သူလျှိုတွေ သင်တန်းတက်ကြတဲ့ပြင်သစ်တက္ကသိုလ်

 Sciences Po Saint-Germain တက္ကသိုလ်မှာ သင်ကြားနေတဲ့ ထောက်လှမ်းရေးသင်တန်းမှာ ပို့ချသူရဲ့ပြောဆိုချက်ကို နားထောင်နေကြတဲ့ ကျောင်းသူ ကျောင်းသား
ဓာတ်ပုံ ပုံစာ, ဒီသင်တန်းကို အသက် ၂၀ ဝန်းကျင် ကျောင်းသားတွေရော၊ အစိုးရထောက်လှမ်းရေးတွေပါလာတက်ကြ
    • ရေးသားသူ, ခရစ် ဘွတ်မန်း
    • ရေးသားပေးပို့သည့်နေရာ, ပါရီမြို့

သူ့ အတန်းကို လာတက်ကြတဲ့ကျောင်းသားတော်တော်များများရဲ့နာမည်ကို သူ မသိဘူးလို့ ပြင်သစ်က တက္ကသိုလ် ပါမောက္ခ ဇာဗီယေ ခရစ်တီယေက ပြောပါတယ်။

ဒါဟာ ပညာရပ်နယ်ပယ်အတွက်တော့ ပုံမှန်မဟုတ်တဲ့အခြေအနေမျိုးပါ။ ဒါပေမဲ့ ပါမောက္ခ ခရစ်တီယေကတော့ သူ့ တာဝန်က ပညာရပ်နယ်ပယ်မှာ အများသတ်မှတ်ထားတဲ့ စံဆိုတဲ့ခေါင်းစဉ်ထက်ကျော်လွန်တယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ သူဟာ ပြင်သစ် ထောက်လှမ်းရေးတွေကို သင်ကြား ပို့ချနေလို့ဖြစ်ပါတယ်။

''သင်တန်းတက်ဖို့ စေလွှတ်လိုက်လို့ ရောက်လာကြတဲ့ထောက်လှမ်းရေးတွေရဲ့ကိုယ်ရေးနောက်ခံအကြောင်းအရာတွေကို ကျွန်တော် သိပ်မသိပါဘူး။ ကျောင်းလာတက်ကြတာ သူ့တို့ နာမည်အရင်းတွေ သုံးကြတာလားဆိုတာတောင် မပြောတတ်ပါဘူး'' လို့ သူက ပြောပါတယ်။

ရုပ်ရှင်တွေထဲကလို မဟုတ်ဘဲ ပြင်ပကမ္ဘာမှာ ထောက်လှမ်းရေးသင်တန်းကျောင်း တစ်ကျောင်းက ဘယ်လိုပုံစံရှိမလဲဆိုတာ မြင်ယောင်ကြည့်ချင်ရင်တော့ ဆိုင်းယန့်စ် ပို စိန့် ဂျာမန်းကျောင်းကို သွားကြည့်ပါ။ ဒီတက္ကသိုလ်က ပြင်သစ်မြို့တော် ပါရီရဲ့ ဆင်ခြေဖုံးအရပ်မှာ ရှိပါတယ်။

လူစည်ကားတဲ့ လမ်းမကြီးတွေက ၂၀ ရာစုခေတ် အုံ့အုံ့မှိုင်းမှိုင်း အဆောက်အအုံတွေ ပတ်ဝိုင်းထားတဲ့ ဒီကျောင်းကို ပတ်ဝိုင်းထားပါတယ်။​ ဒါပေမဲ့ သံတိုင် ဂိတ်တံခါးကြီးတွေက မြင့်မြင့်ကြီးတွေဖြစ်လို့ ကြည့်ရတာနဲ့တင် ဖြုံလောက်စရာ ပုံပေါ်သလို ပြင်ပနဲ့ တမင်ခြားထားတဲ့ပုံလည်း ပေါ်ပါတယ်။

ဒါပေမဲ့ ဒီတက္ကသိုလ်မှာ နာမည်ကြီးတဲ့သင်တန်းရှိနေပါတယ်။ အဲဒီသင်တန်းကို အသက် ၂၀ ဝန်းကျင် ကျောင်းသူကျောင်းသားတွေ လာတက်ကြသလို အသက် ၃၅ ကနေ ၅၀ ကြားရှိတဲ့ ပြင်သစ်ထောက်လှမ်းရေးအဖွဲ့ထဲက တာဝန်ထမ်းဆဲ ထောက်လှမ်းရေးတွေလည်း တက်ကြပါတယ်။

အဲဒီသင်တန်းကို ပြင်သစ်လို Diplôme sur le Renseignement et les Menaces Globales လို့ ခေါ်ပါတယ်။ ဘာသာပြန်ရရင်တော့ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတွေနဲ့ ထောက်လှမ်းရေးဆိုင်ရာ ဒီပလိုမာဘွဲ့လို့ အဓိပ္ပာယ်ရပါတယ်။

တက္ကသိုလ်က ဒီသင်တန်းကို ပြင်သစ်ထောက်လှမ်းရေးအဖွဲ့ရဲ့သင်တန်းဌာနနဲ့အတူ ပူးပေါင်း ဖွင့်လှစ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ပြင်သစ်အာဏာပိုင်တွေရဲ့မေတ္တာရပ်ခံချက်ကြောင့် ဒီသင်တန်း ဖွင့်ဖို့ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ပါရီမြို့မှာ အကြမ်းဖက်မှုဖြစ်ပြီးတဲ့နောက် အစိုးရဟာ ပြင်သစ်ထောက်လှမ်းရေးလောကထဲမှာ လူသစ်စုဆောင်းမှုကို အတော်လေး လုပ်ခဲ့ပါတယ်။

ဒါကြောင့် ပြင်သစ်ထောက်လှမ်းရေးဌာနဟာ သင်တန်းဖွင့်ဖို့ ပြင်သစ်ရဲ့ ဦးဆောင်တက္ကသိုလ်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Sciences Po ကို တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီသင်တန်းထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ထောက်လှမ်းရေးတွေနဲ့ အလားအလာရှိတဲ့ထောက်လှမ်းရေးတွေကိုပါ ဒီသင်တန်းကို စေလွှတ် သင်တန်းပေးဖို့ အစီအစဉ်ဖြစ်လာတာပါ။

သင်တန်းဖွင့်တာနဲ့ ပြင်သစ်ကုမ္ပဏီကြီးတွေကလည်း မြန််မြန်ပဲ စိတ်ဝင်စားခဲ့ပါတယ်။ သင်တန်းကို သူတို့ရဲ့ လုံခြုံရေးဝန်ထမ်းတွေကို တက်ရောက်စေသလို လူငယ် ကျောင်းပြီးစ လူငယ် အများစုလည်းကိုလည်း စေလွှတ်တက်ရောက်စေခဲ့ပါတယ်။

ငွေရေးကြေရေးရာဇဝတ်မှုတွေကို တိုက်ဖျက်ရေးဟာ အခုဆို ထောက်လှမ်းရေးတွေအတွက် အခရာကျတဲ့အလုပ်တစ်ခုတောင်ဖြစ်လာပြီလို့ ပါမောက္ခ ဇာဗီယေ ခရစ်တီယေက ပြောပါတယ်
ဓာတ်ပုံ ပုံစာ, ငွေကြေးဆိုင်ရာရာဇဝတ်မှုတွေကို တိုက်ဖျက်ရေးဟာ အခုဆို ထောက်လှမ်းရေးတွေအတွက် အခရာကျတဲ့အလုပ်တစ်ခုတောင် ဖြစ်လာပြီလို့ ပါမောက္ခ ဇာဗီယေ ခရစ်တီယေက ပြောပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သင်တန်းကာလ ၄ လနီးပါးကြာပါတယ်။ သင်တန်းမှာ သင်ကြားတဲ့ခေါင်းစဥ်တစ်ရပ်အတွက် သင်တန်းချိန်က နာရီပေါင်း ၁၂၀ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းထောက်လှမ်းရေးမဟုတ်ဘဲ ပြင်ပကျောင်းသားတွေ အထူးသဖြင့် စီးပွားရေးလုပ်ငန်းကနေ လာတက်တဲ့ ကျောင်းသားတွေအတွက်တော့ သင်တန်းကြေးက အမေရိကန်ဒေါ် လာ ၆ ထောင်နီးပါး ကျသင့်မှာဖြစ်ပါတယ်။

သင်တန်း အဓိကရည်ရွယ်ချက်က ဘယ်နေရာကပဲ ပေါ်လာပေါ်လာ ဖြစ်လာတဲ့ခြိမ်းခြောက်မှုတွေကို သိအောင်လုပ်၊ စောင့်ကြည့်ပြီး အဲဒီခြိမ်းခြောက်မှုတွေကို ကျော်လွှားဖို့ဖြစ်ပါတယ်။ သင်တန်းမှာသင်ကြားတဲ့ အဓိကအကြောင်းအရာတွေထဲမှာ စုဖွဲ့ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် စောင့်ကြည့်မှု၊ အစ္စလာမ္မစ် ဂျီဟတ်နဲ့ နိုင်ငံရေးအကြမ်းဖက်မှု၊ စီးပွားရေးအချက်အလက် ထောက်လှမ်းမှု အပိုင်းတွေ ပါဝင်ပါတယ်။

ဒီသင်တန်းတွေထဲက တစ်ခုတက်ရောက်ဖို့ဆိုရင် ကျောင်းသားတွေဟာ ပြင်သစ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကနဦး စစ်ဆေးမှုခံရပါတယ်။ ကျောင်းကိုရောက်တုန်း ကျွန်တော် တက်ရောက်နားထောင်ခဲ့တဲ့အတန်းကတော့ ထောက်လှမ်းရေးနဲ့ နည်းပညာအပေါ် မီခိုမှု ဆိုတဲ့အပိုင်းဖြစ်ပါတယ်။

သင်တန်းက ကျောင်းသားတွေထဲ ကျွန်တော်စကားပြောခဲ့တဲ့သူတွေထဲက တစ်ယောက်ကတော့ အသက် ၄၀ ဝန်းကျင်အရွယ်ရှိတဲ့ ရော်ဂျာဆိုတဲ့နာမည်နဲ့အမျိုးသားဖြစ်ပါတယ်။

သူဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘဏ်လုပ်ငန်းမှာ လုပ်တဲ့သူဖြစ်တဲ့အကြောင်း အင်္ဂလိပ်လို ပီပီပြင်ပြင်စကားသံနဲ့ ပြောပါတယ်။ ပြီးတော့ သူက ''ကျွန်တော်က အာဖရိကတိုက်အနောက်ပိုင်းတလွှားမှာလည်း အကြံပေးလုပ်တယ်။ အဲဒီက ကျွန်တော့်ရဲ့ဖောက်သည်တွေအတွက် ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ စွန့်စားရတာတွေရှိမယ်ဆိုရင် သိအောင်နဲ့ ချင့်တွက်တာမျိုး လုပ်လို့ရအောင် ကျွန်တော် ဒီသင်တန်းကို လာတက်တာဖြစ်ပါတယ်။''

ပါမောက္ခ ဇာဗီယေ ခရစ်တီယေဟာ နိုင်ငံရေးအစွန်းရောက်မှုအကြောင်းကို ပို့ချသူဖြစ်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်သစ်ထောက်လှမ်းရေးလောကဟာ ခြေတံလက်တံ ပိုဆန့်နိုင်အောင်လုပ်လာတယ်လို့ ပြောပါတယ်။ ပြီးတော့ သူ့အပြောအရဆိုရင် ''အတွင်းစည်း''အတွင်းမှာတင် ထောက်လှမ်းရေး အယောက် ၂၀,၀၀၀ နီးပါးရှိတယ်လို့ ပြောပါတယ်။

ဒီပမာဏနဲ့ပဲ ဗြိတိန်က MI6 ထောက်လှမ်းရေးလို အမေရိကန်က CIA လို ပြင်ပအရေးကိစ္စတွေကို ကိုင်တွယ်တဲ့ ပြင်သစ်ထောက်လှမ်းရေးအဖွဲ့ DGSE ကို ဖွဲ့စည်းတာဖြစ်ပါတယ်။ နောက်တစ်ဖွဲ့ DGSI ကတော့ အမေရိကန်ရဲ့ FBI လို၊ ဗြိတိန်ရဲ့ MI5 လို ပြင်သစ်နိုင်ငံထဲ ထောက်လှမ်းရေးလုပ်ပါတယ်။​

ဒါပေမဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်တာတင်မဟုတ်ပါဘူး။ ''ဒီအဖွဲ့ ၂ ဖွဲ့က အဓိကလုံခြုံရေးအေဂျင်စီတွေ ဖြစ်ပါတယ်။ နောက်ပြီး ငွေကြေးခဝါချမှုကို ကိုင်တွယ်တဲ့ Tracfin လိုအဖွဲ့လည်း ရှိနေသေးတယ်''

''ဒီအဖွဲ့က တရားမဝင် မူးယစ်ဆေး မှောင်ခိုကူးမှုကနေ အမြတ်ရတဲ့ငွေကြေးတွေကို ပုဂ္ဂလိဘက်အပိုင်းမှာရော၊ အများပိုင်ကဏ္ဍမှာရော အဂတိလိုက်စားမှုဖြစ်နေတာကို စောင့်ကြည့်တယ်။ အထူးသဖြင့် ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာတဲ့ လူဆိုးဂိုဏ်းအသွင် လှုပ်ရှားမှုတွေကို စောင့်ကြည့်တယ်''

ဒီသင်တန်းအတွက် ပို့ချသူတွေထဲမှာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တာဝန်ကျဖူးတဲ့ DGSE အရာရှိ တစ်ယောက်၊ လစ်ဗျားနိုင်ငံဆိုင်ရာ ပြင်သစ်သမ္မတဟောင်း၊ Tracfin က အကြီးတန်းအရာရှိ တစ်ယောက်တို့ ပါဝင်ပါတယ်။ ပြင်သစ် စွမ်းအင်လုပ်ငန်းကြီး EDF မှာ လုံခြုံရေးဆိုင်ရာဌာနခေါင်းဆောင်လည်း အခုသင်တန်းမှာ ဘာသာရပ်တစ်ခုကို ဝင်သင်ပါတယ်။

ပုဂ္ဂလိကကဏ္ဍဘက်ကနေ ဒီသင်တန်းကို စိတ်ဝင်စားမှုဟာ ဆက်ပြီး မြင့်တက်နေပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ၊ အထူးသဖြင့် ကာကွယ်ရေးနဲ့ လေကြောင်းဆိုင်ရာကဏ္ဍ၊ ဇိမ်ခံအသုံးအဆောင်ထုတ် ပြင်သစ်ကုမ္ပဏီတွေ ပါဝင်ပါတယ်။ အဖျက်အမှောက်လုပ်ငန်းအပြင် သူလျှိုခြိမ်းခြောက်မှုနဲ့ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုတွေကြောင့် ဒီကုမ္ပဏီတွေဟာ အခုလိုသင်တန်းမှာ တက်ရောက်ကြတဲ့သင်တန်းသားတွေကို အလုပ်ခန့်ဖို့ ပိုပြီးစိတ်ဝင်စားလာကြပါတယ်။

မကြာသေးခင်တုန်းကဆိုရင် ဒီသင်တန်းအောင်သွားတဲ့သင်တန်းသားတွေဟာ ပြင်သစ် မိုဘိုင်းဖုန်းအော်ပရေတာ Orange၊ လေကြောင်းနဲ့ ကာကွယ်ရေးလုပ်ငန်းကြီး Thales၊ Louis Vuitton နဲ့ Dior ဖက်ရှင်ထုတ်ကုန်ကအစ Dom Perignon နဲ့ Krug လို ရှန်ပိန်အဆုံး ထုတ်ကုန်အားလုံးကို ပိုင်ဆိုင်တဲ့ LVHM လို ကုမ္ပဏီကြီးတွေက ခေါ်ယူ အလုပ်ပေးတာခံရပါတယ်။

အခုနှစ် အတန်းမှာတော့ ကျောင်းသား ၂၈ ယောက်တက်ကြပါတယ်။ အဲဒီထဲက ၆ ဦးက ထောက်လှမ်းရေးတွေပါ။

အဲဒီလူ ၆ ဦးဟာ ဘယ်သူတွေလဲဆိုတာကို အတန်းချိန် ခဏနားချိန်မှာ တန်းကနဲ မြင်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဒီလူတွေဟာ တခြားကျောင်းသားငယ်တွေနဲ့ ခပ်လှမ်းလှမ်းနေပြီး သူတို့ဘာသာ ဟိုစုစု ဒီစုစုနဲ့ တတွဲတွဲမြင်ရတာကြောင့်ဖြစ်ပါတယ်။

ကျွန်တော် သူတို့နား ကပ်သွားတဲ့အခါမှာတော့ သူတို့တွေ သိပ်ပြီး အစိုးရိမ်ကြီးတာမျိုးတော့ မတွေ့ရပါဘူး။

ဘယ်သူတွေ ဘယ်လိုတာဝန်ထမ်းနေတယ်ဆိုတာမျိုး သူတို့ ကျွန်တော့်ကို တိတိပပ မပြောကြပါဘူး။ ဒါပေမဲ့ အဲဒီ ၆ ဦးထဲက တစ်ဦးကတော့ ရုံးထဲကနေ တကယ့်မြေပြင်အလုပ်ကို ရောက်ဖို့ ဒီသင်တန်းက အဆင့်တစ်ခုအဖြစ် မြန်မြန်ဆန်ဆန် အထောက်အကူဖြစ်စေတယ်လို့ လက်ပိုက်တဲ့အနေအထားနဲ့ ပြောပါတယ်။

အတန်းတက်ကြောင်း မှတ်တမ်းထဲမှာတော့ သူတို့ နာမည်တွေထဲက ထိပ်ဆုံးနာမည် တစ်ခုစီကိုပဲ ဖြည့်ထားတာ တွေ့ရပါတယ်။

ခပ်ငယ်ငယ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် အလက်ဇန်းဒါ ဟူးဘာ့ဂ်ကတော့ ဥရောပနဲ့တရုတ်ကြားက ဖြစ်လုဖြစ်ခင် ကုန်သွယ်စစ်ကို ပိုပြီး နက်နက်နဲနဲ နားလည်ချင်လို့ ဒီအတန်းကို တက်တာလို့ ပြောပါတယ်။

''ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲကလိုမျိုး သတင်းအချက်အလက်ကို စုဆောင်းထောက်လှမ်းတာမျိုးက လက်တွေ့မဆန်ဘူး။ တကယ်လုပ်ရတာက စွန့်စားရတဲ့အခြေအနေကို ချင့်တွက်ပြီး အဲဒါကို ဘယ်လိုတန်ပြန်နိုင်အောင်လုပ်မလဲဆိုတာပါပဲ'' လို့ သူက ပြောပါတယ်။

နောက် သင်တန်းသားတစ်ယောက်ဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ဗန်လတင်းန် ဂျီးယော့ ကတော့ ပြင်သစ်ထောက်လှမ်းရေးရုပ်သံဇာတ်လမ်းတွဲ လွတ်ဗျူရိုကို ကြည့်ပြီး သူ ဒီသင်တန်းကို လာတက်တာလို့ ပြောပါတယ်။

''ရုပ်သံဇာတ်လမ်းတွဲထဲမှာ မြင်ရကြည့်ရတာကလွဲပြီး ပြင်ပမှာ ကိုယ်မသိတဲ့ ဒီလောကကို အခုလို မြင်ရတွေ့ရတာဟာ အဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံပါပဲ။ ကျွန်မတော့ဖြင့် ထောက်လှမ်းရေးအဖွဲ့ထဲဝင်ဖို့ သိပ်ကို စိတ်အား ထက်သန်နေပါပြီ''

စာသင်ခန်း နောက်ခံနဲ့ ကင်မရာကို ပြုံးပြီးမြင်တွေ့ရတဲ့ အလက်ဇန်းဒရား ဟူးဘာ့ဂ်နဲ့ ဗန်လတင်းန် ဂျီးယော့
ဓာတ်ပုံ ပုံစာ, ဒီကျောင်းသား နှစ်ဦးကတော့ ရွှင်ရွှင်ပြုံးပြုံးပုံစံနဲ့ပဲ ဓာတ်ပုံ အရိုက်ခံပါတယ်

တကယ်တော့ အဲဒီသင်တန်းကို တက်ကြတဲ့ကျောင်းသားတွေထဲက တဝက်နီးပါးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကမှ ဒီသင်တန်းကို အမျိုးသမီးတွေ စိတ်ဝင်စားမှု မြင့်တက်လာတယ်လိို့ ဒီသင်တန်းကို ပို့ချတဲ့ဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ စဘတ်ရှန် အိဗက် လော်ဟွန့်က ပြောပါတယ်။ သူက ထောက်လှမ်းရေးအပိုင်းမှာ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်ပါတယ်။

''ထောက်လှမ်းရေးအချက်အလက်စုဆောင်းမှုမှာ အမျိုးသမီးတွေ စိတ်ဝင်စားလာတာကတော့ အရင်ကထက် ထူးတယ်။ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးဖြစ်အောင် သူတို့လည်း ကူပေးနိုင်တယ်ဆိုတာမျိုးကြောင့် စိတ်ဝင်စားလာကြတာ''

''ပြီးတော့ ဒီကျောင်းသားလူငယ်တွေကြားမှာ မြင်လာရတဲ့ကြိုးလေး တစ်မျှင်ရှိနေတာကို တွေ့ရတယ်။ အဲဒါမျိုးချစ်စိတ်ပါပဲ။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကထက်စာရင် အသစ်တစ်မျိုးပေါ့''

နှစ်နိုင်ငံ နိုင်ငံသားဖြစ်သူ အချို့ကိုလည်း လက်ခံတာရှိပေမဲ့ ဒီသင်တန်းတက်မယ်ဆိုရင် ပြင်သစ်နိုင်ငံသားဖြစ်မှ သင်တန်းကို လျှောက်ထားလို့ရမှာဖြစ်ပါတယ်။

မကြာသေးခင်တုန်းက ရိုက်ထားတဲ့ ဒီဓာတ်ပုံမှာ ကျောင်းသားအချို့ကတော့ သူတို့ မျက်နှာ မပါချင်လို့ ကင်မရာကို ကျောပေးပြီး ရပ်နေကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Sciences Po Saint-Germain

ဓာတ်ပုံ ပုံစာ, မကြာသေးခင်တုန်းက ရိုက်ထားတဲ့ ဒီဓာတ်ပုံမှာ ကျောင်းသားအချို့ကတော့ သူတို့ မျက်နှာ မပါချင်လို့ ကင်မရာကို ကျောပေးပြီး ရပ်နေကြပါတယ်

တက္ကသိုလ် ပါမောက္ခ ဇာဗီယေ ခရစ်တီယေ တစ်ယောက် သတိချပ်ထားရတဲ့အခါမျိုးလည်း ရှိပါတယ်။

''ကိုယ်ရေးအကျဉ်းမှာ အရည်အချင်းဟာ မိုးပေါ်ကနေ မဆင်းဘူးလို့တောင်ပြောနိုင်တဲ့ ချောချောလှလှ အစ္စရေးနဲ့ ရုရှားအမျိုးသမီးတွေလည်း သင်တန်းကို လျှောက်လွှာတင်လာကြတာမျိုး ရှိတယ်။ ဒီလျှောက်လွှာတွေ ပယ်ချခံရတာ ဆန်းတော့ မဆန်းဘူးပေါ့ဗျာ''

မကြာသေးခင်တုန်းက ရိုက်ကူးထားတဲ့ အတန်းဓာတ်ပုံမှာဆိုရင် ဘယ်သူက စပိုင်လဲဆိုတာ မြင်သာပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီသင်တန်းက စပိုင်တွေက ကင်မရာကို ကျောပေးထားကြတာကြောင့်ပါ။

ကျွန်တော် တွေ့ဆုံစကားပြောခဲ့ကြတဲ့ စပိုင်တွေနဲ့ ကျောင်းသားတွေဟာ ကိုယ်ခန္ဓာ ချပ်ချပ်ရပ်ရပ်နဲ့ တောင့်တောင်ဖြောင့်ဖြောင့်ဖြစ်ကြပါတယ်။ ဒါပေမဲ့ ပါမောက္ခ ခရစ်တီယေကတော့ သူ့ သင်တန်းသားတွေ အားလုံး ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေထဲက ဇာတ်ဆောင်မင်းသားလို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ထောက်လှမ်းရေးအတွေ့အကြုံရဖို့တော့ အားလုံးအတွက် မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

''ဒီထဲက သင်တန်းသားအချို့ပဲ မြေပြင်သွားရတဲ့ လုပ်ငန်းဘက်ကို ရောက်မှာ'' လို့ သူက ပြောပါတယ်။ ''ပြင်သစ် ထောက်လှမ်းရေးအေဂျင်စီအလုပ်အများစုက ရုံးမှာ ထိုင်လုပ်ရတဲ့အလုပ်တွေများတယ်လေ''