလ် အယ် မက်ဟာဖီ နိုင်ငံတကာ စုံစမ်းလေ့လာမှုဆိုင်ရာ ထိပ်တန်း သတင်းထောက်
အရှေ့အလယ်ပိုင်းက လက်ရှိအခြေအနေကို ကြည့်ပြီးကို ဘေးကြီးတခု "ဖြစ်လု ဆဲဆဲဖြစ်နေပြီ" လို့ ပြောကြတာတွေ ခဏခဏပါ။
ဂါဇာမှာ လူ့အသက်ပေါင်း ၄၀,၀၀၀ ကျော် ဆုံးရှုံးပြီးခဲ့သလို သီတင်းတပတ်အတွင်း လက်ဘနွန်မှာ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးသွားပါပြီ။ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေကလည်း တိုးများလာနေပါတယ်။ သန်းပေါင်းများစွာသော လူတွေ သူတို့အိုးအိမ်တွေထဲကနေ ထွက်ပြေးနေရပါတယ်။ နယ်မြေဧရိယာတခုလုံးလည်း ပြိုလဲပျက်စီးနေပါပြီ။ ဘေးဆိုက်တော့မယ့် အခြေအနေရောက်တော့မယ့်အထိ ဖြစ်နေတာက ကြောက်လန့်စရာပါ။
ဆယ်စုနှစ်များစွာအတွင်း ဒီဒေသထဲမှာ အဆိုးရွားဆုံးသော လုံခြုံမှုအကင်းမဲ့ဆုံး အကျပ်အတည်းတွေထဲက တခုကို လက်တွေ့မြင်နေရတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နတ်စရဲလာ သေဆုံးပြီ ဆိုတော့ အစ္စရေးမှာ အောင်ပွဲတွေ အကြီးအကျယ်ခံခဲ့ကြပါတယ်။
နတ်စရဲလာနဲ့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာတို့သေဆုံးပြီဆိုတော့ အီရန်ရဲ့ သူတို့အဆို ခုခံစစ် ဝင်ရိုးတန်း (Axis of Resistance) ကို ချိုးဖျက်ပစ်ဖို့ စိတ်အားသန်နေကြသူတွေအဖို့ စိတ်ကျေနပ်မှုကို အရှိန်အဟုန်နဲ့ ရသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီအောင်ပွဲခံနိုင်မှုတွေ ရေရှည်ခံပါလိမ့်မယ်လို့ မှန်းဆဖို့ကတော့ သိပ်မလွယ် လှပါဘူး။
အဓိကခေါင်းဆောင်တွေကို သုတ်သင်နိုင်တဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုက ဟစ်ဇ်ဘိုလာတို့ အပေါ် အကြီးအမား သက်ရောက်မှုရှိတယ်ဆိုတာကတော့ ငြင်းနိုင်စရာ မရှိပါဘူး။
နှစ်ချီလာပြီဖြစ်တဲ့ ဟားမတ်စ်တို့အပေါ် တိုက်ခိုက်မှုက ဂါဇာက လူသန်းပေါင်း များစွာရဲ့ ဘဝတွေကို အစိတ်စိတ်အမြွှာမြွှာဖျက်ဆီးတဲ့ သက်ရောက်မှုတွေကို ဖြစ်စေ ခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ လုပ်နိုင်စွမ်းတွေကို အကြီးအမားဖြိုလဲလိုက်နိုင်ပေမယ့် ဒီအဖွဲ့ရဲ့ နိုင်ငံရေးအရ၊ စစ်ရေးအရ အင်အားတွေ အဆုံးသတ်သွားပြီဆိုတာမျိုးတွေးလို့ မရနိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီလိုတွေးကြမယ့်သူတွေဟာ ဒီအဖွဲ့တွေ ဘယ်လိုတည်ဆောက်ခဲ့ကြတယ်၊ ဘယ်လို အများပြည်သူကြားကို ထိုးဖောက် လွှမ်းမိုးနိုင်ခဲ့ကြတယ်ဆိုတဲ့ အချက်ကို ထည့် မတွက်မိကြလို့ နေမှာပါ။ အင်စတီကျုတွေနဲ့ ဖွဲ့စည်းဆောင်ရွက်နေတဲ့ ဒီအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ဒီမှာ ရှိနေသလို၊ သူတို့ ဆောင်ရွက်မှုတွေကလည်း လူမှုရေးအရ၊ နိုင်ငံရေးအရ ချိတ်ဆက်ဆောင်ရွက်မှု များစွာနဲ့ ယှက်နွှယ်နေတာပါ။
နတ်စရဲလာ သေဆုံးမှုနဲ့ အီရန်ရဲ့ တုံ့ပြန်မှုတွေဟာ ဒေသအတွင်း အလုံးစုံ စစ်ပွဲဆီကို ကြောက်စရာလန့်စရာ နီးကပ်လာတာပါ။
အီရန်ရဲ့ မစ်ဇိုင်းတိုက်ခိုက်မှုနောက်ပိုင်း အစ္စရေး ခေါင်းဆောင်တွေဆီက အခု ပဋိပက္ခပိုပြီး ပြင်းထန်လာဖို့ဆိုတာက မြေကြီးလက်ခတ်မလွဲပဲ ဆိုတဲ့ အပြောတွေ ထွက်လာပါတယ်။ သဘောကတော့ နှစ်နိုင်ငံ တိုက်ခိုက်ကြတော့မယ်ဆိုတာအပြင် လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်နဲ့ အီရတ်တို့မှာ အီရန်ကထောက်ခံပေးထားတဲ့ အင်အားစုတွေက တဖက် အစ္စရေးရယ်၊ အမေရိကန်နဲ့ ယူကေတို့အပါအဝင် အနောက်က သူ့ရဲ့ မဟာမိတ်တွေ တဖက် တိုက်ကြတော့မယ်ဆိုတဲ့ သဘောပါ။
မေးခွန်းကတော့ အစ္စရေးက ဘယ်လို လက်တုံ့ပြန်မှာလဲ ဆိုတာပါ။
“အရှေ့အလယ်ပိုင်းရဲ့ ပုံသွင်ကို ပြောင်းသွားဖို့အတွက် နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံး ရလိုက်တဲ့ အခွင့်အရေးပဲ“ လို့ အစ္စရေး ဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီ ဘန်းနက်က တွိလုပ်ပါတယ်။
ဆိုလိုတာကတော့ အစ္စရေးအနေနဲ့ အီရန်ရဲ့ နျူကလီးယားဆိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး “အကြမ်းဖက်အစိုးရကို ကျိုးကြေသွားအောင်လုပ်လိုက်“ လို့ ဆိုတာပါ။
သူ့ စကားတွေက တရားဝင်အစိုးရရဲ့ သဘောထားတွေကို ဖော်ညွှန်းတာသာဆိုရင်တော့ ဒေသတွင်းမှာ မမျှော်မှန်းထားတဲ့ ပျက်သုဉ်းမှု အကြီးအမားတွေကို တွေ့ရမယ့်ကိန်းဆိုက်မယ့် အနေအထားပါ။
ဂါဇာမှာ စစ်ပွဲစကတည်းက စစ်ပွဲအရှိန်တွေ လျှော့ချဖို့အရေးအတွက် သံတမန်ရေး အားထုတ်မှုတွေ အကြိမ်ကြိမ်မအောင်မြင်ခဲ့သလို အဓိက အင်အားကြီး နိုင်ငံတွေ အနေနဲ့လည်း ဒီတိုက်ခိုက်မှုတွေ ရပ်သွားအောင် ထူးထူးခြားခြား သြဇာပေးနိုင် တာမျိုး မရှိပါဘူး။ ဒီမအောင်မြင်မှုတွေဟာ ကမ္ဘာမှာ တည်ငြိမ်ရေးအတွက် ဖွဲ့စည်း တည်ရှိနေတဲ့ ထိန်းညှိမှုစနစ်က နက်နက်ရှိုင်းရှိုင်း အနာတရဖြစ်နေပြီဆိုတာ၊ နိုင်ငံတကာ ဥပဒေတွေ၊ အရင်ကတည်းက ရှိလာခဲ့တဲ့ ရင်ဆိုင် ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာကြဖို့အရေးအတွက် နိုင်ငံတကာက အတူစွမ်းဆောင်ဖို့ မတတ်နိုင်တော့တာအပြင် အရင်ကထက် ပိုဆိုးလာနေတာ၊ စတာတွေကို ပြသနေပြီး ဒေသတွင်း ဒေသခံပြည်သူတွေအကြား စိုးရိမ် ထိတ်လန့်စရာ ဆိုးကျိုးတွေကို ဖြစ်နေစေပါတယ်။
နစ်စရင်း ဟာတွမ် ဘီဘီစီ အာရပ်ဘာသာ သတင်းထောက်၊ ဘေရွတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
လက်ဘနွန်ကလူတွေက ပဋိပက္ခကို စိတ်ပျက်နေပြီး နောက်ထပ် စစ်ဖြစ်လာမှာကို မလိုလားကြ
လက်ဘနွန် ပြည်သူတွေက အလုံးစုံ စစ်ပွဲကို ကြံ့ကြံ့ခံဖို့ ဆန္ဒမရှိပါဘူး။
အလုံးစုံ စစ်ပွဲဖြစ်လာမလားဆိုတဲ့ စိုးရိမ်ကြောက်လန့်မှုတွေက အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ဆီးရီးယား၊ အီရန်၊ အီရတ်၊ ယီမင်နဲ့ ဂျော်ဒန် နိုင်ငံတွေမှာ တိုးပွားလာမှာ အမှန်ပါ။
အောက်တိုဘာ ၂ ရက်နေ့ အစ္စရေးကို အီရန်ရဲ့ မစ်ဇိုင်းတိုက်ခိုက်မှု နောက်ပိုင်းမှာ ဒီစိုးရိမ်ကြမှုက ၂ ဆ တက်လာနိုင်ပါတယ်။
အီရန်က အစ္စရေးကို နောက်ထပ် တိုက်ခိုက်တာတွေ ဆက်လုပ်ရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အစ္စရေးကို ထောက်ပို့ကူညီကြမယ်၊ အဲဒီအခါ အလုံးစုံ စစ်ပွဲဆီကို ပြောင်းသွားနိုင်ပါတယ်။
အစ္စရေးဟာ လက်ဘနွန်က ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထားနေတာပါ၊ လက်ဘနွန် စစ်တပ်ကို မဟုတ်ပါဘူး။
လက်ဘနွန်ရဲ့ တရားဝင် သဘောထားကတော့ ကျယ်ပြန့်လာမယ့် စစ်ကို တားဆီးဖို့ပါ။
အပစ်အခတ်ရပ်စဲကြဖို့အရေးအတွက် ပြင်သစ်က ဦးဆောင်နေတဲ့ သံတမန်ရေး အလုပ်တွေက အချိန်နဲ့အမျှ ကြိုးပမ်းနေတာပါ။ လက်ဘနွန် စစ်တပ်ကို ထောက်ခံပြီး လက်ဘနွန်တောင်ပိုင်းမှာ နေရာချဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၁၇၀၁ ကို အသက်ဝင်စေဖို့အတွက် အဲဒီ သံတမန်ရေး လှုပ်ရှားမှုတွေက ရည်မှန်း ဆောင်ရွက်နေပါတယ်။
ပြည်တွင်းမှာလည်း သမ္မတ တယောက်ကို ရွေးချယ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ အင်စတီကျုတွေ အသက်ဝင်လာစေရေးအတွက် အားထုတ်နေကြပါတယ်။
လက်ဘနွန်မှာက စစ်ဆိုတာကို စိတ်မဝင်စားကြတော့ပါဘူး။ အထူးသဖြင့် ၂၀၁၉ အောက်တိုဘာလနောက်ပိုင်းကတည်းက စလာတဲ့ စီးပွားရေး အကျပ်အတည်းကို ခါးစည်းခံနေရတာ ကြောင့် ပဋိပက္ခကို လူတွေက စိတ်ကုန်နေပါပြီ။
လူအများစုက ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပြီး စစ်ကို ရှောင်လွှဲလိုပါတယ်။ သူတို့ကို ဒီစစ်ပွဲဆီကို ဆွဲသွင်းကြတာ၊ ဒီစစ်ပွဲက သူတို့ စစ်ပွဲ မဟုတ်ဘူးလို့ လက်ဘနွန်ကလူ တချို့က မြင်ကြပါတယ်။
အာရပ် - အစ္စရေး ပဋိပက္ခက ဒီအချိန်မှာ ရပ်ဖို့လိုပြီ၊ ဒါမှ သူတို့ တသက်လုံး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေကြရမှာလို့ လူအများက ယုံကြည်နေကြပါတယ်။
လက်ဘနွန်နိုင်ငံ ပြိုဆင်းသွားမယ့်အရေးကနေ ကာကွယ်နိုင်ဖို့အတွက် အလုံးစုံ စစ်ပွဲကို တားဆီးဖို့ သံတမန်ရေး နည်းလမ်းနဲ့သာ ရနိုင်မှာပါ။
စစ်ဆင်ရေးတွေ ရေရှည်ခံတဲ့ အဖြေမရဘူးဆိုတာကို ပြီးခဲ့တဲ့ စစ်ပွဲတွေက သက်သေပြနေသလို၊ ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေ၊ သံတမန်ရေး နည်းလမ်းတွေကသာ ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။
၂၀၀၆ ကို ပြန်ကြည့်မယ်ဆိုရင် အစ္စရေးနဲ့ စစ်ဖြစ်တာ ၃၄ ရက်သာ ကြာပါတယ်၊ ဒါက အခုနဲ့ မတူညီတဲ့ အခြေအနေအောက်မှာ ဖြစ်ခဲ့တာပါ။ အဲဒီ အခါတုန်းက ဂါဇာမှာ စစ်မဖြစ်ခဲ့သလို၊ ဆီးရီးယား၊ အီရတ်၊ အီရန်၊ ယီမင်တို့က ပါဝင်ပတ်သက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အခုက ဒေသတွင်းမှာ အမျိုးမျိုး ကစားနေကြတဲ့ ဇာတ်ကောင်တွေ ပါဝင် နေတာဆိုတော့ ၂၀၀၆ စစ်ပွဲတုန်းကလိုမျိုး မဖြစ်နိုင်ဘူးဆိုတာကို ထည့်တွေးရမှာပါ။ လက်ဘနွန်က အုပ်စိုးသူပိုင်းက အာဏာချုပ်ကိုင်နိုင်မှု အားနည်းတဲ့နိုင်ငံပါ၊ စစ်တပ် ကလည်း ထိန်းချုပ် နိုင်စွမ်း မရှိပါဘူး။
မူဟန်နတ် တုတွန်ဂျီ ဘီဘီစီ အာရပ်ဘာသာ သတင်းထောက်၊ ဂျေရုဆလင်
အရှေ့အလယ်ပိုင်းဟာ မထင်မှတ်ထားတဲ့ အဖြစ်တွေကိုကြုံနေရပြီး ဒီအဖြစ်တွေ ကနေ ဒေသတွင်း ဒါမှမဟုတ် ကမ္ဘာအနှံ့အထိ ကြီးမားတဲ့ ပဋိပက္ခဆီကို ရောက်သွား နိုင်မယ့်ပုံ ပေါ်နေပါတယ်။ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ၊ အီရန်တို့အကြား တိုက်ခိုက်မှု အရှိန်မြင့်တာလာမှုက တချိန်မှာ စစ်ပွဲကြီးတခု ဖြစ်လာနိုင်ခြေ ရှိပါတယ်။
(ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဟစ်ဇ်ဘိုလာအထွေထွေအတွင်းရေးမှူး ဟာဆန် နစရဲလာနဲ့ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာက ခေါင်းဆောင်တွေကို ကို အစ္စရေးက လုပ်ကြံသတ်ဖြတ်မှုတွေလို) အခုကာလအတွင်း ထင်ရှားပြီး အရေးပါတဲ့ အဖြစ်တွေ ဖြစ်ခဲ့ပေမယ့် ဒီအရေးတွေ ကနေ အရှေ့အလယ်ပိုင်းမှာ ဒေသတွင်း စစ်ပွဲဆီကို ဦးမတည်လာနိုင်ပါဘူး။
အစ္စရေးက အဖြစ်တွေ၊ သူနဲ့ ဟစ်ဇ်ဘိုလာတို့အကြား အတိတ်က စစ်ပွဲတွေကို သတင်းလိုက်ခဲ့ကြတဲ့ သတင်းထောက်တွေအနေနဲ့ ဟာဆန် နစရဲလာကို အစ္စရေးက လုပ်ကြံသတ်ဖြတ်လိုက်တာနဲ့ အီရန်က စစ်ပွဲကြီးတပွဲမှာ ရုတ်ခြည်း ပါဝင် ပတ်သက် လာလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။
ဒါပေမဲ့ အီရန်က ဝင်ပါလာခဲ့ပါပြီ။
အမေရိကန်က ထူးခြားတဲ့ အခန်းကဏ္ဍနေ လွှမ်းမိုးလုပ်ဆောင်တာတွေနဲ့အတူ ဒေသတွင်းက အရေးပါသူတွေက ဒေသတွင်းစစ်မီးတောက်မယ့်အဖြစ်တွေကို တားဆီးကြလေ့ ရှိပါတယ်။
ရေတိုမှာ ဒီဆောင်ရွက်မှုတွေက အောင်မြင်နိုင်ပေမယ့် အစ္စရေးနဲ့ အီရန်အကြား အလုံးစုံ စစ်ပွဲဖြစ်သွားနိုင်တဲ့အထိ အပြန်အလှန်တိုက်ခိုက်နေကြနိုင်လား ဆိုတဲ့ အမေးက အမြဲကျန်နေပါသေးတယ်။
အစ္စရေးနဲ့ အီရန်အကြားဖြစ်တဲ့ မီးပွားကနေ ဒေသတွင်းစစ်၊ အဲဒီကနေ ကမ္ဘာတခုလုံး ကို ပြန့်သွားမယ့် ပဋိပက္ခထိ ဖြစ်သွားနိုင်ပါတယ်။
ဆီးရီးယားမှာရှိတဲ့ အီရန် ကောင်ဆယ်လာရုံးကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် ဧပြီလတွင်းမှာ အီရန်က အစ္စရေးကို ရာနဲ့ချီနဲ့ မစ်ဇိုင်းတွေ ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီး အဲဒီတုန်းကလည်း စစ်ဖြစ်တော့မယ့် မီးတောက်တခု ဖြစ်ခဲ့ ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX/Shutterstock
အခြေအနေတွေကို အမေရိကန်က ထိန်းပေးတာ အောင်မြင်ခဲ့ပါတယ်။ အီရန်က ပဲ့ထိန်း မစ်ဇိုင်း ရာနဲ့ချီ တိုက်ခိုက်ခဲ့တဲ့ အဲဒီအချိန်က တိုက်ခိုက်ပြီး မကြာခင် စိတ်လှုပ်ရှားမှုတွေ မြင့်တက်နေချိန်မှာပဲ မစ္စတာ ဘိုင်ဒန်နဲ့ မစ္စတာ နေတန်ညာဟု အကြား စကားပြောခဲ့ကြတာကို ကျွန်တော်တို့ သတင်းပို့ခဲ့ကြပါတယ်။
အဲဒီတုန်းက ခေါင်းဆောင် ၂ ယောက် ဆွေးနွေးမှုတွေထဲမှာ "အရှိန်တွေ လျှော့ဖို့ ဘယ်လိုလုပ်မလဲ၊ ဘာတွေ စဉ်းစားသင့်သလဲ" စတာတွေကို ပြောခဲ့ကြပါတယ်။ လက်တုံ့ပြန်မယ့် လှုပ်ရှားမှုတွေမှာ သူတို့ အစ္စရေးနဲ့ အတူ မပါနိုင်ဘူးဆိုတာကိုလည်း အမေရိကန်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဟာနီယာနဲ့ နတ်စရဲလာတို့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ၊ ဟစ်ဇ်ဘိုလာကို အစ္စရေးက တိုက်ခိုက်မှုတွေ အပါအဝင် ဖြစ်စဉ်တွေ အများကြီးက အီရန်အနေနဲ့ သူတို့ တိုက်ရိုက်ပြန်တုံ့ပြန်တော့မလား၊ အရင်ကထက် ပိုအားပြင်းပြင်းတုံ့ပြန်ရမလား စတဲ့ ရွေးချယ်မှုတွေကို လုပ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
ဒီထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်မြင့်လာစေတဲ့ အကြောင်းရင်းတွေထဲမှာ အစ္စရေးရဲ့ တုံ့ပြန်မှုက အခရာကျတဲ့ အချက်တခု ဖြစ်ခဲ့ပါတယ်။
အစ္စရေးဟာ အီရန်ကို အမှန်တကယ်ပဲ ပစ်မှတ်ထားတိုက်ခိုက်တာလား၊ ဒါမှမဟုတ် ဒီအခြေအနေတွေကို အသုံးချပြီး အလုံးစုံ စစ်ပွဲတခုဆီကို အီရန်ကို ဆွဲခေါ်တာလား၊ အီရန်ရဲ့ နျူကလီးယား နေရာတွေကို တိုက်ခိုက်ချင်လို့လား ဆိုတဲ့ မေးခွန်းကြီး ကတော့ ဆက်ကျန်နေပါသေးတယ်။ အီရန်ရဲ့ နျူကလီးယား နေရာတွေကို ချချင် တာက အချိန်ကာလ ရှည်ကြာစွာကတည်းက ချမှတ်ထားတဲ့ အစ္စရေးရဲ့ ရည်မှန်းချက် ကြီးတခုပါ။
အီရန်ရဲ့ အစ္စရေးကို တိုက်ခိုက်မှုက လူတွေ အထိအခိုက်ထက်စာရင် ရုပ်ပိုင်းဆိုင်ရာ တွေကိုသာ ဖျက်ဆီးနိုင်တာမို့ ဒီ တိုက်ခိုက်မှုကို မလုပ်ဘဲ ထိန်းထားနိုင်တဲ့ အခြေ အနေတွေ ရှိသေးလျက်သားနဲ့ မထိန်းထားဘဲ တိုက်ခိုက်လိုက်တာက အစ္စရေးရဲ့ ရည်မှန်းထားချက်ကို တွန်းအားပေးသလို ဖြစ်သွားနိုင်တယ်လို့ တချို့က ပူပန်နိုင်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အပြောင်း အလဲကြီး တခုကို ဖန်တီးဖို့ ကြံရွယ်နေတာပါ။
မြွေခေါင်းလို့ အစ္စရေးက သတ်မှတ်ထားတဲ့ အီရန်ကို ပစ်မှတ်မထားဘဲ ဒီလို အပြောင်းအလဲကြီး လုပ်ဖို့မဖြစ်နိုင်ဘူးလို့ သူက ယုံကြည်ထားပါတယ်။
ဟစ်ဇ်ဘိုလာကို ချနိုင်တဲ့ အောင်မြင်မှုတွေကြောင့် အစ္စရေးမှာ စိတ်တက်ကြွ ပျော်ရွှင် ကြတာကို တွေ့ရပါတယ်။
ဒါကိုကြည့်ပြီး အီရန်ကို အစ္စရေးက အပြင်းအထန် ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ် လို့ တွက်ဆကြပါတယ်။
အဲဒီကနေ ဒေသတွင်း စစ်ပွဲဖြစ်လာ၊ နောက် သူတို့နဲ့ ပတ်သက်တဲ့ သူတွေကလည်း ဝင်ပါလာပြီ ဆိုရင် ကမ္ဘာစစ်အထိ ဖြစ်သွားနိုင်ပါတယ်။
ဒီလို အလုံးစုံစစ်ပွဲဆိုတာက အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို အဆုံးသတ်ဖို့ဆိုတဲ့ အစ္စရေးရဲ့ လိုလားချက်အတွက်ပါ။
အစ္စရေးကို အီရန်က တိုက်ရိုက်တိုက်ခိုက်မှုက အစ္စရေးအတွက် ဆင်ခြေပေးစရာ ဖြစ်သွားနိုင်ပါတယ်။
အစ္စရေး ဒီလို လုပ်ဖို့ အမေရိကန်က လုပ်ခွင့်ပေးမှာလား ဆိုတဲ့ မေးခွန်းကြီးကတော့ ရှိနေပါသေးတယ်။
အမ်မန် အီရီဂတ် ဘီဘီစီ အာရပ်ဘာသာ သတင်းထောက်၊ ပါလက်စတိုင်း နယ်မြေ

ဓာတ်ပုံ ရင်းမြစ်, AFP
ကြောက်ရွံ့တာရော၊ ပျော်ရွှင်တာရော - အစ္စရေးကို ပစ်မှတ်ထားပြီး အီရန်က မစ်ဇိုင်း ၂၀၀ လောက်နဲ့ ပစ်ခတ်လိုက်တဲ့ အင်္ဂါနေ့ညမှာ ပါလက်စတိုင်းတွေရဲ့ ခံစားရမှုကို ပြောပါဆိုရင် ကြောက်ရွံ့တာရော၊ ပျော်ရွှင်တာရောကို ရောထွေးခံစားနေကြရ တယ်လို့ ဆိုရမှာပါ။
ဂါဇာမှာ စစ်ဖြစ်ကတည်းက ဒီလို အချိန်ကို လူအများက မျှော်လင့်ခဲ့ကြတာပါ။ ဂါဇာနဲ့ ပါလက်စတိုင်းနယ်မြေတွေအတွက် ထောက်ခံပံ့ပိုးဖို့ နိုင်ငံရပ်ခြား ပါဝင်စွက်ဖက်မှုက အရေးကြီးတယ်လို့ သူတို့က ယုံကြည်ပါတယ်။
ပါလက်စတိုင်းနယ်မြေအတွင်း အီရန် မစ်ဇိုင်း အစိတ်အပိုင်းတွေ ကျလာတဲ့ နေရာ တွေဟာ နောက်ပိုင်းမှာ ပါလက်စတိုင်းတွေ ဓာတ်ပုံသွားရိုက်ကြတဲ့ နေရာတွေ ဖြစ်လာပါတယ်။
သူတို့က အလုံးစုံ စစ်ပွဲတခုဆီပြောင်းလဲသွားမယ်လို့ ယုံကြည်ကြပါတယ်။
ဇူလိုင်မှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ၊ မကြာသေးခင်က ဟစ်ဇ် ဘိုလာ ခေါင်းဆောင် ဟာဆန် နစရဲလာတို့ လုပ်ကြံခံခဲ့ရပြီးတဲ့နောက် အခြေအနေ တွေက ကျယ်ပြန့်တဲ့စစ်ပွဲ တပွဲဆီကို ဦးတည်နေပါတယ်။
ပါလက်စတိုင်း အများအပြားအဖို့ ဒီကာလမှာ ပထမ နဲ့ ဒုတိယ အင်တီဖာတာ (Intifada) တွေက အဖြစ်တွေကို ပြန်အမှတ်ရစေနေပါတယ်။ ၁၉၄၈ အတွင်း နက်ခ်ဘာ (Nakba) ကို ဖြတ်သန်းခဲ့သူတွေက သမိုင်းစက်ဝန်းဘီး တပတ်ပြန်လည် ပြီလို့ ပြောနေကြပါတယ်။
နက်ခ်ဘာက အစ္စရေးတို့ လွတ်လပ်ရေး ကြေညာတဲ့ ၁၉၄၈ မေလ ၁၄ ရက်ပါ။ နောက်နေ့မှာပဲ စစ်ပွဲစတင်ဖြစ်လာပြီး ပါလက်စတိုင်း ၇၅၀,၀၀၀ တို့ သူတို့နေထိုင်ရာ မြေတွေ၊ အိမ်ရာတွေကနေ ထွက်ပြေးခဲ့ကြရပါတယ်။
လက်ရှိအခြေအနေတွေဟာ အစ္စရေးရဲ့ ပိုပြင်းထန်တဲ့ ထိုးစစ်တွေ ဖြစ်လာနိုင်တယ်လို့ ပါလက်စတိုင်းနယ်မြေက လူတွေအများအပြားက ဒီနေ့ကာလမှာ တွက်ဆနေကြ ပါတယ်။
နှစ်ပေါင်းများစွာကတည်းက ပါလက်စတိုင်း အာဏာပိုင်တွေက အောက်ပါတို့ကို အလေးထားခဲ့ကြပါတယ်။
စစ်ရေးဆောင်ရွက်ချက်တွေကို ရပ်တန့်နိုင်မယ့် နိုင်ငံရေး ဆုံးဖြတ်ချက်တွေရဖို့က အရေးကြီးတယ်။
ပဋိပက္ခတွေကို ရှောင်လွှဲပြီး ၂ နိုင်ငံ ဆိုတဲ့ ဖြေရှင်းချက်ကို အကောင်အထည်ဖော်ဖို့၊ အကာအကွယ်ပေးဖို့ နိုင်ငံရေးဖြေရှင်းချက်ဆီကို ဦးတည်ပါ။
သူတို့က ၁၉၆၇ က နယ်စပ်စည်းအတိုင်း ပါလက်စတိုင်း နိုင်ငံ ထူထောင်ခွင့်ရပြီး အစ္စရေးနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ယုံကြည်ထားပါတယ်။
ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြားဝင် ဆောင်ရွက်ကြဖို့နဲ့ ချက်ချင်း အပစ်ရပ်ကြဖို့အတွက် လုပ်ဆောင်ကြဖို့ ဂါဇာမှာ နောက်ဆုံးစစ်ပွဲစတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကတည်းက တောင်းဆိုခဲ့တာပါ။
နိုင်ငံတကာအသိုင်းအဝိုင်းက သူ့ရဲ့တောင်းဆိုမှုကို ထောက်ခံခဲ့ကြပါတယ်၊ ဒါပေမဲ့ စစ်ပွဲတွေက ဆက်ဖြစ်နေပါတယ်။ ဒီတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပြန်ဖြစ်လာမယ့် အစား ဒေသတွင်းမှာ ပိုကျယ်ပြန့်တဲ့ စစ်ဖြစ်လာဖို့ ပိုနီးလာတယ်လို့ ပါလက်စတိုင်း အများအပြားက ယုံကြည်နေပါတယ်။
ကက်စရာ နာဂျီ ဘီဘီစီ ပါရှားဘာသာ သတင်းထောက်
အီရန်အနေနဲ့ ပဲ့ထိန်း မစ်ဇိုင်း ၂၀၀ လောက်ကို သုံးပြီး အစ္စရေးကို တိုက်ရိုက် တိုက်ခိုက်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို အီရန် အထွတ်အထိပ် ခေါင်းဆောင် အလီ ခါမေနီ အနေနဲ့ လွယ်လွယ်လေး ဆုံးဖြတ်ခဲ့တာတော့ မဟုတ်ပါဘူး။
သူက ခပ်မြန်မြန်နဲ့ သေသေချာချာ မစဉ်းစားထားတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို မပေးတတ်ပါဘူး။
သူ့ အဆိုအရ သူက "ဗျူဟာမြောက်စွာ စိတ်ရှည်သည်းခံ" တာကို ပို ဦးစားပေးတတ်ပါတယ်။
ဒါပေမဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်မှုကို ဖယ်ရှားပစ်လိုက်တဲ့ အစ္စရေးကို စစ်ရေး အရ တုံ့ပြန်ဖို့လိုတယ်ဆိုတဲ့ သူတို့ရဲ့ အမာဂိုဏ်းသားတွေ ဆီကရော၊ ဒေသတွင်းက သူတို့ရဲ့ လက်ဝေခံ စစ်သွေးကြွအဖွဲ့တွေဆီကပါ ပေးလာတဲ့ဖိအားတွေကို သူနဲ့ သူ့ အစိုးရ ဟာ ရင်ဆိုင်နေရပါတယ်။
ဘေရွတ်တောင်ပိုင်းက သူတို့ရဲ့ လျှို့ဝှက်နေရာတခုမှာ အကြီးအမားတိုက်ခိုက်ခံရပြီး တော်လှန်ရေးအစောင့်တပ်က ထိပ်တန်း ဗိုလ်ချုပ်တယောက် သေဆုံးခဲ့ရတာ ကိုလည်း တုံ့ပြန်ဖို့ အမာဂိုဏ်းသားတွေက ဖိအားပေးနေတာပါ။
ဇူလိုင်လအတွင်းက တီဟီရန်မှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အရေးကို လက်တုံ့မပြန်ခဲ့တာကလည်း အီရန်အဖို့ မျက်နှာပျက်စရာ ဖြစ်နေခဲ့ပါတယ်။
ပေါက်ကွဲမှုတခုအတွင်း သူသေဆုံးခဲ့ရပြီး ဒါဟာ အီရန်ထဲမှာ လှုပ်ရှားနေတဲ့ အစ္စရေး ထောက်လှမ်းရေးတွေရဲ့ လက်ချက်လို့ အကျယ်အပြန့် ယုံကြည်နေကြတာပါ။
ဒါပေမဲ့ အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင်က သူ့နိုင်ငံဟာ စစ်ပွဲကြီး တခု ဆင်နွှဲဖို့ မတတ်နိုင်သေးဘူးဆိုတာကို သိပါတယ်။
လေတပ်စွမ်းအားပိုင်းမှာ အီရန်ထက် အလွန်သာလွန်တဲ့ အစ္စရေးနဲ့ စစ်ရေးအရ သူတို့ ယှဉ်မရဘူးဆိုတာကို အီရန်က သိပါတယ်။
အစ္စရေး တိုက်လေယာဉ်တွေအတွက် အီရန်ရဲ့ လေပိုင်နက်က ပွင့်နေပါတယ်။ အမေရိကန်နဲ့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေကြောင့် စီးပွားရေးအရလည်း အီရန်ဟာ သိပ်မကောင်းလှပါဘူး။
နိုင်ငံရေးအရလည်း အီရန်မှာ နေထိုင်နေကြတဲ့ ပြည်သူတွေအကြား ဒီအစိုးရက သိပ်ပြီး တာမစားလှပါဘူး။
နိုင်ငံထဲမှာ ပြဿနာတွေက အတော်ရှိနေပြီးသားမို့ အစ္စရေးနဲ့ စစ်ဖြစ်ဖို့ အီရန် နိုင်ငံသား အနည်းငယ်ကသာ ထောက်ခံပါလိမ့်မယ်။ စစ်ပြုရင် နောက် ထပ် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ လာလိမ့်မယ်ဆိုတာကို အီရန်တို့ သိထားသလို၊ အများအပြားကလည်း အစ္စရေးကို ရန်သူလို့ သဘောမထားထားကြပါဘူး။
ဒါပေမဲ့ အထွတ်အထိပ်ခေါင်းဆောင်ကတော့ စွန့်စားပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ စစ်ဘက်နဲ့ ထောက်လှမ်းရေးဆိုင်ရာ ပစ်မှတ်တွေကိုသာ ကန့်သတ်ပြီး တိုက်ခိုက်လိုက်တဲ့ သူတို့ရဲ့ မစ်ဇိုင်းတိုက်ခိုက်မှုကို သူ့အီရန်ပြည်သူတွေက လက်ခံကြမယ်လို့လည်း သူက တွက်ဆခဲ့ပုံရပါတယ်။








