ဟားမတ်စ်အဖွဲ့ ဘဏ္ဍာရေးထောက်ပံ့မှု ဘယ်လို ရလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ပေါ်လာ ရိုဆာစ်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
ဘဏ္ဍာရေးဆိုင်ရာ မူဘောင်တွေက ရှုပ်ထွေး လျှို့ဝှက်ပြီး အဲဒီငွေကြေးဆိုင်ရာအမြစ်တွယ်မှုတွေဟာ ဂါဇာကမ်းမြောင်ထက်ကို ကျော်လွန်ရောက်ရှိပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းလို့ မှတ်ယူထားတဲ့ ဟားမတ်စ်အဖွဲ့ဟာ နိုင်ငံတကာဘဏ်စနစ်ထဲကို ဝင်ရောက်ခွင့်မရဘဲ ဆယ်စုနှစ်ချီကြာအောင် ပိတ်ဆို့ခံထားရတဲ့ ဘဏ္ဍာရေး အပယ်ခံဖြစ်ပါတယ်။
ဒါပေမဲ့ အောက်တိုဘာလ ၇ ရက်မှာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တခြားနည်းပညာမြင့် ပစ္စည်းထောင်ချီကို အသုံးပြုပြီး အစ္စရေးကို တိုက်ခိုက်တာကို ပြသနိုင်ခဲ့သလို စစ်သွေးကြွအဖွဲ့ ဟားမတ်စ်မှာ ရင်းမြစ်တွေ ကုန်ခမ်းသွားမယ့်ပုံတော့ မပေါ်သေးပါဘူး။
ဒီတော့ ဘဏ္ဍာငွေရဖို့ ဘယ်လိုစီမံထားနိုင်တာပါလဲ။
ဟားမတ်စ်အဖွဲ့ဟာ ၁၉၈၇ ခုနှစ်မှာ အစ္စလာမ္မစ်လှုပ်ရှားမှုတစ်ခုအနေနဲ့ နိုင်ငံရေးအဖွဲ့ကိုရော၊ စစ်ရေးအဖွဲ့ကိုပါ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့လက်နက်ကိုင်လှုပ်ရှားမှုဟာ Ezzedine al-Qassam တပ်ဖွဲ့အဖြစ်သိကြပြီး အတိတ်တုန်းကလည်း အစ္စရေးကို ဆန့်ကျင်တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်မှု အကြိမ်ရေအများအပြားကို လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ လူပေါင်း ၂.၃ သန်းကျော်နေထိုင်တဲ့နယ်မြေကို စီမံအုပ်ချုပ်သလို အရာရှိပေါင်း ၅၀,၀၀၀ နီးပါးကို တာဝန်ခံရတဲ့အဖွဲ့ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့လူမှုရေးအဖွဲ့အနေနဲ့ အခွန်ကောက်သလို ရည်ရွယ်ချက်တူပြည်ပအစိုးရတွေနဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေဆီကနေ နိုင်ငံတကာအကူအညီတွေကို ရယူပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၇ ရက်တိုက်ခိုက်မှုတွေကတော့ စစ်ဘက်ရေးရာပစ္စည်းတွေကိုလည်း လက်လှမ်းမီတယ်ဆိုတာကို ပြသပါတယ်။
အစ္စလာမ္မစ်အဖွဲ့ဟာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို မကြာခဏအသုံးပြုပြီး နိုင်ငံတကာမှာ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုခိုင်မာအောင်လည်း ပြုလုပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာတာ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပင်လယ်ကွေ့က နိုင်ငံငယ်လေးဖြစ်တဲ့ ကာတာဟာ ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံတွေက တစ်နိုင်ငံဖြစ်ပြီး ပါလက်စတိုင်းအစုအဖွဲ့ ဖာတာ ၂၀၀၇ ခုနှစ်မှာ ပြိုကွဲခဲ့ပြီးနောက်မှာ ဟားမတ်စ်အဖွဲ့ကို တူရကီနဲ့အတူ ထောက်ခံခဲ့တဲ့ အစိုးရအနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီတစ်နှစ်တည်းမှာပဲ ဂါဇာကို အစ္စရေးက ပိတ်ဆို့မှုပြုလုပ်တဲ့အခါ ကာတာဟာ ဂါဇာကမ်းမြောင်ထဲက ပါလက်စတိုင်းတွေကို လူသားချင်းစာနာမှု အကူအညီထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ ကာတာမင်းသား ရှိတ် မိုဟာမက် ဘင် ခါလီဖာ အယ်လ် သာနီဟာ ဟားမတ်စ်အဖွဲ့ အုပ်ချုပ်မှုအောက်က ဂါဇာကို သွားရောက်ခဲ့တဲ့ ပထမဆုံးနိုင်ငံ့ဥသျှောင်ဖြစ်ပြီး ဒေါ်လာသန်းချီတဲ့အကူအညီတွေကိုကတိပေးခဲ့သလို အဲဒီအကူအညီကိုလည်း အစ္စရေးက နောက်ဆုံးအတည်ပြုခဲ့ပါတယ်။
ကာတာဟာ ဟားမတ်စ်ကို နိုင်ငံရေးထောက်ခံမှုပုံစံနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒမားစကတ်မြို့က သမိုင်းဝင်ရုံးချုပ်ကို ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဟားမတ်စ်ခေါင်းဆောင်တွေ စွန့်လွှတ်ခဲ့ရပြီးတဲ့နောက်မှာ ဟားမတ်စ်ခေါင်းဆောင်တွေကို ၂၀၁၂ ခုနှစ်ကစလို့ ဒိုဟာမြို့မှာ အခြေချခွင့်ပေးခဲ့ပါတယ်။
အစ္စမေးလ် ဟာနီယာဟာ အဖွဲ့ခေါင်းဆောင်အဖြစ် ရှုမြင်ခံရပြီး ခါလက် မာရှယ်ကိုတော့ သူ့ရဲ့ ထောက်ခံသူအဖြစ် မှတ်ယူခံရပါတယ်။ ၂၀၂၁ ခုနှစ် နွေရာသီမှာ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ ထိန်းချုပ်မှုမတိုင်ခင်အထိ တာလီဘန်ခေါင်းဆောင်တွေနည်းတူ ဒိုဟာမြို့မှာ သူတို့ အခြေချခဲ့ကြပါတယ်။
ကာတာနိုင်ငံဟာ အနောက်အင်အားကြီးနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အဖွဲ့ တွေ၊ ဥပဒေရေးရာနဲ့ ပြည်သူ့အမြင်သဘောထားကြောင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးဖို့ ခက်ခဲတဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ အခရာကျတဲ့အခန်ကဏ္ဍမှာပါဝင်ပါတယ်။
အီဂျစ်နိုင်ငံက အစဥ်အဆက်ပါဝင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်ကြား ညှိနှိုင်းဆွေးနွေးမှုမှာ အခုတော့ ကာတာနိုင်ငံက ပင်မညှိနှိုင်းသူဖြစ်လာပါတယ်။ လက်ရှိမှာ ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ အစ္စရေး ဓားစာခံတွေအရေးညှိနှိုင်းမှုကို ကာတာက လုပ်ဆောင်နေတာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ အမေရိကန်စစ်ဘက်ဆိုင်ရာတည်ရှိမှုအကြီးမားဆုံးရှိတဲ့နေရာလည်းဖြစ်တဲ့ ကာတာဟာ ဂါဇာမှာ အစ္စရေးရဲ့ ပိတ်ဆို့မှု အကျိုးဆက်တွေကို လျော့ပါးသက်သာစေဖို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဟားမတ်စ်တွေဆီကိုမဟုတ်ဘဲ ပါလက်စတိုင်းတွေဆီကို ဒေါ်လာသန်းထောင်ချီတဲ့လူသားချင်း စာနာမှုအကူအညီတွေ ပေးပို့ထားပါတယ်။
အခုအကူအညီဟာ ဘယ်လောက်အထိများပြားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမဲ့ အစ္စရေးနဲ့စစ်ပွဲအကြိမ်ကြိမ်ဖြစ်မှုအတွင်းမှာ ဂါဇာပြန်လည်ထူထောင်ရေးအတွက် ကူညီခဲ့တာ ၂၀၁၄ ခုနှစ်ကတည်းကဆိုရင် ဒေါ်လာ သန်း ၁ ဘီလျံနဲ့ ၂.၆ ဘီလျံအနီးပါးအထိရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ကာတာ မင်းသား ရှိတ်ခ် တာမင် ဘင် ဟာမတ် အယ်လ် သာနီဟာ ‘‘ကမ်းမြောင်က ညီနောင်တွေရဲ့ခံစားနေရမှုကို လျော့ပါးသက်သာဖို့နဲ့ အစ္စရေးသိမ်းပိုက်မှုကြောင့် သူတို့ကြုံနေရတဲ့ ငွေကြေးခက်ခဲမှုတွေကို သက်သာဖို့’’ ကာတာငွေ ၁၁၃ သန်း(အမေရိကန်ဒေါ်လာ သန်း ၃၀)ကို ခွဲဝေပေးမယ်လို့ ကြေညာခဲ့ပါတယ်။
လစဥ်ပေးတဲ့ ဒီငွေကြေးဟာ လူပေါင်း ၅၀,၀၀၀ နီးပါးရှိတဲ့ ဂါဇာက အရာရှိတွေကို လစာတစ်စိတ် တစ်ပိုင်းပေးဖို့၊ ကမ်းမြောင်က လျှပ်စစ်ဓာတ်အားလိုင်းအတွက် လောင်စာဝယ်ဖို့၊ အချို့တဲ့ဆုံးမိသားစုတွေကို လစဥ် ဒေါ်လာ ၁၀၀ တန် ငွေထုတ်လက်မှတ် အကူအညီပေးဖို့ ဖြစ်ပါတယ်။
အဲဒီရန်ပုံငွေတွေဟာ အမေရိကန်နဲ့ အစ္စရေးရဲ့ ညှိနှိုင်းမှုနဲ့ လွှဲပြောင်းတာဖြစ်တယ်လို့ ကာတာမှာရှိတဲ့ အရှေ့မြောက်ပိုင်းတက္ကသိုလ်က အရှေ့အလယ်ပိုင်းရေးရာပညာ ပါမောက္ခ ခါလက် အယ် ရော့က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
‘‘အမေရိကန်နဲ့ အစ္စရေး လုံခြုံရေးအဖွဲ့တွေရော၊ အီဂျစ်တွေနဲ့ ဂျော်ဒန်တွေရော ငွေကြေးပမာဏကို နီးနီးကပ်ကပ် စောင့်ကြည့်နေတာဖြစ်လို့ ဂါဇာအပါအဝင် ပါလက်စတိုင်းနယ်မြေတွေကို ရောက်လာတဲ့ ဒေါ်လာတွေကို စောင့်ကြည့်မှုဟာ ကမ္ဘာမှာ စောင့်ကြည့်အခံရဆုံးဖြစ်နိုင်ပါတယ်။ တချို့ငွေတွေက သူတို့ဘဏ်တွေကနေတဆင့်လာတာဆိုတော့လေ’’ လို့ ဟားမတ်စ်တွေအကြောင်း စာအုပ်အတော်များများရေးသားထားတဲ့ ပါလက်စတိုင်းအကဲခတ်က ပြောပါတယ်။
အဲဒီငွေကြေးကို ဒိုဟာကနေ အစ္စရေးဘက်ကို လွှဲပြောင်းတာဖြစ်ပြီး ဂါဇာကမ်းမြောင် မြောက်ပိုင်းက အီရက်ဇ် နယ်စပ်ဖြတ်နေရာကနေတဆင့် ကာတာသံတမန်တွေက ငွေသားတွေအပြည့်ပါတဲ့လက်ဆွဲအိတ်တွေကိုဆွဲလို့ ဂါဇာထဲကိုဝင်ရောက်ပါတယ်။ အဲဒီနောက် ငွေကြေးကို စာတိုက်ရုံးတွေနဲ့ စျေးဝယ်စင်တာတွေကနေတဆင့် ဂါဇာအရာရှိတွေနဲ့ ချို့တဲ့ တဲ့ မိသားစုတွေကို တိုက်ရိုက်ဖြန့်ဝေပါတယ်။
အကဲခတ်အချို့ကတော့ အဲဒီနိုင်ငံတကာအကူအညီငွေကြေးတွေထဲက အချို့ဟာ ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့လက်ထဲမှာ အဆုံးသတ်တယ်လို့ ခိုင်ခိုင်မာမာပြောပါတယ်။
ဟားမတ်စ်အဖွဲ့ကတော့ ဒါကို ငြင်းဆိုပြီး အယ်လ် ဟော့ကတော့ အဲဒါနဲ့ပတ်သက်ပြီး သက်သေ မရှိဘူးလို့ ပြောပါတယ်။
‘‘ဟားမတ်စ်ရဲ့ ပင်မစီးပွားရေး ပြဿနာက ပါတီ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့ကို ဘဏ္ဍာရေး ထောက်ပံ့ရတာမဟုတ်ဘူး။ ဒါက အလွယ်ဆုံးအပိုင်းပါ။ တကယ့် အခက်ခဲဆုံးက လက်ရှိမှာ ခံစားနေရတဲ့ ဂါဇာက ပါလက်စတိုင်း သန်းချီကို ထောက်ပံ့ရေးဖြစ်ပါတယ်။ ဟားမတ်စ်မှာ အဲဒီ ဖိအားရှိတယ်’’
ကာတာငွေကြေးနဲ့ နိုင်ငံတကာအကူအညီနဲ့ ပတ်သက်ပြီး ပါလက်စတိုင်းအကဲခတ် ပြောတာက ‘‘ရောဂါလက္ခဏာတွေကို ကုသဖို့ နာကျင်ကိုက်ခဲမှုပျောက်ဆေးတစ်ခုအဖြစ်သာသာပဲ ရှုမြင်ခံရတယ်။ တကယ့်ရောဂါဇစ်မြစ်ကို ကုသဖို့မဖြစ်ဘူး’’
ဂါဇာမှာ အဓိက လူသားချင်းစာနာမှုအကူအညီပေးတဲ့အဖွဲ့ဟာ UNRWA လို့ ခေါ်တဲ့ အရှေ့အလယ်ပိုင်းမှာ ပါလက်စတိုင်းဒုက္ခသည်တွေအရေး ကုလသမဂ္ဂအေဂျင်စီဖြစ်ပါတယ်။ သူတို့ အကူအညီတွေကိုတော့ သူတို့အဖွဲ့တွေကနေ တိုက်ရိုက်ဖြန့်ဝေပြီး ကနဦးစစ်ဆေးမှုတွေကို ကင်းလွတ်ခွင့်ရတယ်လို့ UNRWA ပြောခွင့်ရသူက ဘီဘီစီကိုပြောပါတယ်။
ဒီအဖွဲ့ကိုတော့ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုက နှစ်စဥ် စာရင်းစစ်ပါတယ်။ ‘’ကန်ထရိုက်တွေ၊ ဝယ်လိုတဲ့ပစ္စည်းကိုရောင်းချသူတွေနဲ့ ဝန်ထမ်းတွေဟာ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုမရှိရေး လုပ်ထုံးလုပ်နည်းတွေအရ ဘဏ်လုပ်ငန်းတစ်ခုကနေ တစ်ဆင့် လုပ်ငန်းစဥ် သွားပါတယ်’’ လို့ ပြောခွင့်ရသူက ရှင်းပြပါတယ်။
အီရန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟားမတ်စ်အဖွဲ့ဟာ တော်လှန်ဝင်ရိုး(Axis of Resistance)လို့ သိကြတဲ့ မဟာမိတ်ဖွဲ့စည်းမှုအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့ကို အီရန်က ဦးဆောင်ကာ ဆီးရီးယားအပြင် လက်ဘနွန်အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာအဖွဲ့လည်း ပါဝင်ပါတယ်။ သူတို့ရဲ့ဘုံ တူညီချက်ကတော့ အစ္စရေးဆန့်ကျင်ရေးနဲ့ အမေရိကန်ဆန့်ကျင်ရေးရပ်တည်ချက်ဖြစ်ပါတယ်။
အစ္စရေးနဲ့လွှမ်းမိုးမှုကို ထိန်းဖို့နဲ့ အယာတိုလာ အစိုးရရဲ့ ရှင်သန်မှု သေချာစေဖို့အတွက် တဟီရန်ဟာ ဒေသတွင်းမှာ မဟာမိတ်ကွန်ရက်ကို မွေးမြူပြီး ‘’ငွေကြေး၊ သင်တန်း ဒါမှမဟုတ် လက်နက်’’နဲ့ အကူအညီပေးနေတယ်လို့ တတ်သိပညာရှင်အဖွဲ့ ချက်တမ်ဟောက်စ်က မကြာသေးခင်တုန်းက ဖြန့်ချိတဲ့ မြောက်အမေရိကနဲ့ အရှေ့အလယ်ပိုင်းအစီအစဥ် ညွှန်ကြားရေးမှူး ဆာနမ် ဗာခီးလ်ရဲ့ဆောင်းပါးမှာ ဖော်ပြပါတယ်။
သူတို့တွေထဲမှာ ဟားမတ်စ်နဲ့ တခြား ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့တွေပါဝင်ပြီး သူတို့ကို အီရန်က ထောက်ပံ့မှုတိုးလုပ်နေတာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက ဖြစ်တယ်လို့ ဗာခီးလ် ကပြောပါတယ်။
အဲဒီထောက်ပံ့မှုထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အပြောအရဆိုရင် ဟားမတ်စ်အဖွဲ့၊ အစ္စလာမ္မစ် ဂျီဟာ့ဒ်နဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးဆိုင်ရာ လူထုတပ်ဦးဆီ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှစ်စဥ်ရောက်နေတာလည်းပါဝင်ပါတယ်။
ဟားမတ်စ်နဲ့ အီရန်တို့ဟာ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်ကို ထောက်ခံဖို့ ဟားမတ်စ်အဖွဲ့ ငြင်းဆိုတဲ့အခါ ဆီးရီးယားပြည်တွင်းစစ်အတွင်းမှာ သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့ပါတယ်။
‘‘အီရန်ရဲ့ ငွေကြေးထောက်ပံ့မှုက ဘယ်တုန်းကမှ မရပ်ခဲ့ပါဘူး။ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် ငွေပေးတာ လျှော့ကောင်း လျှော့လိမ့်မယ်။ ဒါပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့အတွက် ရန်ပုံငွေတွေကတော့ ဆက်ပြီးပေးနေခဲ့တယ်’’ လို့ Near East Policy ရေးရာ ဝါရှင်တန်အင်စတီကျူ့က အကဲခတ် မက်သျူးလက်ဗစ်က ပြောပါတယ်။
အယ်လ် ဟော့ရဲ့ အပြောအရဆိုရင် ‘‘အီရန်ဆီကနေ ဟားမတ်စ်အဖွဲ့ နှစ်စဥ် ငွေဘယ်လောက်အထိရနေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ငွေကြေးရနေတာကတော့ ရှင်းပါတယ်’’
ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ ကတော့ အီရန်ဟာ သူတို့အတွက် အဓိက အကူအညီပေးသူဖြစ်ပြီး ဒုံးကျည်စနစ်တွေတိုးတက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၇၀ ထည့်ဝေခဲ့တယ်လို့ အယ်လ်ဂျာစီးယားသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုပြုလုပ်ချိန် ၂၀၂၂ ခုနှစ်မှာ ပြောဆိုထားပါတယ်။
မကြာသေးခင်တုန်းကပဲ အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုပြုလုပ်ပြီးနောက်ရက်မှာ ရုရှားရုပ်သံလိုင်း Russia Today နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ဟားမတ်စ်အဖွဲ့ရဲ့နိုင်ငံခြားရေးရာဆက်ဆံရေးဌာနခေါင်းဆောင် အလီ ဘာရာခါက အီရန်ဟာ ‘’ပထမဆုံးနဲ့ရှေ့ဆုံးက’’ သူတို့ရဲ့ အလှူရှင်ဖြစ်ခဲ့ပြီး ငွေကြေးနဲ့လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ကို ငွေကြေးထောက်ပံ့နေတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီကနေ ဘီဘီစီက မှတ်ချက်တစုံတရာ မရခဲ့ပါဘူး။
အခွန်ကောက်ခံမှုများ

ဓာတ်ပုံ ရင်းမြစ်, Getty
ဂါဇာမှာ အာဏာပိုင်အဖြစ် စီမံတဲ့ ဟားမတ်စ်အဖွဲ့ ဟာ သွင်းကုန်တွေကို အခွန်ကောက်ခံပါတယ်။ အီဂျစ်နဲ့ လှိုဏ်ခေါင်းတွေကနေတဆင့် သယ်ယူတဲ့မှောင်ခိုကုန်ပစ္စည်းတွေနဲ့ ကမ်းမြောင်မှာ ကုန်သွယ်စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်အတွက်လည်း အခွန်ကောက်ပါတယ်။ ဒါပေမဲ့ လစဥ် အဲဒီတွေကနေ ငွေဘယ်လောက်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဂါဇာ ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အဲဒီပမာဏဟာ ဒေါ်လာ ၁၅ သန်းကနေ အမျိုးမျိုး အထိရှိတယ်လို့ ဘီဘီစီရဲ့ ဂါဇာသတင်းထောက် ရာရှ်ဒီ အဘာလုဖ်ကို ၂၀၁၆ ခုနှစ်မှာ ပြောခဲ့ပြီး ဒေါ်လာသန်း ၃၀၀-၄၅၀ အထိရှိတယ်လို့ မက်သျူ လက်ဗစ်က ပြောပါတယ်။
အလုပ်လက်မဲ့နှုန်း ၄၅ ရာခိုင်နှုန်းအထိရှိနေပြီး ကုလသမဂ္ဂအပြောအရ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ စစ်ပွဲမဖြစ်ခင် လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်ရှိနေတဲ့ ဂါဇာဟာ အခွန်ကောက်ခံမှုနှုန်းမှာ အတော်အသင့်မြင့်နေတာက ရှင်းလင်းနေပါတယ်။
‘‘ဝင်ငွေရကြတဲ့အဆင့်က အရမ်းကိုကွဲပြားပေမဲ့ ဂါဇာနဲ့ အနောက်ဘက်ကမ်းဟာ ဗျူရိုကရေစီယန္တရားအဆင့်ဆင့်အုပ်ချုပ်မှု အတူတူပါပဲ’’လို့ အယ်လ် ဟော့က ပြောပါတယ်။
‘‘ပိတ်ဆို့မှုကို ကာမိစေဖို့’’ စီးကရက်တွေ၊ သွင်းလာတဲ့ ဂျင်းအထည်တွေ၊ ယာဥ်တွေ ဒါမှမဟုတ် နေ့စဥ်လိုအပ်ချက်မဟုတ်ဘဲ ဇိမ်ခံပစ္စည်းလို့ ယူဆထားတဲ့စားသောက်ကုန်တွေကို အခြား အခွန် ကောက်ယူမှုတွေလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းလုပ်လာတယ်လို့ ပါမောက္ခ မက်သျူးလက်ဗစ် က ပြောပါတယ်။
လက်ဗစ်က ‘‘အားလုံးကို အခွန်ကောက်တဲ့အခါ ပိုပိုပြီးတိုးလာတော့ နောက်ဆုံးအဆုံးသတ်က လူဆိုးဂိုဏ်းလိုဖြစ်သလို ငွေညှစ်သလိုဖြစ်နေတယ်’’
အခွန်တိုးကောက်တာဟာ လူဦးရေကြားမှာတော့ မတည်ငြိမ်မှုကို ဦးတည်ပြီး ကုန်သွင်းကြသူတွေထဲမှာ ဆန္ဒပြမှုအချို့လည်းရှိခဲ့သလို အဲဒီဆန္ဒပြမှုတွေကို ဟားမတ်အဖွဲ့က ဖိနှိပ်ခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အစုစု
အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး(OFAC)ရဲ့ အပြောအရဆိုရင် ဟားမတ်စ်အဖွဲ့ရဲ့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုရုံးဟာ ခန့်မှန်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိရှိပါတယ်။
ဒီကွန်ရက်ဟာ ဆူဒန်၊ တူရကီ၊ ဆော်ဒီအာရေးဗျ၊ အယ်လ်ဂျီးရီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နိုင်ငံတွေမှာ ကုမ္ပဏီတွေထောင်ထားတယ်လို့ OFAC က ပြောသလို ရှူရာကောင်စီနဲ့ ဟားမတ်စ်အဖွဲ့အမှုဆောင်ကော်မတီ၊ အဖွဲထိပ်ပိုင်းခေါင်းဆောင်တွေဟာ အဲဒီရင်းနှီးမြှုပ်နှံမှုအစုစုကို ထိန်းချုပ် စီမံပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့နှစ်တုန်းကတော့ OFAC ဟာ ဟားမတ်စ်အရာရှိတွေ၊ စေ့စပ်ညှိနှိုင်းသူတွေနဲ့ ကုမ္ပဏီတွေဟာ ‘‘ဟားမတ်စ်အဖွဲ့အသုံးပြုတဲ့ ငွေတွေကို ဖုံးကွယ်ဖို့နဲ့ ခဝါချဖို့’’ အသုံးပြုတဲ့စာရင်းကို ဖြန့်ချိခဲ့ပါတယ်။
ဝါရှင်တန်ဘက်ကတော့ ဟားမတ်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ရှုမြင်ပြီး သူတို့အတူ လုပ်ငန်းလုပ်ကိုင်သူမှန်သမျှကိုလည်း ဒဏ်ခတ်အရေးယူပါတယ်။
အမေရိကန်က ပြောတဲ့ ကုမ္ပဏီတွေထဲမှာ ဆူဒန်မိုင်းတွင်းကုမ္ပဏီတစ်ခု၊ တူရီက အိမ်ခြံမြေလုပ်ငန်းတစ်ခု၊ ဆော်ဒီဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုတို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့လတုန်းကတော့ OFAC ဟာ တဟီရန်က ဟားမတ်ကိုယ်စားလှယ်တွေနဲ့ အီရန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့အရေးယူမှု ဒုတိယအကြော့ကို ကြေညာခဲ့ပါတယ်။
ဒစ်ဂျစ်တယ်ငွေကြေးနဲ့ လှူဒါန်းမှုများ
ဟားမတ်စ်အဖွဲ့ဟာ ပါလက်စတိုင်းနယ်မြေ၊ အာရပ်နိုင်ငံတွေနဲ့ ဒေသအပြင်ဘက်က စာနာသူတွေဆီကနေ ရရှိတဲ့လှူဒါန်းမှုတွေပေါ် မှာလည်း ငွေကြေး မှီခိုနေတယ်လို့ အယ်လ် ဟော့က ပြောပါတယ်။
ဒီလှူဒါန်းမှုတွေဟာ အစ္စလာမ္မစ်ဘာသာရေးထုံးထမ်းအရ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုအနည်းအကျဥ်းကို လိုအပ်သူတွေကို ကူညီဖို့တိုက်တွန်းတဲ့ ‘‘ဇခတ်’’ ကြောင့်လည်း ဟားမတ်စ်အဖွဲ့ဟာ ရန်ပုံငွေကို ရရှိတာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ တခြားအခက်အလက်ခွဲဖြာမှုတွေရှိပြီး ဒီလိုတရားဝင်မဟုတ်တဲ့ ရန်ပုံငွေ ရင်းမြစ်တွေကနေတဆင့် ငွေကြေးတောင်းခံတဲ့အခါ အဲဒီငွေကြေးဟာ သူတို့ရဲ့လက်နက်ကိုင်အဖွဲ့ကို ငွေကြေးထောက်ပံ့မှုအဖြစ် စီးဆင်းသွားတယ်ဆိုတာမျိုးတော့ ဟားမတ်စ်ဘက်က မပြောပါဘူး။
‘‘ဒါပေမဲ့ အဲဒီငွေတွေကို ကျောင်းတွေ ဆေးရုံတွေနဲ့ နိုင်ငံရေးစည်းရုံးမှုတွေအတွက် တောင်းခံတာမျိုးပဲရှိတယ်’’ လို့ ‘‘ဟားမတ်စ်-နိုင်ငံရေးအတွေးအခေါ်နဲ့ ကျင့်သုံးမှု’’ စာအုပ်နဲ့ ‘‘ဟားမတ်စ်- အစသိသင့်သမျှ’’စာအုပ်တွေ ရေးသားတဲ့ စာရေးဆရာ အယ်လ် ဟော့က ပြောပါတယ်။
အမေရိကန်က အကြမ်းဖက်သမားတွေအဖြစ်မှတ်ယူထားတဲ့ အဖွဲ့တွေကို ရန်ပုံငွေမရောက်အောင် ဖြတ်တောက်ဖို့ ‘‘အကြမ်းဖက်မှုစစ်ဆင်ရေး’’ကို စတင်တဲ့အခါ ပါလက်စတိုင်းတွေက အစ္စရေးကို ဆန့်ကျင်တဲ့ဆန္ဒပြမှုကို ရည်ညွှန်းသုံးနှုန်းလေ့ရှိတဲ့ အင်တီဖာဒါ(တွန်းလှန်မှု) ဒုတိယမြောက်ကာလကို သူက ပြန်လည်အမှတ်ရပြီး ‘‘ဟားမတ်စ်အဖွဲ့ဟာ သောကြာနေ့ ဝတ်ပြုဆုတောင်းပြီးတဲ့အချိန်မှာ ဂါဇာမှာ တစ်နေ့တည်းရတဲ့ငွေကြေးပမာဏက ဒေါ်လာ ၁.၅ သန်းကနေ ၂ သန်းကြားရှိတယ်’’
ဟားမတ်စ်အဖွဲ့ဟာ အလှူရှင်အဖွဲ့တွေကနေတဆင့်လည်း ငွေကြေးရှာဖွေပါတယ်။ “ဟားမတ်စ်အဖွဲ့ကို ငွေကြေးပေးဖို့ ဒီငွေတွေပေးတယ်လို့တော့ သူတို့မပြောဘူး။ ဒါပေမဲ့ သွေးအလိမ်းလိမ်းနဲ့ကလေးငယ်တစ်ယောက်ရဲ့ဓာတ်ပုံကို ပြသခဲ့ကြတယ်လေ’’ လို့ မက်သျူးလက်ဗစ်က ပြောပြီး ‘‘အဲဒီငွေကြေးတွေအများဆုံး အဆုံးသတ်သွားတာက စစ်ဘက်ရေးရာရည်ရွယ်ချက်တွေအတွက်ဖြစ်တယ်’’ လို့ သူက ခန့်မှန်းပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက အဲဒီထဲက လှူဒါန်းမှု အချို့ဟာ ခရစ်တိုငွေကြေး(ဒစ်ဂျစ်တယ်ငွေကြေး) တွေကနေပြုလုပ်တာဖြစ်ပါတယ်။
‘‘ဟားမတ်စ်အဖွဲ့ဟာ လှူဒါန်းမှုတွေကို ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ပြုလုပ်ဖို့ အနည်းဆုံး တောင်းဆိုခဲ့ပေမဲ့ အဲဒီငွေကြေးစနစ်ကို ပထမဆုံးအသုံးပြုခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်’’ ဘလော့ချိန်းနည်းပညာကုမ္ပဏီ TRM Labs က ကမ္ဘာ့အစိုးရနဲ့မူဝါဒရေးရာ ခေါင်းဆောင် အရီ ရက်ဘော့က ဘီဘီစီကိုပြောပါတယ်။ ဟားမတ်စ်ဟာ ဒစ်ဂျစ်တယ်ငွေကြေး Bitcoin ကို ပထမဆုံး အသုံးပြုခဲ့တဲ့အဖွဲ့ဖြစ်ပြီး နောက်ထပ် ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်တဲ့ Tron ကို ၂၀၂၂ ခုနှစ်ကတည်းက အသုံးပြုနေတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒစ်ဂျစ်တယ်ငွေကြေးတွေဟာ ငွေကြေးပမာဏအများစုကို သာမာန်ငွေသားနဲ့ သယ်သလိုမျိုးမဟုတ်ဘဲ နယ်စပ်တွေကို ဖြတ်သန်း သယ်ယူနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီနည်းပညာဟာ ‘’တရားမဝင်လုပ်သူရော၊ တရားဝင်လုပ်သူတွေအတွက်ရော အတော်လေးကို ဆွဲဆောင်ထားနိုင်တယ်’’ လို့ ရက်ဘော့က ပြောပါတယ်။
ဒါပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေး လှူဒါန်းမှုတွေ ဟားမတ်အဖွဲ့ဆီ ရောက်တယ်ဆိုတာကို သိနိုင်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့လိုနိုင်ငံတွေက အစိုးရတွေ လုပ်ထားတဲ့ အတော်လေးကို ခက်ခဲနက်နဲတဲ့နည်းလမ်းနဲ့ နည်းပညာအရ ခြေရာကောက်နိုင်ပါတယ်။
TRM Labs အပြောအရဆိုရင် အမေရိကန်တရားရေးဌာနဟာ တယ်လီဂရမ်နဲ့ ဝက်ဘ်ဆိုက်တွေ ကနေ ရန်ပုံငွေရှာဖွေနေခဲ့တဲ့ဟားမတ်စ်အဖွဲ့နဲ့ ဆက်နွယ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး လိပ်စာ ၁၅၀ နီးပါးကို ၂၀၂၀ ပြည့်နှစ်မှာ သိမ်းမိခဲ့ပါတယ်။
‘’ရာနဲ့ချီတဲ့ တခြားလိပ်စာတွေကိုလည်း အစ္စရေးအာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သိမ်းဆည်းမိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ဟားမတ်စ်အဖွဲ့ရဲ့အပြောအရဆိုရင် လှူဒါန်းသူတွေ ပစ်မှတ်ထားခံရတာဖြစ်လို့ ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ ရန်ပုံငွေ ရှာဖွေတာတွေကို ရပ်တန့်တော့မယ်လို့ ပြောပါတယ်’’ လို့ ရက်ဘော့က ပြောပါတယ်။
အလှူရှင်တွေဘက်က ငွေကြေး အရွှေ့အပြောင်း အများဆုံး လုပ်တဲ့အချိန်ဟာ အကြမ်းဖက်မှုအခိုက်အတန့်တွေ အမြင့်ဆုံးဖြစ်တဲ့အချိန်တွေဖြစ်ပေမဲ့ TRM Labs ကတော့ အောက်တိုဘာလ ၇ ရက်အထိ အလှူငွေမြင့်တက်မှု မတွေ့ရသလို ဒေါ်လာ ၂၀၀,၀၀၀ နီးပါးအထိပဲ ရှိတယ်လို့ ပြောပါတယ်။
‘’ဒစ်ဂျစ်တယ်ငွေကြေးတွေဟာ အကြမ်းဖက်ဖက်မှုကို ဘဏ္ဍာငွေထောက်ပံ့မှု ပဟေဋ္ဌိမှာ အစိတ်အပိုင်းအသေးလေးတစ်ခုပဲဖြစ်တယ်’’ လို့ အရီ ရက်ဘော့က ပြောပါတယ်။




