ယာယာ ဆင်ဝါ ဟားမတ်စ်ခေါင်းဆောင်ဖြစ်လာတာ ဂါဇာနဲ့ အစ္စရေးအတွက် ဘယ်လိုအဓိပ္ပာယ်ဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ရင်းမ် အယ်ရှိတ်
- ရာထူးတာဝန်, ဘီဘီစီ/အာရဗီ
ဟားမတ်စ် ခေါင်းဆောင် အစ္စမေလ် ဟာနီယာ လုပ်ကြံခံရပြီးတဲ့နောက် ယာယာ ဆင်ဝါ ကို ဟားမတ်စ်ရဲ့ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ ကြေညာချက်ဟာ တချို့အတွက် အံ့သြသင့်စရာဖြစ်ခဲ့ပါတယ်။
အဘူ အီဘရာဟင်လို့ အများအားဖြင့်သိကြတဲ့ ဆင်ဝါဟာ ဟားမတ်စ်အဖွဲ့က ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနိုင်ငံတောင်ပိုင်းကို တိုက်ခိုက်မှုမှာ အဓိကကြိုးကိုင်ခဲ့သူလို့ သိထားကြပါတယ်။ သူ့ကို မတွေ့တွေ့အောင်ရှာ ဖွေရှင်းလင်းမယ်လို့ဆိုပြီး အစ္စရေးဘက်က ပြောဆိုမှု ခံထားရသူလည်း ဖြစ်ပါတယ်။
သူဟာ ဟားမတ်စ်အဖွဲ့ရဲ့ ဂါဇာကမ်းမြောင်က ခေါင်းဆောင်အဖြစ် လူသိထားတာဖြစ်ပြီး အခုတော့ နိုင်ငံရေးအဖွဲ့မှာပါ ခေါင်းဆောင်ဖြစ်လာပါတယ်။
ဟားမတ်စ်အဖွဲ့က ဆင်ဝါကို ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာဟာ ဟားမတ်စ်နဲ့ အစ္စရေးကြား စစ်ပွဲအတွက် ဘယ်လို အဓိပ္ပာယ်ဆောင်လဲ၊ နောက်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ အပစ်ရပ်ရေးရည်ရွယ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ။
ဂုဏ်ပြုမှုတွေနဲ့ လက်မှိုင်ချမှု
ယာယာ ဆင်ဝါကို ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို သူတို့နဲ့ အချိန်အကြာကြီး ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့တဲ့ ဖာတာ အဖွဲ့လို အဖွဲ့တွေအပါအဝင် ပါလက်စတိုင်းက အစုအဖွဲ့တွေက ဂုဏ်ပြုကြပါတယ်။
ဖာတာအဖွဲ့ရဲ့ ဗဟိုကော်မတီ အတွင်းရေးမှူး ဂျဘရီယယ် ရာဇု့ (Jibril Rajoub) ကတော့ ဟားမတ်စ်အဖွဲ့ရဲ့ အခုဆုံးဖြတ်ချက်ဟာ ''သူရဲကောင်း အစ္စမေလ် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် မျှော်လင့်ထားပြီးသား လက်တွေ့ကျကျ တုံ့ပြန်မှုတစ်ခု'' ဖြစ်တယ်လို့ ပြောပါတယ်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေး ခတ်ဇ်(Israel Katz) ကတော့ ဆင်ဝါကို ဟားမတ်စ် ခေါင်းဆောင်အနေနဲ့ ခန့်အပ်မှုဟာ ''သူ့ကို မြန်မြန်ရှင်းလင်းဖို့ နောက်ထပ် အကြောင်းရင်းခံဖြစ်လာစေတယ်''လို့ လူမှုကွန်ရက် X( အရင်က တွစ်တာ) မှာ ရေးသားပါတယ်။
အစ္စရေးစစ်တပ် ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဟယ်ဇီ ဟလယ်ဗီ (Herzi Halevi) ကတော့ ''ဆင်ဝါ့ရဲ့ နာမည်ကို အပြောင်းအလဲ လုပ်လိုက်ရုံနဲ့ ကျွန်တော်တို့က သူကို လိုက်ရှာပြီး တိုက်ခိုက်မှာကို ဟန့်တားနိုင်မှာမဟုတ်ပါဘူး'' လို့ သူက ပြောပါတယ်။
စစ်ဒဏ်ကြောင့် ပင်ပန်းနေပြီဖြစ်တဲ့ ပါလက်စတိုင်းတွေအတွက်တော့ ဆင်ဝါရဲ့ ခန့်အပ်မှုကို စိုးရိမ်ကြောင်းပြောသလို အကောင်းမမြင်တဲ့အရိပ်အယောင်လည်း မြင်ရပါတယ်။
''သူက တိုက်ခိုက်ရေးသမားလေ။ စေ့စပ်ညှိနှိုင်းတာတွေ ဘယ်လိုဖြစ်လာနိုင်မှာလဲ'' လို့ ဂါဇာမြို့က စစ်ဘေးရှောင် မိုဟာမက် အယ်လ် ရှာရစ်က ပြောပါတယ်။ သူက လက်ရှိမှာ ဒီယာ အယ်လ် ဘလားမှာနေထိုင်နေပါတယ်။
ဆင်ဝါကို ခန့်အပ်လိုက်ပြီဆိုတဲ့သတင်းကိုတော့ အစ္စရေးတွေဘက်က တုန်လှုပ်မှုရှိနေပါတယ်။ ဟာနန်လို့ခေါ်တဲ့ ကော်ပိုရိတ် မန်နေဂျာတစ်ဦးကတော့ ''ရွေးချယ်လိုက်တဲ့ကိစ္စမှာ စကားပြောပါတယ်။ ဆင်ဝါကို ရွေးချယ်လိုက်တယ်ဆိုတဲ့နေရာမှာ သွေးထွက်သံယို အဖြစ်နည်းအောင်လုပ်မယ့်သူ၊ နည်းနည်း အစွန်းမရောက်သူကို ရွေးဖို့ သူတို့ မရွေးခဲ့ဘူးလို့လည်း ဆိုလိုရာရောက်ပါတယ်'' လို့ သူက အေအက်ဖ်ပီသတင်းကို ပြောပါတယ်။
ဟားမတ်စ်က အစ္စရေးကို သတင်းစကားပါးလိုက်တဲ့ သုံးချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆင်ဝါကို ရွေးချယ်ရာမှာ ဟားမတ်စ်အနေနဲ့ အစ္စရေးကိုရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ သတင်းစကားအတော်များများ ပါးလိုက်ချင်ပုံရပါတယ်။
ဟားမတ်စ်အရာရှိ အိုစမာ ဟမ်ဒန်ကတော့ ဆင်ဝါကို ရွေးချယ်လိုက်တဲ့နောက်မှာ သတင်းစကား ၃ ခုရှိတယ်လို့ ဆိုပါတယ်။
ပထမတစ်ချက်ကတော့ ဟားမတ်စ်ဟာ ခက်ခဲတဲ့အခြေအနေတွေကြားမှာတောင် ''သင့်တော်တဲ့ဆုံးဖြတ်ချက်'' တွေ ပြုလုပ်နိုင်စွမ်းရှိနေသေးပြီး ဟားမတ်စ်လှုပ်ရှားမှု ''စည်းစည်းလုံးလုံးရပ်တည်နေတယ်'' ဆိုတာအပြင် ဆင်ဝါကို ရွေးချယ်မှုဟာ ''လုံးဝ စည်းလုံးမှု'' နဲ့ရွေးချယ်ခဲ့တာလို့ ဟမ်ဒမ်က ပြောပါတယ်။
ဒုတိယ တစ်ချက်ကတော့ ''လှုပ်ရှားမှုကတော့ ရှေ့ဆက်ပြီး ဆက်လှမ်းနေမှာပါပဲ။ ပြီးတော့ ဒါကို ဆက်ပြီး ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေကလည်း ဆက်ပြီးရှိနေပါတယ်။ တတိယတစ်ချက်ကတော့ ဟားမတ်စ်ဟာ သူ့အပေါ်မှာရှိနေတဲ့ ဖိအားတွေကြောင့် မူရင်းကိုင်ဆွဲထားတဲ့ ရပ်တည်ချက် စည်းမျဥ်းတွေကို သွေဖယ်တာနဲ့ ရပ်တည်ချက်ယိမ်းယိုင်တာမျိုး ရှိမှာမဟုတ်ပါဘူး။
နိုင်ငံရေးနဲ့ မဟာဗျူဟာလေ့လာရေးဆိုင်ရာ အယ်လ် အဟမ်စင်တာက နိုင်ငံရေးသုတေသီလည်းဖြစ်၊ စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ဘာရှာ အက်ဘ်ဒဲ ဖာတာကတော့ ဆင်ဝါကို ရွေးချယ်မှုဟာ ''တင်းမာမှုမြင့်တက်စေတဲ့ သတင်းစကား'' တစ်ခုဖြစ်တယ်လို့ ဘီဘီစီ အာရဗီ ဘာသာစကားဌာနက ကိုပြောပါတယ်။
''အီရန်နဲ့ နီးစပ်သူလို့ သိကြတဲ့ မြေပြင်မှာစစ်ရေးဦးဆောင်နေသူ၊ နောက် အစ္စရေးနဲ့ပတ်သက်ပြီး တင်းမာတဲ့ရပ်တည်ချက်ရှိသူ တစ်ဦးကို နိုင်ငံရေးဘက်ပဲဖြစ်ဖြစ်၊ စစ်ရေးဘက်မှာပဲဖြစ်ဖြစ် ရွေးချယ် လိုက်တာကို ကြည့်ရင် ဟားမတ်စ်ဟာ စစ်ရေးဘက်မှာ ရုန်းကန်နေရတယ်ဆိုတာကို ပြသလို တဖက်မှာလည်း သူကြုံနေရတဲ့ဖိအားတွေနဲ့ ထိခိုက်မှုတွေကြောင့် နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့လည်း ပြသနေပါတယ်''
ဂါဇာထဲကနေ ဦးဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာကမ်းမြောက်ထဲမှာ နေထိုင်တဲ့ ဟားမတ်စ်ခေါင်းဆောင်တစ်ယောက်ကို အခုလို ခန့်အပ်တာ ဒီတစ်ကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။
အသတ်ခံလိုက်ရတဲ့ အစ္စမေလ် ဟာနီယာဆိုရင်လည်း ကာတာကို မထွက်ခွာခင်အထိ ဂါဇာကမ်းမြောင်ထဲမှာ သူ့ရဲ့ခေါင်းဆောင်တာဝန်ထမ်းဆောင်မှုကို ၂ နှစ်နီးပါးကြာ ထမ်းဆောင်ခဲ့ပါတယ်။
အိုစမာ ဟမ်ဒန်ကတော့ ''သူ့ခေါင်းဆောင်တွေ ဂါဇာကမ်းမြောက်ထဲမှာပဲနေနေ၊ ပြင်ပမှာပဲနေနေ ဟားမတ်စ်အုပ်ချုပ်ရေးဟာ အထေ့ထေ့ အငေါ့ငေါ့ ဖြစ်တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး'' လို့ မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ ဆင်ဝါကတော့ အစ္စမေလ် ဟာနီယာနဲ့ မတူပါဘူး။
အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုမှာ ယာယာဆင်ဝါက လက်သည်လို့ဆိုပြီး အစ္စရေးကလည်း ''(ဆင်ဝါ)ကို ပိုက်စိပ်တိုက်ရှာမယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါ့အပြင် သူ့ကို ဖမ်းနိုင်အောင် သတင်းပေးနိုင်တဲ့သူကိုလည်း ဒေါ်လာ ၄ သိန်း ပေးမယ်လို့ အစ္စရေး စစ်တပ်က ဆုကြေးထုတ်ပါတယ်။
''ဆင်ဝါကို လက်တွေ့ကျကျ စဥ်းစားချက်တွေနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်'' လို့ အန်နာဂျာအမျိုးသားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရပ်ဆိုင်ရာပါမောက္ခ ဟတ်ဆန် အယု က ပြောပါတယ်။
''ဟာနီယာကို အစ္စရေးက ပစ်မှတ်ထားခဲ့သလိုပဲ ကမ်းမြောင်အပြင်မှာ နေထိုင်တဲ့ ဘယ်ခေါင်းဆောင်ကိုမဆို ပစ်မှတ်ထားနိုင်ခြေရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ဝါက ဂါဇာထဲမှာဖြစ်တယ်။ ပြီးတော့ အစ္စရေးကလည်း သူ့ကို ရှင်းဖို့ ကြိုးပမ်းနေတာ အတော်ကြာပါပြီ''
ဆင်ဝါတစ်ယောက် လူ မြင်ကွင်းမှာ မတွေ့ရတာကတော့ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ဖြစ်ပါတယ်။
မမျှော်လင့်ထားတဲ့ ရွေးချယ်မှု
အစ္စမေလ် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ဟားမတ်ခေါင်းဆောင်သစ်ရွေးချယ်မှုမှာ ဆင်ဝါတစ်ယောက် အခရာကျတဲ့ကဏ္ဍကနေ ပါဝင်လိမ့်မယ်လို့ အကဲခတ်တွေက ယူဆခဲ့ကြပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ ဟားမတ်စ်ခေါင်းဆောင်တွေရဲ့ နာမည်ကို မီဒီယာတွေမှာ သတင်းဖော်ပြခဲ့ကြပေမဲ့ သူ့နာမည် မဖော်ပြခဲ့ကြတာကလည်း အကြောင်းရင်းတစ်ခုဖြစ်နေခဲ့တာကြောင့်ပါ။
ဒါပေမဲ့ ယာယာ အယ်လ် ဆင်ဝါကို ရွေးချယ်မှုဟာ ဟားမတ်စ်အဖွဲ့ဟာ ခေါင်းဆောင်ရွေးချယ်ဖို့ အလောသုံးဆယ် ဆုံးဖြတ်ခဲ့ရတာလားဆိုတဲ့မေးခွန်းတွေ ထွက်လာစေပါတယ်။ အကဲခတ် အချို့ကတော့ သူ ခေါင်းဆောင်တာဝန်ယူတာဟာ ''ယာယီ'' ဖြစ်နိုင်ပြီး ဂါဇာမှာ စစ်ပွဲပြီးတာနဲ့ သူ့နေရာမှာ အစားထိုးမယ့်သူ ပေါ်လာလိမ့်မယ်လို့ ဆိုပါတယ်။
ဟားမတ်စ်အရာရှိ အိုစမာ ဟမ်ဒန်ကတော့ ဒီပြောဆိုချက်တွေကို ပယ်ချပြီး ''အတွင်းကျကျ လေ့လာကြည့်မယ်ဆိုရင် လူတိုင်းဟာ (ဆင်ဝါ)နဲ့ မဟာမိတ်ဖြစ်ဖို့ပဲ ကတိပြုထားတယ်'' လို့ ပြောပါတယ်။
နိုင်ငံရေးကြောင်းရေးသားသူလည်းဖြစ် သုတေသီတစ်ဦးလည်းဖြစ်တဲ့ ဘာရှီယာ အက်ဘ်ဒဲ ဖက်တာ ကတော့ ဟားမတ်စ်အဖွဲ့ဟာ ''ခေါင်းဆောင်မှုပိုင်းမှာ လူ လစ်ဟာ သွားတာနဲ့ အဲဒီနေရာကို ချက်ချင်း လူ စားထိုးနိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကို ပြသချင်ပုံရတယ်'' လို့ ဘီဘီစီ အာရဗီ ဘာသာစကားဌာနကို ပြောပါတယ်။
ပါမောက္ခ အယု ကတော့ ဆင်ဝါကို ခန့်အပ်မှုဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာလည်း ရိုက်ခတ်မှုရှိတယ်ဆိုတဲ့အကြောင်း ထပ်လောင်း ပြောပါတယ်။
သူကတော့ ''သူက ပါလက်တိုင်းအစုအဖွဲ့တွေအားလုံးနဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းရှိတဲ့သူဖြစ်သလို ဖာတာ ဦးဆောင်တဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ ဟားမတ်စ်တို့ကြားမှာ ဆက်ဆံရေးကို ပြေလည်အောင် လုပ်ထားနိုင်တယ်'' လို့ ပြောပါတယ်။
အကဲခတ်တွေကတော့ ဆင်ဝါဟာ ဂါဇာကမ်းမြောက်မှာရှိတဲ့ ဟားမတ်အဖွဲ့ ခေါင်းဆောင်အဖြစ် သူ ဦးဆောင်နေချိန်အတွင်း ''ကွာဟချက်သုည'' ဆိုတဲ့ မူဝါဒကို အဖွဲ့အစည်းအတွင်းနဲ့ ဒေသတွင်း ခေါင်းဆောင် အဆင့်ဆင့်ကြား လုပ်ဆောင်နိုင်ခဲ့သလို ဟားမတ်စ်အဖွဲ့နဲ့ ဆီးရီးယားကြားမှာလည်း ခပ်တန်းတန်းဖြစ်ခဲ့တဲ့နှစ်တွေကို အဆုံးသတ်နိုင်ခဲ့ပြီး ဟားမတ်စ်အဖွဲ့ကို ဆော်ဒီ အာရေးဗျဆီ ပြန်ချဥ်းကပ်ဖို့လည်း တွန်းတွန်းတိုက်တိုက်လုပ်ခဲ့တယ်လို့ ပြောကြပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ အထွေထွေ နိုင်ငံရေးဗြူရိုခေါင်းဆောင် တစ်ဦးနေရာဟာ ဟားမတ်စ်လှုပ်ရှားမှုမှာ အဖွဲ့အစည်းအနေနဲ့ကြည့်ရင် အမြင့်ဆုံးနေရာအဖြစ် မှတ်ယူနိုင်ပါတယ်။ ၄ နှစ်ကို တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်ပြီး အဲဒီအတောအတွင်းမှာပဲ ရှူရာကောင်စီလို့ ခေါ် တဲ့ ကောင်စီ တစ်ခုကို ခေါ် ပါတယ်။ အဲဒီကောင်စီမှာ နိုင်ငံရေးကောင်စီရဲ့ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်ကို ရွေးချယ်ပေးတဲ့ နိုင်ငံရေးဗြူရိုအဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
ခါးသီးတဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာမလား
အစ္စရေးဟာ ဆင်ဝါကို ''ခွ အကျဆုံးနဲ့ ခေါင်း အမာဆုံး'' လူ အဖြစ် ပုံဖော်ထားတယ်လို့ အစ္စရေး ပြည်တွင်းလုံခြုံရေးအေဂျင်စီအရာရှိဟောင်း မီခါ ခိုဘီက ပြောပါတယ်။ သူဟာ ဆင်ဝါ တစ်ယောက် အကျဥ်းသားဖြစ်စဥ်တုန်းက နာရီပေါင်း ၁၅၀ ကျော်ကြာအောင် ဆင်ဝါကို စစ်ဆေးမေးမြန်းခဲ့ဖူးသူဖြစ်ပါတယ်။ ဆင်ဝါဟာ စိတ်မာပြီး စိတ်ခံစားချက်မဲ့သူအဖြစ် သူက ပြောပေမဲ့ စိတ်ဝေဒနာရှင်တော့ မဟုတ်ဘူးလို့ သူက ဝါရှင်တန်ပို့စ် သတင်းစာကို ပြောဖူးပါတယ်။
''အစွန်းမရောက်တဲ့'' အစ္စမေလ် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်ပြီးတဲ့အခါ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုဟာ အစ္စရေးရဲ့ စိတ်ဓာတ်ပိုင်းကို နားလည်တဲ့ဆင်ဝါနဲ့ဆိုရင် ''တန်းတူရည်တူ ထိပ်တိုက်တွေ့မှု'' ရှိလာပါတယ်။ ဒါကြောင့် ''အစ္စရေးလျှောက်တဲ့လမ်းကြောင်းဟာ ဒီမျှခြေကို ဒဏ်ခံ နိုင်ရမယ်'' လို့ အစ္စရေးအကြောင်း အထူးလေ့လာရေးသားသူ အီဟတ် ဂျာဘာရင်က ပြောပါတယ်။
''ဆင်ဝါနဲ့ နေတန်ညာဟုတို့ဟာ အခုစစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းခံတွေလို့ အစ္စရေး အတိုက်အခံ မီဒီယာက ဝါဒဖြန့်နေတာ ကြာပြီဖြစ်ပါတယ်။ အခုတော့ ဒီပြောဆိုချက်က ပြည့်သွားပြီလို့ ပြောနိုင်တယ်'' လို့ ဂျာဘာရင်က ဘီဘီစီကို ပြောပါတယ်။
အစ္စရေးရုပ်သံထုတ်လွှင့်ရေးကော်ပိုရေးရှင်း(IBC) ကတော့ ဆင်ဝါကို ခန့်အပ်မှုဟာ ''အံ့သြသင့်ဖို့ ကောင်းပြီး သူ အသက်ရှင်နေတုန်းဖြစ်တယ်ဆိုတာကို အစ္စရေးကို သတင်းစကားပါးတာဖြစ်သလို ဂါဇာမှာ ဟားမတ်စ်အဖွဲ့ရဲ့ခေါင်းဆောင်မှုအပိုင်းဟာ ခိုင်မာ တည်မြဲနေမယ်ဆိုတာကိုလည်း ပြလိုက်တာ'' လို့ သတင်းဖော်ပြပါတယ်။
ဂျာဘာရင်ကတော့ အစ္စရေး သတင်းရင်းမြစ်တွေနဲ့သူပြောခဲ့တာကို ပြန်ပြီး ကိုးကားကာ အခုလိုပြောပါတယ်။ ''၂၀၁၁ ခုနှစ်မှာ ဆင်ဝါကို ပထမဆုံးလွှတ်ပေးလိုက်တဲ့ နေတန်ညာဟုကို အပြစ်ဖို့ကြတယ်။ ပြီးတော့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု၊ နောက် ဟာနီယာ လုပ်ကြံခံရမှု ဒါတွေက ဆင်ဝါကို ခေါင်းဆောင်ပိုင်းရောက်အောက် ပို့တာလို့လည်း ပြောကြတယ်''
ဂါဇာကမ်းမြောင်မှာ ဓားစာခံအဖြစ်အဖမ်းခံထားရသူ အစ္စရေးတွေရဲ့ မိသားစုဝင်တွေကတော့ ဆင်ဝါကို ခန့်အပ်မှုဟာ ''သေလောက်တဲ့ ထိုးနှက်ချက်ဖြစ်တယ်'' လို့ ဆိုပြီး စိတ်ပျက်နေကြတဲ့အကြောင်း အစ္စရေးအကြောင်းအထူးပြုရေးသားနေတဲ့စာရေးသူ အီဟတ် ဂျာဘာရင်က ပြောပါတယ်။
အေအက်ဖ်ပီ သတင်းမှာတော့ အောက်တိုဘာလ ၇ ရက်မှာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေး ဓားစာခံ ၂၅၁ ဦးကို ပြန်ပေးဆွဲခဲ့ပြီး အဲဒီထဲက ၁၁၁ ယောက်ဟာ ဂါဇာထဲမှာ ရှိနေသလို အစ္စရေး စစ်တပ်အပြောအရ အဲဒီထဲက ၃၉ ဦးဟာ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးဘက်ကလည်း စစ်ရေးအရ ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ ပြန်တုံ့ပြန်ခဲ့ပြီး အခုဆို အမျိုးသမီးနဲ့ ကလေးသူငယ်အများစုအပါအဝင် လူပေါင်း ၃၉,၀၀၀ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အပစ်ရပ် ညှိနှိုင်းဆွေးနွေးတာတွေ ဆင်ဝါ လက်ထက် ဘယ်လိုဆက်ဖြစ်လာနိုင်ခြေရှိလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟားမတ်စ်ခေါင်းဆော်ဟောင်း အစ္စမေလ် ဟာနီယာဟာ ဂါဇာမှာ အပစ်ရပ်ရေး ရရှိဖို့ တိုက်ရိုက်ပါဝင်တာမျိုးမရှိတဲ့ ဘေးပန်းဆွေးနွေးပွဲတွေလုပ်နေတာ လနဲ့ချီကြာမြင်နေပြီဖြစ်ပြီး အဲဒီဆွေးနွေးပွဲတွေမှာ အခရာကျသူအဖြစ်ပါဝင်ခဲ့ပါတယ်။
ယာယာ ဆင်ဝါ အတွက်တော့ ''သူလည်း ဒီဆွေးနွေးပွဲတွေကနေ အဝေးမှာရှိနေတဲ့သူမျိုးတော့ မဟုတ်ပါဘူး။ သူကပဲ ဆွေးနွေးပွဲ အသေးစိတ်ကို ဆောင်ကျဥ်းလာသူတွေ'' လို့ ဟမ်ဒန်က ဘီဘီစီကို ပြောပါတယ်။
''ညှိနှိုင်းဆွေးနွေးတာတွေကတော့ ဆက်ပြီးရှိလိမ့်မယ်။ ပြီးတော့ ညှိနှိုင်းမှုတွေမှာ စမ်းတဝါးဝါးနဲ့ နှောင့်နှေးကြန့်ကြာမှုတွေကတော့ အစ္စရေးဘက်ကလာတာမျိုးပဲ ဖြစ်လိမ့်မယ်''
အစ္စရေးအရေးအထူးကျွမ်းကျင်တဲ့စာရေးသူ အီဟတ် ဂျာဘာရင်ကတော့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ၁ နှစ်ပြည့်ဖို့နဲ့ ဓားစာခံ အစ္စရေးတွေ ဂါဇာမှာ ဆက်ပြီးရှိနေတာ ၁ နှစ်ပြည့်လာခါနီးပြီဖြစ်တာကြောင့် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုဟာ ''စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းဆီကို အနှေးနဲ့အမြန်ဆိုသလို ရောက်လာပြီး ဆင်ဝါနဲ့ မျက်နှာချင်းဆိုင်တွေ့လိမ့်မယ်'' လို့ ပြောပါတယ်။
အမေရိကန်ဘက်ကလည်း အစ္စရေး ခေါင်းဆောင်ပိုင်းအပေါ်မှာ သံခင်းတမန်ခင်းအရ ဖိအားတွေ ပေးနိုင်ခြေရှိတယ်လို့လည်း သူက ပြောပါတယ်။
အစ္စရေးဘက်ကတော့ သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေ မပြည့်မချင်း တိုက်ခိုက်မှု ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ အဲဒီထဲမှာ ဟားမတ်စ်ကို နိုင်ငံရေးရော၊ စစ်ရေးနဲ့ပါ ဖျက်ဆီးမှုနဲ့ အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးခံသွားရတဲ့ ဓားစားခံတွေ အိမ်ပြန်နိုင်ရေးလည်း ပါဝင်ပါတယ်။
တီဟီရန်မှာ အစ္စမေလ် ဟာနီယာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာကြောင့် ဒေသတွင်း စစ်ပွဲဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်ဘက်ကတော့ ဟားမတ်စ်နဲ့ အစ္စရေးကြား အပစ်ရပ်သဘောတူညီချက် ရရှိဖို့ နီးစပ်နေပြီလို့ ပြောထားပါတယ်။
စေ့စပ်ညှိနှိုင်းပေးမှုတွေကြောင့် အပစ်ရပ်မှု တစ်ကြိမ်သာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ရရှိထားပါတယ်။ အဲဒီတုန်းက နှစ်ဖက်စလုံးဟာ လူသားချင်းစာနာမှုအတွက်ဆိုပြီး ၄ ရက်ကြာ အပစ်ရပ်ခဲ့ပြီး နောက်ထပ် ၂ ရက် ထပ်တိုးခဲ့ပါတယ်။ ဟားမတ်စ်ဘက်က ဖမ်းထားတဲ့ အမျိုးသမီး အယောက် ၅၀ နဲ့ အသက် ၁၉ နှစ်အောက် ဓားစာခံအချို့ ဒီအပစ်ရပ်မှုအတွင်း ပြန်လွတ်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ အစ္စရေးဘက်ကလည်း အစ္စရေး အကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ ပါလက်တိုင်းအမျိုးသမီး အယောက် ၁၅၀နဲ့ အသက်မပြည့်သေးတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။












