မြန်မာပြည်ကို ဂလိုက်ဒါတွေနဲ့ ဆင်းတဲ့ ဒုတိယ ကမ္ဘာစစ်ကြီးထဲက ခြင်းဒစ်ပြောက်ကျားများ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
လန်ဒန်မြို့လယ်က ဗြိတိသျှကာကွယ်ရေး၀န်ကြီးရုံး နံဘေးမှာပဲ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ စစ်မော်ကွန်းတိုင်တတိုင် ရှိပါတယ်။ ဒီကျောက်တိုင်ကိုတော့ ခြင်းဒစ်အမှတ်တရ ကျောက်တိုင်လို့ ခေါ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာမှာ ကျဆုံးသွားကြတဲ့ ခြင်းဒစ်ခေါ် ခြင်္သေ့တပ်သားတွေအတွက် အမှတ်တရတည်ဆောက်ထားတဲ့ ကျောက်တိုင်ပါ။ ခြင်းဒစ်တပ်ကို ဒုတိယကမ္ဘာစစ်အတွင်းကာလ ၁၉၄၂ က အိန္ဒိယမှာ ထူထောင်ခဲ့ပြီး နာမည်ကျော် ဗိုလ်ချုပ် ၀င်းဂိတ်ကိုယ်တိုင် ကွပ်ကဲခဲ့တဲ့ ပြောက်ကျားတပ် ဖြစ်ပါတယ်။
ဒီတပ်မှာ မြန်မာ၊ ဂေါ်ရခါး၊ ဗြိတိသျှ၊ နိုင်ဂျီးရီးယား စတဲ့ တပ်ပေါင်းစုံ ပါပါတယ်။ ဒီတပ်တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်လက်အောက် ရောက်နေတဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်နဲ့ စစ်ကိုင်းဒေသတွေကို ထိုးဖောက်စစ်ဆင်နိုင်ဖို့ ဖြစ်ပြီး ဒီအတွက် လူ သုံးထောင်ကနေ နှစ်သောင်းကျော်ထိ ပါတဲ့ စစ်ဆင်ရေးကြီး နှစ်ခုကို ၁၉၄၃ နဲ့ ၁၉၄၄ မှာ ဆင်နွှဲခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း ခေါင်းဆောင် ဗိုလ်ချုပ်၀င်းဂိတ် လေယာဥ်ပျက်ကျ ကွယ်လွန်သွားပေမယ့် သူနဲ့ ခြင်းဒစ်တပ်ဖွဲ့ရဲ့ ဂုဏ်သတင်းက ထင်ရှားကျန်ရစ်ခဲ့ပါတယ်။
ဘုရားရှေ့က ခြင်္သေ့ရုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတပ်ဖွဲ့ဟာ မြန်မာပြည်ကို သိမ်းဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့တဲ့တပ်ဖြစ်လို့ အဖွဲ့တံဆိပ်က ဘုရားရှေ့က ခြင်္သေ့ရုပ်ဖြစ်ပါတယ်။ ဒီခြင်းဒစ်အမှတ်တံဆိပ်နဲ့ ကျောက်တိုင်ကို ၁၉၉၀ က ဖွင့်လှစ်ခဲ့ပြီး အဲဒီအချိန်က ဘုရင်မ ဒုတိယ အဲလစ်ဇဘက်ရဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တာပါ။ အင်္ဂလန် အနောက်အလယ်ပိုင်း စတက်ဖို့ဒ်ရှိုင်းယားနယ်က အမျိုးသားအောက်မေ့ဖွယ် ပန်းခြံကြီးမှာလည်း ခြင်းဒစ်အမှတ်တရ ကျောက်တိုင်တခု ရှိပါတယ်။
ခြင်းဒစ်အဖွဲ့ ကို ၁၉၄၅ က ဖျက်သိမ်းခဲ့ပြီး အဖွဲ့မှာ ပါ၀င်ခဲ့တဲ့ မြန်မာ၊ ကရင်၊ ကချင်၊ ချင်းစတဲ့ တပ်သားတွေရဲ့ စွမ်းဆောင်မှုကို ၁၉၄၈ မှာ ပေါ်ထွန်းလာတဲ့ မြန်မာအစိုးရသစ်က အသိအမှတ်မပြုခဲ့ပါဘူး။ ခြင်းဒစ်မှာ ပါ၀င်ခဲ့ပြီး ဒီတပ်ဖွဲ့ကို ခြင်္သေ့လို့ မှည့်ဖို့ အကြံပေးခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်သင်းကိုလည်း တောင်ပိုင်းတိုင်းမှူးအဖြစ်ကနေ ၁၉၄၉ မှာ ရပ်စဲခဲ့သလို ကရင်တပ်တွေ ပုန်ကန်သွားတဲ့အတွက်လည်း သူတို့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်တပ်တွေကို တိုက်ခဲ့တဲ့သတ္တိကို မြန်မာပြည်မှာ မှေးမှိန်ပစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ မေ့ပျောက်ခံရတဲ့ ဒီနိုင်ငံစုံတပ်သားတွေ ပါတဲ့ ခြင်းဒစ်ပြောက်ကျားတွေကိုတော့ ဗြိတိန်နဲ့ တခြားမဟာမိတ်နိုင်ငံတွေမှာ ခုထိ တခုတ်တရ ပြောဆိုနေကြသလို ဂုဏ်ယူနေကြဆဲ ဖြစ်ပါတယ်။
စွန့်စားသူ ဝင်းဂိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါလက်စတိုင်းမှာ အမှုထမ်းတုန်း ပြောက်ကျားစစ်ဆင်ရေးမှာ ထူးချွန်ခဲ့တဲ့ ဝင်းဂိတ်ကို ဒုတိယကမ္ဘာစစ် ဖြစ်လာချိန်မှာ ဗိုလ်ချုပ်ကြီး ဝေဗယ်က အရှေ့အလယ်ပိုင်းစစ်မျက်နှာမှာ ပြောက်ကျားစစ်ဆင်ရေးလုပ်ဖို့ ခေါ်ယူခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂ ) မှာ ပါရှိပါတယ်။ ဝင်းဂိတ်ဟာ အီသီယိုးပီးယားပြောက်ကျားတပ်ကို ဦးစီးပြီး အီတာလျံတပ်တွေကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ ၁၉၄၁ မှာတော့ ဗိုလ်ချုပ်ကြီးဝေဗယ် အိန္ဒိယ ပြောင်းရွှေ့ချိန်မှာ ဗိုလ်မှူးချုပ်ဝင်းဂိတ်ကို ခေါ်ပြီး ဗြိတိသျှ၊ ဂေါ်ရခါးနဲ့ ဘားမားရိုင်ဖယ်တပ်သားတွေပါတဲ့ ပြောက်ကျားတပ်ကို ဖွဲ့စည်းစေရာကနေ ခြင်းဒစ်တပ်ဖွဲ့ ပေါ်ပေါက်ခဲ့ပါတယ်။
၁၉၄၃ ဖေဖော်ဝါရီမှာတော့ ဝင်းဂိတ်ရဲ့ ပြောက်ကျားတပ်က ချင်းတွင်းမြစ်ကို ဖြတ်ကျော်ပြီး ဂျပန်စစ်ကြောင်းနောက်ပိုင်းကို ဝင်ကာ တံတားတွေ ချိုးဖျက်တာ၊ မီးရထားလမ်း ဖျက်ဆီးတာနဲ့ ဂျပန်ရိက္ခာနဲ့ လက်နက်သိုလှောင်ရာနေရာတွေကို ဖျက်ဆီးပြီး ဂျပန်တပ်ဦးကို တန့်သွားစေပါတယ်။ တခါ ဝင်းဂိတ်တပ်အတွက် လက်နက်တွေကို လေကြောင်းကနေ ချပေးခဲ့ရာမှာ မြန်မာနိုင်ငံကို ပြန်လည်စစ်ဆင်တိုက်ခိုက်ရေးမှာဒီနည်းက ထိရောက်နိုင်ကြောင်း တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ဝင်းဂိတ် အင်္ဂလန် ပြန်သွားပြီး ဗြိတိသျှဝန်ကြီးချုပ် ချာချီနဲ့အတူ အမေရိကန် သမ္မတ ရုစဗဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကနေဒါနိုင်ငံ ကွီဗက်မြို့ကို လိုက်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၄၄ မတ်လအလယ်မှာတော့ ဗိုလ်ချုပ်ဝင်းဂိတ်ဟာ အရင်ကထက် အင်အားကြီးမားတဲ့ ခြင်းဒစ်တပ်ကိုဦးစီးပြီး မြန်မာနိုင်ငံအထက်ပိုင်းမှာ ခြေကုတ်စခန်းတည်ဆောက်ဖို့ ရောက်လာခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ လီဒိုလမ်းက ကုန်းကြောင်းခရီးနဲ့ ဝင်မယ့် တပ်သားတွေမှ တပါး ကျန်တဲ့ တပ်သားတွေကို လေကြောင်းနဲ့ ပို့ပါတယ်။ ဗိုလ်ချုပ် ဝင်းဂိတ်ဟာ ၁၉၄၄ မတ်လ ၂၄ ရက်နေ့မှာ အိန္ဒိယကို ခဏအပြန် စီးလာတဲ့ လေယာဉ်ပျံ တောင်နဲ့တိုက်မိပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ခြင်းဒစ်နဲ့ လူစွန့်စားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၄၂ မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်မီး ကူးစက်ပြီး ဂျပန်တပ်တွေ ဝင်လာချိန်မှာ အောင်မြင်စွာ ဆုတ်ခွာသွားကြတဲ့ ဗြိတိသျှနဲ့ တရုတ်တပ်တွေဟာ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ဖို့ အိန္ဒိယနဲ့ တရုတ်ကနေ ပြင်ဆင်ခဲ့ကြပါတယ်။ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုကြောင့် ကမ္ဘာစစ်ထဲ ဆွဲသွင်းခံရတဲ့ အမေရိကန်တပ်တွေကလည်း မဟာမိတ်အဖွဲ့ထဲ ပါဝင်လာလို့ အာရှစစ်မီးဟာ ပိုကြီးလာခဲ့ပါတယ်။
အာရှတိုက်မှာ ဗြိတိသျှရဲ့ အဓိက ခံကတုပ်ဖြစ်တဲ့ အိန္ဒိယတိုက်ငယ်ကို ဂျပန်အောက် မကျရေးမှာ အာသံ၊ မဏိပူရ၊ ချင်းတောင်နဲ့ ရခိုင် စစ်ဆင်ရေးတွေက ရှေ့တန်းက အရေးပါခဲ့ပါတယ်။ ဒါကြောင့် ပြောက်ကျားစစ်မှာ နာမည်ကြီးတဲ့ ဂျပန်တပ်ကို ပြောက်ကျားနည်းနဲ့ ခုခံဖို့ ခြင်းဒစ်တပ်ကို တည်ထောင် လေ့ကျင့်ပြီး ၁၉၄၃ နဲ့ ၁၉၄၄ မှာ စစ်ဆင်ရေးကြီးနှစ်ခု ဆောင်ရွက်ခဲ့ပါတယ်။
ဝင်းဂိတ်ရဲ့ ခြင်းဒစ်ပုံစံ ယူဖွဲ့တဲ့ မာရဲလ်ရဲ့ မရောဒါး (တိုက်ခိုက်သူများ)တပ်ဟာလည်း ကချင်စစ်မျက်နှာကို လူ ၂,၇၅၀ နဲ့ ဝင်သွားပြီး မြစ်ကြီးနားသိမ်းပြီးချိန်မှာ ၂၀၀ လောက်ပဲ ကျန်တဲ့အထိ အသေခံတိုက်ခဲ့တဲ့ တပ်ဖြစ်ပါတယ်။ နောက် အမေရိကန် မဟာဗျူဟာရုံး (OSS)ရဲ့ ၁၀၁ လေထီးတပ်ဖွဲ့ကလည်း မြန်မာပြည်မှာ ထင်ရှားပါတယ်။ ဒီပြောက်ကျား လူစွန့်စားတွေထဲမှာတော့ ခြင်းဒစ်က နာမည်အကြီးဆုံး ဖြစ်ပြီး ခြင်းဒစ်တပ်ရဲ့ အောင်ပွဲကြောင့် အာသံ၊ မဏိပူရနဲ့ ရခိုင်မှာ ဂျပန်ကို ခံစစ်ဆင်နေရတဲ့ မဟာမိတ်တပ်တွေ အနေအထားပြောင်းပြီး ထိုးစစ်ဆင်လာနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဝင်းဂိတ်ဟာ ခြင်းဒစ်ကို အိန္ဒိယမှာ ဖွဲ့ချိန်က တောတောင်တွေထဲမှာ လေးလံတဲ့ ပစ္စည်းတွေကို သယ်ပိုးပြီး သွားလာနိုင်အောင် ပြောက်ကျားတွေကို လေ့ကျင့်ပေးခဲ့ကြောင်း လူထုဦးလှက သတင်းစာများက ပြောပြတဲ့ စစ်တွင်းဗမာပြည် စာအုပ်မှာ လွတ်လပ်ရေးရချိန်နဲ့ ဝင်းဂိတ်ဝင်ချိန်ဆိုပြီး တခန်းသီးသန့် ရေးသားခဲ့ပါတယ်။ မြစ်ချောင်းတွေထဲမှာ တိရစ္ဆာန်တွေနဲ့အတူ ဖြတ်ကူးနိုင်အောင်ထိ လေ့ကျင့်ထားတဲ့ ခြင်းဒစ်တွေအတွက် ထိုးဖောက် ဖျက်ဆီးရေးတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာမို့ လေ့ကျင့်ရတာနဲ့ စာရင် တကယ် လုပ်ရကိုင်ရတာက ကိတ်မုန့်တလုံးစားရတာလောက် လွယ်တယ်ဆိုပြီး ပြောစမှတ် ရှိခဲ့ပါတယ်။
တောတွင်းတိုက်ပွဲ သင်တန်းကို ပန်ဂျပ်မှာ သွားတက်ပြီး အခု နာဂလန်းမှာ ရှိတဲ့ ဒင်မာပူကနေ မဏိပူရ အင်ဖာထိ မိုင် ၂၃၀ ခြေကျင် လမ်းလျှောက်ပြန်လာရတဲ့ ကရင်စစ်သား စောလယ်ဒါရဲ့ စစ်ဖိနပ်ကို ချွတ်လိုက်ချိန်မှာ ခြေသည်းတွေက ခြေအိတ်ထဲ ကျွတ်ပြီး ကျန်တဲ့အထိ လေ့ကျင့်မှု ပြင်းထန်ကြောင်း လူထုဒေါ်အမာက လမ်းလျှောက်ဖော်တဦးဆိုပြီး ရေးသားခဲ့ပါတယ်။
ဒီခြင်းဒစ်တပ်တွေထဲ နော်ဝေနဲ့ နာဇီသိမ်းထားတဲ့ ဥရောပတိုင်းပြည်တွေကနေ လွတ်အောင် ကြံဖန်ရုန်းထွက်လာကြတဲ့ ဗြိတိသျှစစ်သားတွေ ပါသလို စည်းရုံးရေးအတွက် မြန်မာစစ်သားနဲ့ အရာရှိတွေလည်း ပါပါတယ်။ လားတွေပေါ်မှာ အသံချဲ့စက်တွေနဲ့ နယ်ခံ လူမျိုးစုတွေကို ပြောဟော သိမ်းသွင်းသလို လားတွေနဲ့ သယ်လာတဲ့ စာကူးစက်တွေနဲ့ ရိုက်နှက်ပြီး ဝါဒဖြန့် စာရွက်တွေ ဝေပါတယ်။ ထူးထူးဆန်းဆန်း အခုရောက်နေကြတဲ့ စစ်သားတွေက လေကြောင်းအင်အား အများကြီးကို ခေါ်နိုင်တယ်၊ သင်တို့ကို ဂျပန့်ဘေးရန် အန္တရာယ်က ကယ်တင်နိုင်ပါတယ် ဆိုတဲ့ စာရွက်တွေ ဖြန့်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတပ်တွေကို မြန်မာပြည်ထဲရောက်အောင် လမ်းပြခေါ်နိုင်တဲ့ မြန်မာ၊ ကရင်၊ ကချင်စတဲ့ နယ်ခံတပ်သားတွေကို ဝင်းဂိတ်က ချီးကျူးခဲ့ပါတယ်။ ရန်သူ့အလယ်မှာ ရောက်နေတဲ့ စစ်သားတယောက်ဟာ ရှေ့တန်းရောက် စစ်သား ရာပေါင်းများစွာထက် သာပေမယ့် ဒီလို ရန်သူထဲ ဝင်ပြီး စစ်ထိုးနိုင်ဖို့ လေတပ်အကူအညီကောင်းကောင်းရဖို့ လိုတယ်ဆိုတဲ့ ဝင်းဂိတ်ရဲ့ ထိုးဖောက်နည်းက မြန်မာပြည် စစ်မျက်နှာမှာ အလုပ်ဖြစ်ပေမယ့် အကျအဆုံးလည်း များပါတယ်။
လူလေးထောင်ကျော် သေဆုံးခဲ့တဲ့ မြန်မာပြည်စစ်ဆင်ရေးနှစ်ခုအတွင်း ခြင်းဒစ်ခေါင်းဆောင် ဗိုလ်ချုပ် ၀င်းဂိတ်လည်း လေယာဥ်ပျက်ကျ ကွယ်လွန် ခဲ့ပါတယ်။ စစ်ပွဲကြောင့် သေဆုံးရမှုတွေအပြင် ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု၊ ရေမြေတောတောင်နဲ့ ငှက်ဖျား၊ ငန်းဖျား၊ ဝမ်းလျှောစတဲ့ ရောဂါတွေနဲ့ သေသူတွေလည်း များပါတယ်။ ဒီလို ဆိုးရွားတဲ့ စစ်အတွေ့အကြုံတွေကြောင့် ခြင်းဒစ်စစ်ပြန်တွေဟာ စစ်အတွေ့အကြုံတွေအကြောင်း အသက် ၈၀ လောက်ထိ ပြန်မပြောဘဲ နေခဲ့ကြသူတွေ ရှိကြောင်း သူတို့မိသားစုဝင်တွေက ပြောပါတယ်။ တချို့ဆိုရင် စစ်ပြီးဆုံးပြီး နောက်ပိုင်းအထိ ညမှာ အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝင်းဂိတ် နည်းဗျူဟာနဲ့ စစ်အလှည့်အပြောင်း
တောတောင်စစ်ပွဲတွေမှာ ကျွမ်းကျင်တယ်လို့ နာမည်ကြီးတဲ့ ဂျပန်တပ်တွေထက် သာအောင် အပင်ပန်းခံ ဇွဲရှိရှိနဲ့ တိုက်ခဲ့တဲ့ ခြင်းဒစ်တပ်တွေဟာ မသေချာရင် မပစ်နဲ့ ဆိုတဲ့ ဝင်းဂိတ်ရဲ့ ညွှန်ကြားချက်နဲ့ တိုက်ကြလို့ တောထဲမှာ ခြင်းဒစ်တွေကို ရှာဖို့ခက်ပြီး ဂျပန်အချင်းချင်း ပြန်ပစ်မိတတ်ကြပါတယ်။ နောက် အသံကို ပြန်ကြားဖို့ ဆိတ်ဆိတ်ငြိမ်နေပါ ဆိုတဲ့ ဝင်းဂိတ်ရဲ့ ဒုတိယညွှန်ကြားချက်ကလည်း နာမည်ကြီးပါတယ်။ဂျပန်တွေက ညပိုင်း လူသူမမြင်ရတဲ့အချိန်မှာ ခြင်းဒစ်တွေကို လှည့်ဖျားခေါ်တာတွေ လုပ်ရင် အသံမပေးဘဲ ငြိမ်နေခိုင်းတာ ဖြစ်ပါတယ်။ ခြင်းဒစ်တွေ ချောင်းအတိုက်ခံရရင် ဂျပန်တပ်တွေ ဘာမှ ပြန်မလုပ်တတ်ဘဲ ရှိရကြောင်း ဝင်းဂိတ်က ရေးခဲ့ပါတယ်။
တောထဲမှာ ရေဒီယို ဘက်ထရီ အားကုန်ပြီး လေကြောင်းအကူအညီမရတဲ့အခါ စားနပ်ရိက္ခာပြတ်ရင် လားသား၊ ဆင်သား၊ မြွေသားကနေ လင်းတသားထိ အသားစုံ စားပြီး အသက်ဆက်ရသလို တချို့လည်း ရန်သူမိသွားပြီး အဖမ်းခံရ၊ အသတ်ခံရတာတွေ ရှိပါတယ်။ မြစ်ကြီးနား ရထားလမ်း၊ ဗန်းမော်ကားလမ်းတွေကို ဖျက်ရင်း ခြင်းဒစ်တပ်တွေ သုံးလအတွင်း မိုင် ၇၅၀၊ ၁၀၀၀ ကျော်ထိ ခရီးသွားခဲ့ရကြောင်း ဦးလှက ရေးခဲ့ပါတယ်။ ကျောမှာ ဝန်ထုပ်ဝန်ပိုး ပေါင် ၆ဝ လောက်ကို အလေးခံသယ်ပြီး ခရီးကြမ်းတွေ နှင်ခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို ပင်ပင်ပန်းပန်း စစ်ဆင်နွှဲ ထိုးဖောက်မှုတွေကြောင့် ဂျပန့်အစီအစဉ်တွေ ဖရိုဖရဲ ဖြစ်ကုန်ပြီး တပ်ရင်း ၈ ခုကို ရွှေ့ပြီး ပြန်တိုက်ခဲ့ရပါတယ်။ ဒါကြောင့် ဝင်းဂိတ်ရဲ့ ပထမ ထိုးဖောက် စစ်ဆင်ရေးဟာ စစ်အောင်နိုင်ရေးရဲ့ ရှေ့ပြေးဖြစ်ကြောင်း မဟာမိတ်တပ်တွေဘက်က ပြောစမှတ် ရှိခဲ့ပါတယ်။ ၁၉၄၄ ဒုတိယ ထိုးဖောက် စစ်ဆင်ရေးမှာတော့ မဟာမိတ်အင်အားစု အားလုံးရဲ့ အားပေးမှုနဲ့ စစ်အောင်နိုင်ရေးရဲ့ ကျောရိုးအဖြစ် ကြီးကျယ်စွာ ဆင်နွှဲခဲ့ပါတယ်။ ၁၉၄၄ မတ်လမှာ ဝင်းဂိတ်ရဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်ပျံတွေက ခြင်းဒစ်စစ်သားတွေကို ဗန်းမော်နဲ့ ကသာကြား ဧရာဝတီမြစ်ကွေ့ကြီးနဲ့ အင်းတော်နဲ့ မော်လူးကြား မီးရထားလမ်းနဲ့ နီးတဲ့ နေရာတွေမှာ ချပေးပါတယ်။ ဒီလို တပ်တွေ ချနိုင်ဖို့လည်း မတ်လအတွင်း ဂျပန်လေယာဉ် အစင်း ၁၃၀ ကို မဟာမိတ်က ဖျက်ဆီးပြီးမှ ဝင်းဂိတ်တပ်တွေ ဂလိုက်ဒါတွေ လေယာဉ်တွေနဲ့ မြန်မာပြည်ကို ဆင်းခဲ့ပါတယ်။
ရေမြေတောတောင် ခက်ခဲကြမ်းတမ်းတဲ့ နေရာမှာ ဝင်းဂိတ်က အရေးပေါ် လေယာဉ်ကွင်း လေးကွင်း ဆောက်ပြီး ရှေ့တန်း အင်ဂျင်နီယာတွေအပါအဝင် လူတသောင်းခွဲနဲ့ အမြောက်တွေ၊ လားတွေ၊ ဂျစ်ကားတွေ၊ လေယာဉ်ပစ်အမြောက်တွေ ၊ မြေထိုးစက်ကြီးတွေနဲ့ စက်ပစ္စည်းတွေ ချတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝင်းဂိတ်ရဲ့ လေထီးစစ်သားတွေနဲ့ ဆင်းပြီး တိုက်တဲ့ အစီအစဉ်ဟာ ဒုတိယကမ္ဘာစစ်တွင်းက စစ်ပွဲတကာမှာ ယှဉ်စရာ မရှိသေးဘူးဆိုပြီး ပြောစမှတ် ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မော်လူးနဲ့ ဟိုပင်ကြား ကားလမ်းနဲ့ ရထားလမ်းတွေကို ပိတ်ဆို့ဖို့ ခြင်းဒစ်တွေ တာဝန်ယူသလို တချို့ကလည်း အင်းတော်နဲ့ မိုးကောင်းကြားမှာ ပိတ်ဆို့ ဖြတ်တောက်ပါတယ်။ အဲဒီအချိန် ကာမိုင်းကနေ မိုးကောင်းကို ချီလာတဲ့ စတီးဝဲလ်ရဲ့ တရုတ်တပ်တွေနဲ့ ပေါင်းမိပြီး ၁၉၄၄ ဇွန်မှာ မိုးကောင်းကို သိမ်းပါတယ်။ အဲဒီနောက်မှ မဟာမိတ်တပ်တွေ မြန်မာပြည်ကို ပြန်သိမ်းဖို့ တော်တော်စိတ်ချရတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။ ၁၉၄၄ ဖေဖော်ဝါရီကနေ ဧပြီအတွင်း ဂျပန်တပ်သား ၁၈,၅၀၀ လောက် ရခိုင်၊ အင်ဖာနဲ့ ဟူးကောင်းတောင်ကြားဘက်မှာ ကျဆုံးရာမှာ ဝင်းဂိတ်တပ်တွေ လက်ချက်နဲ့ ၃,၅ဝဝ လောက် ကျတယ်လို့ ခန့်မှန်းပါတယ်။
မေ့ပျောက်ခံ မြန်မာကရင် ခြင်းဒစ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခြင်းဒစ်တပ်ရဲ့ စွန့်စားအောင်နိုင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လန်ဒန်မြို့လယ် ကာကွယ်ရေးဝန်ကြီးဌာနရုံးဘေး မြစ်ကမ်းနားက ပန်းခြံထဲမှာ ကိုရီးယားစစ်ပွဲ၊ အီရတ်နဲ့ အာဖဂန်စစ်ပွဲ အမှတ်တရ ကျောက်တိုင်တွေနားမှာ ခြင်းဒစ်ကျောက်တိုင်ကို ထားရှိပါတယ်။ ခြင်းဒစ်နဲ့ မဟာမိတ်တပ်တွေရဲ့ စွန့်စားတိုက်ခိုက်မှုတွေကနေ အရင်းခံပြီး ဖက်ဆစ်အောက်က လွတ်မြောက်ခဲ့တဲ့ မြန်မာပြည်မှာ မဟာမိတ်တပ်တွေရဲ့ ကဏ္ဍကို သမိုင်းမှာ အရေးတယူပြု ထည့်သွင်းတာ မရှိသလို ဒီတပ်တွေနဲ့ ပူးပေါင်းပြီး ဂျပန်ဝင်ကတည်းက တွန်းလှန်တိုက်ခိုက်ခဲ့ကြတဲ့ ကရင်၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြောက်ကျားတွေရဲ့ ကဏ္ဍကိုလည်း မှိန်ဖျော့ထားပါတယ်။ ဒီအစား မဟာမိတ် စစ်နိုင်ခါနီးမှ တော်လှန်ရေး ဆင်နွှဲနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးချစ်ဗမာ့တပ်မတော်ကို ဖက်ဆစ်တော်လှန်ရေး သူရဲကောင်းတွေအဖြစ် စစ်ပြီးခေတ် မြန်မာသမိုင်းနဲ့ နိုင်ငံရေးစင်မြင့်မှာ ပွဲထုတ်ခဲ့ကြပါတယ်။
ဒီလို ဖြစ်ရတဲ့ အကြောင်းတချက်က မဟာမိတ်တွေနဲ့ ပူးပေါင်းတဲ့ တောင်ပေါ်လူမျိုးစုတပ်တွေဟာ စစ်ပြီးခေတ် ၁၉၄၅ မှာ ချုပ်တဲ့ ကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်က ဂျပန်လေ့ကျင့်ပေးခဲ့တဲ့တပ်တွေနဲ့အတူ ဗမာ့တပ်မတော်အဖြစ် ပေါ်ထွန်းလာခဲ့ပေမယ့်လည်း ၁၉၄၈ လွတ်လပ်ပြီး နောက်ပိုင်း ပြည်တွင်းစစ်ကာလမှာ ကရင်လက်နက်ကိုင်တော်လှန်ရေးကြောင့် ကရင်တပ်တွေ တောခိုရာကနေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကအစ ဗြိတိသျှတပ်က ပါလာတဲ့ ကရင်တပ်မှူးကြီးတွေ အနားပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအနားပေးခံရတဲ့ တပ်မှူးတွေထဲမှာ ခြင်းဒစ်စစ်ပြန်နဲ့ သူရဲကောင်းဆုတံဆိပ်ရခဲ့သူတွေ ဖြစ်ကြတဲ့ စောချစ်ခင်၊ စောလယ်ဒါ၊ စောမင်းမောင် စတဲ့ တပ်မှူး ဗိုလ်မှူးကြီးတွေ ပါပြီး ဒီတပ်မှူးတွေထဲက ကရင့်တော်လှန်ရေးတပ်မှူး ဖြစ်သွားသူတွေလည်း ရှိပါတယ်။ ဗိုလ်မှူးချုပ် စောချစ်ခင် ဆိုရင်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခံရပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကရင်မဟုတ်ပေမယ့် ကရင်တပ်မှူးတွေနဲ့ နီးစပ်လို့ ၁၉၄၉ မှာ တပ်က အနားပေးခံရတဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်သင်းဟာလည်း DSO (Distinguished Service Order) ဘွဲ့ရတဲ့ နာမည်ကျော် ခြင်းဒစ်စစ်သူရဲကောင်းတယောက် ဖြစ်ပါတယ်။ ၂၀ ရာစုဦးက တူသာသင်းလို့ ထင်ရှားတဲ့ ဗြိတိသျှလိုလားတဲ့ နိုင်ငံရေးလူကြီးတွေထဲက ပစ္စည်းထိန်းမင်းကြီး ဦးသင်းရဲ့သား ဗိုလ်မှူးချုပ်အောင်သင်း ဗြိတိန်မှာ ပညာသင်စဉ်က ကရင်ခေါင်းဆောင် စောဘဦးကြီးနဲ့ ခင်မင်ပြီး သူတိုင်းမှူးဘဝထိ စောဘဦးကြီးက သူ့ဆီ ဝင်ထွက် စားသောက်နေတတ်ကြောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ ပါရှိပါတယ်။ နောက် မင်္ဂလာဒုံမှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ကရင်တပ်သားတချို့ စစ်ဌာနချုပ်ကို ခဏသိမ်းပိုက်ပြီး လက်နက်တွေ ယူကာ အင်းစိန်မှာ ပုန်ကန်နေတဲ့ ကရင်လက်နက်ကိုင်တွေနဲ့ ပေါင်းသွားတဲ့အတွက် ဗိုလ်မှူးချုပ်အောင်သင်းကို တိုင်းမှူးတာဝန်ကနေ အနားယူခိုင်းခဲ့ပါတယ်။
ခြင်းဒစ် စစ်ဆင်ရေးမှာ BGM (Burma Gallantry Medal) ဆုတံဆိပ်ရခဲ့တဲ့ ချင်းလူမျိုး ဗိုလ်မှူးကြီး ဟရန်သီယိုကတော့ မှော်ဘီ ထန်းတပင် စစ်မျက်နှာမှာ ၁၉၄၉ ပြည်တွင်းစစ်အတွင်းက ကျဆုံးခဲ့ပါတယ်။ ကမ္ဘာစစ်ကာလ ဖက်ဆစ်တိုက်ထုတ်ရေးမှာ ညီညွတ်ခဲ့ကြတဲ့ မြန်မာပြည်ဖွား လူမျိုးစုံတပ်ဖွဲ့တွေဟာ ပြည်တွင်းစစ်ကြောင့် ကွဲပြဲပြီး အာဏာနဲ့ ဝေးသွားတဲ့ တပ်မှူးတွေရဲ့ ကဏ္ဍကို ဘေးဖယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
မငြိမ်းနိုင်တဲ့ စစ်မီးလျှံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒုတိယကမ္ဘာစစ် ပြီးတာ နှစ် ၈၀ ပြည့်ချိန်မှာတော့ ခြင်းဒစ်တပ်သားဟောင်း အသက် ၁၀၀ ကျော်အရွယ် နှစ်ယောက်ပဲ ဗြိတိန်မှာ ကျန်ရစ်ပါတယ်။ သူတို့ အရင် နှစ် ၈၀ ကျော်က ဂျပန်နဲ့ စစ်ခင်းခဲ့ကြတဲ့ မြန်မာပြည်မြောက်ပိုင်းက တောကြီးမျက်မည်းဒေသတွေမှာတော့ ပြည်တွင်းစစ်မီး ထပ်တောက်လာပြီး စစ်ကောင်စီနဲ့ လူမျိုးစုတပ်တွေ၊ ပီဒီအက်ဖ်တပ်တွေကြား စစ်ခင်းနေကြပြန်ပါတယ်။ စစ်လက်နက် နည်းဗျူဟာတွေ ဘယ်လိုပဲ ပြောင်းလဲ ဆန်းသစ်လာပေမယ့် စစ်ကြောင့် ဖြစ်တဲ့ ဆင်းရဲဒုက္ခနဲ့ ပျက်စီးဆုံးရှုံးမှု၊ စစ်ကြောင့် နိုင်ငံမတည်ငြိမ်မှုတွေကတော့ ကမ္ဘာစစ်၊ ပြည်တွင်းစစ်၊ ပြည်ပစစ် စစ်ပေါင်းစုံရဲ့ တူညီတဲ့ လက္ခဏာ ဖြစ်နေပါတယ်။










