ဂါဇာ ဆေးရုံ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘာတွေသိထားပြီလဲ

A view shows an area of Al-Ahli hospital following the blast. Burnt out cars can be seen in the foreground

ဓာတ်ပုံ ရင်းမြစ်, Reuters

    • ရေးသားသူ, Paul Brown
    • ရာထူးတာဝန်, BBC Verify

ဂါဇာမြို့က လူအများအပြား ရှိနေတဲ့ အယ်လ် အာလီဆေးရုံမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

အဲဒီ ဆေးရုံဟာ ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေအောက်က ဂါဇာမှာ ဖြစ်တာကြောင့် ချက်ခြင်းဆိုသလို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်ဆိုပြီး အပြစ်ဖို့ခဲ့ကြပါတယ်။ တဖက်မှာတော့ အစ္စရေးက သူတို့ နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အပြန်ပြန် အလှန်လှန် စွပ်စွဲ ငြင်းဆိုမှုတွေ လုပ်ပြီးနောက်မှာတော့ အဖြစ်မှန်ကို သိရဖို့က ပိုပိုပြီး ခက်လာခဲ့ပါတယ်။

ဘီဘီစီရဲ့ အချက်အလက် မှန်မမှန်ကို စစ်ဆေးတဲ့ BBC Verify အဖွဲ့ကလည်း ရရှိထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ တခြား အထောက်အထားတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုပြောပြချက်တွေကို လေ့လာ စစ်ဆေးခဲ့ပါတယ်။ နောက်ပြီး အဲဒီ ပေါက်ကွဲမှု ဖြစ်ပွားရာကို ကန့်သတ်မှုတွေ ကြားကပဲ ဘီဘီစီ သတင်းထောက်လည်း ရောက်ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အချက်အလက်သစ်တွေ ထပ်တိုးပြီး သိလာနေရသလို ကျွမ်းကျင်သူတွေနဲ့လည်း မေးမြန်းစစ်ဆေးမှုတွေကို လုပ်နေဆဲ ဖြစ်ပါတယ်။

နောက်တချက်ကတော့ မြေပြင်မှာသာ တိုက်ခိုက်နေကြတာ မဟုတ်ဘဲ သတင်းစာမျက်နှာတွေပေါ်မှာလည်း တိုက်ခိုက်နေကြတယ် ဆိုတာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ ဂါဇာ အာဏာပိုင်တွေ တဖက်နဲ့ တဖက် မတူညီတဲ့ ဖြစ်စဉ်တွေကို ပြောကြတာမျိုးက ဒါဟာ ပထမအကြိမ်လည်း မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ဘက်က ပြောကြားချက်တွေနဲ့ ထုတ်ပြန်ကြေညာချက်တွေကိုပါ လေ့လာစစ်ဆေးခဲ့ပါတယ်။

ပေါက်ကွဲမှု

ဆေးရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာက အောက်တိုဘာလ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၇ နာရီလောက်မှာ ဖြစ်ပွားခဲ့တာပါ။ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားတဲ့ စက္ကန့် ၂၀ ဗီဒီယိုဟာ ဒီပေါက်ကွဲမှု နဲ့ပတ်သက်လို့ ပထမဆုံးထွက်လာတဲ့ အထောက်အထား တခုပဲ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုထဲမှာ ဒုံးကျည် ချဉ်းကပ်လာစဉ်မှာ ကြားရတဲ့ အသံ၊ အဲဒီနောက် ပေါက်ကွဲမှုနဲ့ မီးတောက်ကြီးကို တွေ့ရပါတယ်။

Al-Jazeera မီဒီယာက အဲဒီနေ့ ညနေ ၆ နာရီ ၅၉ မိနစ်မှာ တိုက်ရိုက် ထုတ်လွှင့် ပြသနေတဲ့ အထဲမှာလည်း ဂါဇာ ကောင်းကင်ယံမှာ လင်းနေတဲ့ အရာတခု တက် သွားတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် ၂ ကြိမ် လင်းကနဲ ဖြစ်ပြီးနောက် လမ်းကြောင်း ပြောင်းသွားပြီး ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။

အဲဒီနောက် အဝေးက မြေပြင်ပေါ်မှာ ပေါက်ကွဲမှု ဖြစ်တာကို မြင်ကြရပါတယ်။ အဲဒီနောက် ကင်မရာရဲ့အနီးမှာ ခုနကထက် အများကြီး ပိုပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဘီဘီစီကလည်း အဲဒီ ကင်မရာရဲ့ တည်နေရာကို ရှာနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ သတင်းကြေညာနေသူတချို့က ဒုံးကျည်တစင်း ပေါက်ကွဲသွားတာမျိုး တစစီ ဖြစ်သွားတာမျိုး ဖြစ်နိုင်ကြောင်း ပြောကြပါတယ်။

တချို့ လူမှုကွန်ရက်တွေပေါ်က မီဒီယာ လိုင်းတွေမှာတော့ အဲဒီ ပေါက်ကွဲမှုကိုပဲ မတူညီတဲ့ ရှုထောင့်တွေနဲ့ အကွာအဝေးတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုတခုလည်း တက်လာပါတယ်။

Fire at hospital

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာမြို့က လူအများအပြား ရှိနေတဲ့ အယ်လ် အာလီဆေးရုံမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီနောက် ဘီဘီစီကနေ အကြံပေးအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ တခြားကုမ္ပဏီပေါင်း ၂၀ က လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို ဆက်သွယ်ခဲ့ရာမှာ ၉ ဖွဲ့က အကြောင်းမပြန်သေးသလို ၅ ဖွဲ့က မှတ်ချက်မပေးလိုကြောင်း ပြောခဲ့ကြပါတယ်။ အဲဒါကြောင့် ၆ ဖွဲ့က ကျွမ်းကျင်သူတွေကိုသာ ဆက်သွယ်နိုင်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုရဲ့ ပမာဏ၊ မပေါက်ကွဲခင်မှာ ကြားခဲ့ရတဲ့ အသံတွေ စတဲ့ ရရှိထားတဲ့ အထောက်အထားတွေကို အခြေခံပြီး ဒီဆေးရုံ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ခြေရာခံဖို့ ဖြစ်နိုင်မလား ဆိုတာကို မေးမြန်းခဲ့ပါတယ်။

ခုချိန်ထိတော့ တွေ့ရှိသမျှ အချက်အလက်တွေက အပြည့်အစုံ မဟုတ်သေးပါဘူး။ ကျွမ်းကျင်သူ ၃ ဦးကတော့ အစ္စရေးရဲ့ ဖျက်အားပြင်းတဲ့ လက်နက်သုံးပြီး လေကြောင်းတိုက်ခိုက်မှုမျိုးတွေမှာ တွေ့ရတတ်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုကြပါတယ်။

အမေရိကန်ပြည်ထောင်စုက Vanderbilt University က တွဲဖက်ပါမောက္ခ J Andres Gannon က မြေပြင်ပေါက်ကွဲမှုက သေးငယ်တယ်လို့ ယူဆရကြောင်း၊ ပေါက်ကွဲမှုကြောင့် ဖြစ်တဲ့ အပူရှိန်အရ ဒုံးကျည်ရဲ့ ထိပ်ဖူးထိမှန်ပြီး ဖြစ်တဲ့ ပေါက်ကွဲမှုမျိုး မဟုတ်ဘဲ ကျန်နေတဲ့ ဒုံးလောင်စာကြောင့် ဖြစ်ရတဲ့ ပေါက်ကွဲမှုမျိုး ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဒီအဆိုကို ယူကေအခြေစိုက် Royal United Services Institute က အကြီးတန်း သုတေသီ Justin Bronk ကလည်း ထောက်ခံပါတယ်။ သူက ဘာကြောင့် ဖြစ်တယ်ဆိုတာကို အသေအချာ သိနိုင်ဖို့က စောနေသေးတယ်။ ရထားသမျှ အထောက်အထားအရဆိုရင် ပစ်လွှတ်မှု မအောင်မြင်တဲ့ ဒုံးကျည်တစင်း ရဲ့ အစိတ်အပိုင်းတခု ကားရပ်နားတဲ့ နေရာမှာ ကျပြီး ကားတွေနဲ့ ဒုံးပျံရဲ့ လောင်စာဆီတွေကြောင့် အခုလို ပေါက်ကွဲတာဖြစ်နိုင်ကြောင်း ပြောပါတယ်။

J Andres Gannon က သူတွေ့မြင်ခဲ့ရတဲ့ ပုံရိပ်တွေအရ အဲဒီ ဒုံးကျည်ဟာ ရည်မှန်းပစ်မှတ်ကို ထိမှန်ခဲ့သလားဆိုတာ ပြောလို့ မရနိုင်ကြောင်း၊ ကောင်းကင်ယံမှာ မြင်ရတဲ့ လင်းကနဲ ဖြစ်သွားတဲ့ မီးပွင့်တွေဟာ ဒုံးကျည်နဲ့ အပူချိန်များပြီး ရပ်သွားတဲ့ ဒုံးကျည်ရဲ့ အင်ဂျင်စက်တို့ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ အကဲဖြတ် ကုမ္ပဏီ ဖြစ်တဲ့ Sibylline က အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် Valeria Scuto ကတော့ အစ္စရေးမှာ ဒရုန်းတွေနဲ့ Hellfire လို ဒုံးကျည်မျိုးတွေ သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့ စွမ်းရည်ရှိကြောင်း ပြောပါတယ်။ အဲဒီ ဒုံးကျည်တွေကြောင့် အပူချိန်များတဲ့ ပေါက်ကွဲမှုဖြစ်နိုင်ပေမဲ့ မြေပြင်မှာ ကျင်းအကြီးစားတွေ မကျန်တတ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အတည်မပြုနိုင်တဲ့ ဗီဒီယိုထဲ မြင်ရတဲ့ ဆေးရုံက မီးလောင်မှု ဖြစ်စဉ်နဲ့တော့ မကိုက်ညီဘူးလို့ ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရာမှာ တွေ့ရတဲ့ အထောက်အထားများ

အဲဒီ အယ်လ် အာလီ ဆေးရုံမှာ ရှိတဲ့ အဆောက်အအုံတွေနဲ့ ပတ်သက်လို့ ဂြိုဟ်တုက ရိုက်ယူထားတဲ့ ပုံတွေနဲ့ ဘီဘီစီက အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ ဆေးရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ် ဆိုတာကို သေသေချာချာ တွေ့ရပါတယ်။

ရရှိထားသမျှ အထောက်အထားတွေအရ ပေါက်ကွဲမှုဟာ ဆေးရုံဝန်းအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ပုံတွေထဲမှာတော့ ပေါက်ကွဲမှု ဖြစ်ပြီးနောက်မှာ အနီးက ဆေးရုံ အဆောက်အအုံတွေမှာ အပျက်အစီး ကြီးကြီးမားမား ရှိတာမျိုးကို မတွေ့ရပါဘူး။ ပုံတွေထဲမှာ မီးဟပ်တဲ့ အရာတွေနဲ့ မီးလောင်ကျွမ်းထားတဲ့ ကားတွေကိုသာ တွေ့ရပါတယ်။

hospital gfx

ဒီဆေးရုံကို အန်ဂလီကန် အသင်းတော်က ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဂျေရုဆလင်မြို့က St George's College ရဲ့ အကြီးအကဲ ဖြစ်တဲ့ Canon Richard Sewell က အဲဒီ ဆေးရုံအတွင်း လာရောက်ခိုလှုံနေတဲ့ လူပေါင်း ၁၀၀၀ လောက်ရှိတယ်၊ ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ အဲဒီ အဆောက်အအုံထဲမှာ ဆေးရုံ ဝန်ထမ်းနဲ့ တခြားလူပေါင်း ၆၀၀ လောက်ရှိနေခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။

hospital gfx

ဘီဘီစီ သတင်းထောက် ဘာတွေ တွေ့ခဲ့သလဲ

အဲဒီ အယ်လ် အာလီ ဆေးရုံကို ဘီဘီစီသတင်းထောက် ရှပ်ရှ်ဒီ အဘူအာလုဖ် ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ ရှိတဲ့ မျက်မြင်တွေက ပေါက်ကွဲမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေကို ပြောပြကြသလို အလောင်းတွေကို လိုက်လံ ကောက်ယူနေရတုန်း ဖြစ်တယ်ဆိုတာကိုလည်း သူ့ကို ပြောခဲ့ကြပါတယ်။ အဲဒီထဲက လူတယောက်က ပေါက်ကွဲမှု ဖြစ်ပွားစဉ်မှာ ဆေးရုံအတွင်းမှာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ရှိနေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဘီဘီစီက ရရှိထားတဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုတွေထဲမှာ မြင်ရတဲ့ ဒဏ်ရာတွေနေတဆင့် ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘာတွေ သိနိုင်မလဲ ဆိုတာ ဆန်းစစ်နေဆဲ ဖြစ်ပါတယ်။ အဲဒီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာက သေကြ၊ ထိခိုက်ဒဏ်ရာ ရခဲ့သူတွေရဲ့ ပုံတွေထဲမှာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေတာကို တွေ့ရပါတယ်။

စစ်ပွဲတွေအတွင်း ရရှိတဲ့ ထိခိုက် ဒဏ်ရာဆိုင်ရာ ကျွမ်းကျင်ပညာရှင် တယောက်ဖြစ်တဲ့ ယူကေက လူ့အခွင့်အရေး ဆရာဝန်များ အဖွဲ့ Physicians for Human Rights ကို တည်ထောင်သူနဲ့ အဖွဲ့ဝင် ရောဂါဗေဒ ပညာရှင် Derrick Pounder က တချို့ ပုံတွေကို လေ့လာကြည့်ခဲ့ပါတယ်။ သူက ဒဏ်ရာရရှိပုံတွေကို ခြုံငုံကြည့်ရင် ပေါက်ကွဲမှုက ထွက်လာတဲ့ စူးရှတဲ့ အစိတ်အပိုင်းတွေ ထိမှန်လို့ ရရှိတဲ့ ဒဏ်ရာမျိုးတွေ ဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ရရှိထားသမျှ အတည်ပြုနိုင်တဲ့ ပုံရိပ်အရေအတွက်တွေက အကန့်အသတ် ရှိတဲ့အတွက် ဒဏ်ရာ အာလုံးကို သုံးသပ်ကြည့်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

BBC reporter Rushdi Abualouf
ဓာတ်ပုံ ပုံစာ, ဘီဘီစီသတင်းထောက် ရှပ်ရှ်ဒီ အဘူအာလုဖ် ဆေးရုံကို ရောက်သွားချိန်မှာ လူတွေက သေဆုံးသူတွေရဲ့ အလောင်းတွေနဲ့ ကိုယ်လက်အင်္ဂါတွေကို လိုက်လံ ကောက်ယူနေဆဲ ဖြစ်

မသိရသေးတဲ့ အချက်များ

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနကတော့ ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း ၄၇၁ ယောက်ရှိတယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေး တပ် IDF ကတော့ ဒီအရေအတွက်က ရည်ရွယ်ချက်ရှိရှိနဲ့ ချဲ့ကား ပြောထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ဘယ်ရွေ့ဘယ်မျှ သေဆုံးခဲ့တယ်ဆိုပြီး ထုတ်ပြန်ကြေညာတာမျိုး မရှိပါဘူး။ တခြား သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း အဲဒီ နေရာကို သွားရောက်နိုင်ဖို့ တားဆီးကန့်သတ်မှုတွေ ရှိနေတဲ့အတွက် သေဆုံးသူ အရေအတွက်ကို အတည်ပြုဖို့ ခက်ခဲပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အရေးကြီးဆုံး အထောက်အထား တခုကတော့ ပေါက်ကွဲမှုဖြစ်ပြီးနောက် မြေပြင်မှာ ကျန်နေတတ်တဲ့ မြေကျင်း ဖြစ်ပါတယ်။

IDF က အခုပေါက်ကွဲမှုမှာ မြေကျင်းအကြီးကြီးမျိုး မတွေ့ရသလို အနီးက အဆောက်အအုံတွေက အပျက်အစီးတွေကို ကြည့်ရင် ဒီပေါက်ကွဲမှုဟာ အစ္စရေးရဲ့လက်နက်ထိမှန်လို့ ဖြစ်ပွားခဲ့တယ်လို့ မဆိုနိုင်ကြောင်း ပြောပါတယ်။

ဓာတ်ပုံထဲမှာတွေ့ရတဲ့ မြေကျင်းငယ်နဲ့ တခြား အချက်အလက်တွေကို စစ်ဆေးကြည့်နေပါတယ်။

ဒီပေါက်ကွဲမှုရဲ့ ပမာဏ၊ မပေါက်ကွဲခင်မှာ ကြားခဲ့ရတဲ့ အသံတွေ စတဲ့ ရရှိထားတဲ့ အထောက်အထားတွေကို အခြေခံပြီး ဒီဆေးရုံ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ခြေရာခံဖို့ ဖြစ်နိုင်မလား

နောက်ထပ် မတွေ့ရသေးတဲ့ အရေးကြီးအထောက်အထား တခုကတော့ ဒုံးကျည်ရဲ့ အပိုင်းအစတွေဖြစ်ပါတယ်။ ဒီလို ဒုံးကျည်မျိုးတွေနဲ့ ပတ်သက်လို့ ကျန်နေတဲ့ အခွံရဲ့ အပိုင်းအစတွေကို လေ့လာပြီး ဘယ်ကပစ်လွှတ်သလဲ စသည်ဖြင့် သုံးသပ်လေ့ရှိကြပါတယ်။ ဒီတကြိမ်မှာတော့ ဒီလို အထောက်အထားမျိုးတွေ မတွေ့ရသေးပါဘူး။

IDF ဘက်ကလည်း သူတို့ ကြားဖြတ် ဖမ်းယူ နားထောင်နိုင်ခဲ့တဲ့ ဟားမတ်စ် စစ်သွေးကြွ နှစ်ဦး အကြားမှာ ပြောဆိုနေတဲ့ အသံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟဒ် အဖွဲ့ ဖြစ်တဲ့ PIJ က ပစ်လွှတ်တဲ့ဒုံးကျည် ဆေးရုံကို ထိမှန်သွားတာကို ပြောဆိုနေကြပါတယ်။ PIJ ဟာ ဂါဇာထဲမှာ ဒုတိယ အင်အားအကောင်းဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး အောက်တိုဘာလ ၇ ရက် ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ရာမှာလည်း အထောက်အကူ ပေးခဲ့ပါတယ်။

ဒီအသံဖိုင်နဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး မလုပ်နိုင်ပါဘူး။ PIJ ကလည်း ဒီဖြစ်ရပ်မှာ သူတို့ ဘာမှ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားသလို ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အစ္စရေးကိုသာ အပြစ်ဆိုထားပါတယ်။