ဟစ်ဇ်ဘိုလာကို တိုက်ခိုက်တဲ့ ပေဂျာ ပေါက်ကွဲမှုတွေ ဘယ်လို ဖြစ်ခဲ့လဲ
- ရေးသားသူ, မက်တ် မာဖီ
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
- ရေးသားသူ, Joe Tidy
- ရာထူးတာဝန်, Cyber Correspondent
အင်္ဂါနေ့က လက်ဘနွန်နိုင်ငံတဝန်းမှာ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အုပ်စုဝင်တွေ အချင်းချင်း ဆက်သွယ်တဲ့အခါ အသုံးပြုတဲ့ ပေဂျာတွေ ဆက်တိုက်နီးပါး ထပေါက်ကွဲခဲ့တဲ့အတွက် လူထောင်နဲ့ချီ ဒဏ်ရာရခဲ့ကြပါတယ်။
အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး လူ ၂၈၀၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။ အတော်များများက အခြေအနေ စိုးရိမ်ရပါတယ်။
အလွန်ဆန်းသစ်တဲ့ နည်းပညာ သုံးထားပုံရတဲ့ ဒီတိုက်ခိုက်မှု ဘယ်လို ဖြစ်ပွားခဲ့သလဲ ဆိုတာ အသေအချာ မသိရသေးပါဘူး။ ဒါဟာ အစ္စရေးရဲ့ လက်ချက်လို့ ဟက်ဇ်ဘိုလာအုပ်စုက ပြစ်တင်စွပ်စွဲထားပါတယ်။ အစ္စရေး တာဝန်ရှိပုဂ္ဂိုလ်တွေကတော့ တုံ့ပြန်ချက် ပေးဖို့ ခုချိန်ထိ ငြင်းဆိုထားပါတယ်။
ဒီတိုက်ခိုက်မှုအကြောင်း လောလောဆယ် သိထားရတဲ့ အချက်ကို ကြည့်ကြရအောင်ပါ။
ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်ခဲ့တာလဲ
ပေါက်ကွဲမှုတွေက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်နဲ့ နိုင်ငံတဝန်းက တခြားနေရာ အတော်များများမှာ အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်လောက်မှာ စဖြစ်ပွားခဲ့တာပါ။
လူတွေရဲ့ အင်္ကျီအိတ်ကပ်တွေထဲကနေ မီးခိုးတွေ ထွက်လာခဲ့ပြီး မီးပန်းဖောက်သံ၊ သေနတ်သံလို အသံမျိုးနဲ့ ဆင်တူတဲ့ ပေါက်ကွဲမှုငယ်လေးတွေ ဖြစ်ခဲ့တာကို တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။
စျေးဆိုင် ငွေရှင်းကောင်တာတစ်ခုရှေ့မှာ ရပ်နေတဲ့ အမျိုးသားတစ်ဦးရဲ့ ဘောင်းဘီအိတ်ကပ်ထဲကနေ ပေါက်ကွဲမှု ဖြစ်ခဲ့ပုံကို စီစီတီဗီ စောင့်ကြည့်ကင်မရာက ဗီဒီယိုတစ်ခုထဲမှာ တွေ့ရပါတယ်။
ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်းဆီက မက်ဆေ့ဂျ်တွေ လက်ခံရအပြီးမှာ အဲဒီပေဂျာတွေ ထပေါက်ကွဲခဲ့တာလို့ အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တွေကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီမက်ဆေ့ဂျ်တွေ ဝင်လာတာဟာ ပေဂျာတွေ ထပေါက်အောင် လှုံ့ဆော်ပေးလိုက်ပုံရတယ်လို့ ဆိုပါတယ်။
ကနဦး ပေါက်ကွဲမှုတွေ စဖြစ်ခဲ့အပြီး တစ်နာရီကြာလောက် ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဲဒီနောက် ချက်ချင်းဆိုသလို ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပြီး လက်ဘနွန်နိုင်ငံတဝန်းက ဆေးရုံတွေဆီ ဒဏ်ရာရ လူနာတွေ အဆက်မပြတ် ဝင်ရောက်လာခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ပေဂျာတွေက ဘယ်လို ပေါက်ကွဲခဲ့တာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟစ်ဇ်ဘိုလာတွေက သူတို့ရဲ့ လုံခြုံရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ အမြဲ ဂုဏ်ယူလေ့ ရှိတယ်လို့ ဆိုပြီး အင်္ဂါနေ့တိုက်ခိုက်မှုရဲ့ ပမာဏအတိုင်းအတာကြောင့် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့ရတယ်လို့ အကဲခတ်တွေက မဆိုင်းမတွ ထုတ်ဖော် ပြောခဲ့ကြပါတယ်။
တချို့ကတော့ အွန်လိုင်း ထိုးဖောက်ဝင်ရောက်မှုကြောင့် ပေဂျာ ဘက်ထရီတွေကို အပူလွန်ကဲမှု ဖြစ်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်စေခဲ့တာလို့ ယူဆနေကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက တစ်ခါမှ မကြုံစဖူး ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ ကျွမ်းကျင်သူ အတော်များများကတော့ ပေါက်ကွဲမှု ပုံတွေကို ကြည့်ရတာ ဘက်ထရီ အပူလွန်ကဲတဲ့ပုံမျိုး မဟုတ်တာကြောင့် ဒါ့ကြောင့် ဖြစ်နိုင်ပုံ မရဘူးလို့ ဆိုပါတယ်။
အကဲခတ်တချို့ကတော့ ဒါဟာ ပေဂျာ ထုတ်တဲ့ ကုမ္ပဏီအတွင်း တိုက်ခိုက်ခံရမှုမျိုး ပိုဖြစ်နိုင်တယ်လို့ ယူဆနေကြပြီး ပေဂျာတွေကို ထုတ်လုပ်ချိန် ဒါမှမဟုတ် သယ်ယူပို့ဆောင်ချိန်မှာ တစ်ခုခုလုပ်ထားခဲ့ပုံရတယ်လို့ ဆိုပါတယ်။
အင်တာနက်ကနေ အချက်အလက် ထိုးဖောက် ခိုးယူသူတွေက ကုမ္ပဏီကြီးတွေရဲ့ ကုန်ပစ္စည်းတွေကို ဝင်ဖျက်နိုင်ခဲ့တဲ့ အထင်ကရ ဖြစ်ရပ်ကြီးတွေ အတော်များများ လတ်တလောမှာ ရှိနေတဲ့အတွက် ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ တိုက်ခိုက်ခံရမှာနဲ့ ပတ်သက်လို့ အင်တာနက် လုံခြုံရေး လောကမှာ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုတွေဟာ ပုံမှန်အားဖြင့် ဆော့ဖ်ဝဲပစ္စည်းတွေကိုသာ လုပ်လေ့ရှိတာဖြစ်ပါတယ်။ ဟာ့ဒ်ဝဲ ပစ္စည်း ကုမ္ပဏီအပေါ် တိုက်ခိုက်မှုတွေကတော့ ကုန်ပစ္စည်းတွေကို ကိုယ်ထိလက်ရောက် ၀င်ဖျက်ရတာမို့ လောလောဆယ် သိပ်မရှိလှပါဘူး။
တကယ်လို့သာ ဒါဟာ ကုန်ပစ္စည်းသယ်ပို့စဉ် စီစဉ်လုပ်ဆောင်ခဲ့တာဆိုရင်တော့ ပေဂျာတွေကို ခိုးကြောင်ခိုးဝှက် ဝင်ဖျက်နိုင်ဖို့အတွက် ကြီးမားတဲ့ လှုပ်ရှား လုပ်ဆောင်မှုကြီးတစ်ခု လုပ်ဖို့ လိုပါလိမ့်မယ်။
ဒီပေဂျာတွေ လက်ဘနွန်နိုင်ငံထဲ မတင်ပို့ခင် လပိုင်းအလိုမှာ ဖောက်ခွဲပစ္စည်း အနည်းအပါး ထည့်သွင်းထားတယ်လို့ လက်ဘနွန် လုံခြုံရေး တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ အမည်မဖော်လိုသူ ဗြိတိသျှ စစ်တပ် တပ်ဖွဲ့ဝင်ဟောင်း လက်နက်ကျွမ်းကျင်သူ တစ်ဦးက ဒီပေဂျာတွေကို အဝေးထိန်းစနစ်နဲ့ လှမ်းဖောက်ခွဲခဲ့ပုံရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘယ်သူ့မှာ တာဝန်ရှိသလဲ
လောလောဆယ် ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်သူကမှ ထုတ်ဖော်ဝန်ခံတာမျိုး မရှိသေးပါဘူး။ လက်ဘနွန်ဝန်ကြီးချုပ်နဲ့ ဟစ်ဇ်ဘိုလာတို့ကတော့ အစ္စရေးရဲ့ လက်ချက် ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။
လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်ဘ် မီကာတီက ဒီပေါက်ကွဲမှုတွေဟာ လက်ဘနွန်ရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အကြီးအကျယ် ချိုးဖောက်လိုက်တာ ဖြစ်ပြီး ဘယ်လို စံချိန်စံနှုန်းနဲ့မဆို ရာဇဝတ်မှု မြောက်တယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေး ထောက်လှမ်းရေး မော့ဆက်အဖွဲ့က နောက်ကွယ်ကနေ ကြိုးကိုင် စီစဉ်ခဲ့တာလို့ လက်ဘနွန် လုံခြုံရေး သတင်းရပ်ကွက်တစ်ခုကလည်းစွပ်စွဲထားကြောင်း ရိုက်တာ သတင်းက ဆိုပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒီတိုက်ခိုက်မှုကို အစ္စရေးက နောက်ကွယ်ကနေ စီစဉ်ခဲ့တာလို့ စွပ်စွဲထားပြီး အရပ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ရာဇဝတ်မှုမြောက်တဲ့ ရန်လိုတိုက်ခိုက်မှုအတွက် အစ္စရေးနိုင်ငံအနေနဲ့ အပြည့်အဝ တာဝန်ခံရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီပေါက်ကွဲမှုတွေဟာ ဟစ်ဇ်ဘိုလာအဖွဲ့ကို အမြစ်ဖြုတ် ချေမှုန်း ထိုးစစ်ဆင်မှုရဲ့ အဖွင့်နိဒါန်းအနေနဲ့ တိုက်ခိုက်ဖို့ ကနဦးက စီစဉ်ခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်နဲ့ အစ္စရေး တာဝန်ရှိပုဂ္ဂိုလ်တွေက Axios သတင်းဌာနကို ပြောပါတယ်။ ဒါပေမဲ့ လတ်တလော ရက်ပိုင်းတွေအတွင်း ဒီအစီအစဉ်ကို ဟစ်ဇ်ဘိုလာအဖွဲ့က သတိထားမိလာနေတဲ့အတွက် အစ္စရေးက စိုးရိမ်လာပြီး အချိန်စော ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။
အစ္စရေး တာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲချက်တွေအပေါ် တုံ့ပြန်ပြောဆိုတာမျိုး မလုပ်သေးပါဘူး။ ဒါပေမဲ့ အကဲခတ်အများစုကတော့ ဒီတိုက်ခိုက်မှုကို အစ္စရေးက နောက်ကွယ်ကနေ လုပ်ခဲ့ပုံရတယ်လို့ ယူဆနေကြပါတယ်။
လန်ကက်စတာ တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဆိုင်မွန် မာဘွန် က "အစ္စရေးဟာ အရင်ကလည်း သူ့ရဲ့ ပစ်မှတ်ကို ခြေရာခံတဲ့ နည်းပညာကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ဖူးတာကို သိထားပါတယ်"လို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့လည်း အခုဒီတိုက်ခိုက်မှုရဲ့ အတိုင်းအတာ ပမာဏမျိုးတော့ အရင်က မရှိခဲ့ဖူးဘူး လို့ ဆိုပါတယ်။
ယူကေအခြေစိုက် Chatham House အဖွဲ့က လီနာ ခါတစ်ဘ် ကလည်း "ဒီတိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် အစ္စရေးဟာ ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ ဆက်သွယ်ရေး ကွန်ရက်ထဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာကို ပြနေတယ်"လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဟစ်ဇ်ဘိုလာတွေက ပေဂျာ ဘာ့ကြောင့် သုံးတာလဲ
အစ္စရေးတို့ဘက်ကနေ တည်နေရာ ခြေရာခံ လိုက်လံ စုံစမ်းခံရမှာကို ရှောင်ရှားဖို့ ကြိုးစားတဲ့အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အဆင့်မြင့်နည်းပညာသိပ်မသုံးရတဲ့ ပေဂျာနဲ့ ဆက်သွယ်တဲ့ နည်းကို အကြီးအကျယ် အားထားအသုံးပြုနေတာ ဖြစ်ပါတယ်။
ပေဂျာ ဆိုတာဟာ စာသား ဒါမှမဟုတ် အသံ မက်ဆေ့ဂျ် လက်ခံရနိုင်တဲ့ ဝိုင်ယာကြိုးမဲ့ ဆက်သွယ်ရေးပစ္စည်းတစ်ခုဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်လောက်တုန်းက အစ္စရေးတို့ရဲ့ လုပ်ကြံမှုအတွင်း ဟားမတ်စ် ဗုံးထုတ်လုပ်သူ ယားယာ အိုင်ယက်ရှ် လက်ထဲမှာ ကိုင်ထားတဲ့ဖုန်း ဖောက်ခွဲခံခဲ့ရအပြီး သေဆုံးခဲ့ပြီးကတည်းက ဟားမတ်စ်အဖွဲ့က မိုဘိုင်းလ်ဖုန်း အသုံးပြုတာတွေကို စွန့်လွှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပေဂျာတွေဟာ အရင်က သူတို့ မသုံးဖူးသေးတဲ့ ကုန်ပစ္စည်းတံဆိပ် အသစ်တစ်ခု ဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်တစ်ဦးက အေပီသတင်းဌာနကို ပြောပါတယ်။ လက်ဘနွန်နိုင်ငံထဲကို ပေဂျာ ၅၀၀၀ လောက် လွန်ခဲ့တဲ့ ၅ လလောက်က တင်သွင်းခဲ့ကြောင်း လက်ဘနွန် လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပြပါတယ်။
ပေါက်ကွဲပျက်စီးသွားတဲ့ ပေဂျာ အပိုင်းအစတွေပေါ်က အမှတ်တံဆိပ်တွေအရ အဲဒီ ပေဂျာတွေဟာ Rugged Pager AR-924 မော်ဒယ် အမျိုးအစား ဖြစ်တာကို ဖော်ပြနေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်က ပေဂျာ ထုတ်လုပ်သူ Gold Apollo ကုမ္ပဏီကတော့ ဒီပေါက်ကွဲမှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ ကုမ္ပဏီ တည်ထောင်သူ ဆု ချင်းကွမ်း က သူ့ကုမ္ပဏီဟာ ဒီပေဂျာတွေ ထုတ်လုပ်ဖို့ နဲ့ သူ့ကုမ္ပဏီရဲ့ အမည်ကို သုံးဖို့ ဥရောပအခြေစိုက် ကုမ္ပဏီတစ်ခုနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာ Gold Apollo ကုမ္ပဏီထံ ဘီဘီစီ သွားရောက်ခဲ့စဉ်မှာ ကုမ္ပဏီရုံးဌာနထဲ ဒေသခံ ရဲတွေ စီးနင်းထားပြီး စာရွက်စာတမ်းတွေ စစ်ဆေးတာ၊ ဝန်ထမ်းတွေကို မေးမြန်းတာတွေ လုပ်နေတာကို တွေ့ခဲ့ရပါတယ်။
အခုလို လုံခြုံရေး ချိုးဖောက်ခံခဲ့ရတဲ့အတွက် ဟစ်ဇ်ဘိုလာအဖွဲ့အတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်သွားခဲ့တယ်လို့ CIA အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ အကဲခတ် ပညာရှင်ဟောင်း အယ်မလီ ဟားဒင်း က ပြောပါတယ်။
"ဒီလောက် ကြီးကြီးမားမား အတိုင်းအတာအထိ လုံခြုံရေး ချိုးဖောက်ခံခဲ့ရတာဟာ ဟစ်ဇ်ဘိုလာအဖွဲ့အတွက် ရုပ်ပိုင်းဆိုင်ရာတင် ထိခိုက်ခဲ့တာ မဟုတ်ဘဲ လုံခြုံရေးယန္တရာကြီး တစ်ခုလုံးကို ပြန်လည် ဆန်းစစ်ဖို့ လိုလာခဲ့တာ ဖြစ်တယ်"
"ဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့ အဖွဲ့တွင်း စုံစမ်းစစ်ဆေးမှုတွေ ထဲထဲဝင်ဝင် လုပ်ဖို့ ရှိလာမှာ ဖြစ်တာကြောင့် အစ္စရေးနဲ့ တိုက်ခိုက်ဖို့ လုပ်နေတာတွေကနေ အာရုံပြောင်းသွားဖို့ ရှိပါတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။









