အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ အပြန်အလှန်တိုက်ခိုက်နေပြီ

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး လက်ဘနွန်တောင်ပိုင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး လက်ဘနွန်တောင်ပိုင်း

လက်ဘနွန်နိုင်ငံထဲမှာ ပေဂျာ ဆက်သွယ်ရေးစက်တွေ ပေါက်ကွဲမှုနဲ့ အစ္စရေးဘက်က အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေကို စက်တင်ဘာ ၁၉ ကြာသပတေးနေ့တုန်းက စလုပ်ခဲ့ပြီးနောက် လက်ဘနွန်ထဲက ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တွေကလည်းအစ္စရေးဘက်ကို ရော့ကက်ဒုံးကျည်တွေနဲ့ တိုက်ခိုက်လိုက်ပါတယ်။

အစ္စရေးမြောက်ပိုင်းက စစ်စခန်းတချို့ကို သောကြာနေ့ (စက်တင်ဘာ ၂၀) မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာဘက်က ပြောပါတယ်။

ဟစ်ဇ်ဘိုလာဘက်က အစ္စရေးရဲ့ ယိုအက်ဗ် စစ်စခန်းက မစ်ဆိုင်းနဲ့ အမြောက်တပ်ကို ပစ်မှတ်ထားခဲ့သလို ကီလာက လေကြောင်းနဲ့မစ်ဆိုင်းဌာနချုပ်ကိုပါ ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး ဘီရီယာက လေကြောင်းရန်ကာကွယ်ရေး မစ်ဆိုင်းစခန်းကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစ္စရေးသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်က စစ်စခန်း ၂ ခုကိုလည်း ပစ်မှတ်ထားတယ်လို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ကလည်း လက်ဘနွန်ဘက်ကနေ ရော့ကက်ဒုံးကျည်နဲ့ ပစ်ခတ်ခံရမှု အကြိမ် ၁၄၀ ရှိခဲ့တယ်လို့ အတည်ပြုပါတယ်။ အဲဒီထဲက ဂိုလန်ကုန်းမြင့်ကို ပစ်ခတ်တဲ့ ရော့ကက်တွေထဲက တချို့ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ရော့ကက်ကျရောက်ပေါက်ကွဲလို့ မီးလောင်တဲ့နေရာတွေမှာ မီးသတ်ဌာနတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်ရှိနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

တချို့ရော့ကက်တွေကတော့ ကွင်းပြင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့ ပြောပါတယ်။

အစ္စရေးမြောက်ပိုင်း တခြားဒေသမှာတော့ ဒဏ်ရာရသူတစ်ဦးရှိတယ်လို့ အစ္စရေးရဲက အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဂိုလန်ကုန်းမြင့်ဒေသမှာ ဟစ်ဇ်ဘိုလာရော့ကက်ဒုံးကျည် ကျရောက်ပြီးနောက် မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂိုလန်ကုန်းမြင့်ဒေသမှာ ဟစ်ဇ်ဘိုလာရော့ကက်ဒုံးကျည် ကျရောက်ပြီးနောက် မြင်ကွင်း

ဟစ်ဇ်ဘိုလာဘက်က အခုနောက်ဆုံး ရော့ကက်တွေနဲ့ မတိုက်ခိုက်ခင် အစ္စရေးဘက်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘက်ဘနွန်တောင်ပိုင်း ကက်ဖာကီလာရွာမှာ မီးခိုးတွေ အူထွက်နေတာကို ဗီဒီယိုနဲ့ရုပ်ပုံတွေမှာ မြင်ရပါတယ်။

အစ္စရေးစစ်တပ်ဘက်က သူတို့ဟာ ကဖာကီလာဒေသက ဟစ်ဇ်ဘိုလာလက်နက်ကိုင်တစ်ဦးကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာအဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။

ဟစ်ဇ်ဘိုလာခေါင်းဆောင် ရဲ့ ရုပ်မြင်သံကြားမိန့်ခွန်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဟစ်ဇ်ဘိုလာခေါင်းဆောင် ရဲ့ ရုပ်မြင်သံကြားမိန့်ခွန်း

ပေဂျာပေါက်ကွဲမှုတွေအပြီး အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ကြုံးဝါး

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုနောက်ဆုံးဖြစ်စဉ်တွေ စဖြစ်ခဲ့တာကတော့ လက်ဘနွန်နိုင်ငံတဝန်းမှာ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အုပ်စုဝင်တွေ အချင်းချင်း ဆက်သွယ်ရာမှာ အသုံးပြုတဲ့ ကြိုးမဲ့ဆက်သွယ်ရေးစက် ပေဂျာပေါက်ကွဲမှုတွေကနေ စခဲ့တာပါ။

ဒါဟာ အစ္စရေးရဲ့ စစ်ကြေညာမှုပဲလို့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်က ပြောပါတယ်။

စက်တင်ဘာ ၁၆ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူ ၁၂ ဦး ရဲ့ အသုဘအခမ်းအနား ကို စက်တင်ဘာ ၁၇ ရက်မှာ လုပ်နေချိန်မှာ ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာ့စ်ရာလာ ကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးစစ်တပ်ဟာ မဖြတ်သင့်တဲ့ ‘‘မျဉ်းနီအားလုံးကို ဖြတ်ခဲ့ပြီ’’လို့ ပြောလိုက်ပါတယ်။

ဟစ်ဇ်ဘိုလာအတွက် “မကြုံစဖူး ထိုးနှက်ချက်” လို့ ဟာဆန်နာ့စ်ရာလာ က သူ့မိန့်ခွန်းမှာဝန်ခံထည့်ပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေရှိနေပေမဲ့ ဆက်လက်တိုက်ပွဲဝင်ပြီး “ဒီအတွက်အကျိုးဆက်ကိုခံစားရစေမယ်” လို့ အစ္စရေးကို ရည်ညွှန်းပြီး သူက ထောက်ခံအားပေးသူတွေကို ကတိပြုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေက ပေါက်ကွဲမှုကြောင့် ၃၇ ဦး သေဆုံးပြီး ၃,၀၀၀ ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောထားပြီး ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ အစ္စရေးဘက်က တစ်စုံတစ်ရာ ထုတ်ပြောတာ မရှိခဲ့ပါဘူး။

ဟာဆန် နာ့စ်ရာလာ အဲဒီလို ပြောနေချိန်မှာပဲ ဘေရွတ်မြို့ပေါ်မှာ အစ္စရေးစစ်လေယာဉ်တွေရဲ့ အသံတွေထွက်ပေါ်လာပြီး ထိတ်လန့်တကြားဖြစ်နေပြီးသားသူတွေကို ပိုပြီး ကြောက်လန့်တကြားဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ လက်ဘနွန်တောင်ပိုင်းက ပစ်မှတ်တွေ လေကြောင်းကနေ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဟစ်ဇ်ဘိုလာရဲ့ အကြမ်းဖက်မှုတွေနဲ့ သူတို့ အသုံးပြုနေတဲ့ အခြေခံအဆောက်အဦတွေပျောက်ကွယ်သွားစေဖို့လုပ်တာဖြစ်ပြီး ဒါက “အစ္စရေးမြောက်ပိုင်းရဲ့ လုံခြုံရေး” အတွက်လို့ တုံ့ပြန်ထားပါတယ်။

ဂါဇာစစ်ပွဲကနေတစ်ဆင့်ဖြစ်လာတဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ကြား ဆယ့်တစ်လကြာ နယ်စပ်ဖြတ်ကျော်တိုက်ပွဲတွေကြောင့် လူရာနဲ့ ချီ သေဆုံးထားပါတယ်။ အများစုက ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေ ဖြစ်ပါတယ်။ နယ်စပ်နှစ်ဖက်စလုံးမှာ အခြေချနေရတဲ့ သောင်းနဲ့ချီတဲ့ သူတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အုပ်စုဝင်တွေ အချင်းချင်း ဆက်သွယ်တဲ့အခါ အသုံးပြုတဲ့ ပေဂျာတွေ ဆက်တိုက်နီးပါး ထပေါက်ကွဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အုပ်စုဝင်တွေ အချင်းချင်း ဆက်သွယ်တဲ့အခါ အသုံးပြုတဲ့ ပေဂျာတွေ ဆက်တိုက်နီးပါး ထပေါက်ကွဲ

ဟစ်ဇ်ဘိုလာက ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်ကို ထောက်ခံကြောင်း ပြောကြားထားပါတယ်။ သူတို့ နှစ်ဖွဲ့လုံးကို အီရန်က ကျောထောက်နောက်ခံပြုထားပြီး အစ္စရေး၊ ဗြိတိန်နဲ့ အခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားပါတယ်။

ဟာဆန်နာ့စ်ရဲလားရဲ့ ကြာသပတေးနေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောတာတွေကတော့ အံ့သြစရာ မရှိပါဘူး။ ပေဂျာပေါက်ကွဲမှုတွေအပြီး သူပထမဆုံးပြောတဲ့ ရုပ်သံမိန့်ခွန်း ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုတွေက လက်ဘနွန်တဝန်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သလို ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ကြား နောက်ထပ်စစ်ပွဲကြီးတစ်ခု ဖြစ်လာမလားဆိုတာမျိုး စိုးရိမ်ထိတ်လန့်နေကြပါတယ်။

အင်္ဂါနေ့တုန်းက ပေဂျာတွေ ဆက်တိုက်နီးပါး ထပေါက်ကွဲခဲ့တဲ့အတွက် လူထောင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး ကလေးငယ် ၂ ဦး အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အပြောအရ နောက်ရက်မှာလည်း စကားပြောစက် ဝေါ်ကီတော်ကီတွေ ထပ်ပေါက်ကွဲလို့ နောက်ထပ် ၂၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ဘနွန်နဲ့ အမေရိကန် သတင်းရင်းမြစ်တွေကို ကိုးကားပြီးထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေဂျာ ကိရိယာထဲမှာ ဒါမှမဟုတ် အဲဒီစက်ရဲ့ ဘတ္ထရီတွေထဲမှာ အစ္စရေးထောက်လှမ်းရေးဘက်က ဖောက်ခွဲရေးပစ္စည်းတချို့ကို ထည့်ထားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

“ရန်သူက စည်းမျဉ်းတွေ၊ ဥပဒေတွေ၊ စည်းဘောင်တွေကို အကုန်ချိုးဖျက်ခဲ့တယ်။ သူတို့ ဘာကိုမှ ဂရုမစိုက်ဘူး၊ ကျင့်ဝတ်မရှိဘူး၊ လူသားဆန်တဲ့ စိတ်မရှိဘူး၊ တရားလက်လွတ် လုပ်ခဲ့တယ်'' လို့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာ့စ်ရဲလားက ပြောပါတယ်။

“ဒါက လက်ဘနွန်ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပါ။ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအပေါ် အကြီးအကျယ် ရန်လိုမှုလည်း ဖြစ်တယ်။ စစ်ရာဇ၀တ်မှု ဒါမှမဟုတ် စစ်ကြေညာလိုက်တာလို့တောင် ပြောရမှာပါ။ ဒါက ရန်သူရဲ့ ရည်ရွယ်ချက်ပဲ” လို့ သူကပြောပါတယ်။

ဟစ်ဇ်ဘိုလာ ခေါင်းဆောင်က အခုကိစ္စက သူတို့အဖွဲ့အတွက် မကြုံစဖူး ကြီးမားတဲ့ထိုး နှက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့ပေမဲ့ သူ့ရဲ့ အမိန့်ပေးမှုနဲ့ ဆက်သွယ်ပြောဆိုနိုင်မှုက ဆက်ပြီးရှိနေမယ်လို့ ဆိုပါတယ်။

ဟာဆန် နာ့စ်ရဲလားက ဒီလုပ်ရပ်တွေအတွက် ပြန်လည်တိုက်ခိုက်ဖို့ ကြုံးဝါးထားပြီး အစ္စရေးကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးမယ်လို့ ကတိပြုကြောင်းပြောပါတယ်။ ဟစ်ဇ်ဘိုလာက အစ္စရေးနဲ့ လက်ရှိပဋိပက္ခ တိုးမြင့်လာမှာကိုလည်း စိတ်မဝင်စားခဲ့ဘူးလို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးမရှိရင်၊ နောက်ပြီး အစ္စရေးမြောက်ပိုင်းက ဒေသခံတွေအပေါ် သတ်ဖြတ်မှုတွေ ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်မှုတွေ ဆက်ရှိနေမယ်ဆိုရင် ဟစ်ဇ်ဘိုလာအနေနဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေက ဆက်ပြီးလုပ်နေဦးမယ်လို့လည်း သူက ပြောပါတယ်။

ဟာဆန် နာ့စ်ရဲလား ရဲ့ မိန့်ခွန်းမစမီမှာ ဟစ်ဇ်ဘိုလာကို ထောက်ခံသူ လူအုပ်ကြီးက အင်္ဂါနေ့က သေဆုံးခဲ့တဲ့ အဖွဲ့ဝင်နှစ်ဦးကို သင်္ဂြိုဟ်ဖို့ မြို့တော်တောင်ပိုင်း ဆင်ခြေဖုံး မှာ စုရုံးခဲ့ကြပါတယ်။ ပေါက်ကွဲမှုတွေကြောင့် တုန်လှုပ်သွားခဲ့ရတယ်လို့ လူတချို့က ပြောပေမဲ့ ပြန်ခုခံဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့ မနက်ပိုင်းက လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေက တင့်ကားဖျက် ဒုံးကျည်နှစ်စင်းနဲ့တိုက်ခိုက်ခဲ့တဲ့အပြင် မောင်းသူမဲ့ဒရုန်းယာဉ်တွေသုံးပြီး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။

အစ္စရေးစစ်တပ် (IDF) ကတော့ အဲဒီတိုက်ခိုက်ခံရမှုကြောင့် အစ္စရေးစစ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာ ရထားတယ်လို့ ပြောပါတယ်။

အစ္စရေးက သူ့ရဲ့ စစ်ရေးဖော်ဆောင်မှုကို ဂါဇာကနေ အစ္စရေးမြောက်ပိုင်းကို ပြောင်းလဲ ကိုင်တွယ်နေပြီလို့ ပြောလိုက်တဲ့နောက် အခုလိုနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေပေါ်လာတာပါ။

အစ္စရေး စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီ ဟယ်လီဗီ ကတော့ မြောက်ပိုင်းက စစ်ဆင်ရေးအတွက် မကြာသေးခင်ကပဲ အစီအစဥ်တွေ အတည်ပြုခဲ့ပြီးပြီလို့ ပြောပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါးလန့် ကတော့ စစ်ဘက်နှင့် ထောက်လှမ်းရေး အကြီးအကဲများအစည်းအဝေးမှာ “စစ်ပွဲရဲ့ စစ်ဆင်ရေးသစ်မှာ သိသာထင်ရှားတဲ့ အခွင့်အလမ်းတွေရှိပေမဲ့ သိသာထင်ရှားတဲ့ အန္တရာယ်တွေလည်းရှိနေတယ်'' လို့ ပြောခဲ့ပါတယ်။

“ဟစ်ဇ်ဘိုလာတွေဘက်က သူ့တို့ဟာ ဖိနှိပ်ခံနေရတယ်လို့ ခံစားနေကြရပြီး နောက်ဆက်တွဲ စစ်ရေး လုပ်ဆောင်ချက်တွေက ဆက်ရှိနေမှာပါ” သူကဖြည့်ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်းကပေါက်ကွဲမှု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လက်ဘနွန်တောင်ပိုင်းကပေါက်ကွဲမှု

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အစ္စရေးမြောက်ပိုင်းကို အရပ်သားတွေ ဘေးကင်းစွာ ပြန်လာနိုင်ရေးဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာရဲ့ လုပ်ရပ်တွေကြောင့် အချိန်ကြာလေ ပေးဆပ်ရတာပိုများလေဖြစ်လာပါလိမ့်မယ်'' လို့ သူက ဆက်ပြောပါတယ်။

အစ္စရေးဘက် သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ကို အပြည့်အဝ ရောက်ဖို့ ဘယ်လို ရည်ရွယ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ အခုသီတင်းပတ်အစောပိုင်းက သတင်းတွေအရ IDF ရဲ့ မြောက်ပိုင်းစစ်ဌာနချုပ်တာဝန်ခံ ဗိုလ်ချုပ်တစ်ဦးက လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးထိန်းချုပ်နိုင်တဲ့ ကြားခံဇုန်တစ်ခု ဖန်တီးဖို့သင့်ကြောင်း အကြံပြုထားပါတယ်။

ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာ့စ်ရဲလားကတော့ သူ့ရဲ့ မိန့်ခွန်းမှာ အစ္စရေးရဲ့ မြောက်ပိုင်းစစ်ဌာနချုပ်တာဝန်ခံ ဗိုလ်ချုပ်ကို အရူးအမိုက် လို့ သုံးနှုန်းခေါ်ဆိုခဲ့ပြီး အစ္စရေးအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာမယ်လို့ ပြောထားပါတယ်။