ရုရှားက နျူကလီးယားလက်နက်တွေ ယူကရိန်းစစ်ပွဲမှာ သုံးလာနိုင်မလား

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားနယ်မြေကို ကာကွယ်ဖို့ နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောလိုက်တာဟာ ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်အသေးစား သို့မဟုတ် နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ အသုံးပြုလာနိုင်တယ်ဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို ပိုတိုးလာပါတယ်။

 ရုရှားကသာ အဲ့လိုလုပ်ခဲ့ရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး စစ်ရေးတင်းမာမှု ဖြစ်လာနိုင်တဲ့အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလဲ တုံ့ပြန်သတိပေးထားပါတယ်။

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်ဆိုတာ ဘာကိုပြောတာလဲ

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို စစ်မြေပြင်မှာအသုံးပြုဖို့ သို့မဟုတ် အကန့် အသတ်တိုက်ပွဲတွေမှာ သုံးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ပြီးတော့ အဲ့ဒီလက်နက်တွေမှာ အသေးစား နျူကလီးယားထိပ်ဖူးတပ်ထားပြီး ပစ်မှတ်ကို တိုက်ရိုက်ထိခိုက်နိုင်ဖို့ ထိန်းချုပ် ပစ်လွှတ်နိုင်တဲ့ စနစ်လည်း ပါပါတယ်။

အဲ့ဒီလက်နက်တွေ ပစ်လိုက်ရင် ရေဒီယိုသတ္တိကြွမှုတွေ ကျယ်ကျယ်ပြန်ပြန့် မဖြစ်လာဘဲ ရန်သူ ပစ်မှတ်တွေကို အတိအကျ ထိခိုက်ဖျက်ဆီးနိုင်ဖို့ အတွက် ပုံစံထုတ် တီထွင်ထားတာပါ။

အသေးဆုံး နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တစ်ခုရဲ့ အလေးချိန်က တစ်ကီလိုတန် သို့မဟုတ် အဲ့ဒီထက်နည်းနိုင်ပါတယ်။ (TNT ပေါက်ကွဲအား တန်ချိန်တစ်ထောင်နှင့်ညီမျှ)။ အကြီးဆုံးလက်နက်က ၁၀၀ ကီလိုတန်အထိ ရှိပါတယ်။

မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေကတော့ အဲ့ဒီလက်နက်တွေထက် ပိုကြီးသလို ၁,၀၀၀ ကီလိုတန် အထိရှိပြီး အကွာအဝေး အဝေးကြီးကနေလည်း ပစ်လွှတ်နိုင်ပါတယ်။

နှိုင်းယှဉ်ကြည့်ရရင် ၁၉၄၅ ခုနှစ်မှာ အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့တဲ့ အဏုမြူဗုံးရဲ့ တန်ချိန်က ၁၅ ကီလိုတန်ရှိပါတယ်။

ဘယ်လို နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ရုရှားမှာ ရှိနေလဲ

အမေရိကန်ထောက်လှမ်းရေးရဲ့ အဆိုအရ ရုရှားမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက် ၂၀၀၀ ပတ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူးတွေကို ခရုဇ်ဒုံးကျည်တွေ၊အမြောက်ကျည်တွေလိုပဲ သမားရိုးကျလက်နက်ကြီးတွေပစ်ခတ်သလိုမျိုး ဒုံးကျည်အမျိုးအစား အမျိုးမျိုးမှာ တပ်ဆင် ပစ်ခတ်နိုင်ပါတယ်။

နည်းဗျူဟာမြောက် နျူလက်နက်တွေကို သင်္ဘောဖျက်ဒုံးတွေ၊ တော်ပီဒိုတွေလိုမျိုး လေယာဉ်တွေ သင်္ဘောတွေကလည်း ပစ်ခတ်နိုင်ပါတယ်။

ရုရှားဟာ သူတို့ရဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေရဲ့ အကွာအဝေးနဲ့ တိကျမှု စွမ်းရည်ကို မြှင့်တင်ဖို့ မကြာသေးမီကပဲ ကြီးကြီးမားမား အကုန်ကျ ရင်းနှီးမြုပ် နှံထားတယ်လို့ အမေရိကန်က ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ အရင်က အသုံးပြုဖူးတာရှိလား

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဘယ်တိုက်ပွဲမှာမှ အရင်က အသုံးမပြုခဲ့သေးပါဘူး။

အမေရိကန်နဲ့ ရုရှားတို့လို နျူကလီးယားအင်အားကြီးနိုင်ငံတွေက နည်းဗျူဟာ မြောက်နျူကလီးယားလက်နက်တွေဟာ ခေတ်မီသမားရိုးကျလက်နက်တွေ အသုံးပြုသလိုမျိုး စစ်မြေပြင်က ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ တန်းတူရည်တူ ထိရောက်မှုရှိတယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့နိုင်ငံတွေက အခုအချိန်ထိ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို အသုံးပြုဖို့ကြိုးစားနေတာကိုကြည့်ရင် နျူကလီးယားစစ်ပွဲကို အလုံးစုံ စွန့်လွတ်ဖို့ သူတို့မှာ ဆန္ဒမရှိသေးကြဘူးဆိုတာလည်း တွေ့နိုင်ပါတယ်။

ဒါပေမဲ့ ပိုမိုကြီးမားတဲ့ ဗျူဟာမြောက်ဒုံးကျည်တွေအသုံးပြုတာထက်စာရင် သေးငယ်တဲ့ နည်းဗျူဟာမြောက် လက်နက်တွေကို အသုံးပြုမယ့် ဆန္ဒ ရုရှားမှာ ရှိနိုင်ပါတယ်။

“ ဒါကို နျူကလီးယားလက်နက်ထုတ်လုပ်မှုဆိုင်ရာ သဘောတူညီချက်ကို ကြီးမားတဲ့ ချိုးဖောက်မှု လို့ သူတို့က မမြင်ကြဘူး။ သူတို့ သမားရိုးကျတပ်တွေကို လက်နက် ဖြည့်တင်းသလိုမျိုး သဘောထားပြီး လုပ်နေကြတယ်” လို့ Chatham House အကြံပေးအဖွဲ့ရဲ့ နိုင်ငံတကာ လုံခြုံရေးအစီအစဉ် အကြီး အကဲ ဒေါက်တာပက်ထရီရှာလူးဝစ်ကလည်း ထောက်ပြပြောဆိုပါတယ်။

ပူတင်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေက စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီလား

ယူကရိန်းကို မကျူးကျော်မီ ၂၀၂၂ခုနှစ် ဖေ‌ဖော်ဝါရီလတုန်းက သမ္မတပူတင်က ရုရှားက နျူကလီးယားတပ်ဖွဲ့တွေကို "အထူးတိုက်ခိုက်ရေးအဖွဲ့ ပုံစံမျိုး " အဆင်သင့်ဖွဲ့စည်းပြင်ထားပြီး ထိပ်တန်းနျူကလီးယားစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လတ်တ‌လောမှာလည်း "ကျွန်တော်တို့ ရုရှားနိုင်ငံရဲ့ နယ်မြေစိုးမိုးမှုကို ခြိမ်းခြောက်လာရင် ၊ ရုရှားနဲ့ ကျွန်တော်တို့ ပြည်သူတွေကို ကာကွယ်ဖို့ ရနိုင်သမျှနည်းလမ်းတွေအားလုံးကို အသုံးပြုသွားပါမယ်” ပူတင်က ပြောထားတာရှိပါတယ်။

ရုရှားဟာ ဆန္ဒခံယူပွဲတွေ ကျင်းပပြီး သူတို့ သိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို ရုရှားနိုင်ငံတော်အောက် သွတ်သွင်းဖို့ စီစဉ်နေပါတယ်။ အဲ့ဒီဒေသတွေက သူတို့ ပိုင်နက်နယ်မြေတွေကို နည်းလမ်းပေါင်းစုံနဲ့ ခုခံကာကွယ်သွားဖို့ အတွက်လည်း အဆင်သင့်ရှိတယ်လို့ ရုရှားသမ္မတပူတင်က ပြောထားပါတယ်။

သူတို့သိမ်းထားတဲ့ အဲ့ဒီကနယ်မြေတွေကို ယူကရိန်းက ပြန်သိမ်းဖို့ကြိုးစားတဲ့ကိစ္စမှာ အနောက်နိုင်ငံတွေ ဝင်မကူဖို့ ပူတင်ကခြိမ်းခြောက်ဟန့်တားနေတာဖြစ်ပြီး ၊ ဝင်ကူရင် နျူကလီးယား စစ်ပွဲတိုက်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနက ယူဆထားပါတယ်။

ဒါပေမဲ့ နောက်ထပ်စိုးရမ်ကောင်းစရာတစ်ခုက ရုရှားဟာ နောက်ထပ် ရှုံးနိမ့်မှုတွေနဲ့ ကြုံလာရင် အနိုင်ရလိုစိတ်နဲ့ နည်းဗျူဟာ လက်နက်အသေးလေးတွေ ယူကရိန်းမှာ အသုံးပြုလာနိုင်တာကိုလည်း နျူကလီးယားအရေး ကျမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

"ဒီလို အခြေအနေမျိုးမှာ ပူတင်က လူတွေကို ခြောက်လန့်တဲ့အနေနဲ့ ယူကရိန်းမှာ နျူကလီးယား လက်နက်ကို အသုံးပြုလာနိုင်တဲ့ အခြေအနေတွေရှိတဲ့အတွက် စိုးရိမ်နေရပါတယ်။ အခုထိတော့ အဲ့ဒီအခြေအနေကို မရောက်သေးပါဘူး” လို့ ဝါရှင်တန်ဒီစီရှိ Carnegie Endowment for International Pace မှနျူကလီးယားကျွမ်းကျင်သူ ဂျိမ်းစ်အက်တန်ကလည်း ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်မသုံးဖို့ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်ကလည်း ရုရှားကို သတိပေးထားတာရှိပါတယ်။

CBS သတင်းဌာနဲ့ နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ မစ္စတာဘိုင်ဒန်က အဆိုပါလုပ်ရပ်ကြောင့် "ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရင်ကမကြုံခဲ့ဘူးတဲ့ စစ်ပွဲပုံစံမျိုး ဖြစ်သွားနိုင်တယ်” လို့ ပြောခဲ့ပြီး "အဲဒီကနေ အကျိုးဆက်တွေလည်း ရှိလာမယ်" လို့ ထပ်ဖြည့်ပြောခဲ့ပါတယ်။

နျူကလီးယားလက်နက် အသုံးပြုမှုကို အမေရိကန်နဲ့ နေတိုးအဖွဲ့ က ဘယ်တုံ့ပြန်မလဲ ဆိုတာကတော့ ခန့်မှန်းရခက်ပါတယ်။ အခြေအနေကို ပိုမိုဆိုးရွားစေပြီး အန္တရာယ်တွေ အကြီးအကျယ် ကျရောက်လာနိုင်တဲ့နျူကလီးယား စစ်ပွဲမျိုးဖြစ်လာမှာကို သူတို့ မလိုလားကြပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ဘယ်လိုအခြေအနေရောက်ရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်။

 ဒါပေမဲ့ အခြားအင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်ကလည်း နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ အသုံးမပြုဖို့ ရုရှားကို တားမြစ်နိုင်ပါတယ်။

"ရုရှားဟာ တရုတ်ထောက်ခံမှုအပေါ် အလွန်မှီခိုနေရတယ်"လို့ လန်ဒန် Kings Collegeက နျူကလီးယားအရေးကျွမ်းကျင်သူဒေါက်တာ ဟီသာဝီလျံကလည်း ထောက်ပြပါတယ်။

"ဒါပေမဲ့ တရုတ်မှာ နျူကလီးယားလက်နက်ကို စသုံးမှာမဟုတ်ဘူးဆိုတဲ့ သဘောထားရှိနေတဲ့ အတွက် ပူတင်ကသာ အဲဒါတွေ အသုံးပြုရင် သူ့ဘက်မှာ တရုတ်က ရပ်တည်ဖို့ ခက်လိမ့်မယ်လည်း သူကပြောပါတယ်။

"ပူတင် နျူလက်နက်တွေသုံးရင် တရုတ်ပြည်ရဲ့ထောက်ခံမှုကို လက်လွတ် ဆုံးရှုံးရလိမ့်မယ်"

no tag
no tag