ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတားမာ ဆိုတာဘယ်သူလဲ

ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတားမာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတားမာ

ဆာကီယာ စတားမာကို ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ လန်ဒန်မြို့မှာ မွေးဖွားပါတယ်။

ကီယာစတားမာက သူ့ကိုယ်သူ "အလုပ်သမား လူတန်းစားနောက်ခံ" က လာသူဖြစ်ကြောင်း မကြာခဏပြောလေ့ရှိပါတယ်။

အင်္ဂလန် အရှေ့တောင်ပိုင်း ဆာရေးနယ် အောက်စတက်မြို့လေးက သာမန် နှစ်လုံးတွဲ အိမ်တစ်လုံးမှာ ကြီးပြင်းခဲ့ရသူဆိုပြီးလည်း သူ့အကြောင်းသူ ပြောလေ့ရှိပါတယ်။

သူ့ဖခင်က ကိရိယာတန်ဆာပလာတွေလုပ်သူဖြစ်ပြီး မိခင်က သူနာပြုတစ်ယောက်ပါ။

သူ့အမေက ရှားပါးတဲ့ Still's disease လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအားပျက်စီးတဲ့ ဝေဒနာကို ခံစားခဲ့ရပြီး နောက်ဆုံးမှာတော့ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတားမာနဲ့ ဇနီး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတားမာနဲ့ ဇနီး

ကီယာစတားမာက အထက်တန်းရောက်တဲ့အခါ ပညာထူးချွန်သူတွေတက်ခွင့်ရတဲ့ အစိုးရ Grammar School ဝင်ခွင့်ရပါတယ်။ သူတက်ခဲ့တဲ့ Reigate ကျောင်းက သူရောက်ပြီး နှစ်နှစ်အကြာမှာ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းဖြစ်သွားခဲ့ပြီး စတားမာရဲ့ ကျောင်းလခကို သူ့ အသက် ၁၆ နှစ်အထိ ဒေသဆိုင်ရာ ကောင်စီက ပေးဆောင်ခဲ့ပါတယ်။

အထက်တန်းအောင်တဲ့အခါ သူဟာ မိသားစုထဲက ပထမဆုံး တက္ကသိုလ်တက်နိုင်သူ ဖြစ်လာပါတယ်။

လိဒ်တက္ကသိုလ်မှာ ဥပဒေပညာဆည်းပူးခဲ့ပြီး နောက်ပိုင်းမှာတော့ အောက်စဖို့ဒ်တက္ကသိုလ် ဆက်တက်ခဲ့ပါတယ်။

၁၉၈၇ မှာ ကီယာ စတားမာ barrister တရားရုံးရှေ့နေ ဖြစ်လာပြီး လူ့အခွင့်အရေးဥပဒေကို အထူးပြုလေ့လာခဲ့ပါတယ်။ သူဟာ ရှေ့နေလုပ်ရင်း ကာရေဘီယံနဲ့ အာဖရိကကို သွားပြီး သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအတွက် ခုခံကာကွယ် ပေးခဲ့ပါတယ်။

၁၉၉၀ နှောင်းပိုင်းတွေမှာတော့ သူက McDonald's စားသောက်ကုန်ကုမ္ပဏီကြီးရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ လုပ်ဆောင်ပေးတွေဆိုတာကို စစ်ကြောမေးခွန်း ထုတ်တဲ့ လက်ကမ်းစာစောင်တွေ ဝေငှလို့ဆိုပြီး McDonald's က တရားစွဲတာခံခဲ့ရတဲ့ တက်ကြွ လှုပ်ရှားသူတွေအတွက် အခမဲ့ ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။

၂၀၀၈ မှာတော့ ကီယာစတားမာက ပြည်သူ့တရားစွဲဌာနညွှန်ကြားရေးမှူး ဖြစ်လာပါတယ်။ ရာဇဝတ်မှုတွေကို တရားစွဲဆိုတဲ့နေရာမှာ အင်္ဂလန်နှင့် ဝေလပြည်နယ်တွေရဲ့ အစိုးရဘက်က အဆင့်အမြင့်ဆုံး ဥပဒေအရာရှိရာထူးဖြစ်ပါတယ်။

ရာဇဝတ်မှုခင်းဆိုင်ရာ ဥပဒေရေးရာ ဆောင်ရွက်ချက် တွေကြောင့် ၂၀၁၄ ခုနှစ်မှာ သူ ဆာဘွဲ့ ရခဲ့ပါတယ်။

နိုင်ငံရေးသမားဘဝ

"ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ ခေတ်သစ်ဆီသို့ ဦးဆောင်သွားမယ်” လို့ ကတိပြု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, "ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ ခေတ်သစ်ဆီသို့ ဦးဆောင်သွားမယ်” လို့ ကတိပြု

၂၀၁၅ ခုနှစ်မှာ သူက လန်ဒန်မြောက်ပိုင်း Holborn နှင့် St Pancras မဲဆန္ဒနယ်အတွက် အမတ် ဖြစ်လာခဲ့ ပါတယ်။

သူဟာ အရင် လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ရဲ့ အတိုက်အခံဝန်ကြီးအဖွဲ့မှာပါခဲ့ပြီး ယူကေ ဥရောပသမဂ္ဂက ထွက်ဖို့လုပ်ငန်းစဥ်ဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပါတယ်။

အဲဒီမှာ သူက အီးယူကထွက်ဖို့ အရေး ဒုတိယအကြိမ် ဆန္ဒခံယူပွဲကျင်းပဖို့ စဉ်းစားသင့် တယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၉ အထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီ အကြီးအကျယ်ရှုံးနိမ့်ပြီးတဲ့နောက် ဂျယ်ရမီကိုဘင် ခေါင်းဆောင်နေရာက ဆင်ပေးလိုက်ချိန်မှာ ဆာကီယာ စတားမာက ပါတီခေါင်းဆောင်နေရာအတွက် ဝင်ပြိုင်ခဲ့ပြီး ၂၀၂၀ ဧပြီလမှာ အရွေးချယ်ခံခဲ့ရပါတယ်။

သူ့ရဲ့ အောင်ပွဲခံမိန့်ခွန်းမှာ သူက လေဘာပါတီကို "ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ ခေတ်သစ်ဆီသို့ ဦးဆောင်သွားမယ်” လို့ ကတိပြုခဲ့ပါတယ်။