အီရန် နျူစခန်း တိုက်ခိုက်ဖို့ အမေရိကန် မထောက်ခံ
အင်္ဂါနေ့တုန်းက အစ္စရေးထဲကို ဒုံးကျည်တွေနဲ့ အီရန်က ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ရဲ့ နျူကလီးယား စခန်းတွေကို အစ္စရေးက တိုက်ခိုက်မယ်ဆိုရင် ထောက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်က G7 ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ လက်တုံ့ပြန်မှုတွေကိုလည်း မျှမျှတတ လုပ်ဆောင်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က တောင်းဆိုပါတယ်။ အစ္စရေးက လက်တုံ့ပြန်မယ် ဆိုရင် အီရန် ဘက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ဦးမယ် ဆိုပြီး သမ္မတ မာဆွတ် ပါဇက်စကန်က ပြောဆိုပါတယ်။ တချိန်တည်းမှာပဲ လက်ဘနွန်ထဲကို ဝင်ရောက်တိုက်ခိုက်မှု ၂ ရက်တာ အတွင်းမှာ စစ်သား ၈ ယောက် သေဆုံး ခဲ့တယ်လို့ အစ္စရေး စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဟစ်ဇ်ဘိုလာ ဘက်ကလည်း ပဲ့ထိန်း ဒုံးကျည်တွေနဲ့ အစ္စရေးရဲ့ တင့်ကားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် ပီတာ ဘိုးစ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးထားပါတယ်။



