ဟစ်ဇ်ဘိုလာခေါင်းဆောင် အသတ်ခံရပြီးတဲ့နောက် ဘာဆက်ဖြစ်ကြမလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဖရန့် ဂါဒနာ
- ရာထူးတာဝန်, ဘီဘီစီ လုံခြုံရေးသတင်းထောက်
ဟတ်ဇ်ဘိုလာအဖွဲ့ကို ဆယ်စုနှစ် သုံးစုလောက်ဦးဆောင်ခဲ့တဲ့ ဟာဆန် နာဆာရာလာကို အစ္စရေးက တိုက်ခိုက်လုပ်ကြံခဲ့လိုက်တဲ့အတွက် လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးကြားက စစ်ပွဲဟာ တင်းမာမှုအရှိန်အမြင့်ဆုံးကို ရောက်သွားပါတယ်။
ဒီဖြစ်ရပ်ဟာ ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ကြီးကြီးမားမားဖြစ်လာနိုင်တဲ့ စစ်ပွဲကြီးတစ်ခုဆီကို နောက်ထပ်တစ်လှမ်း ပိုနီးကပ်သွားစေပြီး အဲဒီ ပဋိပက္ခထဲမှာ အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကိုလည်း ဆွဲသွင်းလာနိုင်တဲ့ အနေအထားရောက်နေပါတယ်။
ဆိုတော့ လက်ရှိအခြေအနေကနေ ဘယ်လိုဦးတည်သွားနိုင်လဲ။
အဖြေကတော့ အောက်က အခြေခံကျတဲ့ မေးခွန်း ၃ ခုမှာ အခြေတည်နေပါလိမ့်မယ်။
ဟစ်ဇ်ဘိုလာ ဘာလုပ်လာမလဲ
လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့အတွက်ကတော့ ဆုံးရှုံးမှုကြီးတွေ တစ်ခုပြီး တစ်ခုကြုံနေရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ထိပ်တန်းတပ်မှူး တစ်ဒါဇင်ကျော် လုပ်ကြံသတ်ဖြတ်ခံထားရပြီးဖြစ်တာကြောင့် သူ့ရဲ့ ကွပ်ကွဲမှုဖွဲ့စည်းပုံဟာ အခြေမခိုင်ဖြစ်နေပါတယ်။ တပ်ဖွဲ့ဝင်တွေရဲ့ ပေ့ဂျာတွေနဲ့ စကားပြောစက်တွေ ရုတ်တရက်ပေါက်ကွဲမှု ဖြစ်ကုန်တဲ့ကိစ္စကြောင့် အဖွဲ့ရဲ့ ဆက်သွယ်ရေးစနစ်ဆိုရင်လည်း တစ်ဖက်ကဝင်ပြီး အဖျက်အမှောက်လုပ်နိုင်တာကို ကြုံခဲ့ရပြီးဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့ရဲ့လက်နက်တော်တော်များများဟာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် လုံခြုံရေးအကဲခတ် မိုဟာမက် အယ်လ် ဘာရှာကတော့ ''ဟာဆန် နာဆာရာလာ ကို ဆုံးရှုံးမှုဟာ သိသာတဲ့ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ အဖွဲ့အတွင်း ယိမ်းယိုင်မှုဖြစ်လာနိုင်ခြေရှိသလို အဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးဗျူဟာတွေလည်း ရေတိုကာလမှာတော့ ပြောင်းလဲလာနိုင်ပါတယ်'' လို့ ပြောပါတယ်။
ဒါပေမဲ့ အစ္စရေးကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ရုတ်တရက်လက်လျှော့ပြီး အစ္စရေးလိုလားချက်တွေအတိုင်း ငြိမ်းချမ်းရေးသဘောတူညီချက်ယူလိမ့်မယ်ဆိုတဲ့အလားအလာကတော့ ဖြစ်လာနိုင်ဖို့ ရှိမနေပါဘူး။
ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ဆက်ပြီးတိုက်ခိုက်မယ်လို့ ကတိသစ္စာပြုထားပါတယ်။ သူ့မှာ တိုက်ခိုက်ရေးသမား ထောင်သောင်းချီရှိသလို အများစုဟာ ဆီးရီးယားတိုက်ပွဲအတွေ့အကြုံရှိထားသူတွေပါ။ သူတို့ကိုယ်တိုင်ကလည်း သွေးကြွေးဆပ်မယ်လို့ ပြောနေကြသူတွေပါ။
ဒါအပြင် ဟစ်ဇ်ဘိုလာမှာ ဒုံးကျည်တွေ တသီကြီး ကျန်နေပါသေးတယ်။ အဲဒီ ဒုံးကျည်တွေထဲမှာ တဲလ်အဗီးနဲ့ တခြားမြို့ကြီးတွေကို ရောက်နိုင်တဲ့ တာဝေးပစ်နဲ့ ပစ်မှတ်ကို တိတိကျကျ တိုက်ရိုက်ပစ်လွှတ်နိုင်တဲ့ လက်နက်တွေရှိနေပါတယ်။ ဒီလက်နက်တွေ ဖျက်ဆီးတာမခံရခင် အမြန်အသုံးချဖို့ ဟစ်ဇ်ဘိုလာခေါင်းဆောင်ပိုင်းအပေါ်လည်း တပ်ဖွဲ့ဝင်တွေက ဖိအားပေးတာတွေ ရှိလာမှာပါ။
အဲဒီလက်နက်တွေနဲ့ ပစ်ခတ်ရင်တောင် အပြုံလိုက်ကြီးပစ်ခတ်တဲ့ဒီတိုက်ခိုက်မှုဟာ အစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကို ဝန်ဖြစ်ပြီး အရပ်သားတွေ သေဆုံးနိုင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမှာ အစ္စရေးဘက်က တုံ့ပြန်မှုကလည်း အားပြင်းလာနိုင်ပြီး လက်ဘနွန်ရဲ့အခြေခံအဆောက်အုံတွေ ပျက်စီးတဲ့အထိ ဖြစ်နိုင်သလို တိုက်ခိုက်မှုက အီရန်နိုင်ငံအထိ ဆက်ရောက်သွားနိုင်ပါတယ်။
အီရန်ဘက်က ဘာလုပ်လာနိုင်ခြေရှိလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုလုပ်ကြံမှုဟာ ဟစ်ဘိုလာအဖွဲ့နည်းတူ အီရန်နိုင်ငံအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။ အခုလုပ်ကြံမှုမှာသေဆုံးခဲ့တဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်အတွက် နိုင်ငံထဲမှာ ဝမ်းနည်းဖွယ်နေ့ ၅ ရက်သတ်မှတ်တဲ့အကြောင်း အီရန်နိုင်ငံက ကြေညာထားပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရနိုင်ခြေကို ကာကွယ်ဖို့အတွက် အီရန်ဟာ သူ့ရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို ဝှက်ထားတာအပါအဝင် အရေးပေါ် သတိထားတဲ့အခြေအနေတွေလည်း လုပ်နေပါတယ်။
အီရန်သမ္မတသစ်ရဲ့ ကျမ်းကျိန်ပွဲကို တက်ရောက်ဖို့ အီရန်မြို့တော် တီဟီရန်က ဧည့်ဂေဟာမှာ တည်းခိုနေတုန်း ဟားမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ ဇူလိုင်လမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အရှက်ရစရာတိုက်ခိုက်မှုအတွက် အီရန်နိုင်ငံဟာ လက်တုံ့ပြန်တာမရှိသေးပါဘူး။ အခုနောက်ဆုံး နာဆာရာလာအသတ်ခံရပြန်တဲ့အတွက် အီရန်ခေါင်းဆောင်ပိုင်း အစုအဖွဲ့ထဲက သဘောထားတင်းမာတဲ့သူတွေက အစ္စရေးကို လက်တုံ့ပြန်ဖို့ တွန်းတွန်းတိုက်တိုက် လုပ်လာနိုင်ခြေလည်း ရှိနေပါတယ်။
အီရန်မှာ အရှေ့အလယ်ပိုင်းတလွှားက လက်နက်ပြည့်စုံတဲ့စစ်သွေးကြွမဟာမိတ်တွေနဲ့ လည်း တော်လှန်ဝင်ရိုး (Axis of Resistance) လို့ သိကြတဲ့ မဟာမိတ်စုဖွဲ့ထားမှုရှိပါတယ်။
လက်ဘနွန်က ဟစ်ဇ်ဘိုလာအပြင် ယီမင်မှာ ဟူသီသူပုန်အဖွဲ့၊ ဆီးရီးယားနဲ့ အီရတ်နိုင်ငံထဲက အစုအဖွဲ့တွေ သူ့ဘက်မှာ ရှိနေတာပါ။ ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ အစ္စရေးတို့ကို တိုက်ခိုက်မှု တိုးလုပ်ဖို့ အီရန်ဟာ အဲဒီအုပ်စုတွေကို တိုက်တွန်းနိုင်ပါတယ်။
ဒါပေမဲ့ ဘယ်လိုတုံ့ပြန်မှုမျိုးကိုပဲ အီရန်ရွေးချယ်ပါစေ အီရန်အတွက်တော့ အနိုင်ရနိုင်မယ်လို့ မျှော်လင့်လို့ မရတဲ့ စစ်ပွဲတစ်ပွဲဖြစ်မှာမို့ စစ်ကြီးဖြစ်တဲ့ဆီအထိ မရောက်နိုင်မယ့် တုံ့ပြန်မှုပုံစံမျိုးပဲ သူတို့လုပ်လာနိုင်ပါတယ်။
အစ္စရေး ဘာလုပ်မလဲ
ဒီလုပ်ကြံသတ်ဖြတ်မှုမတိုင်ခင်မှာ အစ္စရေးဘက်က စစ်ဆင်မှုတွေ ရပ်ပြီး ဆွေးနွေးတာတွေ လုပ်လာပါ့လားလို့ သံသယရှိခဲ့မယ့်လူတွေအတွက် အခုအချိန်မှာ အဲဒီသံသယ လွင့်ပြယ်လောက်ပြီဖြစ်ပါတယ်။
အစ္စရေးဟာ သူ့ရဲ့ အရင်းနှီးဆုံးမဟာမိတ် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက အဆိုပြုထားတဲ့ ၂၁ ရက်ကြာအပစ်ရပ်သဘောတူညီရေးအတွက် သူ့ရဲ့စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်လိုစိတ် ပြမနေတာကတော့ သေချာပါတယ်။
အစ္စရေး စစ်တပ်ကတော့ သူတို့ဟာ အခုဆိုရင် ဟစ်ဇ်ဘိုလာအဖွဲ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်ပြီလို့ ယူဆပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့တဲ့ ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှု မဖယ်ရှားနိုင်သေးသရွေ့ သူ့ရဲ့ ထိုးစစ်ကို ဆက်ပြီးလုပ်ချင်မှာပါ။
ဟစ်ဇ်ဘိုလာကို အပြီးတိုင်ချေမှုန်းနိုင်ဖို့ကလည်း မဖြစ်နိုင်သေးတော့ ဟစ်ဇ်ဘိုလာရဲ့ ခြိမ်းခြောက်မှုကို အဆုံးသတ်နိုင်ဖို့ဆိုရင် အစ္စရေးအတွက်တော့ မြေပြင်တပ်ဖွဲ့တွေ လက်ဘနွန်ထဲ လွှတ်ပြီး တိုက်တာမျိုး မလုပ်ဘဲ ရနိုင်မှာ မဟုတ်ပါဘူး။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က နယ်စပ်မှာ သူ့တပ်ဖွဲ့ရဲ့ခြေလျင်တပ်ဖွဲ့တွေရဲ့ စစ်သင်တန်း ရုပ်သံတစ်ခုကို ထုတ်ပြန်ခဲ့တာကို ကြည့်ရင် ဒီအတွက် ရည်ရွယ်တာကို မြင်တွေ့နိုင်ပါတယ်။
ဒါပေမဲ့ ဟစ်ဇ်ဘိုလာဟာလည်း နောက်ဆုံးစစ်ပွဲ ပြီးဆုံးချိန်ကတည်းက နောက်ထပ် စစ်ပွဲတစ်ခုအတွက် သင်တန်းပေး အရှိန်ယူခဲ့တာ ၁၈ နှစ်ထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။ သူမသေခင်နောက်ဆုံးပြောသွားတဲ့ လူထုမိန့်ခွန်းမှာတော့ နာဆာရာလာက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အစ္စရေးရဲ့ကျူးကျော်မှုဟာ ဖြစ်လာနိုင်ခြေရှိပြီး အဲဒီအခါ သူ့အပြောအရဆိုရင် အဲဒီကျူးကျော်မှုက ''သမိုင်းဝင် အခွင့်ကောင်းတစ်ရပ်'' လို့ နောက်လိုက်နောက်ပါတွေကို ပြောထားပါတယ္။
အစ္စရေးကာကွယ်ရေးတပ် IDF လက်ဘနွန်ကို ဝင်မယ်ဆိုရင် ဒါက မခက်ပါဘူး။ ဒါပေမဲ့ ပြန်ထွက်နိုင်မယ့်အပိုင်းမှာတော့ ဂါဇာမှာလိုပဲ လတွေအများကြီး ကြာသွားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA













