နှစ် ၁၀၀ ကျော်အတွင်း ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI6 ကို အမျိုးသမီးတစ်ဦး ပထမဆုံးဦးဆောင်မယ်

Frontal portrait of Blaise Metreweli. She is looking at the camera against a white background.

ဓာတ်ပုံ ရင်းမြစ်, UK Foreign Office/AP

ဓာတ်ပုံ ပုံစာ, ဘလေ့စ် မက်ထရေဝေလီဟာ ဆာ ရစ်ချက် မော ထံကနေ ရာထူးလွှဲပြောင်းရယူမှာဖြစ်ပါတယ်
    • ရေးသားသူ, ခရစ်မေဆင်၊ ဖရန့်ဂါဒနာ၊ ရစ်ချ်ပရက်စတန်
    • ရာထူးတာဝန်, နိုင်ငံရေးအယ်ဒီတာ၊ လုံခြုံရေးသတင်းထောက်၊ ဘီဘီစီသတင်း

ပြည်ပထောက်လှမ်းရေး တာဝန်ယူတဲ့ ဗြိတိန်ရဲ့ MI6 အဖွဲ့ကို သမိုင်းတလျှောက် နှစ်ပေါင်း ၁၁၆ နှစ်အတွင်း အမျိုးသမီးတစ်ဦးက ဦးဆောင်ပါတော့မယ်။

ဘလေ့စ် မက်ထရေဝေလီဟာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို ၁၉၉၉ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့သူဖြစ်ပြီး MI6 ရဲ့ ၁၈ ယောက်မြောက် အကြီးအကဲတာဝန်ကို ယူမှာဖြစ်ပါတယ်။

လက်ရှိခေါင်းဆောင် ဆာ ရစ်ချက် မော ထံကနေ တာဝန်ကို အခုနှစ်ကုန်ပိုင်းမှာ ရယူမှာဖြစ်ပါတယ်။

လက်ရှိမှာ သူဟာ နည်းပညာနဲ့ ဆန်းသစ်မှုဆိုင်ရာကဏ္ဍကို တာဝန်ယူနေသူဖြစ်ပြီး အဖွဲ့ကို အခုလို ဦးဆောင်ဖို့ ကမ်းလှမ်းခံရတာကို ဂုဏ်ယူ တန်ဖိုးထားရတဲ့အကြောင်း ပြောပါတယ်။

''ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေ အခုလို အရေးကြီးနေချိန်မှာ အခုခန့်အပ်မှုဟာ သမိုင်းဝင် ခန့်အပ်မှု'' လို့ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာက ပြောပါတယ်။

MI6 ဟာ ဗြိတိန်ရဲ့လုံခြုံရေး တိုးမြှင့်နိုင်ဖို့ ပြည်ပမှာ အချက်အလက်တွေ ထောက်လှမ်းဖို့ တာဝန်ယူရပါတယ်။ သူ့ရဲ့ ပင်မအလုပ်ဟာ အကြမ်းဖက်မှု ဟန့်တားဖို့၊ ရန်လိုတဲ့နိုင်ငံတွေရဲ့လုပ်ဆောင်ချက်တွေကို ဟန့်တားဖို့နဲ့ ဆိုက်ဘာလုံခြုံရေး တိုးမြှင့်နိုင်ဖို့ ဖြစ်ပါတယ်။

သူ့ရဲ့အကြီးအကဲကိုတော့ အင်္ဂလိပ်အက္ခရာ "C" "စီ" လို့သာ အများအားဖြင့် သိကြပြီး တစ်ဖွဲ့လုံးမှာ သူ တစ်ဦးရဲ့နာမည်ကိုပဲ အများပြည်သူက သိနိုင်ပါတယ်။ ကျန်တဲ့အဖွဲ့ ဝင်တွေရဲ့နာမည်ကတော့ လျှို့ဝှက်ပါ။

မစ္စ မက်ထရေဝေလီဟာ လက်ရှိမှာ အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး နည်းပညာနဲ့ ဆန်းသစ်မှုဆိုင်ရာ ဌာန အကြီးအကဲဖြစ်ပါတယ်။ လက်ရှိရာထူးအရတော့ သူ့ကို အင်္ဂလိပ်အက္ခရာ "ကျူ" "Q" လို့ ရည်ညွှန်းကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူ့ဌာနရဲ့အလုပ်ကတော့ ထောက်လှမ်းရေးတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရတာဖြစ်သလို တရုတ်ရဲ့ဇီဝထောက်လှမ်းမှုလို တန်ပြန်စရာကိစ္စတွေ ပေါ်လာတဲ့အခါမှာ ဒါကို ကျော်လွှားဖို့ နည်းလမ်းသစ်တွေကိုလည်း ရှာဖွေတာ လုပ်ရပါတယ်။

''MI6 ဟာ MI5 နဲ့ GCHQ တို့လိုပဲ အရေးပါတဲ့အခန်ကဏ္ဍမှာ ဆက်ရှိနေပါတယ်။ ဗြိတိသျှ လူထု ဘေးကင်းအောင်နဲ့ ပြည်ပမှာရှိတဲ့ဗြိတိန်အကျိုးစီးပွားတွေကို တိုးမြှင့်ရာမှာ အရေးပါပါတယ်'' လို့ သူကပြောပါတယ်။

 ''MI6 ရဲ့ ရဲရင့်တဲ့အရာရှိတွေ၊ ထောက်လှမ်းရေးတွေအပြင် ကျွန်မတို့ရဲ့နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေ အများစုနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်ဖို့ ကျွန်မ မျှော်လင့်ထားပါတယ်'' လို့ သူက ပြောပါတယ်။

မစ္စ မက်ထရေဝေလီဟာ ကိမ်းဘရစ်ချ်တက္ကသိုလ်ဆင်း ဖြစ်ပြီး မနုဿဗေဒအထူးပြုပါ။ အရင်ကလည်း MI6 ရဲ့ ညီနောင် ပြည်တွင်းထောက်လှမ်းရေး MI5 မှာ ဒါရိုက်တာ ညွှန်ကြားရေးမှူး တာဝန်ယူဖူးပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ ဥရောပတလွှားမှာ အချိန်အများစု တာဝန်ထမ်းဖူးသူလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်တုန်းက ဗြိတိန် ချားလ်စ် ဘုရင်က ချီးမြှင့်တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေမှာ သူလည်း Companion of the Order of St Michael and St George (CMG) ဆုကို ရရှိပါတယ်။ ဗြိတိသျှ နိုင်ငံခြားရေး မူဝါဒပိုင်း သူ တာဝန်ထမ်းခဲ့တာအတွက် ဒီဆုချီးမြှင့်ခံရတာပါ။

သူ MI5 မှာ တာဝန်ထမ်းဆောင်ချိန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းဆိုရင် ယူကေရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတွေဟာ ''တကယ့်ကို ဆန်းပြားလှတယ်'' လို့ မစ္စ မက်ထရေဝေလီ ဗြိတန် တယ်လီဂရက်ဖ် သတင်းစာကို ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ သူဟာ ညွှန်ကြားရေးမှူး ကေ (Directior K) ဆိုတဲ့နာမည်ကို သုံးပြီး ပြောခဲ့တာပါ။

''ကျွန်မတို့ဟာ အစိုးရကို ကာကွယ်ဖို့၊ လျှို့ဝှက်အဆင့်အတန်းဖြစ်သင့်ဖြစ်ထိုက်တာတွေ လျှို့ဝှက်အဖြစ် ဆက်ရှိနေဖို့နဲ့ လူထုကို ကာကွယ်ဖို့ ဆိုတာတွေကို မူလ ဘူတခြေခံပြီး လုပ်ပါတယ်။ တန်ပြန်မှုလည်း ပါဝင်ပါတယ်။ နိုင်ငံ့စီးပွားရေး ကာကွယ်နိုင်ဖို့၊ ထိရှလွယ် နည်းပညာနဲ့ အသိပညာ သတင်းသိရှိမှုတွေကိုလည်း ကာကွယ်ပါတယ်'' လို့ သူက ပြောပါတယ်။

''ရုရှားကိုယ်တိုင် ပါဝင်တာမျိုးမဟုတ်ဘဲ နိုင်ငံတော်ရဲ့လှုပ်ပုံရှားပုံဟာ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ဆက်ရှိနေတယ်'' လို့ သူက ပြောသလို ''တရုတ်ဟာ ကမ္ဘာကြီး ပြောင်းလဲ ဖြစ်တည်မှုနဲ့အလိုက် လိုက်ပြောင်းနေတာကြောင့် ဒါဟာ ဗြိတိန်အတွက် သိပ်ကို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဆောင်ကျဉ်းလာနိုင်သလို ခြိမ်းခြောက်မှုတွေလည်း ဖြစ်လာနိုင်တယ်''

ဒီတော့ စီ (C) က ဘာလုပ်ပါသလဲ

  • စီ(C) က လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့လို့သိတဲ့ MI6 ရဲ့ အကြီးအကဲဖြစ်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကို အစီရင်ခံရပါတယ်။
  • စီ(C) ဟာ တခြားအစိုးရဌာနတွေနဲ့ အကြီးတန်းအစိုးရအရာရှိကြီးတွေပါဝင်တဲ့ ပူးတွဲထောက်လှမ်းရေးကော်မတီမှာလည်း ပါဝင်ပါတယ်။ အဲဒီကော်မတီဟာ ရလာတဲ့ထောက်လှမ်းရေးအချက်အလက်တွေကို စိစစ်ချင့်ချိန်ပြီး အခြေအနေ အချိန်အခါ အလိုက် ဝန်ကြီးချုပ်ကို အကြံပြုပါတယ်။
  • ဒီတော့ စီ(C)ဟာ အကြီးအကဲ၊ အရာရှိချုပ် (Chief)ကို ကိုယ်စားပြုပြီး ခေါ်ညွှန်းတာလို့ မှတ်ယူမိကြမှာပါ။ တကယ်တော့ မဟုတ်ပါဘူး။ ဗြိတိန်ရဲ့ ပထမဆုံး ထောက်လှမ်းရေးအဖွဲ့ကို လျှို့ဝှက်ထောက်လှမ်းရေးဗြူရို(SSB) လို့ ခေါ်ခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ်တွေမှာ ဖွဲ့စည်းခဲ့တာပါ။ အဲဒီအဖွဲ့ကိုတော့ ဗြိတိန် တော်ဝင် ရေတပ်အရာရှိ ကပ္ပတိန် မန်းစ်ဖီးလ် ကန်းမင်းက ဦးဆောင်ခဲ့ပါတယ်။ သူက သူ့စာတွေမှာ အင်္ဂလိပ်အက္ခရာ စီ(C) လို့ပဲ လက်မှတ်ထိုးပါတယ်။ အဲဒီကတည်း လျှိုဝှက်နာမည်တစ်ခုအဖြစ်ရှိနေပါတယ်။
  • ကပ္ပတိန် မန်းစ်ဖီးလ် ကန်းမင်းဟာ မင် အစိမ်းရောင်နဲ့ စာရေးပါတယ်။ ဒီနေ့ ခေတ််မှာတော့ Whitehall ထဲမှာ မင် အစိမ်းနဲ့ရေးသားတဲ့တစ်ဦးတည်းသောသူဟာ MI6 အကြီးအကဲပဲ ဖြစ်ပါတယ်။
  • ဒါဆို စီ (C) ဟာ သူ့ရဲ့ ထောက်လှမ်းရေး အေးဂျင့်တွေကို ''သတ်ဖြတ်ခွင့်လိုင်စင်'' ပေးလို့ရပါသလား။ အဖြေကတော့ နိုးပါ။ ဒါပေမဲ့ ပြည်ပ ထောက်လှမ်းရေးလုပ်သူကတော့ လုပ်နိုင်ပါတယ်။ ၁၉၉၄ ထောက်လှမ်းရေးဥပဒေပါ အပိုဒ် ၇ အရ MI6 အေးဂျင့်ဟာ သေစေနိုင်လောက်တဲ့ အင်အားသုံးတာမျိုးလို တရားမဝင်ဖြစ်နိုင်တဲ့လုပ်ဆောင်ချက်အချို့ကို လုပ်ပိုင်ခွင့် ပေးအပ်ထားပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ ရှည်လျား ရှုပ်ထွေးလှတဲ့ တရားရေးလုပ်ငန်းစဉ်က ရှိနေပြန်ပါတယ်။

သူ ဦးဆောင်ရမယ့်အဖွဲ့ဟာ မကြံစဖူး ထူးခြားတဲ့အချိုးအကွေ့တွေနဲ့ စိန်ခေါ်မှု ပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရတဲ့အဖွဲ့ဖြစ်နေပြန်ပါတယ်။

ပထဝီအနေအထားအရ ဒီအရာတွေဟာ ဗြိတိန်နဲ့ ကမ္ဘာတလွှား အနောက်ကမ္ဘာအကျိုးစီးပွားတွေကို လျော့ပါးအောင် ပိုလို့ နီးနီးကပ်ကပ် ပူးပေါင်းနေတယ်လို့ ဆိုနိုင်တဲ့ ရုရှား၊ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယားတို့လို နိုင်ငံတွေကနေ ထွက်ပေါ်ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်ချက်တွေ ရှိနေပါတယ်။

MI6 ရဲ့အခန်းကဏ္ဍဟာ ဗြိတိန်ရဲ့ ပြိုင်ဘက်တွေကနေ လျှို့ဝှက်ချက်တွေရရှိဖို့ လူ ထောက်လှမ်းရေးတွေကို စုဆောင်းတာဖြစ်ပါတယ်။ အဲဒီလျှို့ဝှက်ချက်ဆိုရာမှာ ရန်လိုတဲ့နိုင်ငံတွေနဲ့ အယ်လ်ကိုင်းဒါးလို အစုအဖွဲ့တွေဆီက လျှို့ဝှက်ချက်တွေပါဝင်ပါတယ်။

ဒစ်ဂျစ်တယ် ဆန်းသစ်မှု ထွန်းကားနေတဲ့ခေတ်မှာ MI6 ဟာ ရန်သူတွေထက် တစ်လှမ်းရှေ့ရောက်နေဖို့ဆိုရင်၊ အွန်လိုင်းနဲ့ အာကာသကနေ ထောက်လှမ်းရေးအချက်အလက်ရဖို့ဆိုရင် တက်စုံဖွင့် ရွက်ကုန်လွှင့် နိုးနိုးကြားကြားရှိဖို့ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကဆိုရင် MI6 ရာထူးကနေ နုတ်ထွက်တော့မယ့် ဆာရစ်ချက်က အမေရိကန် ထောက်လှမ်းရေးဗြူရို(CIA) အကြီးအကဲ ဝီလီယံ ဘန်းစ်နဲ့ အတူ သတိပေးတာရှိခဲ့ဖူးပါတယ်။ လက်ရှိ နိုင်ငံတကာကမ္ဘာဟာ စစ်အေးကာလကတည်းက မမြင်ဖူးခဲ့တဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ သူက ပြောခဲ့ပါတယ်။

ဗြိတိန်နဲ့ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ နှစ်ဦးစလုံးက ဗြိတိန်နဲ့ အမေရိကန်တို့ဟာ ယူကရိန်းစစ်ပွဲအတွက်သာမက ''ရုရှား ထောက်လှမ်းရေးကြောင့်ဖြစ်တဲ့ ဥရောပတလွှား ကဖျက်ယဖျက်ဖြစ်မှုပျက်ပြားအောင် အတူ လက်တွဲ လုပ်ဆောင်ခဲ့တယ်'' လို့ ဗြိတိန်နဲ့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင်နှစ်ဦးက Financial Times သတင်းစာအတွက် ရေးပါတယ်။

ဆာ ရစ်ချက်နဲ့ မစ္စတာ ဘန်းစ် တို့က တရုတ်ဟာ အခု ရာစုနှစ်မှာ ထောက်လှမ်းရေးအပိုင်းနဲ့ ပထဝီဝင်နိုင်ငံရေးအပိုင်းမှာ အကြီးမားဆုံးစိန်ခေါ်ဖြစ်လာတယ်ဆိုတာကို မြင်ရတယ်လို့လည်း ပြောပါတယ်။ အရှေ့အလယ်ပိုင်းမှာ တင်းမာမှု လျှော့ချဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင် သူတို့ အတော်လေး အားထုတ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

မကြာခင်မှာ MI6 ရာထူး ၅ နှစ်သက်တမ်းကနေ ဆင်းတော့မယ့် ဆာရစ်ချက်က သူ့ရဲ့လုပ်ဖော် ကိုင်ဖက်ကို MI6 အတွက် အခုလို ခန့်အပ်လိုက်တာဟာ တကယ့်ကို ပျော်ရွှင်ရပြီး သမိုင်းဝင်ခန့် အပ်မှုဖြစ်တယ်လို့ ပြောပါတယ်။

''ဘလေ့စ်ဟာ စွမ်းရည်ထက်မြက်တဲ့ ထောက်လှမ်းရေးအရာရှိဖြစ်သလိို ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ နည်းပညာအပိုင်းမှာ ရှေ့တစ်လှမ်းတိုးမြင်တတ်တဲ့ ကျွန်တော်တို့ လူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်'' လို့ သူက ပြောပါတယ်။

''MI6 မှာ အမျိုးသမီးခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် ခန့်အပ် ကြိုဆိုခွင့်ရတဲ့အတွက်လည်း ကျွန်တော် စိတ်လှုပ်ရှားရပါတယ်''

MI6 အကြီးအကဲဖြစ်လာမယ့် မစ္စ မက်ထရေဝေလီကို တာဝန်ခံရမယ့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီကတော့ MI6 အကြီးအကဲသစ်ဟာ အဲဒီရာထူးအတွက် ထိုက်သင့်တဲ့ သူဖြစ်ပြီး ''ကမ္ဘာလုံးဆိုင်ရာမတည်ငြိမ်မှုနဲ့ ထွက်ပေါ်လာနေတဲ့လုံခြုံရေးခြိမ်းခြောက်မှုတွေ'' လို့ စိန်ခေါ်မှုတွေကို ဗြိတိန်နိုင်ငံအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်အောင် လုပ်ပေးမယ့်သူလို့ ပြောပါတယ်။

''(ရာထူးသက်တမ်းပြည့်လို့ နုတ်ထွက်တော့မယ့်) ဆာရစ်ချက် မောရဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ ခေါင်းဆောင်ခဲ့မှုတွေအတွက်လည်း ကျွန်တော်ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ''

''ပြီးခဲ့တဲ့နှစ်အတွင်း သူနဲ့ အတူ အတော်လေး နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ ဗြိတိသျှလူထုရဲလုံခြုံရေးအတွက် သူ့ရဲ့ စွမ်းသလောက် ကြိုးပမ်းခဲ့မှု အတွက်လည်း ကျွန်တာ် ကျေးဇူးတင်ရပါတယ်''

စိတ်နှစ် ကိုယ်နှစ် ကြိုးပမ်းခဲ့တဲ့ ဆာရစ်ချက်ကို ဗြိတိသျှ ဝန်ကြီးချုပ် ဆာ ကီယာကလည်း ကျေးဇူးတင်ကြောင်းပြောပါတယ်။

"ဘလေ့စ်ဟာ ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ပေးဖို့၊ ကျွန်တော်တို့ လူထု ဘေးကင်းနိုင်ဖို့ လိုအပ်တဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ဆက်ပြီး ပေးစွမ်းနိုင်မယ့်သူဖြစ်ပါတယ်" လို့ သူက ထပ်ပြောပါတယ်။

ဟိုလီကိုးလ် လည်း ပါဝင်ရေးသားတင်ဆက်ပါတယ်။