ဗြိတိန်ထောက်လှမ်းရေးက တပ်လှန့်သတိပေးရတဲ့ တရုတ်အမျိုးသမီး

ခရစ္စတင်းလီ
ဓာတ်ပုံ ပုံစာ, သြဇာလွှမ်းမိုးဖို့ကြံစည်နေသူဆိုတဲ့ ခရစ္စတင်းလီ

တရုတ်အမျိုးသမီး ခရစ္စတင်းလီကို သူလျှိုပါလို့ MI5 ကမပြော။ ဒါပေမဲ့ အဲသလိုပြောတာထက်တောင် ပိုပြီးနက်နဲရှုပ်ထွေးနေပါသေးတယ်။ MI5 လို့ခေါ်တဲ့ ဗြိတိသျှထောက်လှမ်းရေးက မလုပ်စဖူး အမေရိကန်ရဲထောက်လှမ်းရေး FBI နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတောင် လုပ်ပြီး ခရစ္စတင်းလီအကြောင်းကို တိုင်းပြည်သိအောင် လုံခြုံရေးသဘောအရ တပ်လှန့်ကြေညာယူရပါတယ်။ ခရစ္စတင်းလီဟာ တရုတ်ကွန်မြူနစ်ပါတီ အကျိုးစီးပွားအလို့ငှာ ဗြိတိန်နိုင်ငံရေးလောကအပေါ်မှာ သြဇာလွှမ်းဖို့ကြိုးစားသူလို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံရေးလောကမှာ အမတ်တယောက်ကို လွှတ်တော်ရဲ့လုံခြုံရေးဌာနညွှန်ကြားရေးမှူးက ဆင့်ခေါ်ခံရတယ်ဆိုရင် ဒါဟာ ဘယ်လိုမှကောင်းတဲ့ကိစ္စတခု မဟုတ်ပါဘူး။ အဲသလိုဆင့်ခေါ်ချိန်မှာ ညွှန်ကြားရေးမှူးနဲ့အတူ MI5 ကလူလည်းအတူယှဉ်တွဲထိုင်နေတယ်ဆိုရင်တော့ ပိုလို့တောင်ဆိုးသွားပါပြီ။ လေဘာပါတီရဲ့ လွှတ်တော်အမတ် ဘယ်ရီဂါဒနာဟာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အဲသလိုအဖြစ်မျိုးနဲ့ တိုးခဲ့ရပါတယ်။

ခေါ်ယူရတဲ့အကြောင်းကတော့ ခရစ္စတင်းလီနဲ့ပတ်သက်နေပါတယ်။ ခရစ္စတင်းလီဟာ ဘယ်ရီဂါဒနာနဲ့ ရင်းနှီးတဲ့မိတ်ဆွေတယောက်ပါ။ ဘယ်ရီဂါဒနာရဲ့ နိုင်ငံရေးရုံးခန်းမှာ ခရစ္စတင်းလီရဲ့သားကလည်း ဒီနှစ်ဇန်နဝါရီလအထိ အလုပ်လုပ်နေပါတယ်။ သူ့သားအလုပ်လုပ်နေတဲ့ အဲဒီရုံးအတွက် ခရစ္စတင်းလီက စတာလင်ပေါင် ၅ သိန်းလှူဒါန်းခဲ့ပါတယ်။ အဲဒီအချိန်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌဟာ တပ်လှန့်သတိပေးချက် ချက်ချင်းထုတ်ပြန်တော့မလို့ နည်းနည်းပဲလိုပါတော့တယ်။

ဂါဒနာနဲ့ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ရခြင်းဟာ ခရစ္စတင်းလီအတွက်တော့ ဝက်စမင်တာသို့သွားရာလမ်းကြောင်းကြီး ချောချောမောမောပွင့်သွားတာပါပဲ။ ဗြိတိန်နိုင်ငံရေးထိပ်သီးလောကမှာ သူဟာဝင်ဆန့်သူဖြစ်သွားပါတယ်။ သူဟာထရီဆာမေနဲ့ရော ဒေးဗစ်ကင်မရွန်းနဲ့ရောတွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပါတီ ခေါင်းဆောင်တယောက်ဖြစ်သလို စွမ်းအင်ဝန်ကြီးလည်းဖြစ်ခဲ့ဖူးတဲ့ လွှတ်တော်အမတ် အက်ဒေးဗီရဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီကိုလည်း ငွေလှူဒါန်းခဲ့ပါသေးတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှာ လေဘာပါတီလွှတ်တော်အမတ် ဘယ်ရီဂါဒနာကို ခေါ်ယူမေးမြန်းစုံစမ်းလိုက်တာဟာ ဒီအမျိုးသမီးနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြ လိုက်သလို ဖြစ်သွားရုံသာမက ဗြိတိန်၊ တရုတ်ဆက်ဆံရေးကိုပါ အပြောင်းအလဲတချို့ ဖြစ်သွားစေပါတယ်။

ဒါပေမဲ့ ဘယ်ရီဂါဒနာကို ထောက်လှမ်းရေးကခေါ်ပြောတာဟာ ဇန်နဝါရီ ၁၃ မှာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ခရစ္စတင်းလီရဲ့ အလှူငွေတွေနဲ့ ပတ်သက်ပြီး သတိပေးခဲ့ဖူးပါသေးတယ်။ ဒါဆိုရင် အခုရော ဘာတွေများပိုထူးလာသလဲလို့ မေးစရာရှိပါတယ်။

ထူးတာကိုပြောရရင်တော့ သူ့အကြောင်းပိုသိလာတာပါပဲ။ တနည်းအားဖြင့်ပြောရရင်တော့ သူ့အကြောင်းကို မသိသေးတာတွေ ပိုတွေ့လာတာပါ။ ဗြိတိန်နိုင်ငံရေးစနစ်ထဲကို စီးဝင်လာတဲ့ ငွေတွေရဲ့ ဇာစ်မြစ်အမှန်ဟာ ဘယ်ကလာသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိပါဘူး။ အဲဒီငွေတွေဟာ United Front Works Department (UFWD) နဲ့ တနည်းတဖုံဆက်သွယ်ပတ်သက်နေမယ်လို့ MI5 ကယုံကြည်ယူဆထားပါတယ်။ UFWD ဆိုတာက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီကို တိုက်ရိုက်အစီရင်ခံရတဲ့ဌာနပါ။ ပြည်တွင်းပြည်ပက ထိပ်သီးလူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို သြဇာလွှမ်းမိုးဖို့ ဆောင်ရွက်တဲ့ အဖွဲ့အစည်းပါ။ တရုတ်ကွန်မြူနစ်ပါတီက UFWD ကို ဂမ္ဘီရလက်နက်လို့ တင်စားပြောဆိုတာမျိုးရှိပါတယ်။ ထောက်လှမ်းရေးဌာနလား ဆိုတော့လည်း မဟုတ်ပါဘူး။ သြဇာလွှမ်းမိုးရေးအတွက် လုပ်ဆောင်လေ့သာ ရှိပါတယ်။ အဲဒီအဖွဲ့အစည်းဟာ သြဇာလွှမ်းမိုးမှုတွေ လုပ်ဆောင်ရာမှာ စိတ်ရှည်တဲ့အဖွဲ့အစည်း၊ ဘဏ္ဍာအရင်းမြစ်တောင့်တင်းတဲ့ အဖွဲ့အစည်း ပရိယာယ်ကြွယ်ဝတဲ့အဖွဲ့အစည်းတခုဖြစ်တယ်လို့ MI5 အကြီးအကဲ ကင်မက်ကောလန်က ဇူလိုင်လ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဘေဂျင်းဘယ်ရီလို့ နာမည်ပြောင်အပေးခံရတဲ့ လေဘာပါတီလွှတ်တော်အမတ်ဘယ်ရီဂါဒနာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘေဂျင်းဘယ်ရီလို့ နာမည်ပြောင်အပေးခံရတဲ့ လေဘာပါတီလွှတ်တော်အမတ်ဘယ်ရီဂါဒနာ

အခုပွဲမှာ ဘယ်ရီဂါဒနာဟာ သတင်းမီဒီယာတွေရဲ့ အာရုံစူးစိုက်စရာဖြစ်သွားပြီး သူ့ကို ဘေဂျင်းဘယ်ရီလို့ နာမည်ပြောင်ပေးကြပေမဲ့ တကယ်တန်း MI5 စိတ်ပူနေတာက ဘယ်ရီဂါဒနာနဲ့ ခရစ္စတင်းလီရဲ့ အဆက်အစပ်ကိစ္စမဟုတ်ပါဘူး။ ဒီ့ထက်အများကြီးပိုလေးနက်ပါတယ်။ တရုတ်ဟာ ဗြိတိန်နိုင်ငံမှာ သူတို့သြဇာကိုက်မဲ့ နိုင်ငံရေးမျိုးဆက်သစ်မွေးမြူဖို့ ကြိုးစားနေတယ်လို့တောင် ယူဆနေတာပါ။ အဲသလို မျိုးဆက်သစ်တရပ်ပေါ်ထွန်းလာဖို့အတွက် ခရစ္စတင်းလီက မျိုးစေ့ချနေတယ်လို့ ယူဆတာဖြစ်ပါတယ်။

ဒါဟာ နှစ်ရှည်လများရင်းနှီးမြှုပ်နှံလုပ်ကိုင်မဲ့ အလုပ်တခုဖြစ်နိုင်ပါတယ်။

"ဒါမျိုးဟာ ခေါင်းဆောင်တယောက်အပေါ် ဝန်ကြီးတယောက်အပေါ် သြဇာလွှမ်းမိုးဖို့ ကြံဆောင်ရုံလောက်ပဲလို့ အမြဲတမ်းယူဆလို့မရပါဘူး။ အံ့သြလောက်စရာကိစ္စကတော့ သူတို့ဟာ အောက်ခြေအဆင့် လူတွေရဲ့ အတွေးအခေါ်ကိုပါ ပျိုးထောင်ယူပြီး နိုင်ငံရေးမျိုးဆက်သစ်ပေါ်ထွက်လာဖို့ ကြိုးစားနေတယ်ဆိုတာပါပဲ" လို့ MI5 အကြီးအကဲ ကင်မက်ကောလန်ကဆိုပါတယ်။

တရုတ်ဟာ အောက်ခြေဒေသအဆင့် နိုင်ငံရေးသမားတွေကို ပိုပြီးပစ်မှတ်ထားလာနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အရာရှိတွေကလည်း သတိပေးနေကြပါတယ်။

ခရစ္စတင်းလီကိစ္စဟာ အမှန်တကယ်အန္တရာယ်ပေးမဲ့အကြောင်းအရာလို့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဆုံးဖြတ်ခဲ့ပြီး တားဆီးဖို့လိုတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုတားမှာပါလဲ။

"တချို့ဆောင်ရွက်ချက်တွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက် ထောက်လှမ်းရေးနည်းနာတွေ ရှိပါတယ်" လို့ MI5 အကြီးအကဲဟောင်း လော့အီဗန်ကဆိုပါတယ်။ ဒါပေမဲ့ ခက်တာက အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်နိုင်ပါပြီတဲ့။ ဘာဆက်လုပ်မှာလဲ။

ခရစ္စတင်းလီကို တရားစွဲဖို့ သက်သေအထောက်အထားတွေကိုရှာနေတာ လပေါင်းများစွာကြာနေပါပြီ။ ဒါပေမဲ့လက်လျှော့ခဲ့ကြရပါတယ်။ အဲဒါကြောင့် သူဟာ သြဇာလွှမ်းမိုးဖို့ကြိုစားနေသူရယ်လို့ လူသိရှင်ကြား တပ်လှန့်သတိပေးလိုက်ရတာပါ။

ဒီလိုတပ်လှန့်သတိပေးရတာမျိုးဟာ ဗြိတိန်ထောက်လှမ်းရေးသမိုင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ပိုလန်နိုင်ငံသားတယောက်နဲ့ ယူကရိန်းနိုင်ငံသားတယောက်က ဗြိတိန်လွှတ်တော်အမတ် ၁၀၀ လောက်ကို အီးမေးလ်နဲ့ ဆက်သွယ်စကားပြောပြီး ယူကရိန်းလက်ယာစွန်းဖက်ဆစ်အုပ်စု တွေအကြောင်းကို ပြောဆိုတုန်းက သတိပေးတပ်လှန့်ခဲ့ရဖူးပါတယ်။ သူတို့ဟာ ရုရှားအစိုးရအကျိုးအတွက် လုပ်ဆောင်ခဲ့ကြတယ်လို့ ယူဆခဲ့ပါတယ်။

အခု ခရစ္စတင်းလီရဲ့ဆောင်ရွက်ချက်က အထက်တန်းလွှာနိုင်ငံရေးသမားတွေကြားကို ပိုပြီးထိုးဖောက်နိုင်ပါတယ်။ သူတွယ်ထားတဲ့ အမြစ်တွေကလည်း ပိုပြီးနက်ရှိုင်းပါတယ်။

ခရစ္စတင်းလီဆိုသည်မှာ

၁၉၇၄ ခုနှစ်မှာ အသက် ၁၁ နှစ်အရွယ်ရှိတဲ့ ခရစ္စတင်းလီဟာ ယူကေနိုင်ငံမှာ အခြေစိုက်ခဲ့ပါတယ်။ ဘဲလ်ဖတ်စ်က အထက်တန်းကျောင်းမှာ တရုတ်ကျောင်းသားဆိုလို့ သူတယောက်ပဲရှိတာပါ။ သူ့ကိုနှုတ်အားဖြင့် အနိုင်ကျင့်တာမျိုးတွေ ခံခဲ့ရတယ်လို့ သူကဆိုပါတယ်။ ရှေ့နေတယောက်ဖြစ်လာတဲ့ ခရစ္စတင်းလီဟာ ၁၉၉၀ ခုနှစ်မှာ သူ့ကိုယ်ပိုင် ရှေ့နေလုပ်ငန်းလေးတခုကို လန်ဒန်မြောက်ပိုင်းမှာ ထူထောင်လိုက်ပါတယ်။

သူဟာ ဗြိတိန်နိုင်ငံကို လာရောက်ချင်သူ တရုတ်လူမျိုးတွေအတွက် လူဝင်မှုရေးရာတွေကို ဆောင်ရွက်ပေးပါတယ်။ အလုပ်ဗီဇာလျှောက်တာမျိုးကနေ နိုင်ငံရေးခိုလှုံခွင့်လျှောက်တာမျိုးအထိ ပါပါတယ်။

ဒီလုပ်ငန်းကြောင့် သူဟာတရုတ်သံရုံးနဲ့ အဆက်အသွယ်ဖြစ်သွားပြီး ၂၀၀၈ ခုနှစ်မှာတော့ သူဟာတရုတ်သံရုံးရဲ့ ဥပဒေအကြံပေးဖြစ်သွားပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူဟာ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများရေးရာရုံးအဖွဲ့ရဲ့ ဥပဒေအကြံပေးဖြစ်လာတဲ့အတွက် United Front Works Department ရဲ့အစိတ်အပိုင်းဖြစ်လာပါတယ်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများနဲ့ တရုတ်အစိုးရကြား ဆက်သွယ်ဆောင်ရွက်ပေးတဲ့ တခြားအလုပ်တွေကိုလည်း သူလုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သူဟာ သမ္မတရှီကျင့်ဖျင်နဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ဖူးပါတယ်။

တရုတ်သမ္မတနဲ့လက်ဆွဲနုတ်ဆက်နေတဲ့ခရစ္စတင်းလီ

ဓာတ်ပုံ ရင်းမြစ်, cctv

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတနဲ့လက်ဆွဲနုတ်ဆက်နေတဲ့ခရစ္စတင်းလီ

ခရစ္စတင်းလီဟာ လူသိရှင်ကြားစကားပြောဆိုတာမျိုး မလုပ်တဲ့အတွက် ဘီဘီစီက အင်တာဗျူးတောင်းတာကိုလည်း မဖြေကြားပါဘူး။

ခရစ္စတင်းလီရဲ့ဆောင်ရွက်ချက်များ

ဘယ်ရီဂါဒနာကတော့ သူ့အနေနဲ့ ခရစ္စတင်းလီနဲ့ ဆက်သွယ်ပတ်သက်မှုကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ထောက်လှမ်းရေးအဖွဲ့တွေကို ပွင့်ပွင့်လင်းလင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေးက သူ့ကို ဘာမှဟန့်တားကန့်ကွက်တာမရှိခဲ့ပါဘူးလို့ သူကဆိုပါတယ်။

ခရစ္စတင်းလီကလည်း တရုတ်ဗြိတိန်ဆက်ဆံရေးမှာ သံတမန်သဖွယ်ပြုမူခဲ့တာကို ပွင့်ပွင့်လင်းလင်း ဝန်ခံပါတယ်။

"ပယ်လယ်ရပ်ခြားတရုတ်များရဲ့အသံကို မြှင့်တင်ပေးခြင်းဟာ နိုင်ငံခြားမှာ အမြစ်တွယ်နေပြီးဖြစ်တဲ့ တရုတ်လူမျိုးများအတွက်သာမက တရုတ်အစိုးရ အတွက်လည်း အကျိုးရှိပါတယ်။ ပင်လယ်ရပ်ခြားတရုတ်များနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆက်စပ်နေခြင်းအားဖြင့် ပြည်ပမှာအလုပ်လုပ်နေတဲ့ သန်းပေါင်းများစွာသော တရုတ်နိုင်ငံသားများမှတဆင့် တရုတ်အစိုးရရဲ့ နိုင်ငံတကာအသံကို ထုတ်လွှင့်နိုင်မှာပါ" လို့ ၂၀၀၉ ခုနှစ် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်မှာ သူကပြောခဲ့ပါတယ်။

သမိုင်းအစဉ်အဆက် ဆိတ်ဆိတ်ငြိမ်ငြိမ်နေခဲ့တဲ့ တရုတ်လူမျိုးတွေရဲ့ အခန်းကဏ္ဍကို ဗြိတိန်နိုင်ငံမှာ မြှင့်တင်ပေးနိုင်ဖို့ ခရစ္စတင်းလီဟာ အကျိုးတော်ဆောင်ကြီးဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို အလည်အပတ်သွားနိုင်ဖို့ ခရီးစဉ်တွေလည်း သူကစီစဉ်ပေးပါတယ်။ အဲဒီထဲကတချို့ဟာ လွှတ်တော်အမတ်ဖြစ်လာမဲ့သူတွေ၊ အောက်ခြေကောင်စီအဆင့် အစိုးရအဖွဲ့ဝင်ဖြစ်လာမဲ့သူတွေ ပါဝင်ပါတယ်။ နောင်အလားအလာရှိတဲ့ မျိုးဆက်တွေကို တရုတ်နောက်ခံနဲ့ ဆက်သွယ်မိတ်ဆက်ထောက်ပံ့ပေးတဲ့ သူ့ရဲ့ လုပ်ငန်းစဉ်ကလည်း လျှို့ဝှက်လုပ်ဆောင်နေတာ မဟုတ်ပါဘူး။

ခရစ္စတင်းလီရဲ့ အရေးပါတဲ့ နောက်ဆောင်ရွက်ချက်တခုကတော့ ဗြိတိန်ရောက် တရုတ်လူမျိုးများ ပါတီပေါင်းစုံပါလီမန်အစု APPG မှာသြဇာလွှမ်းမိုးမှုပဲ ဖြစ်ပါတယ်။ ခရစ္စတင်းလီဟာ အဲသလိုအစုအဖွဲ့တွေဖွဲ့စည်းပေါ်ပေါက်လာဖို့ အတွက် ဆောင်ရွက်နေသူဖြစ်တယ်လို့ လွှတ်တော်ရဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူး အဲလစ္စန်ဂိုင်းစ် ဆိုပါတယ်။ APPG မှာ ဘယ်ရီဂါဒနာက ဥက္ကဋ္ဌဖြစ်ပါတယ်။

တကယ်လို့ APPG ကိုဖျက်သိမ်းခဲ့ရင်လည်း နောက်ထပ်အဖွဲ့သစ်တဖွဲ့ထူထောင်ဖို့ အစီအစဉ်တွေရှိနေပြီးသားလို့ MI5 ကဆိုပါတယ်။

ခရစ္စတင်းလီရဲ့ လက်တံတွေဟာ လွှတ်တော်နယ်ပယ်မှာသာမက စီးပွားရေးနယ်ပယ်မှာလည်း ရှိနေတာကို ဗြိတိသျှအစိုးရက လေ့လာတွေ့ရှိထား ပါတယ်။ ၂၀၁၉ ခုဇန်နဝါရီလမှာ သူဟာ တရုတ်တယ်လီကွန်းကုမ္ပဏီဟွာဝေးနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံရေးလော်ဘီအဖွဲ့တခုနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လော်ဘီအဖွဲ့တဖွဲ့အဖြစ် အလုပ်လုပ်နေတဲ့ အရင်ကွန်ဆားဗေးတစ်အမတ် နီးလ်ကာမစ်ချယ်ဟာလည်း ခရစ္စတင်းလီနဲ့ ပညာရေးကိစ္စတွေ ဆက်စပ်ဆောင်ရွက်နေပါတယ်။

ဒါပေမဲ့ အဲဒီဆောင်ရွက်ချက်တွေမှာ တရုတ်အစိုးရက တိုက်ရိုက် ဘယ်လိုပတ်သက်ပါသလဲဆိုတာကို တိတိကျကျ ထောက်ပြနိုင်တဲ့ နမူနာမျိုး ရှာတွေ့ဖို့ သိပ်ခက်ခဲပါတယ်။ တိုင်းပြည်တပြည်က တခြားတိုင်းပြည်တပြည်ကို သြဇာလွှမ်းမိုးဖို့ ဆောင်ရွက်တာဟာလည်း အထူးအဆန်းမဟုတ်ပါဘူး။ ဘယ်အဆင့်ဆိုရင် တရားဝင်တယ်လို့သတ်မှတ်ပြီး ဘယ်အဆင့်ဆိုရင် ရန်ပြုလာတယ်လို့ သတ်မှတ်မှာပါလဲ။

MI5 ကိုယ်တိုင်ကလည်း နိုင်ငံရေးကိစ္စတွေကို အထူးသတိထားပါတယ်။ ၁၉၈၀ ခုနှစ်လွန်ကာလများမှာ လက်ဝဲအလုပ်သမားသမဂ္ဂတွေကို ကွန်ဆာဗေးတစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် စုံစမ်းထောက်လှမ်းပေးခဲ့ရပြီး နောက်ပိုင်းမှာ MI5 ဟာ သူ့ကိုယ်သူ နိုင်ငံရေးနဲ့ ခပ်လှမ်းလှမ်း ခွာနေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်တဲ့ ဘရက်ဇစ်မဲပေးပွဲမှာ ရုရှားစွက်ဖက်မှုဘယ်လောက်ပါသလဲဆိုတာကို MI5 က မစုံစမ်းတဲ့အတွက် လွှတ်တော်ရဲ့ ထောက်လှမ်းရေးနဲ့လုံခြုံရေးကော်မတီကတောင် အံ့အားသင့်ယူ ခဲ့ရပါတယ်။

ဗြိတိသျှနဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ ၂ ခုပူးတွဲသတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဗြိတိသျှနဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ ၂ ခုပူးတွဲသတင်းစာရှင်းလင်းပွဲ

ပြီးခဲ့တဲ့ ၃ နှစ်မှာတော့ တရုတ်ရဲ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးထောက်လှမ်းစုံစမ်းမှုတွေကို ၂ ဆ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ အခုတခါ ၂ ဆ ထပ်မံတိုးမြှင့်လုပ်ဆောင်ဦးမယ်လို့ ဇူလိုင်လ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ကင်မက်ကော်လန်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးထိပ်တိုက်တိုးကုန်မှာကို စိုးရိမ်ပူပန်မှုတွေလည်း ရှိပါတယ်။

တရုတ်သံရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ ဇန်နဝါရီလတုန်းက သူတို့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစောင်ကို ပြန်ကိုးကားပြီး အခုလိုပြောပါတယ်။

"တရုတ်အစိုးရဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို အမြဲဆုပ်ကိုင်ကျင့်သုံးပါတယ်။ ကျွန်တော်တို့ဟာ ဘယ်နိုင်ငံခြားလွှတ်တော်အပေါ်မှ သြဇာလွှမ်းမိုးဖို့ ကြိုးစားစရာ မလိုပါဘူး။ ဗြိတိန်မှာရှိတဲ့ တရုတ်လူမျိုးအသိုင်းအဝိုင်းအပေါ်မှာ စိုးရိမ်ကြောက်လန့်မှုဖြစ်လာအောင် လှည့်ကွက်သုံးတာမျိုးကိုလည်း အခိုင်အမာ ဆန့်ကျင်ပါတယ်" လို့ဆိုပါတယ်။