ဝင်စတန်ချာချီအပေါ် အိန္ဒိယနိုင်ငံသားတွေရဲ့ အမြင်

မူရင်းရေးသူ

ယောဂီတလီမေး

ဘီဘီစီအိန္ဒိယသတင်းထောက်

no caption

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, no caption

ဝင်စတန်ချာချီအကြောင်းကို ပထမဆုံးကြားဖူးတာက ကလေးဘဝမှာပါ။ အင်္ဂလိပ်စာရေးဆရာမ အီးနစ်ဘလိုက်တန်ရဲ့ စာအုပ်ထဲကဇာတ်ကောင်တစ်ကောင်က ဝင်စတန်ချာချီကို ကြည်ညိုလွန်းလို့ မီးလင်းဖိုမှာ သူ့ရုပ်ပုံချိတ်ထားတာကို ဖတ်ခဲ့ရပါတယ်။

အသက်ကြီးလာတဲ့နောက်ပိုင်း အိန္ဒိယကိုလိုနီခေတ်အကြောင်း ပြောဆိုကြရာမှာတော့ ဗြိတိသျှစစ်တွင်းကာလ ဝန်ကြီးချုပ် ဝင်စတန်ချာချီ အပေါ် အိန္ဒိယကလူအများစုရဲ့ အမြင်ဟာ အင်္ဂလိပ်တွေရဲ့အမြင်နဲ့ လုံးဝ မတူကွဲပြားတာကို သိလာရပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ်အကြောင်းပြောတဲ့အခါ အမြင်တစ်ခုနဲ့ တစ်ခုဆန့်ကျင်ကြတာလည်း ရှိပါတယ်။

တချို့က ဗြိတိသျှတွေဟာ အိန္ဒိယအတွက် ကောင်းတာတွေ အများကြီးလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ရထားလမ်းဖောက်ပေးခဲ့တယ်၊ စာပို့စနစ်ထူထောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါက သူတို့အကျိုးအတွက် သူတို့လုပ်တာပဲ၊ နောက်ဆုံးမှာတော့ အိန္ဒိယက သယံဇာတတွေကို လုယက်ခိုးယူသွားပြီး အိန္ဒိယကိုတော့ ဆင်းရဲတွင်းထဲ ထားခဲ့တာပဲလို့ ဆိုသူလည်း ရှိပါတယ်။

ကျွန်မရဲ့ အဘွားကဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ ဗြိတိသျှတွေကို ဆန့်ကျင်ဆန္ဒပြရာမှာ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာကို အားရပါးရပြန်ပြောပြလေ့ရှိပါတယ်။

မကျေနပ်မှုတွေရှိပေမဲ့လည်း အနောက်တိုင်းနဲ့ ပတ်သက်တာမှန်သမျှ အသားဖြူတဲ့လူတွေ လုပ်သမျှ၊ ပြောသမျှဟာ သာလွန်ကောင်းမွန်တယ်လို့ ကျွန်မကြီးပြင်းရာ ပတ်ဝန်းကျင်က ထင်မြင်ကြပါတယ်။ဆယ်စုနှစ်များစွာကြာတဲ့ ကိုလိုနီစနစ်ဟာ လူတွေရဲ့ မိမိကိုယ်ကိုယ် စိတ်ချယုံကြည်မှုကို ဖယ်ရှားပစ်ခဲ့တယ်။

အခုလွတ်လပ်ရေးရပြီး ၇၃ နှစ်ကြာလာချိန်မှာတော့ အများကြီးပြောင်းလဲလာပါပြီ။ မျိုးဆက်သစ်ဟာ အိန္ဒိယနိုင်ငံအပေါ်ပိုပြီး စိတ်ချယုံကြည်လာပါတယ်။ ၁၉၄၃ ခုနှစ် ဘင်္ဂလား အငတ်ဘေးကြီးလို ကိုလိုနီခေတ်ရဲ့ အမှောင်ဘက်အခြမ်းတွေကို ဘာလို့ ကျယ်ကျယ်ပြန့်ပြန့် မပြောကြသေးတာလဲ၊ ဘာလို့ မရှုတ်ချသေးတာလဲလို့ မေးလာကြပါပြီ။

အငတ်ဘေးကာလမှာ လူတွေဟာ အရိုးပေါ် အရေပြားတင်ထားသလိုပဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အငတ်ဘေးကာလမှာ လူတွေဟာ အရိုးပေါ် အရေပြားတင်ထားသလိုပဲ

ဘင်္ဂလားအငတ်ဘေးကြီးမှာ အနည်းဆုံး လူ ၃ သန်းသေဆုံးခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗြိတိသျှအင်ပိုင်ယာ တစ်ခုလုံးမှာ သေဆုံးတဲ့ အရေအတွက်ထက် ၆ ဆပိုပါတယ်။

ကမ္ဘာစစ်ရဲ့ အောင်ပွဲတွေ၊ ဆုံးရှုံးမှုတွေကို နှစ်စဥ်နှစ်တိုင်း အမှတ်တရ အထိမ်းအမှတ်တွေ ကျင်းပကြပေမဲ့ ဗြိတိသျှလက်အောက်ကာလ ဘင်္ဂလားအငတ်ဘေးကြီးကိုတော့ မေ့လျော့နေကြပါတယ်။

ဒုဗ္ဘိကန္တာရကပ်ကြီးဆိုက်တော့ မြေမြှုပ်မပေးနိုင်လို့ အလောင်းတွေ လယ်ကွင်းထဲပြန့်ကျဲနေတာတွေ၊ မြစ်ထဲမျောပါလာတာတွေ၊ ခွေးနဲ့ လင်းတ စားသောက်ကြတာတွေကို ကြုံခဲ့သူတွေက ပြန်ပြောပြပါတယ်။ တောမှာ မသေတဲ့သူတွေဟာ မြို့တွေပေါ်တက်ပြီး စားစရာရှာဖွေကြတယ်။

အတိတ်တစ္ဆေဟာ မင်းသားကြီး ဆူမီတြာချတ္တာဂျီးကို ခြောက်လှန့်နေဆဲ
ဓာတ်ပုံ ပုံစာ, အတိတ်တစ္ဆေဟာ မင်းသားကြီး ဆူမီတြာချတ္တာဂျီးကို ခြောက်လှန့်နေဆဲ

“လူတိုင်းဟာအရိုးစုတွေလိုပဲ။ အရိုးပေါ်မှာ တကယ်ပဲ အရေပြားတင်ရုံတင်ထားသလိုပဲ။” လို့ ဝါရင့်ဘင်္ဂါလီမင်းသားကြီး ဆူမီတြာချတ္တာဂျီးကပြန်ပြောပါတယ်။ အဲဒီအငတ်ဘေးကာလတုန်းက သူဟာ ၈ နှစ်သားပဲရှိပါသေးတယ်။

“လူတွေငိုလိုက်ကြတာသိပ်သနားစရာကောင်းတာပဲ။ လူတွေက ထမင်းရည်လေးနည်းနည်းပေးပါလို့ တောင်းကြတယ်။ ဘယ်သူမှ ထမင်းတော့မပေးနိုင်ဘူးဆိုတာ သူတို့သိနေတယ်လေ။ အဲသလို ငိုယိုတောင်းသံမျိုးကို တစ်ခါကြားဖူးတဲ့သူဟာ တစ်သက်လုံးဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ အဲဒီအကြောင်း ပြန်ပြောရင် ကျွန်တော်အခုထိမျက်ရည်ဝဲတုန်းပဲ။ ဘယ်လိုမှစိတ်မထိန်းနိုင်ဘူး။” လို့သူက ပြောပါတယ်။

၁၉၄၂ ခုနှစ်မှာ ဘင်္ဂလားဒေသကို မုန်တိုင်းဝင်၊ ရေကြီးပြီး အငတ်ဘေးစတင်လာတာပါ။ ဒါပေမဲ့ ဆာဝင်စတန်ချာချီနဲ့ သူ့အစိုးရအဖွဲ့ရဲ့ ပေါ်လစီကြောင့် အခြေအနေဟာ ပိုဆိုးခဲ့တာလို့ အပြစ်တင်ဝေဖန်ကြပါတယ်။

ဗမာပြည်ဘက်မှာ ဂျပန်ကျူးကျော်နေတာကိုကြောက်ပြီး မြေလှန်စနစ်ပေါ်လစီ ကျင့်သုံးခဲ့တာလို့ အောက်စဖို့တက္ကသိုလ်က သမိုင်းပညာရှင် ယတ်စမင်ခန်းကဆိုပါတယ်။

“ဂျပန်တွေဝင်လာရင် ပြာပုံပဲတွေ့ရမယ်ဆိုတဲ့ ပေါ်လစီပါ။ သီးနှံတွေရော၊ သီးနှံသယ်ယူဖို့ သင်္ဘောတွေရော ဘာဆိုဘာမှ မကျန်စေချင်တာပါ။ ဂျပန်တွေ၀င်လာရင် သူတို့ရဲ့ ကျူးကျော်စစ်ကိုချဲ့ထွင်ဖို့ရာ ဘာရိက္ခာမှ မရှိစေချင်တာပါဘဲ။ အငတ်ဘေးကာလမှာ မြေလှန်ပေါ်လစီကျင့်သုံးခဲ့တာ သက်သေ အထောက်အထား ခိုင်ခိုင်မာမာရှိပါတယ်။” လို့ယတ်စမင်ခန်းက ဆိုပါတယ်။

အဲဒီတုန်းက အိန္ဒိယအုပ်ချုပ်ရေးကို တာဝန်ယူခဲ့တဲ့ ဗြိတိသျှ အရာရှိရဲ့ ဒိုင်ယာရီထဲမှာ ချာချီအစိုးရဟာ အိန္ဒိယအတွက် အရေးပေါ် စားနပ်ရိက္ခာပို့ပေးဖို့ ပန်ကြားချက်ကို လပေါင်းများစွာကြာတဲ့အထိ ငြင်းပယ်ခဲ့တယ်လို့ ရေးထားပါတယ်။ ချာချီက ဗြိတိန်အတွက် ရိက္ခာနည်းသွားမှာကိုစိုးရိမ်သလို စစ်အတွက် အသုံးပြုမယ့် သင်္ဘောတွေကိုလည်း လွှတ်မပေးချင်ဘူး။ ဘင်္ဂလားအငတ်ဘေးကို အိန္ဒိယနိုင်ငံရေးသမားတွေကပဲ ဖြေရှင်းသင့်တယ်လို့ ချာချီက ယူဆခဲ့ပါတယ်။

ဗြိတိသျှဝန်ကြီးချုပ်ချာချီရဲ့ အိန္ဒိယအပေါ် သဘောထားကိုလည်း ဒိုင်ယာရီထဲမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ အငတ်ဘေးလျော့ကျရေး အစိုးရဆွေးနွေးပွဲမှာ အကူအညီပေးပို့ဖို့ တောင်းခံတာနဲ့ ပတ်သက်ပြီး ချာချီရဲ့ပြောစကားကို အိန္ဒိယ အစိုးရ တာဝန်ခံ လီယိုပိုးအမ်မရီက မှတ်တမ်းတင်ခဲ့ပါတယ်။ အိန္ဒိယတွေဟာ “ယုန်တွေလို တပြွတ်ပြွတ်မွေးနေတော့” ဘယ်လောက်ပဲ ရိက္ခာပို့ပို့ လောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အငတ်ဘေးဖြစ်လာတာကိုတော့ ချာချီကြောင့်လို့ အပြစ်ပြောလို့ မရပါဘူး။ ဒါပေမဲ့ အငတ်ဘေးက သက်သာအောင် သူလုပ်ပေးနိုင်စွမ်းရှိတဲ့အချိန်မှာ မလုပ်ခဲ့ဘူး။ တောင်အာရှသားတွေရဲ့ အသက်ထက် ဥရောပလူဖြူတွေရဲ့ အသက်ကို ဦးစားပေးခဲ့တယ်။ တကယ်တမ်း ဒုတိယကမ္ဘာစစ်ကို ဆင်နွှဲရာမှာတော့ အိန္ဒိယ စစ်သားတွေကို သန်းနဲ့ချီအသုံးပြုခဲ့တယ်။” လို့ ယတ်စမင်ခန်းကဆိုပါတယ်။

ဗြိတိန်နိုင်ငံသားတချို့ကတော့ ချာချီဟာ မဖွယ်မရာစကားကို ပြောခဲ့ပေမဲ့ အကူအညီပေးတော့ ပေးခဲ့ပါတယ်။ အကူအညီပေးဖို့ နှောင့်နှေးကြန့်ကြာရတာကလည်း စစ်တွင်းကာလ အခြေအနေတွေကြောင့်ပါလို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီချာချီနှောင့်နှေးခဲ့တဲ့ ကာလအတွင်းမှာပဲ သန်းနဲ့ချီတဲ့ လူတွေဟာ အခြေခံ အစားအစာတောင်မရှိလို့ သေကြေပျက်စီးသွားခဲ့ပါတယ်။

ဗြိတိသျှကိုလိုနီအစိုးရလက်အောက်မှာ ဘင်္ဂလားအငတ်ဘေးဟာ အကြီးမားဆုံး ကပ်ဘေးကြီးပဲလို့ အဲဒီတုန်းအိန္ဒိယဘုရင်ခံ အာချီဘောဝေဗယ်က ပြောခဲ့ပါတယ်။ အဲဒီအငတ်ဘေးကြောင့် ဗြိတိသျှအင်ပိုင်ယာ နာမည်ပျက်ခဲ့ရတာဟာလည်း မတိုင်းတာနိုင်လောက်အောင် ကြီးမားခဲ့တယ်လို့ သူကဆိုပါတယ်။

အဲဒီအငတ်ဘေးမှာ မသေဘဲကျန်ခဲ့သူတွေဟာ ဒေါသဖြစ်နေဆဲပါ။ အဲဒီအချိန်တုန်းက အိန္ဒိယအပေါ်ပြုမူခဲ့မိတာတွေ အတွက် ဝမ်းနည်းပါတယ်လို့ ဗြိတိသျှအစိုးရက လာပြီးတောင်းပန်းသင့်တဲ့ အချိန်ရောက်ပါပြီလို့ မစ္စတာ ချတ္တာဂျီးက ဆိုပါတယ်။

ဗြိတိန်နိုင်ငံတွင်းက လူအများအပြားဟာလည်း ကိုလိုနီအမွေနဲ့ ကိုလိုနီခေတ်ခေါင်းဆောင်တွေရဲ့ အပြုအမူတွေကို မေးခွန်းထုတ်လာကြပါပြီ။

ပြီးခဲ့တဲ့လက လူမည်းအရေးလှုပ်ရှားမှုအတွင်းမှာ ဆန္ဒပြသူတွေက ချာချီရုပ်တုကို ဖျက်ဆီးခဲ့ကြပါတယ်။ “ချာချီရုပ်တုကို ဖြိုချရင်ချ၊ ဖျက်ရင်ဖျက် တစ်ခုခုလုပ်စေချင်ပါတယ်။”လို့ အိန္ဒိယသမိုင်းပညာရှင် ရုဒရန်းရှူမူကာဂျီက ဆိုပါတယ်။

“ဒါမှမဟုတ် ရုပ်တုအောက်ကစာသားမှာ သမိုင်းအပြည့်အစုံပါစေချင်ပါတယ်။ချာချီဟာ ဒုတိယကမ္ဘာစစ် သူရဲကောင်းတစ်ယောက်ဖြစ်သလို ၁၉၄၃ ခုဘင်္ဂလားအငတ်ဘေးမှာ လူသန်းနဲ့ချီသေဆုံးခဲ့တာအတွက် တာဝန်ရှိသူဆိုတာကိုလည်း မှတ်တမ်းတင်သင့်ပါတယ်။ အဲဒီကိစ္စအတွက် ဗြိတိသျှတွေဟာ အိန္ဒိယအပေါ် အကြွေးတင်နေပါတယ်။”

သမိုင်းကို ခုခေတ်မျက်မှန်တပ်ကြည့်ရင် သူရဲကောင်း တစ်ယောက်မှ မကျန်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အိန္ဒိယနိုင်ငံသားတွေ အချစ်ဆုံးလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီတောင်မှ အသားအရောင်ခွဲခြားသူ အဖြစ် အစွပ်စွဲခံရပါသေးတယ်။

ဒါပေမဲ့ အဖြစ်မှန်ကို လက်မခံရင် ရှေ့တိုးတက်အောင် လုပ်ဖို့ ခက်တတ်ပါတယ်။