ဂါဇာစစ်ပွဲ- ခန်းယူနစ်ကနေ ပါလက်စတိုင်းတွေ စွန့်ခွာ ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂါဇာရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ ခန်းယူနစ်(စ)ကနေ ထွက်သွားဖို့ အစ္စရေးက အမိန့်ထုတ်ခဲ့တဲ့နောက် အခုဆိုရင် ပါလက်စတိုင်းတွေ အစုလိုက်အပြုံလိုက် မြို့ကနေ စွန့်ခွာလို့ ဆက်လက် ထွက်ပြေးနေကြပါတယ်။
ဇူလိုင် ၁ ရက်၊ တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစ္စရေးစစ်တပ်ရဲ့ ထွက်ခွာမိန့်ဟာ လူပေါင်း ၂ သိန်းခွဲ အပေါ် သက်ရောက်စေတယ် ဆိုပြီး ကုလသမဂ္ဂက ပြောပါတယ်။
အဲဒီ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းကြရတဲ့ လူစီးကြောင်းကြီးတွေဟာ လုံခြုံရာနေရာတွေ၊ ခေတ္တ နေထိုင်လို့ရမယ့် နေရာတွေကို လိုက်ပြီး ရှာဖွေနေရတယ်လို့ ဆိုပါတယ်။
ဘာဆိုဘာမှ မကျန်တော့တဲ့ လူတွေဟာ လက်လွတ်ခြေလွတ်နဲ့ ထွက်ပြေးနေရတာ ဖြစ်တယ်လို့ အန်ရဝါ UNRWA လို့ ခေါ်တဲ့ ပါလက်စတိုင်း ဒုက္ခသည်များ အရေး ဆိုင်ရာ ကုလအဖွဲ့က တာဝန်ရှိသူ လူဝီစ် ဝါးတာရစ်ချ်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
“မြေပြင်မှာ ရှိတဲ့ လုပ်ဖော်ကိုင်ဘက်တွေက သူတို့ မျက်မြင်တွေ့ကြုံ နေရတာတွေကို သတင်းတွေ ပို့ နေပါတယ်။ အထုပ်အပိုးရယ်လို့တောင် သိပ်မပါပဲ ပြေးနေကြရသူတွေထဲ အမျိုးသမီးနဲ့ ကလေးသူငယ်တွေလည်း အများကြီး ပါဝင်တယ်လို့ ဆိုပါတယ်”
“ကားတွေပေါ် ပစ္စည်းတွေ စုပုံ ပြွတ်သိပ်အောင် တင်ပြီး ပြေးနေကြတာမျိုး တွေ့ရလေ့ရှိတဲ့ မြင်ကွင်းနဲ့ အလွန်ကွာတယ်လို့ ဆိုပါတယ်။ အသုံးပြုလောက်စရာ ယာဉ်ရယ်လို့လည်း လောက်လောက်လားလား များများစားစားမရှိ၊ လောင်စာဆီရယ် လို့လည်း ရှားပါးလှပါတယ်။ ပြေးရတဲ့လမ်းကလည်း အင်မတန် အန္တရာယ်များပြီး၊ အတော်ကို မလုံခြုံလှပါဘူး” ဆိုပြီး မစ္စ ဝါးတာရစ်ချ်က ဆိုပါတယ်။
ထွက်ပြေးကြရသူတွေထဲမှာ ခန်းယူနစ်ရဲ့ အဓိက ဆေးရုံကြီးပေါ်က လူနာတွေလည်း ပါဝင်ပါတယ်။ အခုဆို အဲဒီ ဆေးရုံမှာ လူနာတွေရော၊ ဆရာဝန်တွေ သူနာပြုတွေပါ မရှိတော့ပဲ ဆေးရုံဟောင်းလောင်းကြီးပဲ ကျန်တော့တယ်လို့ မျက်မြင် တွေ့ကြသူတွေက ပြောပါတယ်။
အခုလို ထွက်ခွာမိန့် ထုတ်တာဟာ ခန်းယူနစ်ထဲကို အစ္စရေးတပ်တွေ နောက်တချီ ထပ်မံဝင်ရောက်ဖို့ ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။ ခန်းယူနစ်ဟာ အခုနှစ်ဆန်းပိုင်းကတည်းက အစ္စရေးရဲ့ တိုက်ခိုက်မှုကို ကာလတာရှည် ခံခဲ့ရပြီး မြို့တစ်ခုလုံးနီးပါး ပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမယ့် အနီးနားမှာ ရှိတဲ့ ရာဖာမြို့ကို အစ္စရေးတပ်က တိုက်ခိုက်လာတဲ့ အခါ ရာဖာက ပါလက်စတိုင်း အမြောက်အများဟာ ခန်းယူနစ်ဘက် ထွက်ပြေးလာခဲ့ကြပြီး၊ ဖြစ်သလို နေထိုင် နေခဲ့ကြရတာ ဖြစ်ပါတယ်။
အခုတခါ ခန်းယူနစ်ကနေ ထွက်ခွာမိန့် ထွက်လာတဲ့အခါ စစ်ဘေးဒုက္ခသည်တွေ ထပ်ဆင့် ပြောင်းရွှေ့ ထွက်ပြေးကြရတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ဇနီးသည်နဲ့ သားသမီး ၄ ယောက်ကို ခေါ်ပြီး ထွက်ပြေးခဲ့ရသူ မာရ်ဝမ် ဆိုသူက သူ့မိသားစုဟာ ဝန်တင်မြည်း ဆွဲတဲ့ လှည်းနဲ့ ခန်းယူနစ်ကနေ ထွက်လာတာမှာ ၄ မိုင်ခရီးလောက် ရောက်ဖို့ ၃ နာရီ အချိန်ယူခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
မာရ်ဝန် ဦးတည်သွားတဲ့ အရပ်ဟာ အယ်လ်-မာဝါဆီဆိုတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီ နေရာဟာ ဘေးကင်းဇုံနယ်မြေအဖြစ် အစ္စရေးက သတ်မှတ်ထားတဲ့ နေရာတွေထဲ ပါဝင်ပါတယ်။
နောက်ဆုံး ဝင်လာတဲ့ သတင်းတွေအရ အစ္စရေးဘက်က ဘေးကင်းလုံခြုံရာ ဇုံမြေ အဖြစ် သတ်မှတ်ထားတဲ့ နေရာတစ်ခုဖြစ်တဲ့ ဒီရယ် အယ်လ်-ဘာလာ ဆိုတဲ့ မြို့ကို ခန်းယူနစ်(စ)က ပြေးလာသူတွေ ရောက်ကာစမှာပဲ လေကြောင်းတိုက်ခိုက် ခံရတယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၂ ယောက် သေဆုံးသွားတယ်လို့ ကနဦး သိထားရပါတယ်။
ဂါဇာမြို့တော်နေရာ အနှံ့မှာလည်း ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ၊ လက်နက်ကြီး ကျသံတွေ ဒီနေ့ ဇူလိုင် ၃ ရက် ဗုဒ္ဓဟူးနေ့မှာ ထွက်ပေါ်နေခဲ့ပါတယ်။ ဂါဇာမြို့တော် အရှ့ပိုင်း ရှီဂျာအီရာ အရပ်မှာ အစ္စရေးတပ်က ၇ ရက်မြောက် ဆက်လက် တိုက်ခိုက် နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ် အဓိက ဦးဆောင်တဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေဟာ အစ္စရေးတောင်ပိုင်းထဲထိ ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ လူပေါင်း ၁၂၀၀ သေဆုံးခဲ့ရပြီး၊ ၂၅၁ ယောက်ကို ဓားစာခံ အဖြစ် ဖမ်းခေါ်သွားခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဟားမတ်စ် အဖွဲ့ကို ချေမှုန်းရေး စစ်ဆင်မှုတွေကို ဂါဇာထဲ ပြုလုပ်လာတာ ဖြစ်ပါတယ်။
အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူပေါင်း ၃၇၉၅၀ သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ဟားမတ်စ် အဖွဲ့က ထူထောင်ထားတဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။












