တင်းမာမှု မြင့်လာချိန် အရှေ့အလယ်ပိုင်းကို အမေရိကန် ရေငုပ်သင်္ဘောလွှတ်

၂၀၁၉ က ဂျီလ်ဘရော်လတာ ရေလက်ကြားကို ဝင်လာတဲ့ အေဘရာဟမ် လင်ကွန်း အမေရိကန် လေယာဉ်တင် စစ်သင်္ဘော

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၉ က ဂျီလ်ဘရော်လတာ ရေလက်ကြားကို ဝင်လာတဲ့ အေဘရာဟမ် လင်ကွန်း အမေရိကန် လေယာဉ်တင် စစ်သင်္ဘော
    • ရေးသားသူ, ဖရန်ချက်စကာ ဂျလတ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ပဲ့ထိန်း ဒုံးကျည်ပစ်နိုင်တဲ့ ရေငုပ်သင်္ဘောတစင်းကို အမေရိကန်က အရှေ့အလယ်ပိုင်းကို စေလွှတ်လိုက်ပါတယ်။

လေယာဉ်တင်သင်္ဘောတစင်းလည်း ဒီနယ်မြေကို ဦးတည်နေကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

ဟစ်ဇဘိုလာနဲ့ ဟားမတ်စ် ခေါင်းဆောင်တွေ မကြာခင်က လုပ်ကြံခံရပြီးနောက် ဒေသတွင်း ပဋိပက္ခတွေ ပိုကျယ်ပြန့်လာမှာကို စိုးရိမ်နေချိန်မှာ ဒီလို စစ်သင်္ဘောတွေကို လွှတ်လိုက်တာပါ။

အီရန်တိုက်ခိုက်မှုကနေ အစ္စရေးကို ကာကွယ်ဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို အချက်ပြတာ ဖြစ်ပြီး အမေရိကန်က သူ့မဟာမိတ်ကို ကာကွယ်ဖို့ ဖြစ်နိုင်တဲ့ ခြေလှမ်းတိုင်းကို ပြင်ထားမယ်လို့ မစ္စတာအော်စတင်က ပြောပါတယ်။

၂၀၀၄ က တွေ့ရတဲ့ ဂျော်ဂျီယာ ပဲ့ထိန်း ဒုံးပစ် ရေငုပ်သင်္ဘော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၄ က တွေ့ရတဲ့ ဂျော်ဂျီယာ ပဲ့ထိန်း ဒုံးပစ် ရေငုပ်သင်္ဘော

တဟီရန်မှာ ဟားမတ်စ် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် အစ္စမေလ် ဟာနီယာကို ဇူလိုင်လ ၃၁ က လုပ်ကြံခဲ့မှုကို အီရန်က ဘယ်လို တုံ့ပြန်မလဲ အနီးကပ် စောင့်ကြည့်နေပါတယ်။

မစ္စတာဟာနီယာကို သူ့မြေမှာ လုပ်ကြံမှုအတွက် အီရန်က အစ္စရေးကို အပြစ်တင်ပြီး ဒဏ်ခတ်ဖို့ ကြုံးဝါးထားပါတယ်။ အစ္စရေးက ဒါကို မှတ်ချက်မပြုပေမယ့် နောက်ကွယ်က ပါတယ်လို့ ယူဆကြပါတယ်။

ဂျော်ဂျီယာ ပဲ့ထိန်းဒုံးကျည်ပစ် ရေငုပ်သင်္ဘောကို ဒေသတွင်းကို စေလွှတ်ထားကြောင်းလည်း တနင်္ဂနွေနေ့က ပင်တာဂွန်စစ်ဌာနချုပ်က ထုတ်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အက်ဖ်-၃၅ စီ ဂျက်တိုက်လေယာဉ်တွေ သယ်လာတဲ့ အေဘရာဟမ်လင်ကွန်း အမေရိကန် စစ်သင်္ဘောအုပ်စုကိုလည်း အရှိန်မြှင့် မောင်းနှင်ဖို့ အမိန့်ပေးထားပါတယ်။

အစ္စရေး ဟစ်ဇဘိုလာ ပဋိပက္ခကြောင့် လက်ဘနွန်တောင်ပိုင်းမှာ စစ်မီးပြန်တောက်လာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေး ဟစ်ဇဘိုလာ ပဋိပက္ခကြောင့် လက်ဘနွန်တောင်ပိုင်းမှာ စစ်မီးပြန်တောက်လာ

အီရန်က ဘာဆက်လုပ်လာမယ်ကို မသဲကွဲပါဘူး။ အစ္စရေးကို နောက်ထပ် တိုက်ခိုက်မှုကတော့ လက်ဘနွန်ထဲက အီရန်ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာဘက်က လာနိုင်ပါတယ်။

ဟစ်ဇဘိုလာ ထိပ်တန်းတပ်မှူးတဦးကို ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးမှာ အစ္စရေးက သတ်ဖြတ်ခဲ့မှုကို တုံ့ပြန်သွားမယ်ဆိုပြီး ဒီအဖွဲ့က ကြုံးဝါးထားပါတယ်။

ဘေရွတ်ကို လေယာဉ်တွေ မဆင်းကြတော့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဘေရွတ်ကို လေယာဉ်တွေ မဆင်းကြတော့

အရှေ့အလယ်ပိုင်းမှာ တင်းမာမှု အရှိန် မြင့်တက်နေလို့ ဒေသတွင်း နိုင်ငံတွေဆီ ပျံသန်းတဲ့ ခရီးစဉ်ရပ်ဆိုင်းမှုတွေကို လေကြောင်းလိုင်းတွေ တိုးမြှင့်ခဲ့ရပါတယ်။

ပြင်သစ် လေကြောင်းနဲ့ ထရန်ဆားဗီးယားပြင်သစ် လေကြောင်းရဲ့ ဘေရွတ် ခရီးစဉ်တွေကို ကြာသပတေးနေ့ထိ ဖျက်သိမ်းခဲ့ပါတယ်။

ဂျာမနီက လုဖ်သန်ဆာ အုပ်စုကလည်း တဲလ်အဗိ၊ ဘေရွတ်နဲ့ အမ္မန်ကို နောက် ၁၀ ရက် ပျံသန်းဖို့ မရှိကြောင်း ပြောပါတယ်။

ဟစ်ဇဘိုလာနဲ့ အီရန်ဘက်က လက်တုံ့ပြန် ပစ်ခတ်မှုတွေ ဖြစ်လာမှာ စိုးလို့ စစ်သားတွေ ပြည်ပခရီးမသွားဖို့လည်း အစ္စရေး လေတပ်ဦးစီးချုပ်က တားမြစ်ပါတယ်။

ဧပြီလက ဆီးရီးယားက အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်က တိုက်ခိုက်ခဲ့ရာမှာလည်း ရာနဲ့ချီတဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အသုံးပြုခဲ့ပါတယ်။

ဂါဇာကို စွန့်ခွာပြေးရတဲ့ ပါလက်စတိုင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာကို စွန့်ခွာပြေးရတဲ့ ပါလက်စတိုင်းတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစ္စရေး ဓားစာခံတွေ ပြန်လွှတ်ပေးတဲ့ အပစ်ရပ်စဲရေးက ဒေသတွင်း တင်းမာမှုတွေ လျော့ပါးရေးအတွက် အကောင်းဆုံးနည်းဖြစ်ကြောင်း သမ္မတဘိုင်ဒန် အစိုးရက ယုံကြည်ပါတယ်။ ဒါကြောင့် ကြာသပတေးနေ့မှာ ဆွေးနွေးပွဲတွေ ပြန်စဖို့ ဘိုင်ဒန်က တောင်းဆိုထားပါတယ်။

ဂါဇာပဋိပက္ခ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ ပြန်စရေးမှာ အရင်ရပြီးသား အနေအထားကို အခြေခံပြီး လုပ်သင့်ကြောင်း တနင်္ဂနွေနေ့ညက ဟားမတ်စ်ဘက်က ပြောလာပါတယ်။

အရင်ကတော့ ညှိနှိုင်းမှုတွေ မအောင်မြင်တဲ့အတွက် အမေရိကန်က ဟားမတ်စ်ကို အပြစ်တင်ခဲ့ပါတယ်။

အခုတော့ အမေရိကန်က အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုမှာလည်း တစိတ်တပိုင်း တာဝန်ရှိတယ်လို့ မြင်လာကြောင်း အစ္စရေး သတင်းစာတွေမှာ ဖော်ပြပါတယ်။ နေတန်ညာဟုဟာ သူ့ညွန့်ပေါင်းအစိုးရထဲက အပစ်ရပ်စဲရေး ဆန့်ကျင်တဲ့ လက်ယာစွန်းတွေကို ကျေနပ်အောင် လုပ်နေရတယ်လို့ စွပ်စွဲခံနေရပါတယ်။

အရင်ပတ်ကပဲ အိမ်ဖြူတော်က ပထမဆုံးအကြိမ် အစ္စရေး ညွန့်ပေါင်း ခေါင်းဆောင်တယောက်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဘေဇယ်လ်အဲ စမောတားရစ် ဖြစ်ပါတယ်။

မစ္စတာ စမောတားရစ်က အပစ်ရပ်စဲရေးယူတာဟာ ဟားမတ်စ်ကို အညံ့ခံတာပဲဆိုပြီး အပစ်ရပ်ဆွေးနွေးပွဲတွေကို ငြင်းဆိုဖို့ တောင်းဆိုခဲ့ပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေကတော့ အပစ်ရပ်ဆွေးနွေးပွဲတွေ ပြန်စဖို့ တောင်းဆိုခဲ့ကြပါတယ်။