အစ္စရေးကို ဂျာမနီ လက်နက်ရောင်းတာ အိုင်စီဂျေ မပိတ်ပင်

icj

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရားသူကြီး နာဝပ် ဆလမ်က အိုင်စီဂျေ ဆုံးဖြတ်ချက်ကို ချမှတ်

ဂျာမနီက အစ္စရေးကို လက်နက်ရောင်းတာကို အရေးပေါ် အမိန့်ထုတ်ပြီး မတားမြစ်ဖို့ အိုင်စီဂျေ နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

နီကာရားဂွားအစိုးရက ဒီအမှုကို တင်သွင်းခဲ့တာ ဖြစ်ပြီး ဂျာမနီဟာ အစ္စရေးကို စစ်ပစ္စည်းတွေ ရောင်းပြီး ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်းစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ ပါရှိပါတယ်။

ဒီတရားစွဲမှုက မမျှတဘူးလို့ ဂျာမနီအစိုးရက ပြောပါတယ်။

ဂျာမနီအစိုးရက အစ္စရေးရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး အမေရိကန်ပြီးရင် အစ္စရေးကို ဒုတိယအများဆုံး လက်နက်ရောင်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။

နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက် ချဖို့က နှစ်တွေနဲ့ချီ ကြာနိုင်ပါတယ်။ ကနေ့ ဆုံးဖြတ်ချက်ကတော့ အရေးပေါ် ဆောင်ရွက်မှုတွေ အမြန်လုပ်ဖို့ ဖြစ်ပါတယ်။

၂၀၂၃ မှာ အစ္စရေးရဲ့ စစ်ပစ္စည်း ဝယ်ယူမှု ၃ဝ ရာခိုင်နှုန်းက ဂျာမနီက လာပြီး ဒေါ်လာ ၃၂၆ သန်းခွဲဖိုးရှိကာ ၂၀၂၂ ကထက် ဆယ်ဆ များပါတယ်။

အစ္စရေး ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ စစ်ရာဇဝတ်မှုတွေမှာ ဂျာမနီရဲ့ လက်နက်ရောင်းချမှုက ပါဝင်ပတ်သက်နေတယ်လို့ နီကာရားဂွားအစိုးရက ပြောပါတယ်။

အစ္စရေးကတော့ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေကို ပယ်ချပြီး ဂါဇာမှာ ဆောင်ရွက်သမျှက ဟားမတ်စ်ကို ချေမှုန်းရေးကိုပဲ ဦးတည်တယ်လို့ ဆိုပါတယ်။

icj

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုင်စီဂျေရောက် နယ်သာလန်ဆိုင်ရာ နီကာရားဂွားသံအမတ်

နီကာရားဂွားက မတ်လအစောပိုင်းမှာ ဒီအမှုကို သည်ဟိဂ်မြို့ တရားရုံးမှာ တင်သွင်းခဲ့ပြီး အစ္စရေးကို လက်နက်နဲ့ တခြားအကူအညီပေးတာကနေ ဂျာမနီကို တားမြစ်ဖို့ အရေးပေါ် အမိန့်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျာမနီဟာ ကုလသမဂ္ဂရဲ့ အကူအညီပေးရေးအဖွဲ့ UNRWA ကို ထောက်ပံ့မှုတွေ ရပ်လိုက်တဲ့အတွက် ကုလသမဂ္ဂ လူမျိုးတုံး သတ်ဖြတ်မှု ကွန်ဗင်းရှင်းကို ချိုးဖောက်တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ UNRWA ဝန်ထမ်းတချို့ ပါဝင်တယ်ဆိုပြီး စွပ်စွဲချက်တွေကြောင့် ဂျာမနီနဲ့ တခြား အနောက်နိုင်ငံ ၁၄ နိုင်ငံက ဒီအဖွဲ့ကို အထောက်အပံ့ပေးတာတွေ ရပ်ဆိုင်းခဲ့ပါတယ်။

ဒီလို တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီးနောက် ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ဂျာမနီဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ မပါဝင်ဘူးလို့ X ဝက်ဆိုက်မှာ ရေးသားခဲ့ပါတယ်။

ဂျာမနီဟာ ပါလက်စတိုင်းကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အများဆုံး ပေးနေသူ ဖြစ်ပြီး ဒီအကူအညီတွေ ဂါဇာပြည်သူတွေဆီ အမြန်ရောက်ဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂါဇာ လူမှုကပ်ဘေးအတွက် အိုင်စီဂျေ ပူပန်ကြောင့်ကြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပါလက်စတိုင်းတွေနဲ့ ဂါဇာမှာ ဖြစ်နေတဲ့ လူမှုကပ်ဘေးတွေအတွက် အိုင်စီဂျေရုံးက များစွာ ပူပန်ကြောင့်ကြတယ်လို့လည်း အိုင်စီဂျေ တရားသူကြီး ဥက္ကဋ္ဌ နာဝပ် ဆလမ်က ပြောပါတယ်။ ဒီအမှုမှာ ၁၅ မဲ ၁ မဲ နဲ့ မဲခွဲပြီး ဂျာမနီကို မတားဆီးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိမရှိ အိုင်စီဂျေ တရားရုံးက ဆက်ပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ခွင့်ရှိရင်တော့ နှစ်တွေနဲ့ချီ ကြာအောင် စစ်ဆေးရနိုင်ပါတယ်။

နီကာရားဂွားဟာ ပါလက်စတိုင်း အရေးမှာ ကာလရှည်ကြာစွာထောက်ခံခဲ့တဲ့ နိုင်ငံဖြစ်လို့ ဂျာမနီကို တရားစွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစ္စရေးကို လက်နက်အများဆုံး ပေးတဲ့ အမေရိကန်ကတော့ အိုင်စီဂျေမှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ပါဘူး။

တဖက်မှာလည်း နီကာရားဂွားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ပြောစရာတွေ ရှိတဲ့ကြားက ဒီလို ဂျာမနီကို စွဲဆိုခဲ့တယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ သမ္မတ ဒန်နီယယ် သြတေးဂါး အစိုးရက အတိုက်အခံတွေကို ဖမ်းဆီးပြီး ဆန္ဒပြပွဲတွေကို ပိတ်ပင်ခဲ့တာပါ။ နီကာရားဂွားအစိုးရမှာ လူ့အခွင့်အရေး ရက်ရက်စက်စက် ဖိနှိပ်မှုတွေ ရှိတယ်ဆိုပြီး မတ်လတုန်းကလည်း ဗြိတိန်က ကုလသမဂ္ဂမှာ စွပ်စွဲခဲ့ပါတယ်။