ဗြိတိသျှပါလီမန်ဒီမိုကရေစီနဲ့ နန်းရင်းဝန်လောက

ဘိုဘို

ဘီဘီစီ မြန်မာပိုင်း

လူဖြူမဟုတ်တဲ့ ပထမဆုံး ဗြိတိသျှ ဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လူဖြူမဟုတ်တဲ့ ပထမဆုံး ဗြိတိသျှ ဝန်ကြီးချုပ်

နှစ် ၃ဝဝ တည်တံ့လာခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ်စနစ်မှာ လူဖြူမဟုတ်တဲ့ အာရှနွယ်ဖွား ပထမဆုံး ဝန်ကြီးချုပ်ကို ရွေးကောက်နိုင်ခဲ့ပါပြီ။ နန်းရင်းဝန်လို့ တချိန်က သုံးနှုန်းခဲ့ကြတဲ့ ဒီဝန်ကြီးချုပ်ရာထူးဟာ ကမ္ဘာ့အကြီးဆုံး ရေကြောင်း လက်နက်နိုင်ငံကြီးတခုကို စီမံခန့်ခွဲခဲ့ရုံမက အဲဒီအင်ပါယာကြီး အစိတ်စိတ်ပြိုကွဲခဲ့တာကိုလည်း ဖြေရှင်းခဲ့ရတဲ့ ရာထူးနေရာ ဖြစ်ပါတယ်။ စုစုပေါင်း ဝန်ကြီးချုပ် ၅၇ ယောက် ရှိတဲ့အနက် အမျိုးသမီးက ခုထိ သုံးယောက်ပဲ ရှိသေးတာကိုလည်း တွေ့ရပါတယ်။

ပထမဆုံး ဗြိတိသျှဝန်ကြီးချုပ် ဝါလပို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပထမဆုံး ဗြိတိသျှဝန်ကြီးချုပ် ဝါလပို

နန်းရင်းဝန်အစ ဝါလပိုက

တခြား ဥရောပ ထီးဆောင်းမင်းနိုင်ငံတွေလိုပဲ ဗြိတိသျှအုပ်ချုပ်ရေးမှာလည်း ဘုရင်ကို တာဝန်ခံရတဲ့ အရာရှိကြီးတွေ အစဉ်အဆက် ရှိခဲ့ပါတယ်။ ကာကွယ်စောင့်ရှောက်သူ မင်းကြီး၊ ရွှေတိုက်စိုးမင်းကြီး စတဲ့ အမည်အသီးသီးနဲ့ ခေါ်ခဲ့တဲ့ ဒီရာထူးတွေဟာ စတူးဝပ်မင်းဆက် နှောင်းပိုင်းကာလအတွင်း ကော်မရှင်ဖွဲ့အုပ်ချုပ်တဲ့အဆင့် ရောက်လာပါတယ်။ ၁၈ ရာစုဆန်း ဟန်နိုဗာမင်းဆက်ခေတ်မှာတော့ အသစ်တက်လာတဲ့ ဂျာမန်ဘုရင်တွေဟာ ဗြိတိန်ထက် ဂျာမနီက မြေတွေကို ပိုစွဲလမ်းခဲ့လို့ တိုင်းရေးပြည်မှုကို အင်္ဂလိပ်အမတ်ကြီးတွေနဲ့ လွှဲထားကြောင်း မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။

ဒါကြောင့် ပထမဂျော့ဘုရင်လက်ထက်ကစပြီး ဆာရောဘတ်ဝါလပိုနဲ့ ဗိုင်းကောင့် ဘွဲ့ခံ တောင်ရှန်တို့ကို လွှဲထားပြီး အုပ်ချုပ်စေရာက ဝန်ကြီးချုပ်စနစ် ပေါ်ပေါက်လာပါတယ်။ ၁၇၂၁ ကနေ ၁၇၄၂ ထိ အနှစ် ၂ဝ ကျော် ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဝါလပိုဟာ သက်တမ်းအရှည်ဆုံး ဗြိတိသျှဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ဝါလပိုကို ပထမဆုံး ဗြိတိသျှဝန်ကြီးချုပ်အဖြစ် သတ်မှတ်ကြပေမယ့် ၁၉ဝ၅ ကျမှ ဟင်နရီကမ်းဘဲ ဘန်နာမန်းကို ဝန်ကြီးချုပ်အဖြစ် တရားဝင် ခန့်ထားတာ ဖြစ်ပါတယ်။

၁၈ ရာစုဦးက ဗြိတိသျှအောက်လွှတ်တော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၈ ရာစုဦးက ဗြိတိသျှအောက်လွှတ်တော်

ဝှစ်နဲ့တိုရီ

မျက်မှောက်ခေတ် ဗြိတိန်မှာ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ လေဘာပါတီတွေ အားပြိုင်ကြသလိုပဲ ၁၈ နဲ့ ၁၉ ရာစု ဗြိတိသျှပါလီမန်မှာလည်း ဝှစ်နဲ့ တိုရီတွေ အစိုးရဖွဲ့ဖို့ အင်အားပြိုင်ကြပါတယ်။ ဝှစ်ဟာ လစ်ဘရယ်ပါတီရဲ့ ရှေ့ပြေး ဖြစ်သလို တိုရီဟာလည်း ကွန်ဆာဗေးတစ်ခေါ် ရှေးရိုးဆန်တဲ့ပါတီရဲ့ မူလအစဖြစ်ပါတယ်။ ဒါကြောင့် ကွန်ဆာဗေးတစ်တွေကို တိုရီလို့ ခုထိ ခေါ်ဆိုကြတာပါ။ ၁၉၂၂ နောက်ပိုင်း လစ်ဘရယ်တွေ ခေါင်းဆောင်ပြီး အစိုးရ မဖွဲ့နိုင်တော့ဘဲ ၁၉၂၄ မှာ ရမ္မဆေး မက္ကဒေါ်နယ်က ပထမ လေဘာအစိုးရဖွဲ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တိုရီနဲ့ လေဘာ ပြိုင်တဲ့ခေတ် ဖြစ်လာပါတယ်။

၁၈၃၂ ပြုပြင်ရေး မတိုင်ခင် ဗြိတိန်ရဲ့ မဲပေးခွင့်မှာ အကန့်အသတ်ရှိတဲ့အတွက် အစောပိုင်း ဝန်ကြီးချုပ်တွေဟာ ဗြိတိသျှအထက်လွှာက မှူးမတ်တွေနဲ့ ကြေးရည်တတ် လူချမ်းသာတွေ များပါတယ်။ ဒါကြောင့် ၂ဝ ရာစုမတိုင်ခင်က ဗြိတိသျှဝန်ကြီးချုပ်တွေရဲ့ အမည်ရှေ့မှာ ဒျု၊ မားကွစ်၊ အားလ်၊ ဘဲရွန် စတဲ့ မှူးမတ်ဘွဲ့တွေ ပါတတ်ကြပါတယ်။ တချို့ဝန်ကြီးချုပ်တွေက ဘုရင်ဘုရင်မတွေနဲ့ ဆွေမျိုးမကင်းသူတွေ ဖြစ်ပြီး တချို့ဆိုရင် မင်းညီမင်းသားတွေရဲ့ တရားမဝင်သားဆိုတဲ့ ကောလာဟလမျိုးထိ ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ ခေတ်ပြောင်းပြီး အရင်းရှင်စနစ် ထွန်းကားလာတာနဲ့အမျှ မဲပေးခွင့်ရှိသူ ပိုများလာပြီး အောက်ခြေလူထုရဲ့ သြဇာက ပိုကြီးလာပါတယ်။ ပါလီမန်လွှတ်တော်နှစ်ရပ်မှာလည်း အများရွေးကောက်တင်မြှောက်တဲ့ အောက်လွှတ်တော်က ပိုအားကောင်းလာပါတယ်။ ဒါကြောင့် ၁၉၆၃ ခရစ္စတင်းကီလာအရှုပ်တော်ပုံမှာ အရေးပေါ် ဝန်ကြီးချုပ် တက်ဖြစ်တဲ့ လော့ဟျူးမ်ဟာ မှူးမတ်ဘွဲ့ကို စွန့်လွှတ်ပြီး ဆာဟျူမ်းအဖြစ် အစိုးရဖွဲ့ခဲ့ရပါတယ်။

ကလေး နန်းရင်းဝန် ဝီလျံပစ် အငယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလေး နန်းရင်းဝန် ဝီလျံပစ် အငယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အင်ပါယာရဲ့ ဗိသုကာများ

အစောပိုင်း ဗြိတိသျှဝန်ကြီးချုပ်တွေဟာ ဥရောပနဲ့ အမေရိကမှာ ဖြစ်တဲ့ စစ်ပွဲနဲ့ တော်လှန်ရေးတွေမှာ ဝင်အားပြိုင်ပြီး အင်ပါယာချဲ့ဖို့ အားထုတ်ခဲ့ကြသလို ပြည်တွင်းမှာလည်း အထက်တန်းလွှာ လူတန်းစားရဲ့ သြဇာကို ကြီးထွားဖို့ အားစိုက်ခဲ့ကြပါတယ်။ ဝယ်လင်တန်လို နပိုလီယန်စစ်ကို နိုင်ခဲ့တဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင် အရွေးခံပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်ပါ။

ဘုရင်နဲ့အထက်လွှာဘက်သားတွေအပြင် ပြုပြင်ရေးဘက် အားသန်တဲ့ ဝန်ကြီးချုပ်တွေလည်း ရှိပါတယ်။ ဒီထဲက ဆင်းရဲသား ခေါင်းဆောင်ကြီးလို့ ကျော်ကြားတဲ့ ဝီလျံပစ်အကြီးနဲ့ သားဖြစ်သူ ဝီလျံပစ်အငယ်တို့ အထူးထင်ရှားပါတယ်။ ဝီလျံပစ်အငယ်ဟာ ၂၄ နှစ်နဲ့ ဝန်ကြီးချုပ် ဖြစ်တဲ့အတွက် ဗြိတိသျှသမိုင်းမှာ ခုထိ အငယ်ဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် ဖြစ်ပြီး ၁၉ နှစ် နီးပါးအုပ်ချုပ်သွားတဲ့အတွက် ဒုတိယသက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

၁၉ ရာစု ဗြိတိသျှအင်ပါယာ အထွတ်အထိပ် ရောက်ချိန်မှာ တာဝန်ယူရတဲ့ ဝန်ကြီးချုပ်တွေကတော့ ရောဘတ်ပီးလ်၊ လော့ပါးမားစတန်၊ ဘင်ဂျမင် ဒစ္စရေလီ၊ ဝီလျံ အီးဝပ် ဂလက်စတုံး စတဲ့ နာမည်ကျော် နိုင်ငံပြုသုခမိန်တွေ ဖြစ်ပါတယ်။ ဒီထဲက စပန်ဆာ ပါစီဗယ်ကတော့ ဗြိတိန်မှာ တဦးတည်းသော လုပ်ကြံခံရတဲ့ ဝန်ကြီးချုပ် ဖြစ်ပါတယ်။

ဝိတိုရိယဘုရင်မလက်ထက် သက်တမ်း နှစ် ၆ဝ ကျော်အတွင်း ဗြိတိန်ဟာ ကိုလိုနီဝါဒနဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးအဆင့်ရောက်ခဲ့ပြီး စက်မှုတော်လှန်ရေးမှာလည်း အောင်မြင်ထွန်းကားခဲ့ပါတယ်။ ဒါကြောင့် ပါလီမန်ဒီမိုကရေစီနဲ့ နိုင်ငံရေးသဘောတရားတွေ ဖွံ့ဖြိုးရေးမှာလည်း ဗြိတိန်ရဲ့ ကဏ္ဍက ကမ္ဘာအနှံ့ ရိုက်ခတ်ခဲ့ပြီး ဂျပန်၊ ထိုင်း၊ မြန်မာနဲ့ တရုတ်လို သက်ဦးဆံပိုင် ပဒေသရာဇ်နိုင်ငံတွေမှာ ပြုပြင်ရေးတွေ လုပ်ဖို့ ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ် စတဲ့ နိုင်ငံတွေက တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။

စစ်အတွင်း ဝန်ကြီးချုပ် ဝင်စတန် ချာချီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အတွင်း ဝန်ကြီးချုပ် ဝင်စတန် ချာချီ

ကမ္ဘာစစ်များနဲ့ ပတ်စာခွာချိန်

၂ဝ ရာစုဆန်းကနေ အလယ်ပိုင်းထိ ဗြိတိသျှအင်ပါယာကို ကြိုးကိုင်ခဲ့ရတဲ့ ဝန်ကြီးချုပ်တွေဟာ ကမ္ဘာစစ်ကြီးနှစ်ခုကို ဖြတ်ရသလို အင်ပါယာပြိုကွဲတာကိုလည်း လက်ပိုက်ကြည့်ခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီထဲက အာသာဘဲလ်ဖိုး၊ ဒေးဗစ်လွိုက်ဂျော့၊ ဝင်စတန်ချာချီတို့ဟာ ကမ္ဘာ့အင်အားချိန်ခွင်လျှာညှိပွဲတွေနဲ့ စစ်ပွဲတွေမှာ ဗြိတိန်အသာရအောင် ကြံဆောင်ခဲ့ကြတဲ့ လူကျော်တွေ ဖြစ်ပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ သြစတြီးယား၊ တူရကီ စတဲ့ ဥရောပ အင်အားကြီးနိုင်ငံတွေနဲ့ အမေရိကန် ပါဝင်တဲ့ ပထမကမ္ဘာစစ်အပြီး ရုရှားမှာ ကွန်မြူနစ်နိုင်ငံကြီး ပေါ်ထွန်းလာသလို စစ်ရှုံး ဂျာမနီမှာ နာဇီဝါဒထွန်းကားလာပါတယ်။ ပထမကမ္ဘာစစ်မှာ စစ်နိုင်တဲ့ဘက်က ရပ်ခဲ့တဲ့ အီတလီနဲ့ ဂျပန်မှာလည်း ဖက်ဆစ်ဝါဒ ထွန်းကားလာပါတယ်။ ဒီအခြေအနေတွေနဲ့အတူ ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ကိုလိုနီနိုင်ငံတွေရဲ့ နိုးကြားလာတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေဒဏ်ကို ဗြိတိန်ကြုံခဲ့ရတာပါ။ ဒုတိယကမ္ဘာစစ်မတိုင်ခင် ဂျာမနီရဲ့ နယ်ပယ်ချဲ့ထွင်မှုကို အလျှော့ပေးစေ့စပ်တဲ့ ဗြိတိသျှဝန်ကြီးချုပ် ချိန်ဘာလင်ဟာ ကမ္ဘာစစ်ကို မတားနိုင်ခဲ့ပါဘူး။

နောက်ဆုံး စစ်ကြီးဖြစ်ချိန်မှာ ချာချီရဲ့ စစ်အတွင်းအစိုးရဖွဲ့ပြီး ပါတီစုံ ထောက်ခံမှုနဲ့ စစ်ကို အနိုင်တိုက်ရပါတယ်။ စစ်အပြီး ရွေးကောက်ပွဲမှာတော့ လေဘာအနိုင်ရ၊ ကလီမင့် အက်တလီ တက်လာပြီး ကိုလိုနီနိုင်ငံတွေရဲ့ လွတ်လပ်ရေး အစ ဖြစ်ခဲ့ပါတယ်။

သံမဏိလေဒီလို့ တင်စားကြတဲ့ မာဂရက်သက်ချာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သံမဏိလေဒီလို့ တင်စားကြတဲ့ မာဂရက်သက်ချာ

ပြည်တော်သာနဲ့ စျေးကွက်ပဓာန

စစ်ပြီးခေတ် ဗြိတိန်ဟာ ကိုလိုနီဖျက်သိမ်းရေးနဲ့ လုပ်ငန်းကြီးတွေ ပြည်သူပိုင်သိမ်းခြင်း၊ ပြန်လည်ထူထောင်ရေး ဆိုတဲ့ တာဝန်ကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသားကျန်းမာရေးဌာနထူထောင်တာ အပါအဝင် ပညာရေး၊ အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လယ်သမားဘဝ တိုးတက်ရေး၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး၊ ပြည်သူ့အိုးအိမ် စတဲ့ ကိစ္စအရပ်ရပ်မှာ အက်တလီနဲ့ ဝီလ်ဆင်ဆိုတဲ့ လေဘာဝန်ကြီးချုပ်နှစ်ယောက် ကြီးမှူးဆောင်ရွက်ခဲ့ကြပါတယ်။ တဖက်မှာလည်း လေဘာရဲ့ လက်ဝဲဆန်တဲ့ ပြုပြင်ရေးတွေကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးတာ၊ အလုပ်လက်မဲ့ များပြားတာ စတဲ့ ပြဿနာတွေ ရှိပါတယ်။

၁၉၇ဝ ကျော်မှာတော့ အလုပ်သမားသပိတ်တွေကြောင့် စီးပွားရေးနှေးကွေးနေတဲ့ ဗြိတိန်မှာ ကွန်ဆာဗေးတစ် တခေတ်ဆန်းပြီး အမျိုးသမီးဝန်ကြီးချုပ်တခေတ်ကို ရောက်လာပါတယ်။ မာဂရက်သက်ချာလက်ထက် သက်ချာဝါဒခေါ်တဲ့ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးနဲ့ လုပ်ငန်းကြီးတွေကို ပုဂ္ဂလိကပိုင် လုပ်တာ အားပေးတာ ခေတ်စားလာပြီး ဗြိတိသျှ နိုင်ငံရေး စီးပွားရေးက လက်ယာဘက် ပြန်ယိမ်းလာပါတယ်။ သက်ချာ အလွန် ဂျွန်မေဂျာ၊ တိုနီဘလဲနဲ့ တကျော့ပြန် ကွန်ဆာဗေးတစ်ခေတ် ဗြိတိန်မှာ သက်ချာလှိုင်းက ဆက်ရိုက်ခတ်နေပြီး အရင်လို လက်ဝဲဆန်တဲ့ နိုင်ငံရေး တကျော့ပြန် ဦးထောင်မလာသေးတာကို တွေ့ရပါတယ်။

ပါလီမန်အပေါင်းရဲ့ မိခင် ဝက်စမင်စတာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါလီမန်အပေါင်းရဲ့ မိခင် ဝက်စမင်စတာ

စတုတ္ထရာစု ခေါင်းဆောင်မှု

ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး ကာလမှာ ဗြိတိသျှဝန်ကြီးချုပ်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဦးဆောင်မှုက အင်ပါယာခေတ်နဲ့ ဒုတိယကမ္ဘာစစ်အပြီးက ခေါင်းဆောင်တွေရဲ့ ခြေရာကို လိုက်နိုင်မလား ဆက်ပြီး အကဲခတ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးမှာတော့ ဗြိတိန်ဟာ ကမ္ဘာစစ်မတိုင်ခင်ကလို ခေါင်းဆောင်နေရာမှာ မရှိတော့ဘဲ အမေရိကန် နောက်လိုက် ဖြစ်နေတယ် ဆိုတဲ့ ဝေဖန်သံတွေလည်း နေတိုးခေတ်တလျှောက်လုံးမှာ ကြားခဲ့ရသလို ယူကရိန်းစစ်အတွင်းမှာလည်း ထပ်မံ ထွက်လာပြန်ပါတယ်။ ဥရောပသမဂ္ဂက ဗြိတိန်နုတ်ထွက်မှုကလည်း အဆိုးအကောင်း ဝေဖန်မှုတွေ များနေပြီး စစ်အေးအလွန် ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးအခြေသစ်မှာ ဗြိတိန် ဘယ်လမ်းက နေမလဲ တွေးဆနေကြဆဲ ဖြစ်ပါတယ်။

နောက် နှစ်တရာအကြာမှာ ဗြိတိန်ရဲ့ ပြည်ထောင်ဖွဲ့စည်းမှုအနေအထား ဘယ်လိုရှိမလဲ၊ နိုင်ငံဥသျှောင်အဖြစ် ဘုရင်စနစ် ဆက်ရှိနေမလား၊ အနှစ် ၈ဝဝ ကျော်နေပြီ ဖြစ်တဲ့ ပါလီမန်စနစ်ကရော ဘယ်အခြေ ရောက်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။