ဗမာ့တပ်မတော်အစ ရဲဘော်သုံးကျိပ်နဲ့ ဘီအိုင်အေက

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဗမာ့တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် အစချီတဲ့ ဗိုလ်အောင်ဆန်းသီချင်းဟာ အနှစ် ၈ဝ နီးပါးလူကြိုက်များတဲ့ သီချင်းတပုဒ်ဖြစ်ပြီး ၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်လို့ သမုတ်ခံနေရတဲ့ တပ်မတော် အဖွဲ့အစည်းရဲ့ လာရာလမ်းကြောင်းကို ပြနေပါတယ်။ ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး၊ ဗမာ့အမျိုးသားတပ်မတော်များနဲ့ ပီဘီအက်ဖ်ခေါ် မျိုးချစ်ဗမာ့တပ်မတော်တို့ဟာ ဗမာတပ်မတော်ခေါ် မြန်မာ့တပ်မတော် ဖြစ်မလာမီ အစောပိုင်း တပ်ဖွဲ့စည်းမှုတွေ ဖြစ်ခဲ့ပြီး မြန်မာခေါ် ဗမာနိုင်ငံရေးသမားတွေက ခေါင်းဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒီတပ်မတော်ဟာ အနှစ် ၈ဝ နီးပါး မြန်မာပြည်နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ပြီး သြဇာလွှမ်းမိုးမှုကလည်း တောက်လျှောက်ရှိခဲ့ပါတယ်။ ဒီလို လွတ်လပ် ရေးမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အစဉ်အလာကို ထောက်ပြပြီး တပ်မတော် ရဲ့ အမျိုးသားနိုင်ငံရေး ခေါင်းဆောင်မှုကို စစ်ဗိုလ်ချုပ်ကြီးတွေက အနှစ် ၃ဝ ကျော် တောင်းဆိုလာခဲ့တာကိုလည်း တွေ့ရပါတယ်။ ၂ဝ၂၁ အာဏာသိမ်းပြီးနောက် ပီဒီအက်ဖ်တပ်ဖွဲ့ရေးမှာလည်း ဘီအိုင်အေပုံစံ နိုင်ငံရေးသမားတွေ ခေါင်းဆောင်တာ တွေ့ရပြီး ပြည်ပက လက်နက်အကူအညီရဖို့ ကြိုးစားတာနဲ့ နိုင်ငံကို အုပ်စိုးထားတဲ့ စစ်ကောင်စီတပ်တွေကို ဖယ်ရှားဖို့ ကြိုးစားတာတွေ ကလည်း ဗြိတိသျှနဲ့ ဂျပန်တပ်တွေကို မဟာမိတ် အပြောင်း အလဲလုပ်ပြီး တွန်းလှန်ခဲ့တဲ့ ဘီအိုင်အေ၊ ပီဘီအက်ဖ်တပ်ဖွဲ့တွေနဲ့ ဆင်တူနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
သွေးသောက်ရဲဘော်များ
ဒီတပ်မတော်ကို ၁၉၄၁ ဒီဇင်ဘာလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရဲဘော်သုံးကျိပ် လက်မောင်းသွေးဖောက် သစ္စာရေသောက်ပြီး ထူထောင်ခဲ့တယ်လို့ ဆိုရိုး ရှိပါတယ်။ ဒီသစ္စာရေသောက်တဲ့ ဓလေ့ဟာ မြန်မာ့ရိုးရာ သွေးကြီး သွေးသောက်ဖွဲ့တဲ့ခေတ်က လာတာ ဖြစ်ပြီး ရဲဘော်သုံးကျိပ်ဆိုတဲ့ စကားကလည်း အလောင်းဘုရားရဲ့ ရဲဘက်တော် ခြောက်ကျိပ်ရှစ်ယောက်ဖွဲ့တဲ့ဓလေ့ကို ပြန်ပြောင်းအောက်မေ့စေပါတယ်။ ဒီလို သစ္စာရေသောက်ကြပေမယ့် အလောင်း ဘုရား ရဲမက်တော် ဗိုလ်တွန်ဟာ အလောင်းဘုရားအလွန်မှာ သူပုန်ဘဝနဲ့ ဇာတ်သိမ်းခဲ့သလို သုံးကျိပ်ဝင်များလည်း ဗိုလ်ချုပ်အောင်ဆန်းမရှိတဲ့နောက် ဖရိုဖရဲနဲ့ ပြိုကွဲခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Letya
တကယ်က ဘီအိုင်အေဟာ ကိုရီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာ ဂျပန် ဖွဲ့ပေးခဲ့တဲ့ ပြောက်ကျားတပ်တွေထဲက တဖွဲ့ ဖြစ်ပါတယ်။ အရှေ့ အာရှ သာတူညီမျှကြီးပွားရေးရပ်ဝန်းထဲက နိုင်ငံတွေကို ဂျပန် သိမ်းပိုက်ရာမှာ ကူညီဖို့ ဖွဲ့တဲ့ တပ်တွေ ဖြစ်ပြီး အိန္ဒိယကို သိမ်းဖို့ ဖွဲ့တဲ့ အိုင်အန်အေတပ် လည်း ပါပါတယ်။ ဂျပန်နဲ့ အရှေ့အာရှမှာ ၁၉၃ဝ ကျော်ကတည်းက တိုက်လာခဲ့တဲ့ တရုတ်တပ်တွေကို မြန်မာပြည်ဖြတ်ပြီး စစ်လက်နက်အကူအညီတွေ ပေးနေတာကို ဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်က မြန်မာနိုင်ငံရေးသမားတွေကို စည်းရုံးပြီး တပ်ဖွဲ့ပေးတာဖြစ်သလို လွတ်လပ်ရေးလိုချင်တဲ့ ဗမာ့ ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်တွေနဲ့ သခင်တွေက လက်နက်အကူအညီရှာရာကနေ ဂျပန်နဲ့ပေါင်းမိကြတာ ဖြစ်ပါတယ်။
ဘီအိုင်အေကို မဖွဲ့ခင်ကဘဲ မြန်မာနိုင်ငံမှာ ဆာမောင်ကြီးရဲ့ ရဲတပ်၊ သခင်ပါတီရဲ့ လက်ရုံးတပ်၊ ဂဠုန်အဖွဲ့က ဝါးရင်းတုတ်တပ်၊ ဒေါက်တာဘမော်ရဲ့ ဓားမ တပ် စတဲ့ ပါတီခါးပိုက်ဆောင် အဖွဲ့တွေ ပေါ်ထွန်းခဲ့ပြီး ဖြစ်သလို လက်နက်မပါတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြပါတယ်။ အင်းစိန် ဥက္ကံဘက်မှာ လုပ်တဲ့ လေ့ကျင့်မှုတခုမှာ လာစောင့်ကြည့်တဲ့ ပုလိပ်အဖွဲ့ဆီက သေနတ်တွေ ငှားပြီး လေ့ကျင့်ဖူးတယ်လို့လည်း မြဒေါင်းညိုရဲ့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မြဒင် အကြောင်းမှာ ပါရှိပါတယ်။ နောက် ၁၉၂ဝ ကျော်ကစပြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီးရဲ့ တပင်ရွှေထီး၊ ဗညားနွဲ့ စတဲ့ ဝတ္ထုတော်ကြီးတွေကနေ မဟာဆွေရဲ့ ဒို့မေမေ၊ သူပုန်ကြီး စတဲ့ ဝတ္ထုတွေ ခေတ်ထိ မြန်မာစာရေးဆရာတွေရဲ့ အရေးအသားတွေကလည်း လူငယ်တွေကို လက်နက်ကိုင် တော်လှန်ချင် စိတ်တွေနဲ့ နှိုးဆွပေးခဲ့ပါတယ်။ နောက် အမျိုးသားပညာရေးရဲ့ အကျိုးဆက်အဖြစ် နိုင်ငံရေးတက်ကြွပြင်းထန်တဲ့ လူငယ်တွေ တို့ဗမာအစည်းအရုံးကို ဝင်လာပြီး ခေါင်းဆောင်ပိုင်းမှာ နေရာရလာကြပါတယ်။ သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်ဗဟိန်း စတဲ့ ဒီလူငယ်ခေါင်းဆောင်တွေဟာ ကိုလှမောင်၊ ကိုထွန်းရှိန် စတဲ့ ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးအတွက် ပြည်ပအကူအညီရှာဖို့၊ အထူးသဖြင့် တရုတ်ကွန်မြူနစ်ဆီက ရဖို့ ကြိုးစား ခဲ့ကြပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ စေလွှတ်လိုက်တဲ့ သခင်အောင်ဆန်းနဲ့ သခင် လှမြိုင်ကို တရုတ်ပြည်အမွိုင်ကို သိမ်းထားတဲ့ ဂျပန်တပ်က ဆက်သွယ်ပြီး ဂျပန်ပြည်ကို ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann
တပ်မတော်ဖခင်ဆိုသော်လည်း
ဘီအိုင်အေကစတဲ့ တပ်မတော်ဟာ နိုင်ငံအာဏာကို အနှစ် ၆ဝ နီးပါး တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်အုပ်ချုပ်နိုင်ခဲ့ပေမယ့် ဒီလိုအာဏာရတဲ့ အထဲမှာ ဘီအိုင်အေဖခင် သုံးကျိပ်အဖွဲ့ထဲက ဗိုလ်ချုပ်ကြီးနေဝင်းတယောက်သာ ပါဝင်ခဲ့ပါတယ်။ နောက် ၁၉၆၂ မတိုင်ခင်က အာဏာရ အရပ်သားအစိုးရမှာ ပါဝင်ခဲ့တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဗိုလ်စကြာနဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောလို သုံးကျိပ်ဝင် ဝါရင့်ခေါင်းဆောင်တွေ ကိုယ်တိုင် စစ်အာဏာသိမ်း အစိုးရတွေကို တော်လှန်ပုန်ကန်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရဲဘော်သုံးကျိပ်ဟာ တပ်မတော်ကို မွေးဖွားခဲ့ပေမယ့် တပ်မတော်ကို မထိန်းချုပ် နိုင်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။
နောက်ပြီး ရဲဘော်သုံးကျိပ်ဟာ တရုတ်နဲ့ ဂျပန်ကို စစ်ပညာသင်နဲ့ လက်နက်အကူအညီ တောင်းခံစေလွှတ်ဖို့ ကြိုးစားတဲ့ သခင်အစည်းအရုံးနှစ်ဖွဲ့ရဲ့ ကြိုးပမ်းမှုဟာ ပေါက်ဖွားလာတဲ့ လူငယ်အုပ်စုဖြစ်ပါတယ်။ အခက်အခဲကြောင့် တရုတ်ကွန်မြူနစ်နဲ့ မချိတ်ခဲ့မိတဲ့ သခင်အောင်ဆန်းဟာ ချိတ်မိတဲ့ ဂျပန်နဲ့ ပဲ လက်တွဲပြီး လူငယ်တွေ စစ်ပညာသင်လွှတ်ဖို့ စီစဉ်သလို သခင်ဗစိန်နဲ့ ထွန်းအုပ် တို့ဗမာအစည်းအရုံးဘက်ကလည်း ဗိုလ်စကြာ၊ ဗိုလ်နေဝင်း စတဲ့ သုံးကျိပ်လောင်းလျာတွေကို ကိုယ်တော်မှိုင်းအစည်းအရုံးက သခင်တွေနဲ့အတူ ဂျပန် စေလွှတ်ခဲ့ပါတယ်။ ဒီလို စေလွှတ်ရာမှာ ဆက်သွယ်နိုင်မှု အခက်အခဲ ကြောင့် ရတဲ့ လူတွေ ဆွဲထည့်လိုက်ရတဲ့အတွက် ပညာအရည်အချင်းအားနည်းသူတွေ ပါတယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။

စစ်သုံးစစ်နဲ့ ထိုသုံးကျိပ်
ဂျပန်မှာ စစ်ပညာသင်ကြားပြီး ပြန်အလာ ဘန်ကောက်မှာ တပ်ဖွဲ့ပြီး မြန်မာပြည်ထဲ ပြန်ရောက်ချိန်မှာတော့ ရာထူးကြီးတွေနဲ့ အခြေကျခဲ့ကြပါတယ်။ တိုင်ဝမ်ကျွန်းနဲ့ ထိုင်းနယ်စပ်မှာ သေဆုံးခဲ့တဲ့ ဗိုလ်သန်းတင်နဲ့ ဗိုလ်မြဒင်၊ ဂျပန်အဝင် ကရင်၊ ဗြိတိသျှတပ်တွေနဲ့ တိုက်ပွဲတွေမှာ ကျကြတဲ့ ဗိုလ်စောအောင်၊ ဗိုလ်မိုး၊ ဗိုလ်ဉာဏတို့ မရှိတော့တဲ့နောက် ရဲဘော်အစိတ်ဖြစ်ခဲ့ပေမယ့် မြဒေါင်းညို စတဲ့ စာရေးဆရာနဲ့ တေးပြုစာဆိုတွေက ရဲဘော်သုံးကျိပ်ဆိုပြီး ဂုဏ်ပြု ခေါ်တွင်ခဲ့ကြပါတယ်။
အစကတည်းက နိုင်ငံရေးပညာပဲသင်တဲ့ သခင်ထွန်းအုပ် ဝန်ကြီးဖြစ်လာသလို ဂျပန်အောက်မှာ ဖွဲ့စည်းတဲ့ ဘီဒီအေ၊ ဘီအန်အေတပ်တွေမှာ ဗိုလ်အောင် ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ စတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းတွေ နဲ့အတူ ဗိုလ်စကြာနဲ့ ဗိုလ်နေဝင်းတို့လည်း သခင်ဗစိန်၊ သခင် ထွန်းအုပ် တို့အရှိန်နဲ့ နေရာရလာပါတယ်။ နောက် ဗိုလ်နေဝင်းကို ဆရာတင်ပြီး ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်တို့လို ဆိုရှယ်လစ် စစ်ဗိုလ်ငယ် တွေက တပ်တွင်းဂိုဏ်းဖွဲ့ကာ သုံးကျိပ်ဝင်တွေနဲ့ ပုခုံးချင်းဆိုင် လာကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြင်ပက ပညာတတ်တွေကို တပ်ထဲမှာ ရာထူးတွေ ပေးပြီး ခေါ်ယူခဲ့သလို ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် ဖြစ်လာမယ့် အုပ်စုတွေရဲ့ အပြိုင် အဆိုင် စည်းရုံးမှုကြောင့်လည်း တပ်ထဲမှာ အက်ကြောင်းစလာပါတယ်။ ဖက်ဆစ် တော်လှန်ရေးအတွက် တိုင်း ၇ တိုင်းဖွဲ့ချိန်မှာ သုံးကျိပ်ဝင်ထဲက စစ်ဦးစီး တွေ ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျတို့အပြင် ဗိုလ်နေဝင်း၊ ဗိုလ်မှူးအောင်၊ ဗိုလ်ကျော်ဇော တို့ပဲ စစ်ရေး ခေါင်းဆောင် တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စစ်ပြီးခေတ် ဗမာ့တပ်မတော် ပြန်ဖွဲ့တဲ့အခါမှာလည်း တပ်ရဲ့စီနီယာ စဉ်မှာ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း စတဲ့ ရဲဘော်သုံးကျိပ်ဝင် ခေါင်းဆောင်ပိုင်း လောက်သာ ထိပ်က ပါလာပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်း ဂျပန်ခေတ်အဓိပတိဟောင်း ဒေါက်တာဘမော်ရဲ့သမက် သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် အထိန်းသိမ်း ခံရပါတယ်။ နိုင်ငံရေးကွဲပြားမှုကလည်း ပိုကြီးလာပြီး ၁၉၄၈ ပြည်တွင်းစစ် စချိန်မှာ ရဲဘော်သုံးကျိပ်ထဲက တောခိုတာတွေ ရှိလာပါတယ်။ ပျဉ်းမနား မှာ ဗိုလ်တာရာ သူပုန်ထသလို ဗိုလ်ရန်အောင်၊ ဗိုလ်လရောင် စတဲ့ ရဲဘော်သုံးကျိပ်ငယ်တွေနဲ့ ခေါင်းဆောင်ပိုင်း ထဲက ဗိုလ်ဇေယျနဲ့ ဗိုလ်ရဲထွဋ်ပါ တပ်ထဲက တောခိုတဲ့ထိ ဖြစ်ခဲ့ပါတယ်။ တခြားဘက်မှာလည်း ဗိုလ်စကြာ၊ ဗိုလ်တောက်ထိန်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်မှူးအောင် စတဲ့ ဖဆပလအစိုးရဘက်က ရဲဘော် သုံးကျိပ်ဝင် အမတ်၊ ဝန်ကြီးတွေလည်း ရှိပါတယ်။ ၁၉၄၉ ဖေဖော်ဝါရီမှာ သုံးကျိပ်ထဲက ဗိုလ်လက်ျာ တပ်က ထွက်ပြီး ဗိုလ်နေဝင်းက သေနာပတိ ဖြစ်လာ ပါတယ်။
ဗိုလ်နေဝင်း တပ်ချုပ်ဖြစ်လာပေမယ့် သူ့ဘေးမှာ ရံတဲ့တပ်ခေါင်းဆောင်ပိုင်းကတော့ ဂျပန်ခေတ်မှာ သုံးကျိပ်ဝင်တွေနဲ့ အင်အားပြိုင်ခဲ့တဲ့ ဆိုရှယ်လစ်ပါတီ ဝင် ယူနစ်အုပ်စုက စစ်ဗိုလ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်မှူးချုပ်အောင်ကြီး၊ မောင်မောင်၊ အောင်ရွှေနဲ့ တင်ဖေ စတဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေ တပ်မတော်မှာ ကြီးစိုးပြီး အစိုးရထဲက ဦးကျော်ငြိမ်း၊ ဦးဗဆွေ စတဲ့ ဆိုရှယ်လစ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံမှာ ကြီးစိုးခဲ့ကြပါတယ်။ ဗိုလ်မှူးချုပ် ကျော်ဇော ကို တောထဲက ကွန်မြူနစ်နဲ့ ဆက်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ၁၉၅၇ မှာ တပ်က ထုတ်ပြီးနောက်ပိုင်း တပ်ထဲမှာ ဗိုလ်ချုပ်နေဝင်း ကလွဲလို့ သုံးကျိပ်ဝင် ကြီးကြီးမားမား မကျန်တော့သလောက် ဖြစ်သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Hla Kyawzaw
စစ်အစိုးရများနဲ့ သုံးကျိပ်ဝင်များ
၁၉၆၃ မှာ ဗိုလ်ရဲထွဋ် တောထဲက အလင်းပြန်ဝင်လာပြီး လမ်းစဉ်ပါတီမှာ ရေးရာကော်မတီအတွင်းရေးမှူး ဖြစ်လာခဲ့ပေမယ့် တပ်ဘက်ကို ပြန်မရောက် သလို နိုင်ငံရေးအာဏာနဲ့ နီးစပ်တဲ့ထဲမှာလည်း မပါခဲ့ပါဘူး။ အဲဒီနှစ်မှာပဲ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အဓိကပြိုင်ဘက် ဖြစ်ခဲ့တဲ့ ဗိုလ်လက်ျာ အဖမ်းခံရပြီး ပြန်လွတ်ပြီးနောက်မှာတော့ တောခိုသွားပါတယ်။ သူနဲ့အတူ တခြားသုံးကျိပ်ဝင် စစ်ဗိုလ်ဟောင်းကြီးတချို့ တောခိုပြီး ဦးနုနဲ့ ပူးပေါင်းကာ ဗိုလ်နေဝင်းကို အန်တုကြပေမယ့်လည်း သူတို့စန်းကုန်ပြီး ဗိုလ်နေဝင်းတပ်ကြီးကို မဖြိုနိုင်တဲ့အတွက် တပ်ခေါက်ပြီး အလင်းပြန်ဝင်ကြရပါတယ်။ ဒီထဲမှာ ၁၉၇၈ က လုပ်ကြံခံရတဲ့ ဗိုလ်လက်ျာတော့ ပါမလာတော့ပါဘူး။ နောက် ရာထူးက ထွက်ရကတည်းက စောင့်ကြည့်ခံနေရတဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနဲ့ မိသားစု ၁၉၇၆ မှာ တောခိုပြီး ဗကပထဲ ရောက်သွားပါတယ်။ လွတ်လပ်ရေးခေတ်ကတည်းက တောထဲရောက်နှင့်ပြီး ဖြစ်တဲ့ ဗိုလ်ရန်အောင်နဲ့ ဗိုလ်ဇေယျ တို့လည်း မြို့ပေါ်ပြန်မလာနိုင်တော့ဘဲ ပဲခူးရိုးမမှာပဲ ကျဆုံးခဲ့ကြပါတယ်။
၁၉၈၈ မှာ ဦးနေဝင်းထုတ်ပစ်ခဲ့တဲ့ ဆိုရှယ်လစ်ဗိုလ်မှူးကြီးတွေ တပ်မှူးဟောင်းများအဖွဲ့ဆိုပြီး ပြန်ပေါ်လာသလို ပြည်တွင်းမှာ ရှိတဲ့ ရဲဘော်သုံးကျိပ်ဝင် ဟောင်း ကိုးယောက်က ကြေညာချက်ထုတ်တာတွေ လုပ်ကြ ပါတယ်။ အရေးအခင်းအပြီးမှာတော့ ဦးနု စင်ပြိုင်အစိုးရထဲက ဗိုလ်မှူးအောင်ကလွဲပြီး ကျန်တဲ့သုံးကျိပ်ဝင်ဟောင်း တွေ ပြန်ထိုင်သွားကြပြန်ပါတယ်။ ဗိုလ်မှူးအောင်ကိုယ်တိုင်လည်း အစပိုင်းမှာ စစ်အစိုးရကို ပြန်တိုက်ဖို့ အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဓီဆီ စာရေးတာတွေ လုပ်ခဲ့ပေမယ့် နောက်ပိုင်း မကွယ်လွန်ခင်မှာတော့ နအဖအတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ပုပ္ပါးမှာ ဘုရားထီးတင် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Letya
၂ဝ၁၂ မှာ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ချိန်မှာ မြန်မာပြည်ကို ပြန်မလာနိုင်တော့တဲ့ လွတ်လပ်ရေးသူရဲကောင်းဆိုပြီး မီဒီယာတွေမှာ ဖော်ပြခဲ့ ကြပါတယ်။ ၂ဝ၁၃ မှာ နောက်ဆုံးကျန်ရစ်တဲ့ သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ကွယ်လွန်ပြီးနောက် လစ်ဟာသွားတဲ့ သုံးကျိပ်ဝင်တွေရဲ့ သမိုင်းကဏ္ဍကို ပိုပြော လာကြပါတယ်။ ရန်ကုန်သုသာန်တခုက ရဲဘော်သုံးကျိပ်ဝင်တချို့ရဲ့ အုတ်ဂူတွေကို ဂရုတစိုက်မထိန်းသိမ်းထားတာကို ပြတဲ့ ဓာတ်ပုံတွေလည်း အင်တာနက် စာမျက်နှာတွေမှာ ဖလှယ်ခဲ့ကြပါတယ်။ တကယ်က သုံးကျိပ်ဝင်တွေကို ကူညီထောက်ပံ့ရေးအတွက် ဖဆပလခေတ်မှာ တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတာ တွေ ရှိခဲ့ပေမယ့် လက်တွေ့မဖြစ်ခဲ့သလို စစ်အစိုးရခေတ်တွေမှာလည်း သူတို့ခေါင်းဆောင်မှုကို ပြိုင်မယ့်သူတွေဆိုပြီး သံသယနဲ့ ဘေးဖယ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DEA / C. SAPPA
သုံးကျိပ်နဲ့ သမိုင်းအရှိန်အဝါ
ရဲဘော်သုံးကျိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကလွဲပြီး ကျန်တဲ့ဗိုလ်တွေမှာ နိုင်ငံရေးအာဏာ သိပ်မရှိခဲ့ပေမယ့် လူထုကြားမှာတော့ သူရဲကောင်းတွေအဖြစ် ဒုတိယကမ္ဘာစစ်ကတည်းက သတ်မှတ်ခံခဲ့ရ ပါတယ်။ သူတို့အကြောင်း ဂုဏ်ပြုတဲ့ သီချင်းတွေရှိသလို သူတို့အနိုင်ရတဲ့ စစ်ပွဲတွေ အကြောင်းကိုလည်း လူတွေကြားမှာ ပြောစမှတ်ရှိခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့လယ်မှာ ရန်နိုင်စျေး၊ ကျော်ဇောစျေး စတဲ့ စျေးနာမည် တွေ ပေါ်လာ သလို ရန်နိုင်မုန့်ပါ တီထွင်ခဲ့ကြပါတယ်။ ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးတွေ လုပ်ကြံခံရပြီးနောက် ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့ သီချင်းနဲ့ စာအုပ် စာစောင်တွေ၊ လမ်းတံတားနဲ့ စာကြည့်တိုက်တွေအပြင် သူ့မွေးနေ့ကိုပါ မြန်မာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ နောက် စစ်အာဏာရှင် အဖြစ် လူမုန်းများတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအတွက်တောင် သန်လျင်မှာ ဗိုလ်ချုပ်နေဝင်းလမ်းလို့ ခုထိ မှည့်ခေါ်ထားဆဲ ဖြစ်ပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone
ရဲဘော်သုံးကျိပ်ဝင်အများစုဟာ စွန့်စားသူတွေ ဖြစ်ပေမယ့် စံစားသူတွေ မဖြစ်လိုက်ကြတာနဲ့ ပတ်သက်ပြီး တွေးဆချက်အမျိုးမျိုးရှိပါတယ်။ ရှုပ်ထွေးတဲ့ မြန်မာ့ နိုင်ငံရေး ဇာတ်မျောကြီးမှာ သူတို့ရောထွေးပါသွားတယ်လို့ ရှုမြင်သူများကြသလို ဗိုလ်ချုပ်အောင်ဆန်း ကျတာစောပြီး သူ့လူရင်း ဗိုလ်လက်ျာလည်း ဘေးရောက်သွားလို့ သူတို့ရဲဘော်တွေ တိမ်မြုပ်ကုန်တယ်ဆိုပြီး သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီနိုင်ငံရေးအရှုပ်အထွေးတွေ မဖြစ်ခဲ့ရင်တောင် စစ်အစိုးရဆိုတာမျိုး ပေါ်လာနိုင်သေးတဲ့အတွက် အဲဒီခေတ်မျိုး ရှိခဲ့ရင် ရဲဘော်သုံးကျိပ်တွေ ဘယ်လိုမူနဲ့ ရပ်တည်ကြမလဲ ဆိုတာကလည်း နောက်ထပ် စဉ်းစားစရာ ဖြစ်ပါတယ်။
တကယ်က ရဲဘော်သုံးကျိပ်ဟာ ပြည်ပစစ်ဘက် အကူအညီရှာရေး လှုပ်ရှားမှုကို အပြင်ထွက်ဖော်ဆောင်သူတွေ ဖြစ်ပြီး ပြည်တွင်းကနေ ပြည်သူ့အရေး တော်ပုံပါတီဆိုပြီး ၁၉၃၉ လောက်ကတည်းက ကြိုးကိုင်နေတဲ့ အုပ်စုလည်း ရှိခဲ့ပါတယ်။ ဒီအုပ်စုမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အများအပြား ပါဝင် ပေမယ့် နောက်ပိုင်းမှာ ကွန်မြူနစ်က သီးသန့်ကွဲသွားပြီး ဆိုရှယ်လစ်တွေပဲ ကြီးစိုးလာခဲ့ပါတယ်။ ဒီခေါင်းဆောင်တွေထဲမှာ လူကြီးပိုင်းက သခင်မြ၊ သခင်ချစ်၊ သခင်ခင်မောင်နဲ့ ကိုကျော်ငြိမ်း၊ ကိုဗဆွေ၊ မိတ္ထီလာကိုလှမောင် စတဲ့ လူလတ်ပိုင်းတွေ၊ ကိုမောင်မောင်၊ ကိုအောင်ကြီး၊ ရန်ကုန်ဘဆွေ စတဲ့ လူငယ်တွေ ပါဝင်ကြပါတယ်။ ဒီအုပ်စုနဲ့ သုံးကျိပ်ထဲကနေ ပြည်တွင်းသူပုန်လှုပ်ရှားမှုအတွက် ပြန်လာတဲ့ ဗိုလ်နေဝင်းတို့ ပူးပေါင်းပြီးနောက် တပ်ကို တဖြည်းဖြည်းချင်း ဆိုရှယ်လစ်အရိပ်အောက် ဆွဲသွင်းသွားတဲ့အတွက် ဗိုလ်နေဝင်း စိတ်ကြိုက်ခြယ်လှယ်နိုင်တဲ့ တပ်ကြီးတရပ် ပေါ်လာတယ်လို့လည်း ယူဆနိုင်ပါတယ်။ ၁၉၄၈ မှာ တပ်မတော်က တောခိုသွားတဲ့ တော်လှန်သော ဗမာ့တပ်မတော်နဲ့ ရဲဘော်ဖြူ စစ်ပြန်ဟောင်းတွေ အရေးနိမ့်သွားပြီးနောက်မှာ ဒီဆိုရှယ်လစ်တပ်မတော်ကပဲ ဘီအိုင်အေ၊ ဘီဒီအေခေတ်ရဲ့ အမွေခံအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
ဒါကြောင့် သခင်ခေါင်းဆောင်တွေ ဂျပန်နဲ ပူးပေါင်းပြီး တပ်ထူထောင်ရာမှာ ရဲဘော်သုံးကျိပ်ကို အခြေတည်ပေမယ့် သူ့ကိုနောက်က ကြိုးကိုင်တဲ့ ပြည်သူ့ အရေးတော်ပုံအုပ်စုကပဲ ၁၉၅ဝ ကျော်ထိ တပ်ကို အုပ်စီးသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက် ၁၉၅၈၊ ၁၉၆၂ အာဏာသိမ်းပွဲတွေအပြီး တပ်က ခေါင်းဆောင်တဲ့ ဆိုရှယ်လစ်ပါတီသစ်တရပ် ပေါ်ထွန်းလာပြီး နိုင်ငံကို ၂၆ နှစ် အုပ်ချုပ်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD








