အစ္စရေးကို အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွက် တပ်ဖွဲ့ကို ဟားမတ်စ် ဘယ်လိုတည်ဆောက်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်
- ရေးသားသူ, အက်ဘ်ဒယ်လာရိုင် ရာဂတ်၊ ရစ်ချက် အာဗင်ဘရောင်း၊ ဘန်နဒစ် ဂါမန်နဲ့ ရှောင် ဆက်ဒန်
- ရာထူးတာဝန်, ဘီဘီစီ အာရဗီဘာသာဌာန နဲ့ ဘီဘီစီ Verify
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်ကစလို့ စစ်တပ်ပုံစံစစ်ရေးလေ့ကျင့်မှုတွေ အတူတူပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဟားမတ်စ်က အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြတယ်ဆိုတာကို ဘီဘီစီက လေ့လာတွေ့ရှိခဲ့ပါတယ်။
အဲဒီအဖွဲ့တွေဟာ ဂါဇာမှာ ပူးပေါင်းလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြသလို အဲဒီလေ့ကျင့်မှုတွေကိုလည်း လူမှုကွန်ရက်ပေါ်ကို တင်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်မှုမှာသုံးတဲ့ နည်းနာတွေဟာ အစ္စရေးနဲ့ခြားထားတဲ့ တစ်မိုင်တောင်မဝေးတဲ့ နယ်စပ်အဟန့်အတားနေရာတစ်ခုအပါအဝင် လူသေဆုံးမှုများတဲ့တိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့တဲ့ နည်းနာတွေနဲ့ နီးနီးစပ်စပ်ဆင်တူပါတယ်။
ဓားစာခံတွေကို ပြန်ပေးဆွဲတာ၊ နေအိမ်ခြံဝင်းတွေကို စီးနင်းတာနဲ့ အစ္စရေးရဲ့ ကာကွယ်ရေးအဟန့်အတားတွေကို ကျော်လွှားတာတွေကို အဲဒီလေ့ကျင့်မှုတွေအတွင်း ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးတစ်ခုဆိုရင် တိုက်ခိုက်မှုမတိုင်ခင် ၂၅ ရက်အလိုတုန်းကမှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဂါဇာက လက်နက်ကိုင်အစုအဖွဲ့တွေကို တိုက်ခိုက်ရေးနည်းနာတွေအတွက် ဟားမတ်စ်က ဘယ်လို ဆောင်ကျဥ်းခဲ့လဲဆိုတာနဲ့ နောက်ဆုံးမှာ ဂါဇာဒေသကို စစ်ပွဲဦးတည်စေခဲ့တဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုကို ဘယ်လို စတင်ခဲ့လဲဆိုတာကို ဘီဘီစီ အာရဗီဘာသာဌာနနဲ့ ဘီဘီစီ Verify တို့က အထောက်အထားတွေ စုဆောင်းခဲ့ကြပါတယ်။
‘‘စည်းလုံးခြင်းသင်္ကေတ’’
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှာ ဟားမတ်စ်အဖွဲ့ရဲ့ခေါင်းဆောင် အစ္စမီလ် ဟာနီယာ့က လေ့ကျင့်မှု လေးခုထဲက ပထမဆုံးတစ်ခုအနေနဲ့ ခိုင်မာတဲ့မဏ္ဍိုင် (Strong Pillar) လို့ နာမည်ပေးထားတဲ့ လေ့ကျင့်မှုကို ပထမဆုံးကြေညာခဲ့ပါတယ်။ သူက အဲဒီလေ့ကျင့်မှုဟာ ဂါဇာမှာရှိတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေကြားမှာ ‘’ခိုင်မာတဲ့သတင်းစကားနဲ့ စည်းလုံးခြင်းသင်္ကေတ’’လို့ ရည်ညွှန်းသုံးနှုန်းခဲ့ပါတယ်။
ဂါဇာက လက်နက်ကိုင်အစုအဖွဲ့တွေထဲမှာ အင်အားအရှိဆုံးအဖွဲ့ဖြစ်တဲ့ ဟားမတ်စ်ဟာ ‘’ပူးတွဲစစ်ဆင်ရေးကွပ်ကဲခန်း’’ကနေ ကြီးကြပ်တဲ့ စစ်ပွဲအားကစားနည်းပုံစံ လေ့ကျင့်မှုမှာ ပါဝင်တဲ့ ပါလက်စတိုင်းအစုအဖွဲ့ ၁၀ ဖွဲ့ ကြားမှာ အင်အားလွှမ်းမိုးမှုရှိတဲ့အဖွဲ့ ဖြစ်ခဲ့ပါတယ်။
ဂါဇာမှာရှိတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေကို ဗဟိုကွပ်ကဲမှုတစ်ခုအောက်မှာညှိနှိုင်းဆောင်ရွက်ဖို့ အဲဒီဖွဲ့စည်းပုံကို ၂၀၁၈ ခုနှစ်ကစလို့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် မတိုင်ခင်တုန်းကတော့ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာမှာ ဒုတိယအင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်ဒ်(PIJ)နဲ့ ပုံမှန် ညှိနှိုင်းလုပ်ဆောင်တာတွေရှိခဲ့ပြီး PIJ ဟာ ဟားမတ်စ်လိုပဲ ဗြိတိန်နဲ့ တခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့ ရည်ညွှန်းခံထားရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟားမတ်အဖွဲ့ဟာ အရင်ကပဋိပက္ခတွေမှာ အခြားအဖွဲ့တွေနဲ့အတူတူ တိုက်ခိုက်ခဲ့ဖူးပေမဲ့ ၂၀၂၀ ခုနှစ်မှာလုပ်တဲ့လေ့ကျင့်မှုတွေကိုတော့ တခြားအဖွဲ့တွေနဲ့အတူ ကျယ်ပြန့်စည်းလုံးမှုကိုပြသတဲ့ဝါဒဖြန့်မှုအဖြစ်ရှုမြင်ရပါတယ်။
ဟားမတ်စ်ခေါင်းဆောင်ကတော့ ပထမဆုံးလေ့ကျင့်မှုဟာ လက်နက်ကိုင်အစုအဖွဲ့တွေရဲ့ ‘’အမြဲအသင့်ရှိမှု’’ကို ထင်ဟပ်တယ်လို့ ပြောပါတယ်။
၂၀၂၀ ခုနှစ် လေ့ကျင့်မှုဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းပြုလုပ်တဲ့ ပထမဆုံး လေ့ကျင့်မှုဖြစ်ပြီး အဲဒီတစ်ခုချင်းစီကို အသေအချာတည်းဖြတ်ထားတဲ့ရုပ်သံတွေအနေနဲ့ အများသိနိုင်တဲ့လူမှုကွန်ရက်မီဒီယာ ချန်နယ်တွေမှာ တင်ခဲ့ပါတယ်။
Strong Pillar စစ်ရေးလေ့ကျင့်မှုတွေမှာ ဟားမတ်စ်အဖွဲ့အတူ လေ့ကျင့်ခဲ့တဲ့ PIJ အပါအဝင် အဖွဲ့ ၁၀ ဖွဲ့ကိုတော့ သူတို့ရဲ့ ထူးခြားတဲ့ခေါင်းပတ်တွေနဲ့ တံဆိပ်တွေကြောင့် တယ်လီဂရမ်မှာတင်ထားတဲ့ ရုပ်သံတွေကနေတဆင့် ဘီဘီစီက ခွဲခြားနိုင်ခဲ့ပါတယ်။
အောက်တိုဘာလ ၇ တိုက်ခိုက်မှုပြီးတဲ့နောက်မှာ အဲဒီအဖွဲ့တွေထဲက ၅ ဖွဲ့က တိုက်ခိုက်မှုမှာ သူတို့ပါဝင်တယ်ဆိုတာကို ပြသတဲ့ ဗီဒီယိုတွေကို တင်ခဲ့ပါတယ်။ နောက် အဖွဲ့ ၃ ဖွဲ့ကတော့ တိုက်ခိုက်မှုမှာ သူတို့ပါတယ်ဆိုတဲ့အကြောင်း တယ်လီဂရမ်မှာ စာထုတ်ပြန် ကြေညာခဲ့ပါတယ်။
အောက်တိုဘာလ ၇ ရက်တိုက်ခိုက်မှုမှာ အစ္စရေးကနေ ဂါဇာထဲကို ဓားစာခံတွေဖမ်းဆီးသွားမှုအတွင်း တခြားလက်နက်ကိုင်အစုအဖွဲ့တွေက ခေါ်ဆောင်ခံသွားရတယ်လို့ယူဆရတဲ့အမျိုးသမီးနဲ့ ကလေးငယ်တွေနဲ့ရှာတွေ့ရေးနဲ့ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့အပေါ် ဖိအားတွေရှိလာချိန်မှာပဲ ဂါဇာက ဒီအဖွဲ့တွေရဲ့အခန်းကဏ္ဍကို အာရုံထားစရာဖြစ်လာခဲ့ပါတယ်။
ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်ဒ် ၊ မူဂျာဟစ်ဒင်တပ်ဖွဲ့နဲ့ အယ်လ် နက်ဆာ ဆာလာ အယ်ဒင်းန်တပ်ဖွဲ့စတဲ့ ၃ ဖွဲ့ကတော့ အစ္စရေး ဓားစာခံတွေကို အဲဒီနေ့မှာ ဖမ်းသွားခဲ့တဲ့အကြောင်း အခိုင်အမာပြောထားပါတယ်။

ဒီအဖွဲ့တွေဟာ အစ္စလာမ္မစ်အယူ ခိုင်မာတဲ့အဖွဲ့လည်းရှိသလို ဘာသာရေးနဲ့အတော်လေးကင်းတဲ့အဖွဲ့ အထိ အတွေးအခေါ်အယူအဆ ကျယ်ကျယ်ပြန့်ပြန့်ကွာဟကြပေမဲ့ အစ္စရေးနဲ့ပတ်သက်လာရင် အနုနည်းမသုံးတဲ့စိတ်အားထက်သန်မှုကတော့ အားလုံးမှာရှိကြပါတယ်။
ဟားမတ်စ်ကတော့ ဂါဇာက ကွဲပြားနေတဲ့လက်နက်ကိုင်အစုအဖွဲ့တွေကြားမှာ စည်းလုံးမှုရှိရေးကို ထပ်ချည်းတလဲလဲ ကြေညာချက်ထုတ်ပြန်ပါတယ်။ အစ္စရေးကို တိုက်ခိုက်ဖို့ အစီအစဥ်တွေမှာ ဦးဆောင်ကဏ္ဍမှာပါဝင်ခဲ့ပေမဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာတော့ သာတူညီမျှတဲ့မိတ်ဖက်တွေဖြစ်တဲ့အကြောင်းလည်း ပြောနေပါတယ်။
ပထမဆုံးစစ်ရေးလေ့ကျင့်မှုကနေ ထွက်လာတဲ့ရုပ်သံမှာဆိုရင် မျက်နှာဖုံးတပ်ထားတဲ့တပ်မှူးတွေဟာ လုံခြုံရေးမြေအောက်ခန်းထဲမှာ စစ်ရေးလေ့ကျင့်မှုကို လမ်းညွှန်နေပုံပေါ်ပြီး ဒုံးကျည်အတွဲလိုက် ပစ်ခတ်မှုတွေနဲ့ စတင်ပါတယ်။
အဲဒီနောက် လက်နက်အပြည့်အစုံတပ်ထားတဲ့တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးအလံတပ်ထားတဲ့ ပုံစံတူတင့်ကားတစ်စီးထက်ကို အင်နဲ့အားနဲ့သိမ်းလိုက်ကြတာကို ပြပါတယ်။
လူပေါင်း ၁,၂၀၀ သေဆုံးပြီး နောက်ထပ် လူပေါင်း ၂၄၀ နီးပါး ဓားစာခံအဖြစ်ခေါ်ဆောင်ခံရတဲ့ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားဖို့နဲ့ စစ်သားတွေကို ဖမ်းဆီးဖို့ ဒီနည်းလမ်းတွေကို အသုံးပြုခဲ့တယ်ဆိုတာကို မျက်မြင်သက်သေတွေနဲ့ ဗီဒီယိုတွေကနေတဆင့် သိရှိခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်
ကမ္ဘာကြီးကို အသိပေးခြင်း
ဒုတိယမြောက် Strong Pillar စစ်ရေးလေ့ကျင့်မှုကိုတော့ တနှစ်တိတိ နီးပါးအကြာမှာ ပြုလုပ်ပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ Izzedine al-Qassam တပ်ဖွဲ့ရဲ့ တပ်မှူးတစ်ဦးဖြစ်သူ အာမန်နိုဖယ်ကတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှာပြုလုပ်ခဲ့တဲ့လေ့ကျင့်မှုဟာ ‘’တော်လှန်ရေးအင်အားစုတွေကြား စည်းလုံးမှုကို ထပ်လောင်းပြသ’’ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
အဲဒီလေ့ကျင့်မှုတွေဟာ ‘’ဂါဇာနဲ့နယ်စပ်တွေမှာရှိတဲ့တံတိုင်းတွေနဲ့ စနစ်တကျတည်ဆောက်ထားတဲ့ အစီအမံတွေဟာ မကာကွယ်နိုင်ဘူးဆိုတာကို ရန်သူကို ပြောလိမ့်မယ်’’လို့ သူက ပြောပါတယ်။
ဟားမတ်စ်ရဲ့နောက်ထပ် ကြေညာချက်တစ်ခုတော့ ‘’ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ’’ ဟာ ‘’ဂါဇာအနီးက အခြေချနေရာတွေကို လွတ်မြောက်အောင်ကြိုးပမ်းမှု’’ ပုံစံပြုလုပ်ထားတယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ နောက်ထပ်ကြေညာချက်တစ်ခုက ပြောပါတယ်။ အခြေချနေရာတွေဆိုတာဟာ အစ္စရေးအသိုက်အဝန်းတွေကို ဟားမတ်စ်အဖွဲ့က ရည်ညွန်းတာဖြစ်ပါတယ်။
အဲဒီလေ့ကျင့်မှုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ ထပ်မံပြုလုပ်ခဲ့ပြီး အဲဒီလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ဖြန့်ချိတဲ့ဝါဒဖြန့်ဓာတ်ပုံတွေမှာတော့ တိုက်ခိုက်ရေးသမားတွေဟာ စစ်ခြေစိုက်စခန်းပုံစံတူတစ်ခုလို့ ယူဆရတဲ့နေရာတစ်ခုမှာ အဆောက်အအုံတွေကို ရှင်းလင်းတာနဲ့ တင့်ကားတွေကို စီးနင်းတာမျိုး တွေ့ရပါတယ်။

အဲဒီလေ့ကျင့်မှုတွေကို အစ္စရေးဘက်မှာလည်း သတင်းဖော်ပြခဲ့တာတွေရှိခဲ့ပါတယ်။ ဒီလေ့ကျင့်မှုတွေကို အစ္စရေးရဲ့ အင်အားတောင့်တင်းတဲ့ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ နီးနီးကပ်ကပ်စောင့်ကြည့် လေ့လာမှု မခံခဲ့ရဘူးဆိုတာတော့ မယုံကြည်နိုင်စရာအခြေအနေပါ။
အရင်ကတော့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)ဟာ ဟားမတ်စ်အဖွဲ့ရဲ့လေ့ကျင့်ရေး လုပ်ဆောင်ချက်တွေ ပျက်ပြားအောင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာတော့ IDF ဟာ ပထမဆုံး Strong Pillar လေ့ကျင့်မှုပြုလုပ်တဲ့နေရာအဖြစ်သုံးတဲ့နေရာကို ဗုံးကြဲခဲ့ပါတယ်။
တိုက်ခိုက်မှုမတိုင်ခင် သီတင်းပတ်တွေတုန်းကတော့ ဂါဇာအနီးမှာရှိတဲ့ အမျိုးသမီးထောက်လှမ်းရေးစစ်သားတွေဟာ ဒရုန်းအသုံးပြုမှုနှုန်း မကြုံစဖူးများလာတာနဲ့ သူတို့ရဲ့စောင့်ကြည့်စခန်းတွေကို သိမ်းယူတဲ့ပုံစံမျိုး ဟားမတ်စ်အဖွဲ့ရဲ့လေ့ကျင်မှုအကြောင်း သတိပေးတာမျိုး ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ အစ္စရေးမီဒီယာတွေမှာ ဖော်ပြတဲ့သတင်းဖော်ပြချက်တွေအရဆိုရင် ဒီသတိပေးမှုတွေဟာ လျစ်လျူရှုခံခဲ့ရပါတယ်။
ဂါဇာမှာရှိတဲ့ အစ္စရေး IDF တပ်ဖွဲ့ရဲ့ဒုတိယကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးချုပ် အမီရ်ယာ အဗီဗီကတော့ ‘’သူတို့ ဒီလေ့ကျင့်မှုကို လုပ်နေတဲ့အကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်တွေ အများကြီး ရရှိ ထားပါတယ်။ အဲဒီနောက်မှာ ဗီဒီယိုတွေကိုလည်း အများက မြင်ခဲ့ရတယ်။ ပြီးတော့ (အစ္စရေး ကနေ) ခြံစည်းရိုးကနေ မီတာရာချီအဝေးမှာပဲ ဒီလေ့ကျင့်မှုကို လုပ်နေခဲ့ကြတာ’’
ဒါပေမဲ့ စစ်တပ်က အဲဒီလေ့ကျင့်မှုတွေအကြောင်း သိတဲ့အခါ သူတို့ဟာ ‘’အဲဒီမှာ ဘာအတွက် လေ့ကျင့်နေကြတယ်ဆိုတာ မမြင်ခဲ့ကြဘူး’’
IDF ကတော့ သူတို့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှာ နိုဖယ်လ်ကို ‘’သုတ်သင်နိုင်ခဲ့’’ တယ်လို့ ပြောပါတယ်။ သူဟာ ပဋိပက္ခစတင်ကတည်းကဆိုရင် သတ်ဖြတ်ခံရတဲ့ ပထမဆုံးအကြီးတန်း ဟားမတ်စ် စစ်ခေါင်းဆောင်ဖြစ်ပါတယ်။

မျက်စေ့အောက်မှာတင် ပုန်းအောင်းနေခြင်း
ဟားမတ်စ်အဖွဲ့ဟာ ဒီစစ်ရေးလေ့ကျင့်မှုတွေ တကယ့်အစစ်အမှန်ပုံပေါ်ဖို့ အတော်လေးကြိုးပမ်းခဲ့တာတွေ့ရပါတယ်။
၂၀၂၂ ခုနှစ်မှာ တိုက်ခိုက်ရေးသမားတွေဟာ ဂါဇာနဲ့ အစ္စရေးကြား IDF က ထိန်းချုပ်ထားတဲ့လမ်းကြောင်းဖြစ်တဲ့ အီရက်ဇ်နယ်စပ်ဖြတ်ကျော်စခန်းကနေ ၂.၆ ကီလိုမီတာ(၁.၆ မိုင်)အကွာမှာ တည်ဆောက်ထားတဲ့ အစ္စရေး စစ်တပ်စစ်အခြေစိုက်စခန်းပုံတူတစ်ခုကို ဝင်ရောက် စီးနင်းတိုက်ခိုက်တဲ့ပုံစံလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။
လေ့ကျင့်ရေးရုပ်သံမှာမြင်တွေ့ရတဲ့ ပထဝီ သွင်ပြင်အနေအထားနဲ့ အဲဒီနေရာကို ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုကြည့်ပြီး နယ်စပ်အဟန့်အတားနဲ့ မီတာ ၈၀၀ (၀.၅ မိုင်) အကွာက ဂါဇာမြောက်ပိုင်းအစွန်မှာရှိတဲ့အဲဒီနေရာကို ဘီဘီစီ Verify က နေရာအတိအကျဖော်နိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာတော့ အဲဒီလေ့ကျင့်ရေးနေရာကို ဘင်းမြေပုံကနေ မြင်နိုင်ပါသေးတယ်။
သင်တန်းစခန်းနေရာကို အစ္စရေးဘက်က ဒေါ်လာ သန်းရာချီအကုန်အကျခံ ဆောက်လုပ်ထားတဲ့ လုံခြုံရေး အဟန့်အတားရှိရာ စောင့်ကြည့်ရေးမျှော်စင်နဲ့ စောင့်ကြည့်ရေးရုံကနေ ၁.၆ ကီလိုမီတာ(၁ မိုင်)အကွာအဝေးအတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်စခန်းအတုဟာ မြေပြင်မြေမျက်နှာပြင်အောက် မီတာအတော်များများနက်အောင် တူးထားတဲ့ မြေပေါ်မှာ ရှိပြီး အနီးနားမှာရှိတဲ့ အစ္စရေးကင်းလှည့်တပ်သားတွေ ချက်ချင်းမမြင်နိုင်ပါဘူး။ ဒါပေမဲ့ ပေါက်ကွဲမှုတွေကနေ တက်လာတဲ့ မီးခိုးလုံးတွေကိုတော့ မြင်နိုင်ခြေရှိပြီး IDF ဟာ ကောင်းကင် ထောက်လှမ်းရေးကို အသုံးပြုတဲ့တပ်ဖွဲ့အဖြစ် သိကြပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ အဲဒီနေရာကို အဆောက်အအုံတွေကို စီးနင်းဖို့၊ ဓားစာခံတွေကိုခေါ်ဖို့နဲ့ လုံခြုံရေး အဟန့်အတားတွေကို ဖျက်ဆီးရေး လေ့ကျင့်ဖို့ အသုံးပြုခဲ့တာဖြစ်ပါတယ်။
ဘီဘီစီ Verify ဟာ ဂါဇာတဝန်း သင်တန်းနေရာ ၁၄ ခုကို တည်နေရာဖော်နိုင်ဖို့ ဂြိုဟ်တုဓာတ်ပုံတွေ အများပြည်သူသိရှိနိုင်တဲ့အချက်အလက်တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
သူတို့ဟာ ကုလသမဂ္ဂရဲ့ အကူအညီဖြန့်ဝေရေးစင်တာကနေ ၁.၆ ကီလိုမီတာ(၁ မိုင်)တောင် မဝေးတဲ့နေရာမှာ သင်တန်း ၂ ကြိမ်တောင်လုပ်ခဲ့ပြီး အဲဒီစင်တာကို ဟားမတ်စ်အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ဗီဒီယိုရဲ့နောက်ခံမှာ မြင်တွေ့နိုင်ပါတယ်။

မြေပြင်၊ ပင်လယ်နဲ့ ဝေဟင်
စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်မှာတော့ စစ်ဘက်တူညီဝတ်စုံဝတ်အမျိုးသားတွေက ဂါဇာ နယ်စပ်အဟန့်အတားတစ်လျှောက်မှာ ထောက်လှမ်းရေးလုပ်ဆောင်နေတဲ့ဓာတ်ပုံတွေကို ပူးတွဲစစ်ဆင်ရေးကော်မတီကနေ သူတို့ရဲ့တယ်လီဂရမ်ကနေ ထုတ်ပြန်ပါတယ်။
၂ ရက်ကြာပြီးတဲ့နောက်မှာတော့ ၄ ကြိမ်မြောက် Strong Pillar စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး အောက်တိုဘာလ ၇ ရက်မှာပြုလုပ်မယ့် မမျှော်လင့်ထားတဲ့တိုက်ခိုက်မှုမှာ သုံးနိုင်တဲ့ ဒီနည်းလမ်းတွေကို ပြန်လည်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်လမှာတော့ တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးတောင်ပိုင်းတစ်လျှောက် စီးနင်းမှုမှာ မြင်ခဲ့ရတဲ့ တိုယိုတာ ပစ်ကပ်ကား အဖြူရောင်တွေကို စီးနင်းမောင်းနှင်နေတဲ့ရုပ်သံကို ရိုက်ကူးခဲ့ကြပါတယ်။
အဲဒီဝါဒဖြန့် ဗီဒီယိုမှာတော့ သေနတ်သမားတွေက အဆောက်အအုံအတုတွေထဲကို စီးနင်းဝင်ရောက် တာနဲ့ ပစ်မှတ်အတုနေရာတွေအတွင်းပိုင်းအပြင် လှေတစ်စင်းနဲ့ ရေအောက် ရေငုပ်သမားတွေကို အသုံးပြုပြီး ကမ်းခြေတစ်ခုကို စီးနင်းတဲ့လေ့ကျင့်မှုတွေကိုလည်း ပြသနေပါတယ်။ အစ္စရေးကတော့ အောက်တိုဘာလ ၇ ရက်မှာ ဟားမတ်စ်အဖွဲ့က လှေတွေသုံးပြီး ကမ်းခြေကနေတက်ဖို့ ကြိုးပမ်းမှုကို တန်ပြန်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်
ဒါပေမဲ့ ဟားမတ်စ်အဖွဲ့ဟာ သူတို့ရဲ့ Strong Pillar ဝါဒဖြန့်မှုမှာတော့ မော်တော်ဆိုင်ကယ်တွေ၊ လေထီးခုန်သမားတွေလည်း လေ့ကျင့်ပါဝင်တယ်ဆိုတာမျိုး လူသိရှင်ကြားထုတ်ပြန်ခဲ့တာ မရှိခဲ့ပါဘူး။
အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုဖြစ်ပြီး ၃ ရက်အကြာ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်တဲ့ သင်တန်းရုပ်သံမှာတော့ မော်တော်ဆိုင်ကယ်တွေ ကျော်ဖြတ်နိုင်ဖို့ ခြံစည်းရိုးတွေနဲ့ အဟန့်အတားတွေကို ဖြိုချခဲ့တာကိုတွေ့ရပါတယ်။ ဒီနည်းလမ်းဟာ အစ္စရေးတောင်ပိုင်းက လူနေ စိုက်ပျိုးရေးရပ်ဝန်းတွေဆီရောက်အောင် သူတို့ အသုံးပြုခဲ့တဲ့နည်းလမ်းဖြစ်ပြီး အလားတူ အစောပိုင်း ရုပ်သံတွေမှာတော့ ဘီဘီစီက မတွေ့ရှိခဲ့ပါဘူး။
တိုက်ခိုက်ရေးသမားတွေ လေထီးခုန်ပစ္စည်းတွေကို အသုံးပြုတာကို ပြသတဲ့ရုပ်သံကိုလည်း အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှု မတိုင်ခင်အထိ ထုတ်ပြန်ခဲ့တာမရှိပါဘူး။
တိုက်ခိုက်မှုနေ့အကြောင်း သင်တန်းရုပ်သံမှာတော့ သေနတ်သမားတွေဟာ အစ္စရေး လူနေစိုက်ပျိုးအရပ်ပုံစံတူတုပထားတဲ့နေရာတစ်ခုကို ဆင်းသက်တာမြင်ရပြီး အဲဒီနေရာဟာ ဂါဇာတောင်ပိုင်းက ရာဖာနယ်စပ်မြောက်ပိုင်းနေရာတစ်ခုမှာရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
အဲဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် မတိုင်ခင်မှာ ရိုက်ကူးခဲ့ပြီး ဟားမတ်အဖွဲ့က သူ့ရဲ့လေကြောင်းထိန်းသိမ်းရေးဌာနခွဲနာမည်ဖြစ်တဲ့ သိမ်းငှက်တပ်ဖွဲ့ လို့ ကွန်ပြူတာမှာ နာမည်သိမ်းထားခဲ့တယ်ဆိုတာကို ဘီဘီစီ Verify ကတော့ လေ့လာနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လေထီးခုန်သူတွေဟာ တစ်နှစ်ကြာနီးပါးလောက် စီစဥ်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။

ရုတ်တရက် အလစ်အငိုက်
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) တပ်မှူးတွေရဲ့အပြောအရဆိုရင် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမတိုင်ခင်မှာ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်ရေးသမား ၃၀,၀၀၀ နီးပါးအထိရှိမယ်လို့ ယူဆရတယ်ဆိုပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ ပိုသေးငယ်တဲ့အဖွဲ့တွေဆီကနေ တိုက်ခိုက်ရေးသမား ထောင်ချီကိုလည်း ဆွဲခေါ်နိုင်ခဲ့ခြေရှိတယ်လို့ ယူဆရပါတယ်။
ဟားမတ်စ်ဟာ တခြားအဖွဲ့တွေရဲ့ ထောက်ခံမှုမပါရင်တောင် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေ ကြားထဲမှာ အင်အားအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒါဟာ ဂါဇာမှာ အနည်းဆုံးထောက်ခံမှုကျယ်ကျယ်ပြန့်ပြန့် ခိုင်မာစေဖို့နဲ့ အဖွဲ့ငယ်တွေကို ထိန်းထားနိုင်ရေး ကိုယ်ပိုင်အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှု ခိုင်မာနိုင်သလောက် ခိုင်မာရေး သူ့ရဲ့အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတယ်ဆိုတာလည်း ပြသနေပါတယ်။
အစ္စရေး IDF ဟာ အောက်တိုဘာလ ၇ ရက်စီးနင်းမှုတွေမှာ တိုက်ခိုက်ရေးသမား ၁,၅၀၀ နီးပါးရှိတယ် လို့ အစောပိုင်းမှာ ခန့်မှန်းပါတယ်။ The Times of Israel ကတော့ တိုက်ခိုက်ရေးသမား ၃,၀၀၀ နီးပါးရှိတယ်ဆိုတာကို IDF က ယုံကြည်ထားတယ်လို့ အခုလအစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။
တကယ့်အရေအတွက် ဘယ်လောက်ပဲဖြစ်နေပါစေ တကယ်ဆိုလိုတာကတော့ ဂါဇာမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေထဲက စုစုပေါင်းအရေအတွက်ရဲ့ အနည်းအကျဥ်းသာဖြစ်တယ်လို့ ဆိုလိုရာလည်းရောက်နေပါတယ်။ အဲဒီ Strong Pillar လေ့ကျင့်မှုတွေမှာ ဒါမှမဟုတ် တိုက်ခိုက်မှုမှာ အဖွဲ့အသေးတွေထဲက တိုက်ခိုက်ရေးသမား ဘယ်ဘယ်နှစ်ယောက်အထိပါဝင်လဲဆိုတဲ့ အရေအတွက် အသေးစိတ်ကို အတည်ပြုဖို့ ခက်ပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ တိုက်ခိုက်မှုကို ခြေလှမ်းဖို့ ဂါဇာကအဖွဲ့တွေနဲ့ စုပေါင်းတည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ လက်ရှိမှာ အရှေ့အလယ်ပိုင်းလေ့လာရေးနဲ့သုတေသနဌာနက လုံခြုံရေး အကဲခတ်တစ်ဦးဖြစ်ပြီး လက်ဘနွန်စစ်တပ်မှာ ဗိုလ်မှူးချုပ် အဖြစ်တာဝန်ထမ်းခဲ့ဖူးတဲ့ ဟစ်ရှမ် ဂျဘာက ပြောပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုအန္တိမအစီအစဥ်ကို ဟားမတ်စ်အဖွဲ့ကပဲ သိလိမ့်မယ်လို့ သူက ယူဆသလို ‘‘အဲဒီနေ့မှာတခြားအဖွဲ့တွေကိုလည်း ပူးပေါင်းပါဝင်ဖို့ (သူတို့) တောင်းဆိုထားတာ ဖြစ်မယ်’’ လို့ သူက ပြောပါတယ်။
Kings College London မှာ လုံခြုံရေးဆိုင်ရာဘာသာရပ် အကြီးတန်းအကြံပေး အန်ဒရီးယက်စ် ခရစ်ကတော့ ‘‘ဗဟိုအဆင့်က စီမံပြီး အကောင်အထည်ဖော်တဲ့နေရာမှာတော့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချကာ ဘယ်အဖွဲ့က ဘယ်လိုနေရာမှာ ကိုက်ညီမလဲဆိုတာနဲ့ စစ်ဆင်ရေး လုပ်ခဲ့တာ’’ လို့ ဘီဘီစီကို သုံးသပ်ပြောဆိုပါတယ်။
အစ္စရေးရဲ့ ခုခံကာကွယ်မှုအပိုင်း အားနည်းခဲ့တာကို အံ့သြသင့်တဲ့ ဟားမတ်စ်အဖွဲ့တွင်းက လူတွေကို စကားပြောဆိုကြည့်ခဲ့ရာမှာတော့ တိုက်ခိုက်ရေးသမားတွေဟာ အော့ဖ်လိုင်းဆက်ဆံရေးနည်းလမ်းကနေတဆင့် အစ္စရေးရဲ့ထောက်လှမ်းရေး နည်းပညာကို ကျော်လွှားခဲ့ပုံပေါ်တယ်လို့ သုံသပ်တဲ့အကြောင်း သူက ပြောပါတယ်။
ဥရောပကောင်စီ နိုင်ငံခြားဆက်ဆံရေးဌာန (European Council on Foreign Relations) ပညာရှင်အဖွဲ့က အရှေ့အလယ်ပိုင်းအရေး အကဲခတ် ဟုလိုဗက်ကတော့ ‘‘အစ္စရေးဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို သတိထားမိကောင်း ထားမိခဲ့ပေမဲ့ ‘‘အကဲဖြတ်မှုမှားခဲ့တာ’’ ဖြစ်နိုင်ခြေကို ချင့်တွက်ပြပြီး ‘’တိုက်ခိုက်မှုကြီးကြီးမားမားဖြစ်လာနိုင်တဲ့ရည်ညွှန်းချက်’’ ထက် ပါလက်စတိုင်းနယ်မြေထဲက လက်နက်ကိုင်အဖွဲ့ငယ်တွေ ‘‘စံ’’ လှုပ်ရှားမှုတခုအနေနဲ့ပဲ သုံသပ်ခဲ့တာလို့ နားလည်ရပါတယ်။
ဒီဆောင်းပါးမှာဖော်ပြခဲ့တဲ့ ပြဿနာတွေကို မေးကြည့်တဲ့အခါမှာတော့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF)က သူတို့ဟာ ‘’လက်ရှိမှာ ဟားမတ်အကြမ်းဖက်အဖွဲ့ဆီကနေ ခြိမ်းခြောက်မှုတွေ အဆုံးသတ်အောင် အာရုံစိုက်နေတယ်’’ လို့ပြောပြီး ဖြစ်လာနိုင်ခြေရှိတဲ့ဆုံးရှုံးမှုမှန်သမျှနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ ‘’နောက်ပိုင်း အဆင့်မှာ ဆက်ပြီးလေ့လာစောင့်ကြည့်သွားမယ်’’ လို့ ပြောပါတယ်။
အောက်တိုဘာ ၇ ရက် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို ကာကွယ်ဖို့ အခွင့်အလမ်းတွေ လွဲချော်ခဲ့လားဆိုတာနဲ့ပတ်သတ်ပြီး အစ္စရေးဘက်က ထည့်တွက်ဖို့ကတော့ နှစ်ပေါင်းများစွာကြာမြင့် နိုင်ခြေရှိနေပါတယ်။
ဒါပေမဲ့ အစ္စရေး စစ်တပ်၊ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ အစိုးရအတွက်ကတော့ နောက်ဆက်တွဲ လှိုင်းဂယက်တွေဟာ ငလျင်လိုပဲ ရိုက်ခတ်မှုတွေရှိနေနိုင်ပါတယ်။
ပေါလ် ဘရောင်း၊ ကူးမား မယ်လ်ဟိုထရာနဲ့ အက်ဘ်ဒီရာဟင်း ဆာအိတို့လည်း ပူးတွဲတင်ဆက်ထားပါတယ်။








